Saturday, February 20, 2021

လူကိုခွေးသတ်ခြင်းအကြောင်း

() ကမ္ဘာမကြေဘူး

 

၁၉/၀၂/၂၀၂၀

 

သည်ကနေ့ သမီးကလေး မြသွဲ့သွဲ့ခိုင်သည် စစ်အာဏာရူး ခွေးဘီလူးများ၏ လက်ချက်ဖြင့် ကျဆုံးသွားရခဲ့ပြီ။

ဖေ့စ်ဘုတ်မှ ဓာတ်ပုံများကို ကြည့်ပြီး ကျွန်တော် မခံစားနိုင်ပါ။

မြသွဲ့သွဲ့ခိုင်၏ အမေသာမဟုတ်။

ကျွန်ုပ်တို့အားလုံး၏ ရင်ထဲတွင်လည်း ဝမ်းနည်းပူဆွေးရသည်သာ ဖြစ်လေသည်။


သူ့ဘာသာသူ အေးအေးဆေးဆေး မတ်တပ်ရပ်နေတာကို သွေးအေးအေးဖြင့် သေနတ်ကို စိန်ပြေနပြေချိန်ကာ သတ်ခဲ့ သော ထိုလူသတ်ကောင်နှင့်တကွ သူ့မိသားစုသည် ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်တိုင်တိုင် ဥပစ္ဆေဒကကံထိုက်ကာ အသေဆိုးဖြင့် သေကြပါစေကုန်သတည်း။ ဤဖြစ်ရပ်ကို ဖြစ်စေခဲ့သော အာဏာသိမ်းမှုကို ကျူးလွန်ခဲ့သည့် မင်းအောင်လှိုင် နှင့် စစ်တပ်ခေါင်းဆောင်များသည် ဘုရားအဆူဆူချွတ်၍ မကျွတ်သော ထာဝရငရဲ၌ ကျခံကြရပါစေကုန် သတည်း။ 

 

ကျွန်ုပ် အလွန်ကြေကွဲ ဝမ်းနည်းရပါသည်။

 

(၂) ဆိုးရွားယုတ်မာလှသော မြန်မာစစ်တပ်

 

နိုင်ငံတိုင်း၌ စစ်တပ်ဟူသည်ရှိ၏။

မိမိနိုင်ငံကို ကာကွယ်ရေးတည်းဟူသော ရည်ရွယ်ချက်ဖြင့် စစ်တပ်ဆိုတာကို ဖွဲ့စည်းကြသည်မှာ ယုံမှားသံသယ ရှိစရာ မလိုပါ။ 

 

သို့သော်ထိုနိုင်ငံများထဲတွင် မြန်မာနိုင်ငံမပါပါ။

မြန်မာနိုင်ငံမှ စစ်တပ်သည်ကား အခြားတိုင်းပြည်များနှင့်မတူ၊ တမူထူးခြားလေ၏။

မြန်မာနိုင်ငံတွင် စစ်တပ်ဖွဲ့စည်းရခြင်းရည်ရွယ်ချက်မှာ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များသည် နိုင်ငံတော်အာဏာကို သူတို့ပထွေး အမွေပေးသည့်အလား နိုင့်ထက်စီးနင်း ရယူကာ နိုင်ငံကို ချယ်လှယ်ချင်သလို ချယ်လှယ်နိုင်ရေး၊ နိုင်ငံ့ စီးပွားရေးလုပ်ငန်းများကို စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များ၏ မိသားစု၊ သားသမီး၊ ချွေးမ၊ သားမက်၊ တူ၊ တူမ၊ မြေး၊​ မြစ်၊ တီ၊ ကျွတ်များနှင့် ၎င်းတို့၏ အမြီးစားဘက်၊ ခေါင်းစားဘက် သူငယ်ချင်း၊​ မိတ်ဆွေ အပေါင်းအသင်းများကသာ လက်ဝါးကြီးအုပ်ထားရေး၊ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက် စားလို့သောက်လို့မကုန်အောင် နိုင်ငံ့ဘဏ္ဍာများကို ခိုးရေး စသည့် ရည်ရွယ်ချက်သာ ရှိလေသည်။ ထို့ထက်မပို။

 

အင်္ဂလိပ်တို့ထံမှ လွတ်လပ်ရေးရအပြီး ကျွန်ုပ်တို့ပြည်သူများသည် စစ်တပ်အုပ်ချုပ်မှုအောက်က လွတ်ကင်းကာ ပျော်ရွှင်စွာ စိတ်ချမ်းသာ လက်ချမ်းသာ နေခဲ့ကြရသည်မှာ ဆယ်စုနှစ် တစ်ခုမျှသာ ရှိ၏။ 

 

၁၉၆၂ ခုနှစ်မှစကာ စစ်တပ်သည် သေနတ်နှင့်ချိန်လျက် အာဏာကို အတင်းအဓမ္မ လက်ဝါးကြီးအုပ်ရယူကာ တိုင်းသူပြည်သားများအား ဒုက္ခအမျိုးမျိုးပေးခဲ့သည်မှာ ယနေ့တိုင် ဖြစ်တော့၏။ စစ်တပ်အုပ်ချုပ်မှုအောက်မှာ ကျွန်ုပ်တို့ တိုင်းသူပြည်သားများသည် လွတ်လွတ်လပ်လပ် စိတ်ချမ်းသာ လက်ချမ်းသာ လုပ်ကိုင်စားသောက်ကြရတာ ဘယ်တုံးက များ ရှိခဲ့ဖူးပါသနည်း။

 

ဦးနေဝင်းလက်ထက်တုံးက လယ်သမားများမှာ မိမိလယ်ကထွက်သည့်စပါးကိုပင် မိမိပိုင်ဆိုင်ခွင့်မရှိ။ လူတစ်ဦး၊ တစ်နှစ်စာအတွက် စပါး (၁၅) တောင်းချန်ကာ ကျန်စပါးအားလုံးကို စစ်အစိုးရက မတရားသဖြင့် ဖြတ်ပေးသောဈေးဖြင့် အကုန်ချရောင်းရတာဖြစ်၏။ မရောင်းဘဲ အိမ်တွင်ချန်ထားလျှင် ထောင်ချလို့ရ၏။ မတရားသဖြင့် ဖြတ်ထားသော ဈေးဖြင့် ရောင်းရရုံမက စပါးဒိုင်တွင်လည်း ဒိုင်စာရေးတို့က ချိန်ခွင်လျှာကို ကလိပြီး တင်းခိုးတာ ခံရသေး၏။ သေဘို့သာ ကောင်းသည့် လယ်သမားများ ဘဝဖြစ်၏။

 

ကျွန်ုပ်တို့သည် နေ့စဉ်သုံးဆောင်နေသည့် သွားတိုက်ဆေးနှင့် ဆပ်ပြာကိုပင် လွတ်လွတ်လပ်လပ် ဝယ်ယူသုံးစွဲခွင့်မရ။ လူတစ်ယောက်စာအတွက် သတ်မှတ်ထားသည့် ခွဲတမ်းကို လူကြီးထောက်ခံစာလက်မှတ်နှင့် သမဝါယမဆိုင်တွင် တန်းစီဝယ်ရပါသည် ဆိုလျှင် ခုခေတ်ကလေးများ ယုံကြလိမ့်မည်မဟုတ်။

 

ပါတိတ်ဟူသော အထည်ကို သယ်ယူရောင်းချခြင်းသည် ရာဇဝတ်မှုမြောက်၏။ ကိုကာကိုလာဟူသည် နင်တို့လို သာမန် ပြည်သူများနှင့် လားလားမှ ပတ်သက်သည့် အရာမဟုတ်။ တကယ့်ကို ကျိကျိတက်ချမ်းသာသူ သထေးဂျီးများ၊ နိုင်ဂျံဂါးဗျန် တရားဝင်သူခိုးကြီးများ (ဟုတ်ပေါင်) အစိုးရအရာရှိကြီးများသာ သောက်ရန် ထုတ်လုပ်ထားသည့် ပစ္စည်း ဖြစ်၏။ ဤကမ္ဘာပေါ်တွင် ဤကဲ့သို့သော နိုင်ငံသည် ရှိခဲ့၏။ ဘုရားစူးရပါစေ့။ ဤသည်မှာ ပုံပြင်မဟုတ်။

 

ကျွန်ုပ် ဒေသကောလိပ်ကျောင်းသားဘဝက မိမိဘာသာ ချက်စားရန် အိမ်မှ ဆန်လေး (၃) ပြည်ခန့် သယ်လာသည်ကိုပင် ရဲကဖမ်းသဖြင့် ရဲစခန်းရောက်ကာ မနည်းတောင်းတောင်းပန်ပန်နှင့် ပြန်ထွက်လာခဲ့သည်ဟု ကျွန်ုပ်ပြောလျှင် လွန်သည် ဟု အသင်တို့ ထင်ကြလိမ့်မည်။

 

ဦးဝင်းတင်ပြောခဲ့သလို မြန်မာနိုင်ငံအပေါ်တွင် စစ်တပ်၏ကျေးဇူး မူးလို့တောင် ရှူစရာမရှိပါ။

(၃) ခွေးထက်ယုတ်သော ငရဲသားများ

 

ဖေဖော်ဝါရီ ၁၂၊ ၁၃ သည် တရုတ်နှစ်ကူးနေ့ဖြစ်သဖြင့် ရုံးများ၊ ကျောင်းများပိတ်ကြ၏။ စင်ကာပူမှ ပြည်သူအများမှာ လမ်း၊ ဆိုင်များ၌ သိပ်မရှိ။ မိမိတို့မိသားစု၊ အသိမိတ်ဆွေများအိမ်တွင် ပျော်ပါး၊ စားသောက်နေကြလေ၏။ 

 

ကျွန်တော်တို့အိမ်ဘေးမှ တရုတ်အိမ်တွင် မိတ်ဆွေများ ရယ်ကာမောကာ၊ ပျော်ကြပါးကြ၊ စားသောက်နေကြ၊​ မာဂျောင်း ကစားနေကြတာတွေ့ရတော့ ကျွန်တော် အလွန်ဝမ်းနည်းမိလေသည်။

 

လူများတကာတွေ ပျော်ပါး၊ စားသောက်နေချိန်တွင် ကျွန်တော်တို့ပြည်သူများမှာတော့ ခွေးရူးလာဆွဲမှာကြောက်ရ၊ ခွေးရူးဆွဲသွားသည့်သူများကို တစ်ရပ်လုံးအုတ်အော်သောင်းတင်းဖြင့် ပြန်လည်ကယ်တင်ရန် ကြိုးပမ်းကြရဖြင့် အရပ်ပျက်နေလေ၏။ 

 

မနက်စောစောစီးစီး သာကေတမှာ မီးလောင်တာမြင်ရတော့ ကျွန်တော် အတော် ဒေါသထွက်မိ၏။ 

ဟုတ်တာမဟုတ်တာမသိ။ သက်သက်ခိုင်၏ ပရဟိတကားများကို ရပ်ကွက်တွေထဲ (လူတွေဖမ်းရာမှာ အထောက်အကူ ဖြစ်စေဘို့) လွှတ်သည်ဆိုတော့ ပြည်သူ့မေတ္တာကို ခံယူချင်သည့် ထိုအယုတ်တမာမကြီးကို ဟဝှာလုပ်ချင်မိလေ၏။ (ဟဝှာ = ပါးရိုက်)

 

ဤကမ္ဘာပေါ်တွင် နိုင်ငံတိုင်းလိုလို၌ ယုတ်မာသူများရှိကြသည်ကို အကျွန်ုပ် လက်ခံပါ၏။ သို့သော် မြန်မာပြည်လောက် တော့ မများဟု ထင်ပါသည်။ ထိုအထဲတွင် ပညာတတ်ဟု သူတို့ကိုယ်သူတို့ထင်နေသူများပါ ပါနေခြင်းကိုမူ ကျွန်ုပ် အလွန် အသည်းနာလှ၏။ ကျွန်ုပ်ကတော့ ၎င်းတို့ကို ပညာတတ်ဟု မသတ်မှတ်ပါ။ ၎င်းတို့သည် စာကျက်ဖြေပြီး အောင်လာကြ သည့် စာတတ်သူများသာဖြစ်၏။ သို့သော် ပညာမတတ်ကြပါ။

 

ပညာဟူသည် အမှားအမှန်၊ အကောင်းအဆိုးကို ခွဲခြားသိမြင်နိုင်၏။ ဟုတ်၏ မဟုတ်၏၊ တော်၏ မတော်၏ကို ဝေဘန် ပိုင်းခြားနိုင်၏။ တိုက်ပုံဝတ်ထားရုံနှင့် ပညာတတ်ဖြစ်မလာနိုင်သလို ရာထူးကြီးကြီးယူထားရုံနှင့်လည်း ပညာရှိသည်ဟု မဆိုနိုင်။

 

သူခိုးဓားပြထက်ဆိုးသူများသည် ဘဏ်မှပိုက်ဆံများကို သူ့ပထွေး အမွေပေးထားသည့်အလား အတင်းယူကြ၏။ ထောင်ဖောက်ပေးပြီး လူမိုက်တွေကို အိမ်မီးရှို့ခိုင်း၏။ ကားမှန်များကို ရိုက်ခွဲခိုင်း၏။ ကမ္ဘာ့အယုတ်မာဆုံးဆိုသူများပင် ၎င်းတို့လောက် ယုတ်မာမည် မထင်။ 

 

တစ်နိုင်ငံလုံး အုတ်အော်သောင်းတင်း ဆန္ဒပြနေချိန်တွင် အချို့သော လူကြီးဆိုသူများမှာ ရုံးတက်ကာ အလုပ်လုပ်နေကြ လေ၏။ ဝန်ထမ်းများကို အတင်းအကျပ်ဖိအားပေး အလုပ်ပြန်ဆင်းခိုင်း၏။ စစ်ရာဇဝတ်ကောင်များ သက်ဆိုးရှည်အောင် ပံ့ပိုးပေးနေသည့် ထိုသူများကို ကျွန်ုပ်သည် မနေ့တစ်နေ့ကမှ မွေးလာသည့် လူငယ် ကောင်လေး၊ ကောင်မလေး များလောက်တောင်မှ မလေးစားပါ။ အထင်မကြီးပါ။ ဖြစ်နိုင်လျှင် အနှီလူကြီးဆိုသူများအား ထိုလုံကလေး၊ လုံမကလေး တို့၏ ချေးကို ကျွေးထားချင်ပါသည်။ မည်သူ၊ မည်သည့်ဌာန၊ မည်သည့်ရာထူး စသဖြင့် ကျွန်ုပ်စာရင်း လိုချင်လှ၏။ ၎င်းတို့သည် တစ်နည်းအားဖြင့် ကျွန်ုပ်တို့ပြည်သူများအတွက် သစ္စာဖောက်၊ လောက်ကောင်များလည်း ဖြစ်လေသည်။

 

ယခု မြစ်ကြီးနားအခြေအနေကို ကြည့်လိုက်ပါက တကယ့် ကမ္ဘာပျက်နေသည့်အတိုင်း ဖြစ်၏။ ပြည်သူများကို တရားမဲ့စွာ ဖမ်းဆီးနေသည်ကိုကြည့်ပြီး ကျွန်ုပ်သည် ဝမ်းလည်းနည်းမိ၏။ ဒေါသလည်းထွက်မိ၏။ ကျွန်ုပ်တို့ပြည်သူများ၏ ဒုက္ခကို ကြည့်ကာ ရင်မှာ ပြင်းထန်စွာ နာကျည်းမိ၏။ အပြစ်မဲ့ပြည်သူများအား လူဆိုးသူခိုးများ ဖမ်းသလို လိုက်ဖမ်းနေသည့် ထို ငရဲကောင်များကို ကျွန်ုပ်သည် ပါးကိုလည်း ချချင်၏။ ဖနောင့်နှင့်လည်း ပေါက်ချင်၏။ နဘန်ကိုလည်း ကျင်းချင်၏။ ဖင်ကိုလည်း ပိတ်ကန်ချင်၏။ ၎င်းတို့၏ဟဝှာကို ပေပေါ်တင်ကာ ၁၅ ပေါင်တူနှင့်လည်း ထုချင်၏။ အထူးအားဖြင့် သည်အခြေအနေကို ဖန်တီးခဲ့သော မအေလ ကို ဗိုက်ကင်းထဲမှ Blood Eagle လုပ်သလို ကျောရိုးများကို ပုဆိန်ဖြင့်ဖြတ်၊ ကားကျက်ကာ မြို့တော်ခန်းမရှေ့၌ အရှင်လတ်လတ် ကားစင် တင်ထားချင်မိလေ၏။

 

(၄) တော်လှန်ရေး

 

လမ်းမပေါ်၌ ပုံစံမျိုးစုံဖြင့် ဆန္နပြနေသည့် လူငယ်၊ မောင်ကလေး၊ မယ်ကလေးတို့ကို ကျွန်ုပ် အလွန်အားရမိ၏။ အမှန်ကို ဆိုရလျှင် ကျွန်ုပ်မှာ ထိုကလေးများ၏ အစွမ်းအစကို ယခုမှသာ မြင်ခွင့်ရတာ ဖြစ်၏။ သူတို့ အဲသလောက် တော်မှန်း၊ အစွမ်းအစရှိမှန်း ယခင်က မသိခဲ့။ အထင်လည်း မကြီးမိခဲ့။ ဤသည့်အတွက် မောင်ကလေး မယ်ကလေးတို့ကို အကျွန်ုပ်သည် လေးနက်စွာ တောင်းပန်ပါ၏။ အသင်တို့သည် ကျွန်ုပ်တို့၏ မျှော်လင့်ချက်၊ အသင်တို့သည် ကျွန်ုပ်တို့၏ အနာဂတ်များ ဖြစ်၏။

 

ထိုကလေးများမှာ သေချာစွာသာ မြေတောင်မြှောက်ပေးလိုက်ပါက အလွန်ထူးချွန်ထက်မြက်မည့် နိုင်ငံ့သားကောင်း၊ သမီးကောင်း ရတနာလေးများ ဖြစ်လာမှာ မြေကြီးလက်ခတ်မလွဲပါ။

 

ကျွန်ုပ်ကို ၁၉၆၂ ခုနှစ်၌ မွေးခဲ့သဖြင့် ကျွန်ုပ်ဘဝတစ်လျှောက်လုံး စစ်အစိုးရ၏ ဗလချီးနမ်းစနစ်အောက်မှာ ကြီးပြင်းခဲ့ရတာ ဖြစ်၏။ စစ်အစိုးရ၏ စိတ်ထဲထင်ရာ ပေါက်တတ်ကရလုပ်တာတွေကို ကျွန်ုပ်တို့သည် မျက်ဝါးထင်ထင် ကြုံခဲ့ကြရဖူးပြီ။ 

 

ကျွန်ုပ်တို့သည် အ-သုံးလုံးတည်း ဟူသော စာတတ်မြောက်ရေးဂျင်းကို တစ်နိုင်ငံလုံး အတက်လိုက် အထည့်ခံခဲ့ရဖူးပြီ။

လူငယ်လုပ်အားပေးတည်းဟူသော ဘုံမဝင် ဆုံမဝင် ဂျင်းကိုလည်း အထည့်ခံခဲ့ရဖူးပြီ။

ကမ္ဘာ့လောင်စာလိုအပ်ချက်ကို ဖြည့်ဆည်းမည့် ကြက်ဆူဂျင်းကိုလည်း အထည့်ခံခဲ့ရဖူးပြီ။

 

ကျွန်ုပ်တို့သည် ဘဝတစ်လျှောက်လုံး ဂျင်းပင်လယ်၌ မျောခဲ့ကြရ၏။

ကျွန်ုပ်တို့၏ မျိုးဆက်ကို နောက်ထပ် ဂျင်းအထည့်မခံကြရစေရန် ယခုတော်လှန်ရေး အောင်မြင်မှ ဖြစ်မည်။

အသင် မြန်မာပြည်သူပြည်သား သူတော်ကောင်း အပေါင်းတို့။

တောင့်ခံထားကြကုန်လော့။

အယုတ်တမာများကို အားမလျှော့ဘဲ တိုက်ထုတ်ကြကုန်လော့။

ဤသည်မှာ သင်တို့ကျွန်ုပ်တို့၏ သားစဉ်မြေးဆက် အရေးဖြစ်၏။

ဤသည်မှာ ကျွန်ုပ်တို့ မျိုးဆက်များ၏ အနာဂတ်အရေး ဖြစ်၏။

 

ကျွန်ုပ်တို့သည် ထိုအမျိုးယုတ်များ နောက်ထပ် ဘယ်လိုနည်းနှင့်မှ ခေါင်းထောင်မလာနိုင်အောင် ကြိုးပမ်းကြရမည်။

ကျွန်ုပ်ကား အဝေးမှနေကာသာ -င်ခေါင်းကျယ်နိုင်လေသည်။

ဤတော်လှန်ရေးကြီးတွင် ကိုယ်ကိုယ်တိုင် ပါဝင်မဆင်နွှဲရခြင်းအတွက်လည်း အလွန် မကျေမချမ်းဖြစ်မိ၏။

ကျွန်ုပ်ကို ခွင့်လွှတ်ကြပါကုန်။

 

အဓမ္မကို ဓမ္မက နိုင်ရမည်။

ကျွန်ုပ်တို့ ပြည်သူများ၏ ပေါင်းစည်းအားဖြင့် စစ်အာဏာရှင်များ မျိုးကန်းစေရမည်။

ကျွန်ုပ်တို့ ပြည်သူများသည် အောင်ကြပါစေသတည်း။

 

အောင်ပါစေသော၊ အောင်စေသော။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၀ ဖေဖော်ဝါရီလ၊ ၂၀၂၁





















No comments: