Wednesday, September 30, 2020

ဒီမိုး၊ ဒီရေ၊ ဒီလူတွေနဲ့

မြန်မာနိုင်ငံ အစိုးရလုပ်ပုံကိုင်ပုံတွေနဲ့ ပတ်သက်လို့ စိတ်ပျက်မိသည့်အကြောင်း ရေးခဲ့ပေါင်းများပါပြီ။

 

ယခု ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းယူရာမှာလည်း အမှားအယွင်းပေါင်း သောင်းခြောက်ထောင်နှင့်ဖြစ်၏။

 

ဤသည်ကပင် အစိုးရလုပ်ပုံများ မည်မျှ အသုံးမကျသည်ကို တစ်နည်းအားဖြင့် ဖော်ပြနေခြင်းဖြစ်၏။

 

မဲစာရင်းဆိုသည်မှာ သည်တိုင်းပြည်တွင်နေသည့် အသက် ၁၈ နှစ်ပြည့်ပြီးသူများ စာရင်းသာဖြစ်သည်။

လူတစ်ယောက်၏ မွေးနေ့သက္ကရာဇ်၊ အဖေ၊ အမေ၊ မှတ်ပုံတင်နံပါတ် စသည်တို့မှာ ပြောင်းလဲသွားသည့် အရာများ မဟုတ်။ 

နေရပ်သာ ပြောင်းချင်ပြောင်းရမည်။ နေရပ်ပြောင်းသည်ဆိုလျှင် ပြောင်းသည့်နေရပ်ကို update လုပ်လိုက်ရုံမျှ ဖြစ်၏။

သေသူကိုနုတ်၊​ အသက် (၁၈) နှစ်ပြည့်သူကို ပေါင်းထည့်။

နေရပ်ပြောင်းသူကို ဒီဘက်ကနုတ်ပြီး ဟိုဘက်ပြောင်းထည့်။

မဲစာရင်းလုပ်တယ်ဆိုတာ ၅ နှစ်ပြည့်တိုင်း အသစ်က ပြန်စနေရတာမဟုတ်။

 

၅ နှစ်တစ်ခါ . . . 

နင့်အဖေနာမည်က ဘယ်သူတုံး။ အဲဒါနင့်အဖေစစ်မစစ် နင်ဘယ်လိုသိနိုင်မလဲ၊ 

နင့်အမေနောက်ယောက်ျားက ဘယ်သူတုံး၊ 

နင့်ပထွေးက ကြယ်စင်တို့ လမင်းတို့နဲ့အဆက်အသွယ်ရှိသလား . . . စသဖြင့် လိုက်မေးနေစရာ အကြောင်းကို မရှိ။

နဂိုရှိပြီးသားစာရင်းကို ပြန်ပြီး apdate လုပ်လိုက်ရုံမျှဖြစ်၏။

 

၎င်းတို့တွင်အဘယ်ကြောင့် ခဲယဉ်းနေရမှန်း ကျွန်ုပ် နားကို မလည်နိုင်ပါ။

ကျွန်ုပ်အဖို့မူ သားအတွက် အရုပ်ဝယ်ပေးရတာလောက်တောင် မခဲယဉ်းပါ။

(ကျွန်ုပ်သားအတွက် အရုပ်ဝယ်ပေးရတာ ဘယ်လောက်ခေါင်းစားမှန်း မိတ်ဆွေတို့ကို အခါအခွင့်သင့်လျှင် ပြောပြပါဦးမည်။)

 

မြန်မာပြည်ဘက်က မဲစာရင်းတွေ ထားလိုက်ပါတော့။ 

စင်ကာပူဂ လူဒွေ ပြောဘာဒယ် . . . 

(ပြောရင်းနဲ့တောင် နားရွက်ကို တံတွေးနဲ့သွားဆွတ်ချင်လာပြီ)

 

ကျွန်ုပ်တို့မှာ တစ်ခုခုလုပ်တော့မည်ကြံတိုင်း အဖေနာမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ စသည့် ၆ ရေး မပါသည်များကို လျှောက်ရေးနေရသည်။ 

 

ပုံစံ (၁၅) တင်တော့ ကျွန်ုပ်တို့၏ အချက်အလက်များ အကုန်ပေးခဲ့ပြီး ဖြစ်၏။

 

မဲပေးမည့် တိုင်း/ပြည်နယ်၊ မြို့နယ်

အမည်

တိုင်းရင်းသားလူမျိုး

မှတ်ပုံတင်အမှတ်

မွေးသက္ကရာဇ်

အဖေ

အမေ

နေရပ်လိပ်စာ (မြန်မာ နှင့် စင်ကာပူ)

ဖုန်းနံပါတ်

 

ထိုအချက်အလက်များပေးပြီးနောက် ပုံစံ (၁၅) တင်သူများစာရင်းထွက်လာသည်။

ထို စာရင်းကို မြန်မာပြည်ပေးလိုက်ပြီး မြန်မာပြည်က မဲပေးခွင့်ရှိသူများစာရင်း ပြန်ပို့လာသည်။

သိရသလောက် ပုံစံ (၁၅) တင်တာနှင့် မဲပေးခွင့်ရသူဦးရေက ၂၀၀၀ လောက်ကွာနေသည် ဆို၏။ ဟုတ်မဟုတ်တော့ မသိ။

 

မဲပေးခွင့်ရသူများစာရင်းထွက်လာတော့ မဲပေးဘို့ တန်းစီနံပါတ်ယူရ၏။

တန်းစီနံပါတ် (Q နံပါတ်) ယူတော့လည်း လည်း လည်း . . . . 

 

နာမည်

မွေးသက္ကရာဇ်

ပတ်စ်ပို့နံပါတ်

မှတ်ပုံတင်နံပါတ်

ဖင်နံပါတ် (ဖင်ဆိုဒ်ကို ပြောတာမဟုတ်ဘူးဗျို့။ စင်ကာပူမှာ နိုင်ငံခြားသားတွေကို နိုင်ငံခြားသား မှတ်ပုံတင်နံပါတ် FIN – Foreign Identification Number ထုတ်ပေးထားတာကို ပြောတာ။ မဟုတ်တာတွေလည်း လျှောက်တွေးမနေနဲ့အုံး။)

 

ထပ်ဖြည့်ရပြန်၏။ မလိုပါ။ အဲသဟာတွေ လိုကိုမလိုတော့ပါ။

ပုံစံ (၁၅) ဖြည့်တုံးက အကုန်ပါပြီးသားဟာ ဘာကြောင့် ထပ်လိုချင်ရပါသနည်း။ ခွီး

နာမည်နဲ့ ပတ်စ်ပို့နံပါတ် (၂) ခုပါရင် ရပါပြီ။

မဲထည့်မည့်နေ့၊ အချိန်၊ မဲထည့်ရမည့် တိုင်း/ပြည်နယ်၊ မြို့နယ်များလိုတာ မှန်ပါ၏။

 

ဖြစ်ပုံက . . . 

ပုံစံ (၁၅) ဖြည့်တုံးက မြန်မာလို ဖြည့်ရသည်။ အခုက အင်္ဂလိပ်လို ဖြည့်ရသည်။ 

မြန်မာတွေကလည်း စာလုံးတွေကို ပေါင်းချင်သလို ပေါင်းသည်။

ဥပမာ - ခိုင် ဆိုပါစို့။​ Khine ဖြင့် ခိုင် သည်။ Khaing ဖြင့် ခိုင် သည်။ ဆိုတော့ ပုံစံ (၁၅) တင်ထားပေသိ၊ ယခု မဲပေးဘို့ booking လုပ်သည့်အခါ ပုံစံ (၁၅) မတင်ထားပါဆိုသည့် message တွေရသည်။

အဲသည်တော့ မဲစာရင်းကိုပြန်ရှာ၊ သံရုံးကို email ပို့ စသည့် မလိုလားအပ်သော အလုပ်များ လုပ်ရ၏။ 

 

တချို့ကျတော့ စင်ကာပူက မဲစာရင်းမှာပါသည်။​ မြန်မာပြည်က မဲစာရင်းမှာမပါ။

တချို့ကျတော့ မြန်မာပြည်က မဲစာရင်းမှာပါသည်။ စင်ကာပူက မဲစာရင်းမှာ မပါ။

လူပေါင်း သောင်း ၆ ထောင်နှင့် အလုပ်လုပ်နေရသည့် သံရုံး၏ ဒုက္ခကို တွေးကြည့်ရုံနှင့် သိနိုင်၏။

လူ ၄ - ၅ - ၁၀ ယောက်လောက် လုပ်ပေးသည့် ကျွန်ုပ်ပင်လျှင် အတော် ဦးဏှောက်ခြောက်၏။

တချို့ကျ FIN ကိုပင် မှန်အောင်မရေးတတ်။ FIN No. က ဂဏန်း ၇ လုံးပါသည်။ ရေးထာတာက ၆ လုံးတည်း။ အဲဒါ S Pass ပါတဲ့။ တချို့ကျ တိုင်း/ပြည်နယ်ပဲ ပေးသည်။ မြို့နယ်မပါ။ 

 

သူတို့သာ လုပ်တတ်မည်ဆိုလျှင် ဘာမှ မခဲယဉ်းပါ။

လူနာမည်သာ တူချင်တူရမည်။ ပတ်စ်ပို့နံပါတ်ကတော့ တူစရာကို အကြောင်းမရှိ။

အဲသဟာကြောင့် ပတ်စ်ပို့နံပါတ်နဲ့သာ filter လုပ်ချလိုက်လျှင် ဘယ်သူဆိုတာ ချက်ချင်းပေါ်လာမည်ဖြစ်၏။ 

ယခု booking ယူရာတွင်လည်း ပတ်စ်ပို့နာမည်ရိုက်၊ လူနာမည်ရိုက်လိုက်လျှင် ကိစ္စပြီး၏။ 

အရင်တစ်ခါရေးခဲ့သလို ပတ်စ်ပို့နံပတ်ကိုလည်း သက်တမ်းတိုးတိုင်း ဘယ့်နှာကြောင့် အသစ်ပြန်ပေးနေရသည်ကို နားကို မလည်နိုင်ပါ။ ပတ်စ်ပို့နံပါတ်က တော်ကြာ MA ဖြစ်လိုက်၊ တော်ကြာ MD ဖြစ်လိုက်။ 

 

ပြဿနာကတော့ သောင်း ၆ ထောင် ဖြစ်ပါသည်။

သေချာတာကတော့ နောက်တစ်ခါ ရွေးကောက်ပွဲကျလည်း ကိုယ့်အဖေနာမည်၊ အမေနာမည်၊ ပထွေးနာမည်။ ယောက္ဖတစ်ဝမ်းကွဲနာမည်၊ ပထမဆုံးရည်းစားနာမည်တွေ အကုန်ပြန်ဖြည့်ရဦးမည်။

 

ဤအရာအားလုံးမှာ စီမံခန့်ခွဲမှုအမှားများ ဖြစ်၏။

 

ကျွန်ုပ်မှာ စိတ်ပျက်လျက်ကပင် မလုပ်လို့ကလည်း မဖြစ်တော့ လုပ်ပေးနေရသေးသည်သာ ဖြစ်၏။

သည်ဘဝရှိနေသရွေ့ သည်ဒုက္ခများ ရှိနေဦးမည်ဖြစ်၏။

သည်တော့ သည်ဒုက္ခများကလွတ်အောင် ၂၀၃၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး တရားထိုင်တော့မည်။

အခုတော့ ဖိုးဒုက္ခ၊ မယ်ဒုက္ခတွေဘို့ ဆက် အလုပ်ရှုပ်လိုက်ဦးမည်။

 

စိတ်ပျက်ပါ (ဟုတ်ပေါင်၊ ယောင်ကုန်ပြီ) ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၃၀ စက်တင်ဘာလ၊ ၂၀၂၀

No comments: