Thursday, March 5, 2020

EP လစာသစ်


နိုင်ငံခြားသားများ အလုပ်ခန့်ထားရေးကို စင်ကာပူအစိုးရသည် တဖြည်းဖြည်း တင်းကျပ်လာလျက်ရှိရာ စင်ကာပူမှာ အလုပ်အကိုင်ရှာဖွေရတာ ယခင်ကလောက် မလွယ်ကူတော့ပါ။

ယနေ့ နောက်ထပ် တစ်ရစ်တိုးကျပ်လိုက်ပြန်ပါသည်။

လက်ရှိ Employment Pass (EP) တစ်ယောက်အတွက် အနည်းဆုံးလခမှာ စင်းဒေါ်လာ ၃၆၀၀ ဖြစ်၏။ ထိုနှုန်းကို ၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့မှစကာ ၃၉၀၀ သို့ တိုးမြှင့်မည်ဖြစ်ပါသည်။

စင်ကာပူ Work Pass သမိုင်းအကျဉ်း
===================

၁၉၉၈ ခုနှစ် FMEA (Foreign Manpower Employment Act) အရ Foreign Worker ဆိုသည်မှာ (သို့သော် Employment Pass မပါ) လခ ၂၀၀၀ အောက်ရသူကို ခေါ်၏။ ထိုအချိန်က S Pass မရှိသေးပါ။ Work Permit နှင့် EP နှစ်မျိုးသာ ရှိ၏။ Work Permit ကို R Pass ဟု ခေါ်သည်။ EP တွင် P1, P2, Q1 ဟု အတန်းအစား သုံးမျိုးခွဲထား၏။

၁၉၉၈ စက်တင်ဘာလက နိုင်ငံခြားသား အလုပ်သများများကို Employment Pass နှင့် Work Permit ဟု နှစ်မျိုးသာ ခွဲထားခဲ့၏။ ထို့နောက် ထို ၁၉၉၈ နှစ်တွင်ပင် three-tiered migration scheme အရ နိုင်ငံခြားသားများကို P Class, Q Class, R Class ဟု သုံးမျိုးခွဲကာ အလုပ်ခန့်ထားခဲ့၏။ ထို (၃) မျိုးအောက်တွင်မှ P1, P2, Q1, Q2, R1, R2 ဟု Work Pass အမျိုးအစား (၆) မျိုးသတ်မှတ်ခဲ့၏။

၁၉၉၅ ခုနှစ်တွင် EP ၏ အနိမ့်ဆုံးလစာမှာ စင်းဒေါ်လာ ၁၅၀၀ ဖြစ်ပါသည်။
၂၀၀၄ ခုနှစ် ဇူလိုင်လ တွင် S Pass စတင်ခဲ့ပြီး Q2 နေရာတွင် အစားထိုးလိုက်သည်။ S Pass မှာ Mid-skilled level ဖြစ်ပါသည်။ ထိုစဉ်က S Pass ၏ အနိမ့်ဆုံးလစာမှာ ၁၈၀၀ ဖြစ်၏။ ထို့နောက် S Pass ၏ အနိမ့်ဆုံးလစာကို ၂၀၀၀ သို့ တိုးမြှင့်လိုက်၏။

၂၀၁၁ ဇူလိုင်လ ၁ ရက်နေ့မှစကာ P1, P2, Q1 တို့၏ အနိမ့်ဆုံးလစာ (၇၀၀၀, ၃၅၀၀, ၂၅၀၀) များကို (၈၀၀၀, ၄၀၀၀, ၂၈၀၀) သို့လည်းကောင်း။ S Pass လစာကို ၁၈၀၀ မှ ၂၀၀၀ သို့လည်းကောင်း တိုးမြှင့်ခဲ့၏။

၂၀၁၃ ဇူလိုင်လ ၁ ရက်မှစကာ S Pass အနိမ့်ဆုံးလစာကို ၂၀၀၀ မှ ၂၂၀၀ သို့ ပြောင်းလဲခဲ့၏။ ထို့နောက် S Pass အနိမ့်ဆုံးလစာများ ကို ၂၀၁၉ ဇန်နဝါရီ ၁ ရက်တွင် ၂၃၀၀ သို့လည်းကောင်း၊ ၂၀၂၀ ဇန်နဝါရီ ၁ ရက်တွင် ၂၄၀၀ သို့လည်းကောင်း တိုးမြှင့်ခဲ့သည်။

EP များ၏ အနိမ့်ဆုံးလစာများကိုလည်း တဖြည်းဖြည်း တိုးမြှင့်လာလျက်ရှိရာ -
၂၀၁၂ ဇန်နဝါရီလ ၁ ရက်နေ့တွင် ၂၈၀၀ မှ ၃၀၀၀ သို့ လည်းကောင်း။
၂၀၁၄ ခုနှစ် ဇန်နဝါရီလက EP လခကို ယခင် ၃၀၀၀ မှ ၃၃၀၀ သို့ လည်းကောင်း။
၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့တွင် ၃၃၀၀ မှ ၃၆၀၀ သို့ လည်းကောင်း။
ယခု ၂၀၂၁ ခုနှစ် မေလ ၁ ရက်နေ့မှစကာ ၃၆၀၀ မှ ၃၉၀၀ သို့ တိုးမြှင့်မည်ဖြစ်ပါသည်။

ဆောက်လုပ်ရေးလုပ်ငန်းမှ Work Permit သမားများတွင် R1 နှင့် R2 ဟု နှစ်မျိုးရှိရာ R1 မှာ high skill worker ဖြစ်ပြီး စင်ကာပူတွင် ၂၆ နှစ်ထိ အလုပ်ခွင့်ပြုသည်။ R2 မှာ basic skill worker ဖြစ်ပြီး စင်ကာပူတွင် ၁၄ နှစ်ထိ အလုပ်ခွင့် ပြု၏။

စင်ကာပူမှ Work Pass များ အကြောင်းမှာ ရေးရလျှင် အများကြီးဖြစ်၏။ ယခင်ကလည်း ကျွန်တော်ရေးကာ စာအုပ် ထုတ်ခဲ့ဖူးပါသည်။ နောက်ထပ် new version နှင့် ထပ်ထုတ်မလို့ဟာ မထုတ်ဖြစ်သေး။

ယခုတော့ သည်မျှနှင့် ကျေနပ်ကြပါကုန်။ သန်းခေါင်ကျော်လို့ ၁၂ နာရီခွဲနေပြီ။ နက်ဖြန်လည်း သင်တန်းရှိသေးတော့ အိပ်အုံးမှ။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၅ မတ်လ၊ ၂၀၂၀

No comments: