Thursday, August 3, 2017

ရေပါတာပဲ လိုချင်တယ် . . . ဆိုသူများအတွက်

(၁) လူကြီးလုပ်သူ၏ တာဝန်


စင်ကာပူနိုင်ငံတွင် ပြဌာန်းထားသော ဘေးအန္တရာယ်ကင်းရေးဥပဒေ (Workplace Safety and Health Act - 2006) တွင် အောက်ပါအတိုင်း ပြဌာန်းထား၏။


Duties of employers

12. —(1)  It shall be the duty of every employer to take, so far as is reasonably practicable, such measures as are necessary to ensure the safety and health of his employees at work.
(3)  For the purposes of subsection (1), the measures necessary to ensure the safety and health of persons at work include —
(e) ensuring that those persons at work have adequate instruction, information, training and supervision as is necessary for them to perform their work.


အလုပ်ရှင်သည် မိမိဝန်ထမ်းအား -


၃ (င) ၎င်းတို့လုပ်ကိုင်မည့်အလုပ်အတွက် ထိုအလုပ်နှင့်ပတ်သက်သည့် ပြည့်စုံသော ညွှန်ကြားချက်၊ သတင်းအချက်အလက်၊ သင်တန်း နှင့် ကြီးကြပ်မှုကို ပေးထားကြောင်း သေချာစေရမည်။

ထို့အတွက် အထက်လူကြီး၊ အရာရှိတစ်ဦးဦးသည် မိမိလက်အောက်မှ ၀န်ထမ်းများကို အလုပ်တစ်ခုခု စေခိုင်းသည့်အခါ သည်အတိုင်း ဟေ့ကောင်၊ ဒါလုပ်လိုက်ကွ ဆိုရုံနှင့်မပြီး။

(၁) ထိုဝန်ထမ်းသည် မိမိခိုင်းလိုက်သောအလုပ်ကို သေသေချာချာ လုပ်တတ်မလုပ်တတ် သိရမည်။ မလုပ်တတ်လျှင် လုပ်တတ်အောင် သင်ပေးရမည်။ (Training) ဥပမာ - ပိုးသတ်ဆေးဖြန်းခိုင်းသည်ဆိုပါစို့။ ပိုးသတ်ဆေးနှင့်ရေကို မည်သည့်အချိုးနှင့် ပေါင်းစပ်ရမည်။ ပိုးသတ်ဆေးဖြန်းသည့်အခါ မည်သည့် တစ်ကိုယ်ရေသုံးပစ္စည်းများ ၀တ်ဆင်ရမည်။ ပိုးသတ်ဆေးဖြန်းဘူးကို မည်ကဲ့သို့ သုံးရမည်။ ပိုးသတ်ဆေးကိုမည်ကဲ့သို့ သိုလှောင်ရမည်။ ပိုးသတ်ဆေးကို မည်ကဲ့သို့ဖြန်းရမည်၊ ပိုးသတ်ဆေးဖြန်းပြီး ရေကိုခေါင်းကဖြိုချိုးရမည်။ ပိုးသတ်ဆေးဖြန်းစဉ်ဝတ်ထားသည့် အ၀တ်တို့ကို သေချာစွာ လျှော်ပစ်ရမည်၊ ပြန်မ၀တ်ရ . . .  စသည်တို့ကို သေသေချာချာ သင်ကြားလေ့ကျင့်ပေးရမည်။

(၂) ထိုအလုပ်နှင့်ပတ်သက်သည့် သတင်းအချက်အလက် အားလုံးပေးရမည်။ ဥပမာ - ပိုးသတ်ဆေးဖြန်းခိုင်းသည်ဆိုပါစို့။ ထိုပိုးသတ်ဆေးကိုသုံးလျှင်မည်ကဲ့သို့သော အန္တရာယ်များရှိသည်။ ထိုအန္တရာယ်များမဖြစ်အောင် မည်ကဲ့သို့သုံးရမည်။ ပိုသောဆေးများကို မည်ကဲ့သို့ စွန့်ပစ်ရမည်၊ အရေးပေါ်အခြေအနေတွင် မည်သည့်နေရာများသို့ ဆက်သွယ်ရမည် စသည်။ (information)

(၃) ပိုးသတ်ဆေးဖြန်းခိုင်းသည်ဆိုပါက မည်သည့်နေ့ရက်၊ မည်သည့်အချိန်တွင် မည်သည့်အကွက်ကို မည်ကဲ့သို့ဖြန်းရမည်။ မည်သည့်သီးနှံဖြစ်သည့်အတွက် မည်သည့်ပိုးသတ်ဆေးကိုသုံးရမည် စသည်ဖြင့် အတိအကျညွှန်ကြားရမည်။ (adequate instruction)

(၄) ပိုးသတ်ဆေးဖြန်းစဉ်တွင်လည်း အလုပ်သမားသုံးထားသော ပိုးသတ်ဆေးမှန်မမှန်၊ ရေနှင့်စပ်သောအချိုး မှန်မမှန်၊ သတ်မှတ်ထားသော တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ သုံးမသုံး၊ ပြောထားသည့်အကွက်ကို ဖြန်းတာ ဟုတ်မဟုတ် စသည်တို့ကို ကြီးကြပ်စစ်ဆေးရမည်။

ထိုမျှသာမက သူလုပ်မည့်အလုပ်အတွက် လိုအပ်သော လက်နက်ကိရိယာ၊ စက်ပစ္စည်း အပြည့်အစုံ ပံ့ပိုးပေးဘို့လိုသည်။ မင်းဟာမင်း ဖြစ်သလိုသာ ကျုပ်ကျက်လိကွာဆိုလို့မရ။ ကိုယ်ကဖြင့် ဘာမှ အပြည့်အစုံပံ့ပိုးမပေးပါဘဲလျက် အလုပ်သမား အမှားလုပ်လျှင် ထိုအမှားအတွက် မည်သူ့တွင် တာဝန်ရှိပါသနည်း။


(၂) သမီးတွေကို အပြစ်တင်မလား


အမေတစ်ဦးတွင် သမီးသုံးဦးရှိ၏။ မကြီး၊ မလတ်၊ မငယ်တို့ဖြစ်၏။
အခါတစ်ပါးတွင် အမေသည် ဟင်းအိုးတည်ထားစဉ် အပြင်သွားစရာကိစ္စပေါ်လာ၏။
ထိုအခါ သမီးများကို မှာခဲ့သည်။
ငါ အပြင်သွားဦးမယ်။ ဟင်းအိုးထဲ ဆားခတ်ထားလိုက်ကြစမ်းဟေ့။
အတန်ကြာသော် မကြီးက - ဟင်၊ မေ့နေလိုက်တာ။ အမေက ဆားခတ်ဖို့မှာခဲ့တာ၊ ခတ်လိုက်ဦးမှ။
အလတ်မကလည်း အဲတော့၊ အမေမှာခဲ့တဲ့ ဟင်းအိုးထဲ ဆားခတ်ဦးမှ။
ထို့အတူ အငယ်မသည်လည်း အမေမှာခဲ့သည့်အတိုင်း ဟင်းအိုးထဲသို့ ဆားတစ်ဇွန်းခတ်ထည့်လိုက်လေသည်။
အမေပြန်လာပြီး ဟင်းအိုးကိုမြည်းလိုက်သော် ဟင်းမှာ ငံတူးနေပြီဖြစ်၍ စားမရတော့။

သည်ဖြစ်ရပ်တွင် မည်သူမှားသနည်း။
ဆားခတ်ပါဆို၍ သမီးများက ဆားခတ်သည်။ သမီးများတွင် အပြစ်မရှိ။
အမေလုပ်သူက စမှာပြီိဆိုကတည်းက -
မကြီးရေ၊ အမေဟိုနားခဏသွားလိုက်ဦးမယ်။ အဲဒီမှာ ကြက်သားဟင်းအိုး တည်ထားတယ်။ နောက်ထပ် ဆယ်မိနစ်ကြာတဲ့အခါ ဆား ထမင်းစားဇွန်းနဲ့တစ်ဝက်ခပ်လိုက်ပါဟေ့။ နာရီဝက်ကြာရင် ဟင်းအိုးကို ချလိုက်တော့။
စသည်ဖြင့် အတိအကျ အပြည့်အစုံညွှန်ကြားခဲ့ရမည်။

အမေအသုံးမကျသောကြောင့်သာ ဟင်းအိုးပစ်ရသည်။ သူမှာသည့်အတိုင်း ဆားခတ်တာဖြစ်သည့်အတွက် သမီးများကို အပြစ်တင်လို့မရ။


(၃) Work Smart, Don’t Work Hard.


1951 Factory Act ဥပဒေအရ လူတစ်ယောက်၏ အလုပ်လုပ်ချိန်သည် တစ်နေ့ (၈) နာရီ။ တစ်ပတ်လျှင် (၄၄) နာရီဖြစ်၏။ ကလေးများအတွက် တစ်နေ့အလုပ်လုပ်ချိန် (၄) နာရီဖြစ်၏။ ညနေ (၆) နာရီမှ မနက် (၆) နာရီထိ ကလေးများကို အလုပ် မခိုင်းစေရ။

သို့သော် ဤဥပဒေကို မည်သူသိပါသနည်း။ မည်သူလိုက်နာပါသနည်း။ နောက်ပြီးတော့ သည်ဥပဒေက စက်ရုံများအတွက် သာဖြစ်သည်။ အခြားဌာနများနှင့်မဆိုင်။ သို့ဆိုလျှင် မြန်မာနိုင်ငံတွင် အလုပ်ခန့်ထားခြင်းနှင့်ပတ်သက်သော ဥပဒေ (Employment Act) ရှိပါသလား။ ကျွန်တော်တော့ ယနေ့ထိ မတွေ့မိသေးပါ။ သို့ဆိုလျှင် ၀န်ထမ်းများအား မတရား ခိုင်းလို့မရအောင် မည်သည့် ဥပဒေဖြင့် အကာအကွယ်ပေးထားပါသနည်း။

တစ်ကမ္ဘာလုံးကို တာဝန်ယူထားရသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် အလုပ်များလွန်းလှသဖြင့် အိပ်ချိန်စားချိန်တောင် မရဘဲ မနက် ၆ နာရီမှ ညသန်းခေါင်ကျော် နာရီပြန်တစ်ချက်တီးထိ လုပ်ရသည်ဟု ကျွန်တော်တစ်ခါမှ မကြားမိခဲ့ဖူးပါ။

အမေရိကန်သမ္မတသည်လည်း အလွန်အလုပ်များမှာကို ယုံမှားသံသယရှိစရာမလိုပါ။ သို့သော် မနက် ၇နာရီခွဲတွင် အစည်းအဝေးတစ်ခု ပြီးနေပြီဟုဖြင့် ကျွန်တော်မဖတ်မှတ်ဖူးခဲ့ပါ။

သို့သော် ဗိုလ်ချုပ်၏ “သူများတွေ တစ်လှမ်းလှမ်းရင် ကျုပ်တို့က လေးငါးဆယ်လှမ်းလှမ်းမှ၊ ပြဲအောင်လုပ်မှ တော်ကာကျမယ်” ဟူသော ဆုံးမစကားကို လိုက်နာကာ ကျွန်ုပ်တို့ရွှေပြည်ကြီးတွင် မနက် (၆) နာရီမှ ညသန်းခေါင်ကျော် (၁) နာရီထိ လုပ်ကြရ သူများရှိသည်။ စနေ၊ တနင်္ဂနွေတောင် မနားကြရ။

အလုပ်လုပ်သည်ဆိုရာ၌ သူမည်လောက်လုပ်သည်ဆိုသည်ထက် သူဘယ်လောက်ပြီးတယ်ဆိုတာ ပိုအရေးကြီးကြောင်း ယခင်က ကျွန်တော် Don’t Work Hard, Work Smart ဟု ပို့စ်တစ်ခု ရေးခဲ့ဖူးပါသည်။

ဘုရင့်ယောက်ဖကို ခွေးကြည့်ခိုင်းသည့်ပုံပြင် မိတ်ဆွေတို့ ကြားဖူးပါသည်။

ရခိုင်ဘုရင်မင်းထီးဆိုတာ အင်မတန် တရားနှင့်ညီသောဘုရင်ဟု နာမည်ကြီးသည်။

ဝန်ကြီးရာထူးတစ်နေရာလစ်လပ်တော့ သူက သူရွေးထားသည့် မင်းလုလင်ကလေးတစ်ယောက်ကို ခန့်ချင်သည်။
သို့သော် သူ့မိဖုရားက သူ့မောင်ကို ခန့်စေချင်သည်။

သည်တော့ ဘုရင်မင်းထီးက မင်းလုလင်ကလေးနှင့် မိဖုရားမောင်ကို ခေါ်ကာ -

ကိုင်း - မောင်ကလေးတို့။ နန်းတော်အောက်မှာ ခွေးမကြီး ကလေးမွေးနေသကွဲ့။ သွားကြည့်ချေကြစမ်း - ဟု ခိုင်းလိုက်သည်။

ခဏနေတော့ မိဖုရားမောင် ပြန်တက်လာ၏။

ကိုင်း - ဘယ့်နဲ့လဲမောင်။ ခွေးမကြီး သားမွေးနေတာ တွေ့ခဲ့ရဲ့လား။

မှန်လှပါ။ ဘုန်းတော်ကြောင့် တွေ့ခဲ့ကြောင်းပါ ဘုရား။

ရိုးရိုးသားသားလုပ်စမ်းပါကွယ်။ မင်းတွေ့တာ ဘယ့်နှာကြောင့် ငါ့ဘုန်းတော်က ပါလာရပြန်တာတုံး။ ဒါဖြင့် ခွေးပေါက်ကလေး ဘယ်နှစ်ကောင်လဲကွဲ့။

ဟိုက် ရှာလပတ်ရည်။ ဘုရာ့ကျွန်တော်မျိုး မရေခဲ့မိဘူးဘုရာ့ . . . ဆိုကာ အပြေးပြန်ဆင်းသွား၏။

ခဏနေတော့ ထိုမိဖုရားမောင် ပြန်တက်လာပြန်၏။

မှန်လှပါ။ ၆ ကောင်ပါဘုရာ့။

အိမ်း၊ တော်သကွယ်။ ဒါနဲ့ အထီးဘယ်နှစ်ကောင်။ အမဘယ်နှစ်ကောင်လဲကွဲ့။

ဟိုက်ရော၊ အဲ အဲ ဒါ ဒါ တော့ မရေခဲ့မိဘူးဘုရာ့။

သို့နှင့် အဖြူဘယ်နှစ်ကောင် အမည်းဘယ်နှစ်ကောင်လဲမေးလိုက် ဆင်းပြေးလိုက်နှင့် မိဖုရားမောင်မှာ အလွန် ဗျာများနေချေသည်။

များမကြာမီ မင်းလုလင်ကလေး တက်လာ၏။

ဟဲ့ မောင်ကလေး ရောက်ပလားဟဲ့။

မှန်ပါ့။

ကိုင်း ခွေးမကြီး ကလေးမွေးနေတဲ့အကြောင်း သံတော်ဦးတင်ပါဦးကွယ်

မှန်လှပါ။ ခွေးမကြီးဟာ နန်းတော်ရှေ့ကနေစရေလိုက်ရင် တတိယတိုင်အခြေမှာ မွေးနေကြောင်းပါ။ ကလေး စုစုပေါင်းက (၆) ကောင်ဖြစ်ပြီး အထီး (၂) ကောင် အမ (၄) ကောင်ပါဘုရာ့။ အဖြူကတော့ (၁) ကောင်ပဲပါပြီး အနက်က (၃) ကောင်၊ ဂုတ်ကျားကလေးက (၂) ကောင်ဘုရာ့။ (၅) ကောင်ပဲ ကျန်းမာရေးကောင်းပြီး တစ်ကောင်ကတော့ သိပ်အားရှိပုံမရဘူးဘုရာ့။ အတော်ဂရုစိုက်ယူရလိမ့်မယ်။ ခွေးမကြီးလည်း နို့တွေဖောင်းကားနေတော့ သိပ်ပူစရာမရှိပါဘူးဘုရာ့။ ဟိုခွေးပိန်ကလေးက လွဲပြီး ကျန်တဲ့ခွေးပေါက်ကလေးတွေ အားလုံး နို့စို့နေကြတယ်ဘုရာ့။

ကိုင်း၊ မယ်မင်းကြီးမ။ တွေ့တယ်မဟုတ်လား။

မိဖုရားကြီးမောင်ကိုတော့ ကျုပ်က ခန့်ချင်ပါရဲ့။ ဒါပေမယ့် အရေးအကြောင်းဆိုလို့ သူ့ကိုသာ ခိုင်းလိုက်ရင် ငါးပါးမက သံဃာစင်ပါ မှောက်ရချည်ရဲ့။

ဤသည်မှာ Work Smart ဖြစ်သတည်း။ ဘုရင့်ယောက္ဖ၊ နန်းတော်ပေါ်တက်ချည်ဆင်းချည်နှင့် လျှာထွက်နေချိန်တွင် မင်းလုလင်ကလေးမှာ မပင်မပန်းဘဲ အသာလေး လေချွန်နေလေ၏။



(၄) ဘာမှစီစဉ်မပေးဘဲ ဒီအချိန်ပြီးရမယ်ဆိုတာ တရားပါသလား


မတရားတဲ့အမိန့်အာဏာမှန်သမျှ ဖီဆန်ကြ ဟူသော ကျွန်ုပ်တို့ခေါင်းဆောင် ပြောထားတာ ရှိပါသည်။
အချိန်လည်းအလုံအလောက်မပေး၊ ဘာ facility မှလည်းလုပ်မပေး။ မီးပျက်တာတွေ၊ စာမေးပွဲရှိတာတွေ လာမပြောနဲ့။ ဒီနေ့ အပြီးလုပ်ပေး။ မပြီးရင် သတိပေးစာထုတ်မည် ဆိုတာကတော့ တဆိတ်ကလေး မလွန်လွန်းလှဘူးလားခင်ဗျာ။

ဟောသည်မှာ မူရင်း ပို့စ် -


မဟုတ်ရင် မဟုတ်တဲ့အကြောင်း၊ မဖြစ်နိုင်ရင် မဖြစ်နိုင်တဲ့အကြောင်း ပြန်ပြောကြပါ။
ဒေါ်အောင်ဆန်းစုကြည်စင်ကာပူလာတုံးကတော့ ဒီအစိုးရလက်ထက်မှာ ကြောက်နေတဲ့သူတွေဟာ တော်တော့်ကို တုံးတဲ့သူ တွေမို့လို့ပဲ ဟု ပြောသွားပါသည်။

ဘယ့်နဲ့ နွားပေါက်ကလေးကို စပါးတင်းအစိတ်တင်ထားတဲ့ လှည်းဆွဲခိုင်းလို့ ရပါမလားခင်ဗျာ။ သူနဲ့တန်ရာတန်ရာ လုပ်ခိုင်းမှပေါ့။ ရေဘူးပေါက်တာမလိုချင်ဘူး။ ရေပါတာပဲလိုချင်တယ် ဆိုတာ စစ်တိုက်တဲ့နေရာမှာပဲ မှန်မှာပါ။ သာမန် အရပ်သားတွေကြား လာပြောလျှင်တော့ အင်း၊ ငါ့ဟာ ဟုတ်မှဟုတ်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆန်းစစ်ဘို့ပဲ ပြောချင်ပါသည်။ နောက်ပြီး ဘာမှ လက်နက်ကိရိယာမရှိဘဲ လုပ်နေကြရတာကို နည်းနည်းမှ မထောက်၊ ငါ မျက်နှာကောင်းရဘို့ပဲ အရေးကြီးတယ်။ နင်တို့ဘာဖြစ်ဖြစ် ဆိုတာကတော့ အတော့်ကို နေရာမကျပါ။

မာခီယာဘယ်လီက The end justify the means. ဟု ဆိုခဲ့၏။ ဘယ်လိုပြီးပြီးကွာ၊ ပြီးဘို့ပဲလိုတယ်။ လုပ်ချင်သလိုသာ လုပ် ဆိုတာ အင်မတန်ကြောက်စရာကောင်းသော ၀ါဒ ဖြစ်၏။

 

Safety point of view အရပြောရလျှင်တော့ အဲသလိုလုပ်မှုတွေကြောင့် နားနှာခေါင်းလည်ချောင်းဆေးရုံ ဖောင်ဝပ်ပြိုကျတာ စသည့် မတော်တဆမှုများ ဖြစ်ရတာဖြစ်သည်။

 


(၅) နိဂုံး


တစ်ခုခုခိုင်းတော့မည်ဆိုလျှင် -

ဒီအလုပ်လုပ်ဘို့ရာ ဘယ်လောက်ကြာမလဲ။ ဒီအချိန်အတွင်း ပြီးပါ့မလား။
ဒီအလုပ်လုပ်ဘို့ ဘယ်လို စက်ကိရိယာ၊ နည်းပညာတွေ လိုမလဲ။
လူအင်အား။
အတတ်ပညာ . . . စတာတွေ ကို သေသေချာချာ တွက်ဆပြီးမှ ခိုင်းကြပါ။

ငါ့လက်အောက်ကကောင်တွေပဲ။ ငါခိုင်းသမျှ အကုန်လုပ်ရမယ်။ ဘာမှ အထွန့်တက်ခွင့်မရှိ ဆိုသော ဟောင်းနွမ်း ဆွေးမြေ့ ပုပ်သိုးနေပြီဖြစ်သည့် အယူအဆ၊ အတွေးအခေါ်များကို ယနေ့မှစ အပြီးတိုင် လွှင့်ပစ်လိုက်ပါ။

ဝန်ထမ်းများ အလုပ်၌ ပျော်ပျော်ရွှင်ရွှင်လုပ်ကြပါစေ။ မတန်မရာမခိုင်းကြပါနှင့်ဟု ဆရာကြီးများအား ကျွန်ုပ် ဆရာ့ဆရာကြီး ဦးအေးငြိမ်းက ဆုံးမသြ၀ါဒ ပေးလိုက်ရပါကြောင်း။

(သြ၀ါဒပေးတာမခံချင်ကြလျှင် နောင် ထိုကဲ့သို့သော သောက်တလွဲများမလုပ်ကြရုံ ရှိပါသည်။ လုပ်နေသမျှတော့ ကျွန်ုပ်က ရေးနေဦးမည်သာ ဖြစ်၏။)


ကျေးဇူးတင်ပါသည်။


အေးငြိမ်း

၂၉ ဇူလိုင်လ၊ ၂၀၁၇










No comments: