Tuesday, December 6, 2016

Incident Investigation Procedure ကို သက်ငယ်မုဒိမ်းမှု ဖြေရှင်းရာတွင် အသုံးချပုံ

(၁) ဒေါ်အောင်ဆန်းစုကြည် အသိဉာဏ်ပညာ ကြီးမားပုံ

စင်ကာပူရောက်မြန်မာများနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တွေ့ဆုံပွဲကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ကျင်းပခဲ့ရာ စင်ကာပူရောက် မြန်မာအတော်များများ တက်ရောက်ကြပါသည်။ အမေးအဖြေကဏ္ဍ၌ သက်ငယ်မုဒိမ်းမှုများ များပြားလာနေ ခြင်းအပေါ် မခံစားနိုင်သူတစ်ဦးက စင်ကာပူမှ ကြိမ်လုံးဝယ်သွားကာ နာနာနှက်ပေးပါရန် ဒေါ်အောင်ဆန်းစုကြည်ထံ မေတ္တာရပ်ခံ (အကြံပေး?) ၏။ (ကျွန်တော့်အလိုဖြင့် ကြိမ်လုံးဝယ်စရာမလိုပါ။ ဘလိတ်ဒါးတစ်ချောင်းရှိလျှင် ကိစ္စပြီးပါသည်။ ဤကား စကားချပ်)

ဒေါ်အောင်ဆန်းစုကြည်ဖြေသောအဖြေမှာ အလွန်ပညာရှိလှ၏။ ထို့ကြောင့်ပင် ကျွန်တော်က သူ့ကို ချစ်ခင် လေးစားနေရခြင်း ဖြစ်ပါသည်။ သူပြောတာကိုတော့ အတိအကျမမှတ်မိတော့ပါ။ အောက်ပါအချက်များပါပါသည်။

သူက ထိုမုဒိမ်းကောင်များကို ကြိမ်ဒဏ်၊ သေဒဏ်စသော ပြစ်ဒဏ်ကြီးကြီးများ ပေးလိုက်ရုံနှင့် သည်ကိစ္စများ ပ,ပျောက် သွားမည်မဟုတ်။ ဘာကြောင့်လဲဆိုသည့် အကြောင်းရင်းကိုရှာရမည်။ ယခု ကိစ္စတွင် အကြောင်းအချက်များစွာ ပါဝင်ပတ်သက်နေ၏။ ထိုအထဲတွင် လူနေမှုစနစ်လည်း ပါ၏။ မိဘများက စီးပွားရေးချို့တဲ့၍ သားသမီးများကို ပြန်မကြည့်နိုင် တာလည်းပါ၏။ အင်တာနက်ခေတ်စားလာတော့ ဟိုကား၊ သည်ကားတွေ ကြည့်လို့ရတာလည်းပါ၏ . . စသည်တို့ဖြစ်ပါသည်။

ကျွန်တော်ထပ်ဖြည့်ချင်သည်မှာ လူတို့၏ အသိဉာဏ်ပညာနိမ့်ကျလာခြင်းနှင့် ပတ်ဝန်းကျင်က ထိန်းကွပ်ကြပ်မ ပေးခြင်းလည်း ပါပါသည်။

ဤကိစ္စကို ဘယ်လိုဖြေရှင်းကြမည်နည်း။ အနာသိလျှင် ဆေးရှိပါသည်။

(၂) Incident Investigation Procedure

BCSS (Building Construction Supervisors Safety Course) သင်တန်းတွင် Incident Investigation အကြောင်းလည်း ထည့်သင်ရသည်။ ပြီးခဲ့သော တနင်္ဂနွေက ကျွန်တော် သင်တန်းသားများကို Incident Investigation အကြောင်း ရှင်းပြတော့ သည်နည်းကို သည် Incident Investigation တစ်နေရာတည်းတွင် မဟုတ်။ အခြားနေရာများတွင်ပါ သုံးလို့ရသေးကြောင်း၊ ယခု ပြဿနာတက်နေသည့် သက်ငယ်မုဒိမ်းမှုတွင်လည်း ဤနည်းကို အသုံးချ၍ရကြောင်း ရှင်းပြခဲ့ပါသည်။ ယခု ထိုအကြောင်း မိတ်ဆွေများကို ပြန်လည် ဖောက်သည်ချပါအံ့။

Incident Investigation (လုပ်ငန်းခွင်မတော်တဆမှုများကို စုံစမ်းစစ်ဆေးခြင်း) ကို ချုပ်လိုက်လျှင် အဆင့် လေးဆင့်ပါသည်။

၁။ အချက်အလက်များစုဆောင်းခြင်း (Data collection)
၂။ ရလာသော အချက်အလက်များပေါ်အခြေခံလျှက် စိစစ်လေ့လာပြီး အစီရင်ခံစာရေးခြင်း၊ ထိုအစီရင်ခံစာ၌ နောင်တွင် ထိုကဲ့သို့သော အလားတူ မတော်တဆမှုများမဖြစ်အောင် မည်ကဲ့သို့လုပ်ရမည်ဟူသည့် အကြံပြုချက် ပါသည်။ (Analysis, report writing and recommendation)
၃။ အကြံပြုချက်အတိုင်း လက်တွေ့ လိုက်နာလုပ်ဆောင်ခြင်း (Implementation)
၎။ ဤနည်းလမ်းသည် လုပ်ငန်းခွင်မတော်တဆမှုများကို တကယ် လျှော့ချပေးနိုင်၊ မပေးနိုင်။ တကယ် အလုပ်ဖြစ်၊ မဖြစ် ပြန်လည် ဆန်းစစ်လေ့လာခြင်း (Review the effectiveness)

ယခု ကျွန်တော်က Incident Investigation အကြောင်းပြောနေခြင်းမဟုတ်ဘဲ သက်ငယ်မုဒိန်းမှုအကြောင်း ပြောမှာဖြစ်၍ Incident Investigation အကြောင်းကို ချန်လှပ်ခဲ့ပါမည်။ ဒါမှ Incident Investigation အကြောင်း သိလိုပါသေးသည် ဆိုလျှင်တော့ ကျွန်တော်ပို့ချသည့် BCSS သင်တန်းကို လာတက်ပါဟုပဲ ဖိတ်ခေါ်ပါရစေ။
Incident Investigation တွင် သုံးသည့် အဆင့်လေးဆင့်ကို ဤတစ်နေရာတည်းတွင်မဟုတ်ဘဲ အခြားပြဿနာများ ဖြေရှင်းရာတွင်လည်း သုံးနိုင်ပါသည်။ ယခု သက်ငယ် မုဒိန်းမှုများအား Incident investigation procedure သုံး၍ ဖြေရှင်းနည်းအကြောင်း ကြည့်ကြပါစို့။

(၃) Incident Investigation Procedure ကို သက်ငယ်မုဒိန်းမှုများ မဖြစ်ပွားအောင် လုပ်ရမည့် လုပ်ငန်းစဉ်အဖြစ် ပြောင်းလဲ အသုံးချနိုင်ပုံ

၁။ အချက်အလက်များစုဆောင်းခြင်း (Data collection)

သက်ငယ်မုဒိန်းမှု ဖြစ်ပွားမှုနှုန်းကို စာရင်းကောက်ရပါမည်။ ၁၉၆၀ ခုနှစ်က ဘယ်လောက်၊ ၁၉၇၀ ခုနှစ်က ဘယ်လောက်၊ ၁၉၈၀၊ ၁၉၉၀၊ ၂၀၀၀၊ ၂၀၁၀၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆ စသည်။

ထို့နောက် မုဒိန်းကောင်များအကြောင်းကို စုံစမ်းစစ်ဆေးရပါမည်။ ၎င်းတို့၏ အသက်အရွယ်အပိုင်းအခြား၊ ပညာ အရည်အချင်း၊ မိသားစုအခြေအနေ၊ ထိုသူ၏နောက်ခံသမိုင်း၊ အကျင့်စာရိတ္တ၊ ယခင်က ပြစ်မှုကျူးလွန်ခဲ့ဖူးခြင်း ရှိမရှိ၊ ရှိခဲ့လျှင် မည်ကဲ့သို့သော ပြစ်မှုဖြစ်သည်၊ ထောင်ကျဖူး မကျဖူး။ နှစ်ရှည်လများ ထောင်ကျခံခဲ့ရဖူးသူဖြစ်လျှင် အဘယ်နည်းဖြင့် အပြင်ပြန်ရောက်လာသည်၊ ထိုသူ၏ စိတ်အခြေအနေ၊ အလုပ်အကိုင်၊ ၀င်ငွေ၊ နေထိုင်သွားလာပုံ စသည်။

ထို့နောက် မုဒိန်းကျင့်ခံရသော ကလေးငယ်များ၏ အခြေအနေကို စုံစမ်းစစ်ဆေးရပါမည်။ ထိုကလေးတို့၏ မိသားစု အခြေအနေ၊ မိဘများကို သူတို့ကို ကြည့်ရှုစောင့်ရှောက်နိုင်ခြင်း ရှိမရှိ၊ ၎င်းတို့ကျင်လည်ရသော ပတ်ဝန်းကျင်၊ ရပ်ကွက်အခြေအနေ၊ ကျောင်းနေရခြင်း ရှိမရှိ စသည်။

ထို့နောက် မုဒိန်းမှုဖြစ်ပွားရာနယ်မြေ အခြေအနေ။ ထိုနယ်မြေတွင် ဖြစ်ပွားခဲ့သော ရာဇ၀တ်မှုများ၊ ထိုနယ်မြေ၏ လုံခြုံရေး အခြေအနေ၊ ရဲစခန်းများအခြေအနေ၊ ရဲများ၏ ပြည်သူလူထုအပေါ် ကြည့်ရှုစောင့်ရှောက်နိုင်မှု အခြေအနေ စသည်။

အရေးကြီးဆုံးမှာ ထိုအမှုများကို မည်မျှ မြန်မြန်ဆန်ဆန် ကိုင်တွယ်နိုင်သည်။ တရားစီရင်ရေးစနစ် မည်မျှအားကောင်းသည်၊ ထိုသူများကို မည်ကဲ့သို့ စီရင်ချက်ချလိုက်သည်။ ထိုကဲ့သို့ စီရင်ချက်ချလိုက်သည့်အခါ တရားခံဖြစ်သူ မည်ကဲ့သို့ ခံစားရသည်၊ ထိုကဲ့သို့ အမှုကျူးလွန်သူကို စီရင်ချက်ချ အပြစ်ပေး၊ အရေးယူလိုက်ပြီးသည့်နောက်ပိုင်းတွင် သက်ငယ်မုဒိန်းမှုများ ဆက်ဖြစ်နေသေးသည်၊ မဖြစ်တော့သည် စသည်။

၂။ ရလာသော အချက်အလက်များပေါ်အခြေခံလျှက် စိစစ်လေ့လာပြီး အစီရင်ခံစာရေးခြင်း၊ ထိုအစီရင်ခံစာတွင် နောင်တွင် ထိုကဲ့သို့သော အလားတူ မတော်တဆမှုမဖြစ်အောင် မည်ကဲ့သို့လုပ်ရမည်ဟူသည့် အကြံပြုချက် ပါသည်။ (Analysis, report writing and recommendation)

ထိုစုဆောင်းရရှိလာသော အချက်အလက်များအပေါ် အခြေခံကာ မည်သည့်အတွက် ယခုကဲ့သို့ သက်ငယ် မုဒိန်းမှုများ ဖြစ်ပေါ်နေရသည်။ အဘယ်ကြောင့် ယခင်ကထက် ဖြစ်ပွားနှုန်း ပိုမိုများပြားလာရသည်။ မည်သည့်အချိန်မှ စတင်ကာ ဖြစ်ပွားနှုန်း ပိုမိုများပြားလာသည်။ အဘယ်ကြောင့်ဖြစ်သည်။ မုဒိန်းမှုကျူးလွန်သူများမှာ မည်သည့်အတွက် ကျူးလွန်သည်။ မည်ကဲ့သို့သော သူများဖြစ်သည် စသဖြင့် ပြည့်စုံလုံလောက်သော အစီရင်ခံစာ ရေးရပါမည်။ ထိုအစီရင်ခံစာ၏ အဓိက ရလဒ်မှာ ဖြစ်ပွားရသော အခြေခံအကြောင်းရင်း (Root cause) ကို ရအောင်ရှာယူခြင်း ဖြစ်၏။

အခြေခံအကြောင်းရင်းကို သိပြီဆိုလျှင် သက်ငယ်မုဒိန်းမှုများ နောက်ထပ်မဖြစ်ပွားအောင်၊ လျော့ကျအောင်၊ ထိုမှတဆင့် ပပျောက်သွားအောင် မည်ကဲ့သို့ လုပ်သင့်သည်/လုပ်ရမည်ကို အကြံပြုရပါမည်။ အကြံပြုချက်သည် လက်တွေ့ကျရမည်၊ ကျိုးကြောင်း ဆီလျော်ညီညွတ်ရမည် (Resonably practicable)။ တကယ်အလုပ်ဖြစ်သော နည်းလမ်းဖြစ်ရမည်။ လေထဲတိုက်အိမ်ဆောက်သည့် မဖြစ်နိုင်သည့်နည်းလမ်းများ မဖြစ်စေရ။ တင်ပြလိုက်သည့် နည်းလမ်းသည် အလွန် ကောင်းချင်ကောင်းနေပေလိမ့်မည်။ သို့သော် လက်တွေ့အသုံးချ၍ မရလျှင် အလကားသာဖြစ်သည် ဆိုသည်ကို မမေ့သင့်။

၃။ အကြံပြုချက်အတိုင်း လက်တွေ့ လိုက်နာလုပ်ဆောင်ခြင်း (Implementation of Recommendations)

အစီရင်ခံစာတွင် ဖော်ပြထားသည့် အကြံပြုချက်များကို လက်တွေ့ချမှတ် အကောင်အထည်ဖော်ကြည့်ရပါမည်။ အကောင် အထည်ဖော်ခြင်းဆိုသည်မှာ မလိုလားအပ်သော စာရင်းဇယားကြီးများနှင့် စာရွက်ပေါ်တွင် စီမံကိန်း အောင်မြင်နေခြင်းကို ဆိုလိုတာမဟုတ်။ တကယ်ကျွမ်းကျင်သော ၀န်ထမ်းများက တကယ် စေတနာပါပါနှင့် အားစိုက်ခွန်စိုက် လုပ်ဆောင်ကြခြင်း ကို ဆိုလိုပါသည်။ မိမိတို့လုပ်နေခြင်းသည် မိမိတို့ လခရရေးတစ်ခုတည်းအတွက်သာမဟုတ်။ တစ်မျိုးသားလုံးအတွက် အရေးကြီးသည်ဆိုသည်ကို ခေါင်းထဲတွင် သံမှိုနှက်သကဲ့သို့ စွဲနေရမည်။ စွဲနေအောင်လည်း အကြီးအကဲလုပ်သူများက ရိုက်သွင်းပေးထားရမည်။ အစိုးရကလည်း ၎င်းတို့လိုအပ်ချက်များကို ပံ့ပိုးပေးရမည်။

အရေးကြီးသည့်တစ်ချက်မှာ ထိုကိစ္စတွင် ဆိုးပေတေလိပ်နေသူများနှင့် ဆက်စပ်နေနိုင်သဖြင့် သက်ငယ်မုဒိန်းမှု လျော့ကျရေး အစီအမံ၌ ပါဝင်ဆောင်ရွက်နေသူများ (အထူးသဖြင့် အမျိုးသမီးဝန်ထမ်းများ) ၏ လုံခြုံရေးကို အာမခံပေးဘို့ ဖြစ်ပါသည်။ ဤသည်မှာ ရေရှည်စီမံကိန်းဖြစ်သလို နိုင်ငံနှင့်ချီ၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ရမည်ဖြစ်သောကြောင့် အချိန်ကုန်မည်၊ ငွေကုန်မည်။ သို့သော် ပြည်သူများ တထိတ်ထိတ် တလန့်လန့်နှင့် ကျီးလန့်စာစား ဖြစ်နေရသည့်ဘ၀မှ လွတ်ကင်းအောင် လုပ်ကိုလုပ်ရမည် ဖြစ်ပါသည်။ အပြစ်မဲ့ကလေးသူငယ်များ၏ အနာဂတ်အရေးဖြစ်သဖြင့် အထူးကြိုးစားအားထုတ် လုပ်ကိုင် ကြရန် လိုပေသည်။

ထိုကိစ္စသည် အလွန်ကျယ်ပြန့်၏။ ပြည်သူအများ၏ ပူးပေါင်းဆောင်ရွက်မှုလည်း အရေးကြီးသည်။ အများပြည်သူ ပညာပေး အစီအစဉ်များပါမည်။ တေပေလေလွင့်နေသူများကို လူ့အသိုင်းအ၀ိုင်းထဲ ၀င်ဆံ့လာအောင်၊ လူရာဝင်လာအောင်၊ ယဉ်ကျေး လာအောင်၊ တာဝန်ယူတတ်လာအောင်၊ လူပီသလာအောင်၊ လူကြီးလူကောင်းဆန်လာအောင် ၀ိုင်းဝန်းပြုပြင်ပေးဘို့ လိုသည်။ ထိုသူကို ၀ိုင်းဝန်း၍ ကဲ့ရဲ့သင်္ဂြိုဟ် အတင်းဆိုနေပါက၊ လူရာမသွင်းပဲထားပါက ပိုဆိုးလာစရာသာရှိပါသည်။ သူ့ကိုယ်သူတော့ ပြင်လာလိမ့်မည် မဟုတ်ပါ။ သူ့ကို ၀ိုင်းပယ်ထားခြင်းဖြင့် ထိုသူသည် ပိုဆိုးလာပါက မိမိတို့ပင် စိတ်ဆင်းရဲရမည် မဟုတ်ပါလား။

ရပ်ကွက်အတွင်း ရှိနေသူများအချင်းချင်း ချစ်ခင်ရင်းနှီးနေအောင် တွေ့ဆုံပွဲများ၊ အားကစားပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲ စသည်တို့ လုပ်ပေးရမည်။ တစ်ရပ်ကွက်လုံးကို တစ်မိသားစုပုံစံ ရှိနေအောင် လုပ်ပေးဘို့လိုသည်။ ဘေးအိမ်က ကလေးသူငယ်များ ကိုလည်း မိမိ၏ သားသမီးများကဲ့သို့ သဘောထား၊ စောင့်ရှောက်တတ်သည့် အလေ့အကျင့်များ မွေးမြူယူရမည်။ မိမိ၏ သားသမီးများကို ကြည့်ရှုစောင့်ရှောက်ခြင်း မပြုနိုင်သည့် မိသားစုများအတွက် ကလေးသူငယ် ပြုစု ပျိုးထောင်ရေးစခန်းများ ဖွင့်ဘို့ လိုချင်လိုပါလိမ့်မည်။

လက်တွေ့တွင် လုပ်စရာတွေ သည့်ထက်ပိုကျယ်ပြန့်ပါသည်။ ပညာရှင်များ ဆက်လက် ကြံဆတော်မူကြပါ။

မုဒိန်းကောင်များကို မည်ကဲ့သို့စီရင်မည်နည်းဆိုသည်ကိုတော့ ဥပဒေဘက်တော်သားများ၏ တာဝန်အဖြစ်ထားလိုက်ပါ။

၎။ ဤနည်းလမ်းသည် ကလေးသူငယ် မုဒိန်းမှုများကို တကယ် လျှော့ချပေးနိုင်၊ မပေးနိုင်။ တကယ် အလုပ်ဖြစ်၊ မဖြစ် ပြန်လည် ဆန်းစစ်လေ့လာခြင်း (Review the effectiveness)

သက်ငယ်မုဒိန်းမှုလျော့ကျရေး အစီအမံဆောင်ရွက်မှုများကို အမြဲလေ့လာ စောင့်ကြည့်နေရန် လိုပါသည်။ ထိုကဲ့သို့ လေ့လာ စောင့်ကြည့်နေပါမှ အားနည်းချက်များ၊ မှားယွင်းမှုများကို သိနိုင်မည်။ အကယ်၍ မှားယွင်းနေသည်ဆိုပါက မည်သည့်အချက် မှားယွင်းသည်၊ အဘယ်ကြောင့် မှားယွင်းသည်၊ သို့ဆိုလျှင် အမှန်က မည်သည်ဖြစ်မည် စသဖြင့် သိနိုင်မည်။

အရေးကြီးသည်မှာ ရိုးသားမှုဖြစ်၏။ မိမိတို့၏ evaluation ရလဒ်များကို ဖော်ပြသည့်အခါ ညာတာပါတေးရလဒ်များ မဖြစ်ဘို့ လိုသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က ၄ နှစ်စီမံကိန်းများ ချမှတ်ရေးဆွဲ၊ အကောင်အထည်ဖော်သည့်အခါ စီမံကိန်းအားလုံးမှာ တစ်ရာရာခိုင်နှုန်းသာမက ရာနှုန်းပြည့်ကိုပင်ကျော်လွန်ကာ (၁၂၀) ရာခိုင်နှုန်းလောက် အောင်မြင်ခဲ့လေ သည်။ သို့သော် သိတော်မူကြသည့်အတိုင်း ၄ နှစ်စီမံကိန်း ၅ ခုလောက်အပြီးတွင် မြန်မာနိုင်ငံမှာ ပထမနေရာကနေ ဟို့၊ ဘိတ်ဆုံးအထိ ထိုးဆင်းသွားကာ LDC (Least Developed Country) အဖြစ် ကျရောက်ခဲ့ရသည်။

သို့အတွက် အမှန်ကို အမှန်အတိုင်း၊ အရှိကို အရှိအတိုင်း လက်ခံနိုင်ဘို့ အရေးကြီးလေသည်။ မှားနေလျှင် မှားကြောင်း ၀န်ခံရမည်။ မှားတာကို မှားကြောင်းဝန်မခံသူသည် အမှားသံသရာတွင် ကျင်လည်နေခြင်းဖြင့် မည်သည့်အခါမှ မတိုးတက်နိုင်။  
ထို့ကြောင့် အကောင်အထည်ဖော်နေသည့် လုပ်ငန်းစဉ်ကို ဆန်းစစ်နေသူများသည် ရိုးသားရမည်၊ ဖြောင့်မတ်ရမည်၊ မှားနေတာကို မှားသည့်အတိုင်း ပြောရမည်၊ ဦးဆောင်ခေါင်းရွက် ပြုနေသူများကလည်း အောက်ကတင်ပြလာလျှင် ဘာကြောင့် မှားနေသလဲ ပြန်လည်ဆန်းစစ်ရမည်။

ဤကဲ့သို့ တကယ်လက်တွေ့ အားသွန်ခွန်စိုက် လုပ်နေပါလျက်ကနဲ့မှ သက်ငယ်မုဒိမ်းမှုတွေ ဆက်ဖြစ်နေသေးသည်ဆိုလျှင် မိမိတို့လုပ်နေသော လမ်းစဉ် လွဲနေပြီဖြစ်ကြောင်း သဘောပေါက်ရပါမည်။ သို့ဆိုလျှင် ဘယ်နေရာလွဲနေသလဲ အလျင်အမြန် ရှာဖွေဖော်ထုတ်ကာ ပြင်ဆင် အရေးယူရပါမည်။

ဤသို့ဖြင့် သက်ငယ်မုဒိန်းမှုများ နှစ်စဉ် လျော့နည်းကျဆင်းလာကာ နောက်ဆုံး လုံးဝနီးပါး ပ,ပျောက်သွားသည်အထိ ဆောင်ရွက်ရပါလိမ့်မည်။

(၄) နိဂုံး

ပြဿနာတိုင်းတွင် ဤ Incident investigation procedure ကို မိမိဉာဏ်ရှိလျှင်ရှိသလို သုံး၍ရပါသည်။ သားသမီးအရေး ကိစ္စ၊ အိမ်ထောင်ရေးပြဿနာ၊ လူမှုရေးပြဿနာ စသည်။ အရေးကြီးသည်မှာ ဖြတ်လမ်းမသုံးဘဲ ပြဿနာဖြစ်ရသည့် အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရေး ဖြစ်၏။ ဤကိစ္စမှာ လွယ်လည်းမလွယ်သလို၊ နက်လည်း နက်နဲပါသည်။ သို့သော် ကြွက်နို့သတ်သလို ကြွက်နို့ပေါက်စနကလေးများကို လိုက်သတ်နေလျှင် ကိစ္စပြီးမှာ မဟုတ်။ ကြွက်နို့အမကြီးကို ရှာကာ သတ်လိုက်မှ ကြွက်နို့ဘုစုခရုအားလုံး မာလက ဈာန်ကြွကုန်မည် ဖြစ်လေသည်။ ထို့ကြောင့် ခက်သည်ပင်ဆိုစေ၊ ပြဿနာ အရင်းအမြစ်ကို မရမကလိုက်ရှာဘို့ လိုလေသည်။ သို့မှလည်း ဖြေရှင်းရမည့် အဖြေမှန်ကို ရနိုင်ပေလိမ့်မည်။

ကျွန်ုပ်က လမ်းစပေးလိုက်ပါသည်။ မိမိဉာဏ်နှင့် ချင့်ချိန်သုံးစွဲနိုင်ကြပါစေကုန်သတည်း။

ဖတ်ရှုအားပေးသူ အားလုံးကို ကျေးဇူးအထူးတင်ပါကြောင်း

အေးငြိမ်း

၅ ဒီဇင်ဘာ၊ ၂၀၁၆။ ည ၁၁း၁၇ နာရီ

No comments: