Sunday, December 25, 2016

အဝေးသင်တက္ကသိုလ် ပထမနှစ်မြန်မာစာ၊ ပြဌာန်းစာအုပ် မှ အမှားများ_3

(၅)

နောက်တစ်ခုပြောလိုသည်မှာ ပို့ချချက်စာများအကြောင်း ဖြစ်ပါသည်။

ဤစာအုပ်သည် မြန်မာစာကို စာသင်သားများအား ပို့ချနေသည့် စာအုပ်ဖြစ်သည့်အတွက် စာအရေးအသားမှာ စံပြဖြစ်နေရန် လိုပါသည်။ မိမိတို့ရေးသားထားသည်များကို စာသင်သားများအနေနှင့် အတုယူနိုင်စေရန် ဂရုစိုက်ကာ ရေးသားသင့်၏။

ပို့ချချက်စာသားများ အရေးအသားညံ့ဖျင်းပုံအကြောင်းကိုလည်း အားလုံးကို မဖော်ပြတော့ဘဲ အချို့ကိုသာ နမူနာအဖြစ် တင်ပြ လိုက်ပါသည်။ ရည်ရွယ်ချက်မှာ ဤပြဌာန်းစာအုပ်ကို ဦးဆောင်စီစဉ်သူ ဆရာကြီး၊ ဆရာမကြီးများ သတိမူမိစေရန် ဖြစ်၏။

မ ၁၀၀၂ ရွေးချယ်ချက်နှင့် ပို့ချချက် စာအုပ်မှ

စာမျက်နှာ
ပြဌာန်းစာအုပ်၌ ရေးသားထားချက်
မှတ်ချက်
၅၀
ဤဆောင်းပါးတွင် ရသ၏ အာနိသင်ကို ဖော်ပြရာတွင်
(တွင်) ကို နှစ်ခါထပ် သုံးထားသည်။
၅၁
၎င်းကိုသာဓကပြရာတွင် အိန္ဒိယပြည် မဇ္စျိမဒေသတွင် ရှေးက သိပ္ပသျှတ္တရကျမ်းတွင် ပန်းချီပန်းပု၊ ပန်းပု၊ ဗိသုကာ အဆောက်အဦးတွင် ရသပုံ သွင်းပြထားကြောင်း၊
စာတစ်ကြောင်းထဲ၌ (တွင်) ကို လေးခါထပ် သုံးထားသည်။
၅၁၊ ၅၂
စာပေတွင် ပါသော ရသနှင့် ပန်းချီ၊ ပန်းပုတွင် ပါသော ရသသည် အတူတူဖြစ်ကြောင်းကို အိန္ဒိယပြည်တွင် ကာလီ ဒါသရေးသော . . . . သံဟိတကဗျာတို့တွင် ပါဝင်သော . . . နံရံဆေးရေးပန်းချီတွင် ပါဝင်သော . . . . နိပါတ်တော်ပုံတွင် ပါသောရသတို့သည် အတူတူပင်ဖြစ်ကြောင်း
စာတစ်ကြောင်းထဲ၌ (တွင်) ကို ခြောက်ခါထပ် သုံးထားသည်။
စာတစ်ကြောင်းထဲ၌ (အတူတူပင်ဖြစ်ကြောင်း) ကို နှစ်ခါထပ် သုံးထားသည်။
၆၄
. . . ပုဂံမြို့ဟောင်းနှင့်ကျွန်တော် ၌ ဆရာဇော်ဂျကို မိမိနိုင်ငံနှင့် လူမျိုးတို့ကို တန်ဖိုးထား မြတ်နိုးသူ ဖြစ်သကဲ့သို့ စာဖတ်သူတို့ကိုလည်း မိမိနည်းတူ ဖြစ်စေချင်သည်။ စေတနာစိတ်ထားနှင့် ရေးဖွဲ့ထားသည်။ . . . .
(ကို) သုံးခါထပ် သုံးထားသည်။

၆၅
စာရေးသူသည် ရွှေစည်းခုံနှင့် ရွှေတိဂုံစေတီတို့ကို ဖူးမြော်မိရာမှ . . .
ဤစာကြောင်းအရ စာရေးသူဆရာဇော်ဂျီသည် ပုဂံတွင် ရွှေစည်းခုံကိုရော ရွှေတိဂုံစေတီတော်တို့ကိုပါ တပြိုင်နက်လိုလို ဖူးမြော်ခဲ့သည်ဟု အဓိပ္ပာယ်ရသည့် အတွက် မမှန်ပါ။ ရွှေစည်းခုံစေတီတော်ကို ဖူးမြော်မိ ရာမှ ယခင်ဖူးခဲ့ဖူးသော ရွှေတိဂုံစေတီတော်နှင့် နှိုင်းယှဉ် စဉ်းစားခြင်းသာ ဖြစ်ပါသည်။
၆၅
ပုဂံမြို့ဟောင်းကို မမြင်ရခင် ညောင်ဦးနတ်သမီးကမ်းပါး ဖွေးဖွေးကို မြင်ရသည်ကို
(ကို) သုံးခါ ထပ်နေ၏။
၇၄
. . . ပင်ပင်ပန်းပန်းနှင့် စီးပွားရှာကျွေးနေသော ဇနီးသည် အား အပြစ်ဖွဲ့ကာ ရိုက်နှက်နေသော မြင်းပန်းထိမ် ယောက်ျား၏ . . .
(သော) နှစ်ခါ ထပ်နေ၏။




မ၁၀၀၁ မြန်မာစာ လေ့လာမှုလမ်းညွှန်စာအုပ် မှ

စာမျက်နှာ
ပြဌာန်းစာအုပ်၌ ရေးသားထားချက်
မှတ်ချက်
ဂူဘုရားဆောက်လုပ်ကာ ပြီးလျှင် ဘုရားလောင်း ဥစ္စနာ မင်းကြီးကို အကြောင်းကြား၏။ မိထွေးတော်က ဥစ္စနာမင်း အား မိမိအကြံအတိုင်း . . . .
ကျစွာမင်းအကြောင်း ပြောနေရာမှ အဘယ်ကြောင့် ဥစ္စနာမင်း ဖြစ်သွားရသည်မသိပါ။ အကယ်၍ ကျစွာမင်းသည် ဥစ္စနာမင်းနှင့် အတူတူပင်ဖြစ်သည် ဆိုလျှင် ပြန်ရှင်းသင့်ပါသည်။
အလှူကို အရှည်တည်တံ့စေလိုသဖြင့် ဖျက်စီးလုယက် ယူငင်ကြသောသူများသည် မြေကြီးအောက်ရောက်၍ အ၀ီစိကပင်အထက်ရောက်ပြီး အ၀ီစိငရဲထက်အောက် ရောက်ကာ ငရဲကျစေသောဆန္ဒဖြင့် ကျိန်စာဆိုခဲ့ခြင်း ဖြစ်သည်။
စာပိုဒ်ကိုဖတ်၍ အဓိပ္ပာယ်ကို အလွယ်တကူ နားမလည်နိုင်။ အလွန်ရှုပ်ထွေးလှသော အရေး အသားဖြစ်သည်။


မ၁၁၀၂ အချင်းကဗျာစု လေ့လာမှုလမ်းညွှန်စာအုပ် မှ

စာမျက်နှာ
ပြဌာန်းစာအုပ်၌ ရေးသားထားချက်
မှတ်ချက်
၃၁
ဟေမန္တဆောင်းကာလကြားတွင် ယခုကြုံတွေ့မည့် အခါမှာမှ မောင်ရောက်မလာသောကြောင့် တွေ့မည်သည့် အချိန်ကိုပင် လွဲထွေအောင် ပြုရက်နေရက်ပေသည်။
ချာတူးလန်အရေးအသား ဖြစ်၏။
၃၁
ထိုအဖြစ်ကို တွေးမိလေသောကြောင့် ဖြီးလိမ်းနေကျ မဖြီးနိုင်ဘဲ ဆံခွေကိုမသိမ်းမဖြီးဘဲ ရတနာမျက်ရှင်ကိုင်း နှင့် တပ်ဆင်ကာ သည်အတိုင်းပင်ထားရှိနေမည်ဟု
အတော့်ကို ချာတူးလန်လှသော အရေးအသား ဖြစ်ပေသည်။
၅၆
ပထမပိုဒ်တွင် ရွှေဖီငုံ ညှာတံကြွေခြင်းသည် အကြောင်း၊ တောင်လေသွင်းခြင်းသည် အကျိုးဖြစ်သည်။ ရွှေဖီငုံ ညှာတံကြွေသောအခြေအနေကြောင့် တောင်လေ သွင်းလာခြင်းဖြစ်သည်။

အလွန်လွဲလှသော ကြောင်းကျိုးဆက်စပ်ပြမှု ဖြစ်ပေသည်။ ပန်းကြွေခြင်းနှင့် လေတိုက်ခြင်း မှာ မည်ကဲ့သို့မှ မပတ်သက်ပါ။ သရဖီပန်းများကြွေသည့် အချိန်တွင် တောင်လေတိုက်သည်ဆိုက သင့်မြတ် သေး၏။
၅၆
ဒုတိယပိုဒ်တွင် တောတောင်လေသွင်းခြင်းသည် အကြောင်း
တောတောင်လေမဟုတ်ပါ။ တောင်လေသာ ဖြစ်ရပါမည်။ တောင်လေဟူသည် တောင်ဘက်မှ တိုက်ခတ်လာသည့်လေဖြစ်၏။

မ၁၁၀၃ ဘာသာဆောင်းပါးများ လေ့လာမှုလမ်းညွှန်စာအုပ် မှ

စာမျက်နှာ
ပြဌာန်းစာအုပ်၌ ရေးသားထားချက်
မှတ်ချက်
ထိုဌာနတွင် လှေအမှုထမ်းများ ခန့်ထားရာ ထိုအမှုထမ်းများ ၏ အကြီးအမှုးကို “ဓာတ်လှေစီး”ဟု ခေါ်သည်။ ထိုသူများ သည် အထောက်တော်များလည်း ဖြစ်သောကြောင့် သက်ဆိုင်ရာ ဒေသများမှ အကြီးအကဲတို့၏ စစ်ဆေးမှုကို ခံကြရကြောင်း သိရှိရပါသည်။
မှားပါသည်။ အထောက်တော်များသည် မိမိတို့ ရောက်ရှိရာဒေသအခြေအနေကို စုံစမ်းထောက်လှမ်း ပြီး ရာဇဌာနီ မင်းနေပြည်တော်သို့ ပြန်ရောက်သည့် အခါမှ စစ်ဆေးမှုခံရန်ဖြစ်၏။ အစစ်ခံယူသူမှာ အဝေးရောက်မင်း ဖြစ်၏။ သက်ဆိုင်ရာ ဒေသအကြီး အကဲတို့၏ စစ်ဆေးမှုကိုခံရန်မလိုပါ။
ရည်ညွှန်း။   ။ မ၁၁၀၃ ရွေးချယ်ချက်။ စာမျက်နှာ (၇)




မ၁၁၀၂ အချင်းကဗျာစု ပို့ချချက်စာအုပ် မှ

စာမျက်နှာ
ပြဌာန်းစာအုပ်၌ ရေးသားထားချက်
မှတ်ချက်
၆၀
မောင်၏ဆံပင်လေးများသည် ခေါင်းပေါင်းကိုလည်း ကြော့ကြော့မော့မော့ လှပတင့်တယ်အောင် ပေါင်းတတ်သူ ဖြစ်သည်။
စာကြောင်းကျန်ခဲ့ခြင်း ဖြစ်ပါလိမ့်မည်။ ဖတ်ရတာ အဆင်မပြေပါ။
၉၄
သစ်ခေါက်ဆိုးထားသည့်အရောင်ဖြစ်နေသော နီကျင်ကျင် မဲတဲတဲ မုတ်ဆိတ်ကြီးလည်းရှိ၏။ ခါးတောင်းကိုလည်း တင်လံ ရင်လံဖြစ်အောင် ကျိုက်လျှက်ရှိ၏။  . . . . သွေးလက်စ မသိမ်းသော ဓာမကြီးကို အမြဲပဲ ကိုင်ထားသည်။

ဤသည်မှာ ကဗျာကို စကားပြေရေးခြင်းမဟုတ်မူ၍ ကဗျာစကားလုံးများယူကာ ၀ါကျပြန်ဖွဲ့ထားခြင်းမျှသာ ဖြစ်၏။ အတော်ဆိုးပါသည်။
၉၄
သစ်ခုတ်သမား၏သဘာဝနှင့် အကြောင်းရှိလျှင် အသင့်ထား ရှိသော ခက်ရင်းခွကို ကိုင်ထား၏။
ညံ့ဖျင်းလှသည့် မြန်မာစာ အရေးအသားဖြစ်သည်။
၁၀၄
အပူကိုထပ်ကူ၍ ပေးလိုက်သည့်နှယ်ဖြစ်တော့သည့် လရာသီ ဖြစ်ပေသည်။ ထိုလရာသီမှာ ဆန်းသစ်တော့မည် ဖြစ်ကာ နွေဥတုဘက်သို့ ကူးပြောင်းလုဆဲဆဲဖြစ်သည့် “ယွန်းလုနွေဆန်း”ဟု အမည်တပ်လောက်သော လပင် ဖြစ်ပေသည်။
အလွန် ညံ့ဖျင်းလှသည့် မြန်မာစာ အရေးအသား ဖြစ်သည်။

ထို့ပြင် မ၁၁၀၄၊ ပို့ချချက်၊ ရွေးချယ်ချက်၊ လေ့လာမှုလမ်းညွှန် စာအုပ်အားလုံး၏ အဖုံးတွင် မ ၁၁၀၄ - ရကန် (မွေ့နွန်းရကန်) ဟု ရေးထားသည်။ အထဲမှ စာများမှာ သံဝရပျို့မှ စာများဖြစ်သည်။ ခေါင်းတခြား၊ ကိုယ်တခြားဖြစ်၏။ အဘယ်ကြောင့်နည်း။

(၆)

ယခုဆက်လက်ဖော်ပြမည်မှာ ရွေးချယ်ချက်နှင့် ပို့ချချက်စာများ မကိုက်ညီခြင်း ဖြစ်၏။ ရွေးချယ်ချက်၌ ဖော်ပြထားသော စာအားလုံးကိုလည်း မှန်သည်ဟု ယူဆ၍ မရပါ။ အထက်တွင်ဖော်ပြခဲ့သလို ကျွန်တော့်၌ မူရင်းစာများ အပြည့်အစုံမရှိ၍ ပြဌာန်းစာအုပ်မှ ရွေးချယ်ချက်များကို ရည်ညွှန်းရခြင်း ဖြစ်ပါသည်။

ယခု ပြဌာန်းစာအုပ်ပါ ရွေးချယ်ချက်ကဏ္ဍမှ စာများနှင့် ပို့ချချက်ကဏ္ဍပါ စာများကို နှိုင်းယှဉ်ဖော်ပြပါမည်။ သို့တိုင် နမူနာအဖြစ် တစ်ပုဒ်၊ နှစ်ပုဒ်မျှကိုသာ ဖော်ပြပါမည်။ အမှားများမှာမူ စာမျက်နှာတိုင်း၊ အပုဒ်တိုင်း ဖြစ်ပါသည်။

အောက်ဖော်ပြပါ နှိုင်းယှဉ်ချက်မှာ မ ၁၀၀၂၊ မြန်မာစာ၊ ရွေးချယ်ချက်နှင့် ပို့ချချက် စာအုပ်၊ ပုဂံမြို့ဟောင်းနှင့် ကျွန်တော် ဆောင်းပါးမှ ဖြစ်၏။
ရွေးချယ်ချက်
ပို့ချချက်
စာမျက်နှာ - ၉၊ စာကြောင်းရေ - ၂၅

ပုဂံမြို့ဟောင်း၏ စိန်တောင် ဖြစ်နိုင်သည်။
စာမျက်နှာ - ၆၅၊ စာကြောင်းရေ - ၁၇

ပုဂံမြို့ဟောင်း၏ စိန်တောင်ပင် ဖြစ်လေစွ။

စာမျက်နှာ - ၁၀၊ စာကြောင်းရေ - ၁

တောင်ဘက်မုခ်မှဝင်လျှင် မုခ်ဦးခြင်္သေ့ရုပ်နှစ်ခုကို ရှင်းရှင်းမြင်ရမည်။ . . . . မုခ်ဦးခြင်္သေ့ရုပ် နှစ်ခုသည် ပြည့်ဖြိုးသည်ဟု ထင်ရသည်။ ခွန်အားကြီးသည်ဟု ထင်ရသည်။ စေတီ၏ပုံတော်သည် ကြံ့ခိုင်သည်ဟု ထင်ရသည်။ ထက်မြက်သည်ဟု ထင်ရသည်။ ကျွန်တော့်မှာ တက်ကြွအားရခြင်း ဖြစ်မိသည်။

စာမျက်နှာ - ၆၅၊ စာကြောင်းရေ - ၂၀

တောင်မုခ်ဘက်မှဝင်လျှင် မုခ်ဦးခြင်္သေ့ရုပ် နှစ်ခုကို ရှင်းရှင်းမြင်ရမည်။ . . . . . . မုခ်ဦး ခြင်္သေ့ရုပ်နှစ်ခုသည် ပြည်*ဖြိုးသည်ဟု ထင်ရသည်။ ခွန်အားကြီးဟု ထင်ရသည်။* ကျွန်တော့်မှာ တက်ကြွ အားရခြင်း ဖြစ်မိလေသည်။

* ပြည် - စာလုံးပေါင်းမှား
* စေတီ၏ပုံတော်သည် ကြံ့ခိုင်သည်ဟု ထင်ရသည်။ ထက်မြက်သည်ဟု ထင်ရသည်။ - စသော စာကြောင်းများ ကျန်ခဲ့သည်။

စာမျက်နှာ - ၁၁၊ စာကြောင်းရေ - ၃

နိုင်ငံရေး၌လည်း ရန်ပြေကုန်ကြပြီ။ တိုင်းပြည်သည် ငြိမ်းချမ်းရေးမှ တည်တံ့ခိုင်မြဲရေးသို့ ချီတက်နေပြီ။ ကျန်စစ်သားမင်းကြီး ဆိုသည်မှာ လည်း သတ္တိဗျတ္တိ ရှိသူဖြစ်သော်လည်း နိုင်ငံ ငြိမ်းချမ်းမှုကို လိုအား*သူ ဖြစ်သည်။ နိုင်ငံကို မျှတစွာ အုပ်ချုပ်လိုသ ဖြစ်သည်။ 

* စာလုံးပေါင်းမှား
စာမျက်နှာ - ၆၆၊ စာကြောင်းရေ - ၆

နိုင်ငံရေး၌လည်း ရန်ပြေကုန်ကြပြီ။ သာသနာရေး၌လည်း မာန်ပြေကုန်ကြပြီ။* တိုင်းပြည်သည် ငြိမ်းချမ်းရေးမှ တည်တံ့ခိုင်မြဲရေးသို့ ချီတက်နေပြီ။ ကျန်စစ်သားမင်းကြီး ဆိုသည်မှာလည်း သတ္တိဗျတ္တိ ရှိသူဖြစ်ရကား နိုင်ငံငြိမ်းချမ်းမှုကို ပို၍ လိုလားသူ ဖြစ်သည်။ နိုင်ငံကို မျှတစွာ အုပ်ချုပ်သ ဖြစ်သည်။ 

* မူရင်းတွင် (သာသနာရေး၌လည်း မာန်ပြေကုန်ကြပြီ။) ဆိုတာ မပါပါ။


အပိုင်း (၄) သို့ ဆက်ဖတ်ပါ။

No comments: