Tuesday, July 12, 2016

ရန်ကုန်တိုင်း ၀န်ကြီးချုပ်၊ ၀န်ကြီးများအဖွဲ့ နှင့် တွေ့ဆုံခြင်း

(၁)

ကျမကို ၀န်ကြီးဆိုပြီး အရမ်းအထင်ကြီးအားကျတာ၊ မြှောက်ပင့်နေတာတွေ လုပ်မနေပါနဲ့။ ကျမဟာလည်း ပြည်သူ တစ်ယောက်ပါပဲ။ ၀န်ကြီးဆိုတာက ပီဘိ ၅ နှစ်ကလေးလောက်ကြာတာပါ။ ၅ နှစ်ကုန်တာနဲ့ သာမန်ပြည်သူ ပြန်ဖြစ်သွားမှာပါဘဲ။ အဲဒီလို သာမန်ပြည်သူ ပြန်ဖြစ်သွားတဲ့အချိန်မှာ ပြည်သူတွေက ကျမကို ဆက်ချစ်နေတာကိုပဲ ကျမလိုချင်ပါတယ် . . . . တဲ့။

ကျွန်တော်တို့က သူ့ကိုတွေ့လိုက်တော့ ၀မ်းသာအားရ ၀ိုင်းနှုတ်ဆက်ကြတဲ့အချိန် သူပြောလိုက်တာ။
ကြည့်စမ်းပါ့ခင်ဗျာ။ ချစ်စရာကောင်းလိုက်ပါတဲ့ ကရင်တိုင်းရင်းသူကြီး။ အဲသဟာတွေကြောင့်ပဲ ကျွန်တော်တို့က သူတို့ကို ချစ်ကြတာ မဟုတ်ပါလား။

(၂)

ကျွန်တော်တို့ မဲပေးရကျိုးနပ်ပါသည်။ ၀န်ကြီးချုပ်ပြောသွားတာနဲ့တင် ကျွန်တော်ကျေနပ်လှပြီဖြစ်၏။ သူ့ပြောစကားကို နားထောင်ကြည့်ခြင်းအားဖြင့် သူတို့ဘာတွေလုပ်နေသည်ကို သိနိုင်ပါသည်။ သူတို့ရိုးသားစွာ ကြိုးစားနေကြကြောင်း သိနိုင်သည်။ သူတို့ အားကြိုးမာန်တက်နှင့် လုပ်နေကြကြောင်း ထင်ရှားသည်။

သူက ယခုဖြစ်နေသည့် ပြဿနာများမှာ စနစ်မှားယွင်းခြင်းကြောင့်ဖြစ်ကြောင်း ကောင်းကောင်း နားလည်သည်။ သည်တစ်ခု နှင့်ပင် ကိစ္စအတော်များများ ပြီးသွားပြီဖြစ်၏။ ဤသည်မှာ Root cause ကို သိမြင်ခြင်းဖြစ်သည်။ ပြဿနာ၏ အရင်းအမြစ်ကို သိမှ ဖြေရှင်းနည်း မှန်နိုင်မည်။

သူတို့အစီအမံများကို ကြားရသည်မှာ အားရစရာကြီးဖြစ်၏။ ကျွန်တော်ထင်ထားတာထက်တောင် သူတို့က ပိုလုပ်နိုင်နေ သေးသည်။ တိုင်းရင်းသားရေးရာဝန်ကြီးက ဒီလိုဖြေနိုင်ဘို့အတွက် ကျွန်မတို့အစိုးရက မနက် ၇ နာရီ ကနေ ည ၁၀ နာရီထိ နေ့တိုင်း မနေမနား လုပ်နေကြတာဖြစ်ပါတယ်ဟု ပြောလေရာ တိုင်းပြည်နှင့် လူထုအပေါ်ထားသော ၎င်းတို့၏ စေတနာနှင့် အနစ်နာအတွက် အလွန်ကျေးဇူးတင်ရပါသည်။

အကယ်တန္တု၊ သူတို့မှာ ကောင်းမွန်ပြီး အလုပ်ဖြစ်မည့်အစီအစဉ် များစွာရှိသည်။ သူတို့ဘာတွေလုပ်နေသည်ကို ကျွန်တော်တို့ ခရေစေ့တွင်းကျ မသိနိုင်။ မပြီးခင်ဗမာမမြင်စေနဲ့ဆိုသော စကားအရ ထုတ်ပြောလို့ မဖြစ်သေးတာတွေ ရှိသည်။ ကျွန်တော့်မှာ သူပြောတာတွေနားထောင်ရင်း ပါးစပ်အဟောင်းသား ဖြစ်ရ၏။ မြန်မာပြည်သူတို့အပေါ်ထားသော စေတနာများအတွက်လည်း ကျေးဇူးတင်ရသည်။ ချစ်သောဖွားဖွားကိုလည်း အလွန်အထူး ကျေးဇူးတင်မိပါ၏။

ဖွားလေး၏ သြဇာကား အလွန်ကြီးမားလှပါဘိသည်။ သူ့အရှိန်အ၀ါနှင့် ဟိုနိုင်ငံသည်နိုင်ငံတွေက ကူညီချင်သူတွေ ၀ိုင်းနေကြတာသိရတော့ “ချစ်သူတွေ ၀ိုင်းကာပတ်လည်၊ မောင့်ရဲ့မှုန်ရွှေရည်” ဟူသော သီချင်းကိုပင် မဆီမဆိုင် သွားသတိရမိသေးတော့။

ထို့ပြင် ဟိုလူတွေ လုပ်ကိုင်သွားတာတွေ တစွန်းတစကြားသိရပြန်တော့ သြော်၊ လောကမှာ ဒီလိုလူမျိုးများလည်း ရှိပါသေး လား ဟု အံ့သြချင်းကြီးမက အံ့သြရမိသည်။ တစ်နိုင်ငံလုံးက သစ်တောတွေကို ပြောင်သလင်းခါသည်ထိ ရောင်းစားတာ၊ ဓာတ်ငွေ့တွေ၊ ရေနံတွေ၊ လက်ပံတောင်း၊ မြစ်ဆုံ စသည့် လူမြင်သူမြင်၊ တရားလွန် သူတို့လုပ်သွားတာတွေကို မိတ်ဆွေတို့၊ ကျွန်တော်တို့ သိပါသည်။ သို့သော် လူသာမန်တို့ မသိနိုင်သည့် သူတို့လုပ်သွားတာတွေ များစွာရှိသေးသည်။ ကမ်းကုန်အောင် ယုတ်မာရက်ကြသည်။ ဘယ်ဘုံဘ၀ကများလာကြလို့ သည်မျှထိ ရက်စက် ယုတ်မာရပါဘိသနည်း။


(၃)

အစိုးရသစ်မှာ လုပ်စရာတွေ များစွာရှိသည်။ စိန်ခေါ်မှုတွေနှင့် ပြည့်နှက်နေသည်။ ယခင်လူများ ချန်ထားခဲ့သည့် အရှုပ်ထုပ် ကြီးကို ဘယ်ကစရှင်းမည်နည်းဟု မနည်းအစရှာနေရသည်။ သည်ပြဿနာများကို ရှင်းဘို့ရာ ပြဿနာ၏ အရင်းအမြစ်ကို သိဘို့လိုသည်။ သည့်အတွက် သည်ဇစ်မြစ်ကို လိုက်ရှာရမည်။ သည့်အတွက် ခိုင်လုံသော သတင်း အချက်အလက်၊ အထောက်အထား၊ စာရင်းဇယား၊ မှတ်စုမှတ်ရာ၊ မှတ်တမ်းများ လိုသည်။

သိတော်မူကြသည့်အတိုင်း သည်လောက်အရေးကြီးလှသော မဲစာရင်းမှာပင် အမှားပေါင်း သောင်းခြောက်ထောင် ဆိုတော့ တခြား အချက်အလက်တွေကိုလည်း မည်မျှယုံကိုးလို့ ရပါမည်နည်း။

ဝန်ကြီးချုပ်က ပြန်လာကြဘို့ တဖွဖွပြောသွားသည်။ တိုင်းရင်းသားရေးရာဝန်ကြီးက ကျွန်တော်တို့ပြန်လာသည့်အခါ လုပ်လို့ရမည့် လမ်းစများ တဖြည်းဖြည်း ဖွင့်ပေးသွားမည်ဖြစ်ကြောင်း ရှင်းပြသွားသည်။ အမှန်တကယ် တတ်သိကြသော အသိပညာရှင်၊ အတတ်ပညာရှင်များသာ လုပ်လို့ရမည့် လုပ်ငန်းပေါင်း များစွာရှိသည်။

သူတို့အစီအမံများ အားလုံးအဆင်သင့်ဖြစ်သည့်အခါ ထုတ်ဖော်ကြေငြာပါလိမ့်မည်။
သူ့ယောက္ဖမို့လို့၊ ငါ့မယားမောင်လို့မို့။ သူကြီးသားမက်ရဲ့ သူငယ်ချင်းမို့လို့ဆိုတာတွေ လုံးဝမရှိစေရ။
အားလုံးညီတူညီမျှ အခွင့်အရေးရှိရမည်။
တကယ်လုပ်တတ်သူ ရမည်။ ညာဝါဖြီးဖြန်း ခိုးဝှက်စားမဲ့သူတွေ လက်ရှောင်။

သည့်အတွက် သိပ်မကြာလှသော အနာဂတ်ကာလတွင် ကျွန်ုပ်တို့တိုင်းပြည်ကို ကျွန်ုပ်တို့လက်နှင့်တည်ဆောက်ကြနိုင်စေရန် အဆင်သင့်ပြင်ဆင်ထားကြပါမည့်အကြောင်း မိတ်ဆွေအပေါင်းအား တပ်လှန့်လိုက်ပါသည်။

(၄)

ကျွန်တော်က တခြားတော့ သိပ်မလုပ်တတ်ပါ။ လက်ရှိလုပ်နေသော Safety, Health and Environment (HSE) သည်ပင် ကျွန်တော့် professional ဖြစ်သည်။ (ယခင်က piping ကို ဆယ်စုနှစ်တစ်ခုကျော် လုပ်ခဲ့ဖူးသည့်တိုင် တစ်လမ်းတည်း သွားတာ ကောင်းလိမ့်မည်ဟုလည်း ယူဆသောကြောင့် ဖြစ်ပါ၏။) ထို့ကြောင့် safety ကိုပဲ ဇောက်ချလုပ်မည်။

ဘာတွေလုပ်မည်နည်း။

တွေ့ဆုံပွဲတွင် ပြောခဲ့သလို safety ကိုစိတ်ဝင်စားသူများစုစည်းကာ Safety For Myanmar Nation ဟု စင်ကာပူတွင် အဖွဲ့တစ်ခု ကျွန်တော်တို့ ဖွဲ့ထားပါသည်။

ဤအဖွဲ့ဖွဲ့ရခြင်းမှာ မြန်မာနိုင်ငံပြင်ပတွင် ရောက်ရှိနေသော မြန်မာ safety professional အား စနစ်တကျစုစည်းလျက် မြန်မာနိုင်ငံပြန်လည်တည်ဆောက်ရေးတွင် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်နိုင်စေရန် ဖြစ်၏။ ဤနေရာတွင် နှစ်ပိုင်း ရှိပါ သည်။ တစ်ပိုင်းမှာ စင်ကာပူရှိ safety professional က မိမိတို့ကိုယ်တိုင် ပါဝင်ဆောင်ရွက်ကြရန်နှင့် နောက်တစ်ပိုင်းမှာ အခြားနိုင်ငံများမှ safety profe-ssional များအားစည်းရုံးကာ မြန်မာနိုင်ငံမှလိုအပ်ချက်များကို ပံ့ပိုးပေးနိုင်ရန် ပေါင်းကူးပေး ရေး ဖြစ်၏။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြခဲ့သော Safety For Myanmar Nation အဖွဲ့မှ ဆောင်ရွက်ပေးနိုင်သည်များ

ü  လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်လုပ်ငန်းများအား မည်ကဲ့သို့ အကောင် အထည်ဖော် ဆောင်ရွက်သင့်သည်ကို အကြံပေးခြင်း
ü  လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းများအတွက် လိုအပ်မည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းတင်ပြခြင်း၊ သက်ဆိုင်ရာ စာအုပ်စာတမ်းများ စုဆောင်း ပေးခြင်း
ü  လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောပွဲများ ကျင်းပပေးခြင်း
ü  လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သင်တန်းများ ပို့ချပေးခြင်း
ü  လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သရုပ်ပြပွဲ၊ အမေးအဖြေ စကားဝိုင်းများ ကျင်းပပေးခြင်း
ü  လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ လက်ကမ်းစာစောင်များ၊ လက်စွဲ စာအုပ်၊ ပိုစတာများ ပြင်ဆင်ပေးခြင်း

လက်တွေ့လုပ်ဆောင်ရန် အကြမ်းဖျဉ်းလျာထားသတ်မှတ်ချက်

၁။ သက်ဆိုင်ရာ အစိုးရအရာရှိများ၊ လုပ်ငန်းရှင်များ၊ မန်နေဂျာများအား -
(က) လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုသည်မှာ အဘယ်နည်း။ အဘယ်ကြောင့် လုပ်သားထုတစ်ရပ်လုံးအတွက် အရေးတကြီး လိုအပ်ရသနည်း ဆိုသည့်အကြောင်း ရှင်းလင်းတင်ပြခြင်း
(ခ) လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို လက်တွေ့မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်ရမည့်အကြောင်း ရှင်းလင်းတင်ပြခြင်း
(ဂ) နိုင်ငံတကာ နှင့် မြန်မာနိုင်ငံမှ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဥပဒေ နည်းဥပဒေများနှင့် မိတ်ဆက်ပေးခြင်း
(ဃ) အခြေခံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ရက်တိုသင်တန်းပေးခြင်း

၂။ အစိုးရ၀န်ထမ်းများ နှင့် ပုဂ္ဂလိကလုပ်ငန်း လုပ်သားများအား လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ အောက်ပါသင်တန်းများပေးခြင်း
(က) အမြင့်တွင် အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်း
(ခ) အန္တရာယ်ကင်းစွာ ၀န်ချီခြင်း
(ဂ) အန္တရာယ်ကင်းစွာ ဖောင်ဝပ်ဆင်ခြင်း
(ဃ) စက်ပစ္စည်းများနှင့် အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်း
(င) ဓာတုပစ္စည်းများနှင့် အန္တရာယ်ကင်းစွာ အလုပ်လုပ်ခြင်း
(စ) ကတုတ်ကျင်းများအတွင်းသို့ အန္တရာယ်ကင်းစွာ ၀င်ရောက်ခြင်း/အလုပ်လုပ်ခြင်း
(ဆ) အန္တရာယ်ကင်းစွာ မီးနှင့် အလုပ်လုပ်ခြင်း

ကျွန်တော်တို့လုပ်မည့်အစီအမံများအား ၀န်ကြီးချုပ်လက်ထဲသို့ထည့်လိုက်သလို ကိုယ်တိုင်ကိုယ်ကျလည်း ပြောလိုက်ပါသည် ခင်ဗျား။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
Safety For Myanmar Nation

8/7/2016















No comments: