Thursday, June 11, 2015

စနစ် နှင့် စည်းကမ်း အကြောင်း

ဦးမြင့်ဆွေသို့ -

(တစ်နေကုန်အလုပ်လုပ်ပြီး အလုပ်ကပြန်လာတော့ CSOC သင်တန်းရှိလို့ သွားပြနေရသေးတယ်။ အဲဒါကြောင့် ခုမှ ရေးနိုင်တာ)(ကျွန်တော် Eliminate the Risk at Source ဆိုတဲ့ပို့စ်ကို ဖေ့စ်ဘုတ်ပေါ်တင်လိုက်တော့ ဦးမြင့်ဆွေဆိုတဲ့တစ်ယောက်က ကွန်မင့်တွေပေးလာတဲ့အတွက် သူ့ကွန်မင့်ကို ပြန်ပြီးရှင်းချက်ထုတ်တာပါ။)

ခုလိုသေသေချာချာ ပြန်ဆွေးနွေးပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ခင်ဗျား။

၁။ (စနစ်ဆိုတာ လူတွေလုပ်တာဗျ။) - သိပ်မှန်သပေါ့ဗျာ။

၂။ (ဘယ်သူမှမွေးလာကတည်းက အစိုးရဖြစ်ရမယ်။သခင်ဖြစ်ရမယ်။ကျွန်ဖြစ်ရမယ်ဆိုပြီး နဖူးတံဆိပ်အကပ်ခံမွေးလာတာ မဟုတ်ဘူးဗျ။) - သိပ်မှန်သပေါ့ဗျာ။
============================================================

၁။ ((စနစ်ဆိုတာ လူတွေကလုပ်တာ)) - ဆိုတာကို ပြောပါမယ်။

ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဦးနေ၀င်းအာဏာမသိမ်းခင်က အရှေ့တောင်အာရှမှာ ထိပ်ဖြစ်ခဲ့တာ ဦးမြင့်ဆွေ သိပါတယ်။ အဲဒါ စနစ်ကောင်းခဲ့လို့ပဲ။ ဘယ်ကစနစ်လဲ။ အင်္ဂလိပ်တွေ ချမှတ်ခဲ့တဲ့စနစ်ကို ဆက်လက်ကျင့်သုံးခဲ့လို့။ မြန်မာပြည်နဲ့ကိုက်အောင်တော့ ပြန်ပြင်ရမှာပေါ့။ အဲဒီစနစ်ကို လုပ်ခဲ့တဲ့ အဲဒီခေတ်က လူတွေက လူတော်တွေကိုးဗျ။ စနစ်ကောင်းလို့ တိုင်းပြည်ကောင်းတာ။
စနစ်ဆိုတာ လူတွေကလုပ်ခဲ့လို့ပဲ ဆိုရှယ်လစ်စနစ်ဆိုတာကြီး ဖြစ်လာတာပေါ့ဗျာ။ အဲဒီ ဆိုရှယ်လစ်စနစ်ဆိုတာကြီးကြောင့် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးဖြစ်ခဲ့ရာကနေ အဆင်းရဲဆုံးဖြစ်ခဲ့တာ မဟုတ်လားဗျာ။
ဦးနေ၀င်းပြီး နောက်တက်လာတဲ့ စစ်ခေါင်းဆောင်တွေ လက်ထက်ကျတော့ ဘာစနစ်ကို ကျင့်သုံးသလဲ။ ငါ့မြင်းငါစိုင်း၊ စစ်ကိုင်းရောက်ရောက် ဆိုတဲ့စနစ်ကို ကျင့်သုံးကြတာပဲ။ အဲဒါကြောင့် မြန်မာနိုင်ငံဟာ အခု ဘယ်အခြေဆိုက်နေတယ် ဆိုတာ ဦးမြင့်ဆွေ သိပါတယ်။

အင်္ဂလန်ဆိုတာ ကမ္ဘာ့မြေပုံပေါ်မှာ ဇီးရွက်လောက်ကလေးရှိတဲ့တိုင်းပြည် သေးသေးလေးပေါ့ဗျာ။ ဒါပေမဲ့ ဘာ့ကြောင့် သူ့ထက် အဆပေါင်းများစွာကြီးတဲ့ အိန္ဒိယနိုင်ငံကို ရာစုနှစ်တစ်ခုလောက်ထိ သိမ်းပိုက်အုပ်ချုပ်ထားနိုင်ခဲ့သလဲ။ သူ့ထက် အင်မတန်ကြီးတဲ့ မြန်မာနိုင်ငံကို ရာစုနှစ် ထက်ဝက်လောက် သိမ်းပိုက်ထားနိုင်ခဲ့သလဲ။ မြန်မာနိုင်ငံကို လာအုပ်ချုပ်ခဲ့တဲ့ ဗြိတိသျှအရာရှိ ဘယ်လောက်ရှိမယ် ထင်ပါသလဲ။ လက်တစ်ဆုပ်လောက်ရှိတဲ့ အင်္ဂလိပ်လူမျိုးနည်းနည်းကလေးနဲ့ နေမ၀င်အင်ပါယာကြီး တစ်ခုလုံးကို ဘယ်လို အုပ်ချုပ်ခဲ့သလဲ။

စနစ်နဲ့ခင်ဗျ။ စနစ်နဲ့အုပ်ချုပ်တာ။ လူနဲ့အုပ်ချုပ်တာမဟုတ်ဘူး။

အဲသလောက်ဆို အဲဒီစနစ် ဘယ်လောက်ကောင်းသလဲဆိုတာ ဦးမြင့်ဆွေ နည်းနည်းလောက် ရိပ်မိလောက်ပါပြီ။ ဒါဖြင့် အဲဒီစနစ်ကို ဘယ်သူတွေ ရေးခဲ့သလဲ။ အင်မတန် တော်တည့်ထက်မြက်သူတွေ ရေးတယ်ဆိုတာ ယုံမှားသံသယမရှိနိုင်ပါဘူးဗျာ။ “ရေဘူးပေါက်တာမလိုချင်ဘူး။ ရေပါတာပဲလိုချင်တယ်” ဆိုတာလောက်သိတဲ့ ဦးဏှောက်တွေနဲ့ ရေးရင် အဲသလောက် ကောင်းမွန်တဲ့ စနစ်တစ်ခု ထွက်လာလိမ့်မယ်လို့ ဦးမြင့်ဆွေ ထင်ပါသလား။

စနစ်ကိုလူကရေးတာမှန်ပေမဲ့ အဲဒီစနစ်ကို ရေးတဲ့သူဟာ ကောင်းတဲ့၊ တော်တဲ့၊ နိုင်ငံ့အပေါ်လည်း စေတနာထားတဲ့ (Competent Person = Knowledge + Skill + Attitude) သူတွေ ရေးမှ ကောင်းတဲ့စနစ်ဖြစ်မှာပေါ့ဗျာ။ “ကျွန်တော်သာ နောက်ထပ် ၅ နှစ်လောက်အုပ်ချုပ်ရရင် စင်ကာပူလို ဖြစ်ရစေ့မယ်” လို့ အရူးချီးပန်းလျှောက်ပြောနေတဲ့သူတွေက ကောင်းမွန်တဲ့စနစ်တစ်ခု ရေးနိုင်လိမ့်မယ်လို့ ဦးမြင့်ဆွေ ထင်ပါသလား။

နောက်တစ်ချက် -

၂။ ((ဘယ်သူမှမွေးလာကတည်းက အစိုးရဖြစ်ရမယ်။ သခင်ဖြစ်ရမယ်။ ကျွန်ဖြစ်ရမယ်ဆိုပြီး နဖူးတံဆိပ်အကပ်ခံမွေးလာတာ မဟုတ်ဘူးဗျ။ အမှိုက်စည်းကမ်းမယ့်မပစ်တာ တန်းစီတာ တဦးနဲ့တဦးကူညီတာ လေးစားတာ ကိုယ့်ဟာကိုယ်စာကြိုးစားတာ ကျန်းမာရေးလုပ်တာ ကျန်းမာတဲ့အစာစားတာ တဦးနဲ့ဦးအနှောက်အယှက်မဖြစ်အောင် နေတာစသည်ဖြင် ကိုယ့်ဟာကိုယ်လုပ်လို့ရသော အလုပ်ပေါင်းများစွာရှိရဲ့နဲ့တစိပ်ရှိ အစိုးရအစိုးရဆိုတာလုပ်မနေကြဘို့ ကျနော်တို့လူ့
အဖွဲ့အစည်းကိုမေတ္တာရပ်ခံတာပါ။ အစိုးရဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ကိုယ့်ဟာကိုယ်ဒုက္ခရောက်မယ့်နည်းရော သူတို့ဒုက္ခရောက်မယ့်နည်းရောအားမပေးပါဘူး။ သူနိုင်ကိုယ်နိုင် win-win နည်းဘဲသုံးစေခြင်တယ်။ လူတွေအားလုံးအစွဲတွေ တဏှာမာနတွေကြောင့်ဒိဋ္ဌိဖြစ်ပြီး ဒုက္ခရောက်ကြတာ။ ဆေးလိပ်စွဲ ဆေးစွဲ အရက်စွဲ လောင်းကစားစွဲ အပျော်အပါးစွဲ။ စွဲမိရင်မှားမှန်းသိတောင်မဖြတ်နိုင်ကြတော့ဘူး။ အဲဒီလိုမျိုးတွေထဲမှာမှ အာဏာစွဲစည်းစိမ်စွဲတွေက အဆိုးဆုံးတွေပါ။
လွယ်လွယ်နဲ့ဖြတ်ဖို့ စွန့်လွှတ်ဖို့ခက်နေပါပြီ။ ဒီလိုအာဏာတွေစည်းစိမ်တွေအပေါ်မှာ သာယာခြင်းမကသာယာနေ
ကြတဲ့အတွက် ကိုယ်ချင်းစာတရားတွေဗြဟ္မစိုရ်တရားတွေပျောက်နေပါပြီ။)
- ဆိုတာ ဆက်ပြောပါမယ်။

လူဟာ မွေးလာကတည်းက အစိုးအနေနဲ့မွေးလာတာမဟုတ်ဘူးဆိုတာ ဦးမြင့်ဆွေလို လူကြီးမပြောနဲ့။ မနေ့တစ်နေ့ကမှ ကိုရင်ဝတ်ကထွက်လာတဲ့ ၈ နှစ်သား ကျွန်တော့်သားတောင် သိပါတယ်ဗျား။
ကျွန်တော်တို့တိုင်းပြည်ကလူတွေ အဲသလို စည်းကမ်းမဲ့၊ ပညာမဲ့၊ အရက်သမား ဘိန်းသမားတွေဖြစ်အောင် ဦးနေ၀င်းကစလို့ အဆက်ဆက်သော စစ်အာဏာရှင်တွေက ဖျက်ဆီးခဲ့တယ်ဆိုတာ ဦးမြင့်ဆွေမသိတာများ အံ့သြကုန်နိုင်ဘွယ်ပါဘဲ ခင်ဗျာ။ ကလေးတွေပြောတာဆို ထားပါတော့။ အခု ဦးမြင့်ဆွေလို လူကြီးတစ်ယောက်က အဲဒါကိုမသိဘူးဆိုတော့ ကျွန်တော်ရှင်းပြရ တာပေါ့ဗျာ။

ကျွန်တော်ကတော့ ကျွန်တော်တို့တိုင်းပြည်က လူတွေရော (အားလုံးတော့မဟုတ်ဘူးပေါ့ဗျာ)။ ခု ကျောင်းသားလေးတွေရောကို အပြစ်မမြင်ပါဘူး။ သူတို့ (ကျွန်တော်တို့) ဟာ စနစ်ဆိုးရဲ့ သားကောင်တွေပါ။ တိုင်းပြည်ကို စနစ်တကျ ရစရာမရှိအောင် ဖျက်ဆီးခဲ့တဲ့ (ခု ချိပ်ထဘီဝတ်တွေအပါအ၀င်) အာဏာရှင်တွေသာ အဓိက တရားခံပါ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်ခဲ့တဲ့ ဦးသန့်ဆိုတာ ဘယ်က ထွက်တာပါလဲ။ မြန်မာနိုင်ငံမှာ အင်မတန်တော်တဲ့ လူတွေ အများကြီး ထွက်ခဲ့ပါတယ်။ အခုလည်း ရှိပါတယ်။ ခင်ဗျားသိချင်တယ်ဆို ကျွန်တော် စာရင်းလုပ်ပေးမယ်။ ကျွန်တော် အခုအလုပ်လုပ်နေတဲ့ စင်ကာပူမှာကိုပဲ ကုမ္ပဏီ ဒါရိုက်တာ ဖြစ်နေတဲ့သူတွေ၊ မန်နေဂျာတွေ၊ အကြံပေးအရာရှိတွေ။ 

ကုန်ကုန်ပြောမယ်ဗျာ။ ကျွန်တော့်လို ပမွှား၊ ငချွတ်တောင် ကျွန်တော်တို့ ကုမ္ပဏီမှာ၊ ခုလုပ်နေတဲ့ ပရောဂျက်မှာ Safety နဲ့ပတ်သက်လို့ ကျွန်တော်အကြီးဆုံးပဲ။ ကြွားတယ်လို့ ထင်ချင်ထင်ပေါ့ဗျာ။ Safe မဖြစ်တဲ့အလုပ်ဆို ကျွန်တော်ချက်ချင်းရပ်ခိုင်းလို့ရတယ်။ Safety မလိုက်နာတဲ့သူဆို ဘာကောင်ကြီးပဲ ဖြစ်ဖြစ် ဆိုဒ်ထဲကနေ ဦးစွန်းဖုတ် ဆွဲထုတ်လို့ရတယ်။ အဲဒါ ကျွန်တော့်လို့ အလယ်အလတ်တန်းစား မြန်မာတစ်ယောက်ရဲ့ စင်ကာပူက အဆင့်အတန်း။ ဦးမြင့်ဆွေမယုံဘူးဆို ကျွန်တော် လေယာဉ်လက်မှတ် ၀ယ်ပို့လိုက်မယ်။ ဗီဇာလျှောက်ပေးမယ်။ လာခဲ့ပါ။ ကျွန်တော့်ဆိုဒ်ထဲ လိုက်ပြမယ်။ အဲဒါ အလယ်အလတ်တန်းစား မြန်မာတစ်ယောက်ပါ။ ကျွန်တော့်ထက်ရာထူးကြီးတဲ့၊ အခြေအနေမြင့်တဲ့၊ လခ ကောင်းတဲ့သူတွေ စင်ကာပူမှာ ရိုက်သတ်လို့ မကုန်ဘူး။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဘာဖြစ်လို့ ဦးမြင့်ဆွေပြောသလို လူတွေတန်းမစီကြတာ၊ အမှိုက်ပစ်တွေပစ်တာ၊ လော်ကြီးတွေနဲ့ အသားကုန်ဖွင့်တာ၊ ကားတွေဆိုလည်း ကျော်ချင်သလို ကျော်တာ ဖြစ်နေသလဲ တဲ့။

နံပါတ် (၁) သူတို့ အာဏာတည်မြဲရေးအတွက် လူတွေကို ပညာတတ်တွေမဖြစ်တော့အောင်၊ စဉ်းစားတွေးခေါ်တတ်တဲ့ အသိဉာဏ်တွေ မရတော့အောင် ပညာရေးကို တစ်စစီချေမှုန်းလိုက်တယ်။ ချိုးဖျက်လိုက်တယ်။ ချေမွှလိုက်တယ်။ ဖျက်ဆီးလိုက်တယ်။

နံပါတ် (၂) တရားဥပဒေစိုးမိုးရေးကို ဦးစားမပေးဘဲ လူတွေကို စည်းမဲ့ကမ်းမဲ့လူတွေဖြစ်အောင် နေချင်သလိုနေ၊ လုပ်ချင်သလို လုပ်ခွင့်ပေးထားတယ်။ အဲဒီတော့ လူတွေဟာ အလိုလိုနေရင်း စည်းကမ်းမဲ့တဲ့သူတွေ ဖြစ်သွားတယ်။ ကလေကချေတွေ ဖြစ်သွားတယ်။ ဗလချီးနမ်းလူတွေ ဖြစ်သွားတယ်။

နံပါတ် (၃) လူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးမပေးဘူး။ လူတွေဟာ လုပ်စရာမရှိတော့ လမ်းဘေး ရောက်ကုန်တယ်။ လဖက်ရည်ဆိုင်ရောက်ကုန်တယ်။ အရက်ဆိုင် ရောက်ကုန်တယ်။ နှစ်လုံး သုံးလုံးထိုးတတ်လာတယ်။ အဲသလိုနဲ့ လေရာကလွင့်၊ လွင့်ရာကနေ လုံးလုံးပျက်တဲ့အခြေ ဆိုက်သွားတယ်။ လူပျင်းတွေ ဖြစ်လာတယ်။

နံပါတ် (၄) အကျင့်ပျက်ခြစားမှုကို ပိုးမွေးသလိုမွေးထားပြီး ၀န်ထမ်းလောကကြီးတစ်ခုလုံးကို ဖျက်ဆီးလိုက်တယ်။
ကျွန်တော်ရန်ကုန်ပြန်တော့ လမ်းကူးဘို့ လူကူးမျဉ်းကြားလိုက်ရှာတယ်။ ကျွန်တော်နေတာ ပြည်ရိပ်မွန်မှာ။ စိုက်ပျိုးရေး မှတ်တိုင်ကဆင်းပြီး အဆညရှေ့မှာလုပ်ထားတဲ့ လူကူးမျဉ်းကြားကနေ ကူးဘို့ကြံတယ်။ အဲဒီလူကူးမျဉ်းကြားမှာ ကားဆို တစ်စီးမှ ရပ်မပေးဘူးဗျာ။ တ၀ီးဝီးမောင်းနေတဲ့ကားတွေကြားထဲက အတင်းဖြတ်ကူးရတာပဲ။

နောက်ပြီး စင်ကာပူနေတာကြာတော့ အကျင့်ဖြစ်နေလို့ အမှိုက်ကို တွေ့ကရာမပစ်တတ်လို့ အမှိုက်ပစ်စရာ နေရာရှာတယ်။ တစ်နေရာမှ တူတူတန်တန် အမှိုက်ပုံးမတွေ့ခဲ့ဘူး။ ဒါဆို အဲဒီအမှိုက်ကို တွေ့ကရာမပစ်လို့ ဘယ်သွားပစ်မတုံးဗျာ။
သေးမပေါက်ရတဲ့။ ရန်ကုန်မြို့လယ်မှာ ရေးထားတယ်။ အဲဒီနေရာမှာ သေးမပေါက်ရရင် ဘယ်နေရာသွားပေါက်မလဲ။ သေးပေါက်စရာနေရာ လွယ်လွယ်ကူကူရှိသလား။

လူတွေ စည်းကမ်းမရှိဘူး။ စည်းကမ်းမရှိဘူးနဲ့၊ စည်းကမ်းမရှိတာသာ အပြစ်ဖို့နေတယ်။ စည်းကမ်းရှိချင်လာအောင် ပံ့ပိုးပေးဘို့ ဘယ်သူစိတ်ကူးပါသလဲ။

လူတွေကို လူနေမှုအဆင့်မြင့်လာအောင်၊ စည်းကမ်းရှိလာအောင် လုပ်ပေးရာမှာ အဓိက က ပညာရေးဗျ။ လူတွေကို တွေးတတ် ခေါ်တတ်၊ စဉ်းစားတတ်တဲ့ တကယ့်ပညာတတ်တွေ ဖြစ်အောင် သင်ပေးဘို့လိုတယ်။ အဲဒါဟာ ကျောင်းသင်ပညာရေးကနေ စတာဘဲ။ အခု မြန်မာနိုင်ငံကကျောင်းတွေမှာ သင်နေတဲ့ပညာရေးဟာ အင်မတန်ကောင်းလှချည့်လို့ ဦးမြင့်ဆွေ ထင်သလား။ ကလေးတွေ ကျောင်းကထွက်လာပြီး ဘာမှမတတ်တာ အဲဒီကလေးတွေ သောက်သုံးမကျလို့ လို့ ဦးမြင့်ဆွေ ထင်သလား။
လူမပြောနဲ့၊ ခွေးတောင် အဆင့်မြင့်မြင့်ထားရင် အဆင့်အတန်းမြင့်မြင့် နေတတ်တယ်။ ခွေးတွေ လူသွားတဲ့အိမ်သာမှာ ရှူးရှူး သွားပေါက်ပြီး ရေဆွဲချခဲ့တဲ့ ဗီဒီယိုတွေ ဖေ့စ်ဘုတ်မှာ ဦးမြင့်ဆွေ ကြည့်ဖူးသလား။ မကြည့်ဖူးရင် ရှာကြည့်ဗျာ။

ခွေးကတက်မှာထားတဲ့ ခွေးဟာ ခွေးကတက်က စိတ်ဓာတ်လောက်ရှိတယ်။ အိမ်ပေါ်မှာ ကျကျနနထားတဲ့ ခွေးဟာ သူ့အဆင့် သူသိတယ်။ အိမ်ပေါ်မှာ လူလိုနေတတ်တယ်။ အဲဒါ တိရစ္ဆာန်။ လူမဟုတ်သေးဘူး။

အခုတော့ တက္ကသိုလ်တွေကို တောတွေပို့ပစ်ပြီး ကလေးတွေကို ရွာတွေမှာထားတယ်။ ရွာမှာနေရတဲ့ ရွာသားတွေ နေတာထိုင်တာ လုပ်တာကိုင်တာ ပြောတာဆိုတာကိုပဲ မြင်၊ ကြားနေရတဲ့ ကလေးတွေဟာ ရွာသားအဆင့်လောက်ပဲ ရှိတော့ မပေါ့ဗျာ။ တက္ကသိုလ်ကျောင်းသားဆိုတာ တက္ကသိုလ်ကျောင်းသားလို ထားရတယ်ဗျ။ လေးစားရတယ်ဗျ။ အထင်ကြီးရတယ်ဗျ။ မြေတောင်မြှောက်ပေးရတယ်ဗျ။

ခုတော့ ဘယ့်နှယ်ကွယ်။ ကလေးတွေကို တောပို့ပြီး ဖျက်ဆီးပစ်တယ်။ ကျုပ်ဖြင့် ရင်နာလို့မဆုံးဘူး။ သူတို့သားသမီးတွေတော့ နိုင်ငံခြားပို့ပြီး ပညာသင်ခိုင်းတယ်။ တောက်၊ ရာဇ၀င်ရိုင်းလိုက်လေ။

အဲဒီတက္ကသိုလ်တက်တဲ့အထဲမှာ ခင်ဗျား သားသမီးတွေရော ပါသလားမသိဘူး။ ပါတယ်ဆိုရင် သူတို့ ဘယ်လိုနေရစားရတယ်။ ဘယ်သူတွေနဲ့ ပေါင်းရသင်းရတယ်။ သူတို့ ဘယ်လိုတွေးကြခေါ်ကြတယ် ဆိုတာ နည်းနည်းလောက် မေးကြည့်စမ်းပါဗျာ။
ကျွန်တော်လက်ရှိနေထိုင်တဲ့ စင်ကာပူအကြောင်း နည်းနည်းပြောပြပါမယ်။

ဦးမြင့်ဆွေ (လီကွမ်ယုရဲ့ တတိယကမ္ဘာမှ ပထမကမ္ဘာသို့) ကို ဖတ်ဖူးလိမ့်မယ်လို့ယူဆပါတယ်။ မဖတ်ဖူးသေးရင် ဆရာဟိန်းလတ် ဘာသာပြန်ထားတာရှိတယ်။ နက်ဖြန် သွားဝယ်ဖတ်ချေဗျာ။

လီကွမ်ယုတို့ စင်ကာပူကို စထူထောင်တော့ အထပ်မြင့်တိုက်တွေ ဆောက်ပေးတယ်။ ခုမှ တောင်ယာထဲကနေ တိုက်ပေါ် ရောက်လာတဲ့ သူ့နိုင်ငံသားတွေက လှေခါးတွေပေါ်မှာ ၀က်တွေကျောင်းတယ်။ တိုက်ခန်းတွေမှာ ကြက်တွေ တကော်ကော်နဲ့။ သူတို့လည်း အသည်းအသန် လုပ်ယူရတာပဲ။ ဒါပေမဲ့ တကယ်လုပ်တဲ့အခါကျတော့ တကယ်ဖြစ်တာပဲ။

ဦးမြင့်ဆွေပြောသလို သူတို့လည်း မွေးကတည်းက စည်းကမ်းကြီး လည်ပင်းချိတ်မွေးလာတာ မဟုတ်ပါဘူး။ စည်းကမ်းရှိတဲ့ လူအဖွဲ့အစည်းထဲ နေရတဲ့အခါကျတော့ အော်တိုမက်တစ် စည်းကမ်းရှိသွားသပေါ့ဗျာ။

ဗမာပြည်ကလာခဲ့တဲ့ ကျွန်တော်တို့လည်း စင်ကာပူမှာ အများတန်းစီသလို တန်းစီတာပါဘဲဗျ။ အဲဒါ အစိုးရကောင်းလို့ တိုင်းပြည်ကောင်းတယ်၊ တိုင်းပြည်ကောင်းလို့ နိုင်ငံသားတွေလည်း ကောင်းတဲ့နိုင်ငံသားတွေ ဖြစ်တယ်၊ အဲဒီအသိုင်းအ၀ိုင်းထဲ ရောက်သွားတဲ့ မြန်မာပြည်မှာကြီးပြင်းခဲ့တဲ့ ကျွန်ုပ် ငအေးငြိမ်းလည်းပဲ စင်ကာပူရောက်တော့ တန်းစီဖြစ်သွားတာပဲဗျ။ အဲဒါဟာ လူ့အသိုင်းအ၀ိုင်းက အလိုလို သွန်သင်ပေးသွားတာပဲ။ အရေးကြီးတာက အဆင့်မြင့်တဲ့ လူနေမှုပတ်ဝန်းကျင်ကို ဖန်တီးပေးဘို့ပဲ။ ကြွေပြားပြောင်ပြောင်ပေါ် တော်ရုံတန်ရုံလူ ကွမ်းတံတွေးထွေးသွားပါ့မလားဗျာ။ လူတကာကမှ တန်းမစီဘဲ ဘယ့်နှာလုပ် တစ်ယောက်တည်းက တန်းစီမတုံး။ ခင်ဗျားနှယ်။

စင်ကာပူကိုလည်း ကောင်းလွန်းလှပြီ မထင်ပါနဲ့။ စင်ကာပူနိုင်ငံ ဒီလောက် သန့်ရှင်းသပ်ယပ် လှပနေတာ အင်မတန့်ကို စနစ် ကောင်းလွန်းလို့၊ အစိုးရက နိုင်နိုင်နင်းနင်း လုပ်လွန်းလို့ပါဗျာ။ ဓာတ်လှေခါးထဲမှာ အအေးဘူးတွေ၊ သတင်းစာတွေ၊ တစ်ရှုးတွေ ပစ်သွားတာ မကြာမကြာတွေ့ပါ့။ ထိုင်ခုံတွေမှာ စားသောက်ပြီး အမှိုက်တွေကို ဒီအတိုင်း ပစ်သွားတာပဲ။

ဒါပေမဲ့ မြန်မာနိုင်ငံလိုတော့ မဟုတ်ဘူးဗျ။ ရန်ကုန်မှာ ကွမ်းမစားရ၊ ဒဏ်ငွေ ၅၀၀ ဆို စာလာကပ်သွား။ စားလည်း ဘာမှ မဖြစ်ဘူး။ ဘယ်သူမှလည်း အရေးမယူဘူး။ အရေးယူတဲ့သူကလည်း ရိုက်သွားတဲ့ဒဏ်ငွေကို အိပ်ကပ်ထဲ ထည့်သွားတာပဲ။ နောက်ပြီး အဲဒီ ကွမ်းမစားရ ဆိုတာကြီးလည်း တစ်ပတ်မခံဘူး ပျက်သွားတာပဲ။ အဲဒါ ဘာလုပ်တာလဲဗျာ။

စင်ကာပူမှာ ဒဏ်ရိုက်တာ ခင်ဗျားကို ပြောပြဦးမယ်။

သူတို့က ဒဏ်ရိုက်ရင် ပိုက်ဆံတောင်းပြီး အိပ်ထဲထည့်သွားတာ မဟုတ်ဘူးခင်ဗျ။ ဖြတ်ပိုင်းပေးသွားပြီး အဲဒီဖြတ်ပိုင်းထဲမှာ ပါတဲ့အတိုင်း သွားဆောင်ရတာ။ ဆောင်လိုက်တဲ့အခါ အဲဒီပိုက်ဆံက အစိုးရဘဏ်ထဲ တိုက်ရိုက်ရောက်သွားတာ။ ကဲ။ တကယ် မိရင်လည်း တကယ်ဆော်သပေါ့ဗျာ။ ကျွန်တော် အခုလုပ်နေတဲ့ ပရောဂျက်မှာတောင် ဒဏ်ငွေဆောင်ရတာ စင်ကာပူဒေါ်လာ ၇ သောင်းရှိသွားပြီ။ ပရောဂျက်လုပ်တာမှ တစ်နှစ်မပြည့်သေးဘူး။

ပြီးခဲ့တဲ့လက ကျွန်တော်တို့ဆိုဒ်က ထိုင်းအလုပ်သမားတစ်ယောက် မရီနာဘေမှာ ငါးသွားမျှားလို့ ဒဏ်ငွေ ၅၀ ဆောင်လိုက်ရ တယ်။ ဒဏ်ငွေက ထုံးစံအတိုင်း ဖြတ်ပိုင်းနဲ့ဆိုတော့ ဘာလုပ်ရမှန်းမသိလို့ ကျုပ်ဘဲ အင်တာနက်ကနေ ဆောင်ပေးလိုက်တယ်။
နောက်ပြီး ကုလားလေးတစ်ယောက်လည်း မနှစ်က သြချတ်မှာ အမှိုက်ပစ်လို့ ဒဏ်ငွေ ၂၀၀ ဆောင်လိုက်ရသေးတယ်။

((လူတွေက ကိုယ်လုပ်စရာရှိတာတော့ မလုပ်ဘူး။ ထစ်ကနဲရှိ အစိုးရချည်း အပြစ်ပုံချနေတယ်)) . . .  တဲ့။

အစိုးရသောက်သုံးမကျလို့ အစိုးရကို အပြစ်ပုံချတာပေါ့ဗျ။ သူတို့လုပ်ခဲ့လို့ ကျုပ်တို့တိုင်းပြည် ဗိုလ်ချုပ်ပြောတဲ့ ဖာနိုင်ငံဖြစ်နေပြီ။

 အာဆီယံ ၁၀ နိုင်ငံမှာ စင်ကာပူလာဘို့  ဗီဇာလျှောက်ရတာ မြန်မာနိုင်ငံဘဲရှိတယ်ဆိုတာ ခင်ဗျားသိရဲ့လား။ တိုင်းပြည်က ဘာထွက်ကုန်မှ ထုတ်မရောင်းနိုင်ဘဲ ရှိသမျှသယံဇာတတွေကို သူ့ရို့အဖေဆီက အမွေရတဲ့အတိုင်း ထုတ်ရောင်းနေတာ အဲဒီ အစိုးရကို သောက်သုံးကျတယ်လို့ ခင်ဗျားက ထင်နေသေးတာလား။

တော်ပြီဗျာ။ စိတ်ပေါက်ပေါက်နဲ့ရေးလိုက်တာ အခုတောင် ၁၀ နာရီခွဲတော့မယ်။

ဒါမှမကျေနပ်သေးလို့ မျက်နှာချင်းဆိုင်ဆွေးနွေးချင်သပဆို ဟောဒီမှာ ကျွန်တော့်ဖုံးနံပါတ်နဲ့ email လိပ်စာ။

Tel (Sing): 9730 3027
email: aye475@gmail.com

အေးငြိမ်း

၉ ဇွန်၊ ၂၀၁၅။ ည ၁၀း၂၅ နာရီ

No comments: