Friday, June 12, 2015

အနိုင်မခံ

ဖွတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ဆီက လူကြီးတွေရဲ့ ဗဟုသုတနဲ့ လေ့လာမှတ်သားမှု အဆင့်အတန်းကို နည်းနည်းလောက် ကလိတာပါ။

ဟောဒီမှာ မူရင်း

http://mizzimaburmese.com/2013-10-20-17-18-22/2013-10-20-16-34-57/item/45867-2015-06-11-03-01-51



ဦးတင်အေးပြောတာ။ ဘာတဲ့။

(ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့စကားရှိပါတယ်။ It is bloody but unbowed တဲ့။)

ဟာဟ။ ဟုတ်မှလုပ်ပါ ငှက်ကဋ္ဌ ဟုတ်ပေါင် ဥက္ကဋ္ဌကြီးရယ်။ ကြားဖူးနားဝလေးနဲ့ ရမ်းမတုတ်ပါနဲ့ဗျာ။ မသိရင် ကျွန်တော့် လှမ်းမေးလို့ရပါတယ်။ ကျွန်တော် သေသေချာချာ ပြန်ဖြေပေးပါမယ်။

အဲဒါ ဗိုလ်ချုပ်အောင်ဆန်းပြောတာလို့ ဘယ်သူက ခင်ဗျားကို သင်ပေးထားပါလိမ့်။


အဲဒီမူရင်းက ကမ္ဘာကျော်ကဗျာ “Invictus” ထဲကဖြစ်ပြီး ကဗျာဆရာ “William Ernest Henley” ရေးတာ ဖြစ်ပါတယ်။ ဒီ ကဗျာကို ဗိုလ်ချုပ်အောင်ဆန်း (ဒါမှမဟုတ်) ညိုမြ က “အနိုင်မခံ” ဆိုတဲ့ခေါင်းစဉ်နဲ့ ဘာသာပြန်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဘာသာပြန်တာလား၊ အိုးဝေဦးညိုမြ ဘာသာပြန်တာလားဆိုတာ အငြင်းပွားစရာပါ။ ဒီကဗျာလေးကို တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ ဒါပေမဲ့ ကော်မရှင်ဥက္ကဋ္ဌကြီး မသိသေးတဲ့အတွက် ထပ်မံ ဖော်ပြလိုက်ပါတယ်။ နောက်တစ်ခါ သတင်းစာရှင်းလင်းပွဲ လုပ်တဲ့အခါ (အေးဗျာ။ ကျွန်တော်မှားသွားတယ်) လို့ ပြောနိုင်အောင်ပါ။ 

Invictus


Out of the night that covers me,
      Black as the pit from pole to pole,
I thank whatever gods may be
      For my unconquerable soul.

In the fell clutch of circumstance
      I have not winced nor cried aloud.
Under the bludgeonings of chance
      My head is bloody, but unbowed.

Beyond this place of wrath and tears
      Looms but the Horror of the shade,
And yet the menace of the years
      Finds and shall find me unafraid.

It matters not how strait the gate,
      How charged with punishments the scroll,
I am the master of my fate,
      I am the captain of my soul.

နှစ်သုံးရာမှ ပဲ့တင်သံအသံလှိုင်း ကဗျာမှ မောင်သော်က ဘာသာပြန်သည့် ကဗျာ 

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းအပ်သည့်
ညဥ့်နက်သန်းခေါင် အမှောင်တွင်းမှ
အသူရာတမျှ နက်လှသော
ချောက်ကမ်းပါး အတွင်းမှ
ငါ၏ မကြောက်တရားကို
ဖန်တီးထားသည့်
နတ်သိကြားများကို
ငါ ကျေးဇူးဆိုပါ၏။
လောကဓံတရား၏
ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့
ငါသက်ဆင်းကျရောက်
သော်ငြားလည်း
ငါကား မတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းကြောင့်
ငါ၏ ဦးခေါင်းတို့သည်
သွေးဖြင့် ချင်းချင်းနီ၏။
သို့သော် ညွှတ်ကားမညွှတ်။
လောဘ ဒေါသတို့ကြီးစိုးရာ
ဤကမ္ဘာ၏ အခြားမဲ့၌
သေခြင်းတရားသည်
ကြောက်ဖွယ်ငံ့လင့်၏။
သို့သော် ငါ့အား
မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။
နောင်တွင်လည်း
မကြောက်ရွံ့သည်ကို သာလျှင်
အစဉ်တွေ့ရလတံ္တ့။
သုဂတိသို့ သွားရာတံခါးဝသည်
မည်မျှပင်
ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးပုရပိုက်တွင်
ငါ၏ အပြစ်များမည်မျှပင်
ရေးခြစ်ထားစေ
ငါသာငါလျှင် ငါ့ကြမ္မာ၏ အရှင်
ငါသာငါလျှင် ငါ့ဘ၀၏သခင်
ဖြစ်တော့သည်။ 

My head is bloody, but unbowed. ဆိုတာကို ကျွန်တော် ခုနစ်တန်းကျောင်းသားဘ၀က စ ကြားဖူးခဲ့တာပါ။ အင်မတန် နှစ်သက်လို့ ဒီကဗျာကို လိုက်ရှာခဲ့ပါတယ်။ ဒါပေမဲ့ ဒေသကောလိပ်၊ ဒုတိယနှစ်ကျမှ ကဗျာမူရင်းနဲ့ ဘာသာပြန်အပြည့်အစုံကို ရခဲ့ပါတယ်။ ချစ်သူငယ်ချင်း သန့်ထူးက ကျွန်တော့်ကို လက်ရေးနဲ့ ကူးရေးပေးခဲ့ပါတယ်။

အဲဒီကဗျာကို ကျောင်းဆရာဘ၀တုံးက ကျွန်တော် ကိုခင်မောင်စိုးကို ရေးပေးဖူးပါတယ်။ ဒါပေမဲ့ မေ့တောင်နေပါပြီ။ ကိုခင်မောင်စိုးက ကျွန်တော့်လက်ရေးမူရင်းကို အီးမေးနဲ့ ပြန်ပို့ပေးခါမှ မှတ်မိတာပါ။



ဆရာမောင်သော်က ဘာသာပြန်ကို ပိုသဘောကျလို့ မောင်သော်ကရဲ့ ဘာသာပြန်ကို တင်ပေးလိုက်ပါတယ်။

(ကော်ဖီချိန်နားတုံး တင်လိုက်တာ။ မိုးတွေလည်း တအုံးအုံးချနေတယ်။)


အေးငြိမ်း
၁၂ ဇွန်၊ ၂၀၁၅။ ၁၀း၂၀ နာရီ

No comments: