Friday, May 8, 2015
စင်ကာပူနိုင်ငံတွင် အလုပ်လုပ်သူများအတွက် အခွန်ဆောင်ခြင်းအကြောင်း သိကောင်းစရာ
(ကျွန်တော် ဤအကြောင်းကို အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်းစာအုပ်အတွက် ၂၀၀၈ ခုနှစ်က ရေးခဲ့တာ ဖြစ်ပါသည်။  updated information ကို http://www.iras.gov.sg တွင် ဖတ်ရှုကြပါကုန်။ ယခု အလုပ်ရှုပ်နေသဖြင့် ကျွန်တော် update မလုပ်နိုင်သေးပါ။ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်းစာအုပ် ကို updated version ဖြင့်ထုတ်ရန် ထုတ်ဝေသူအား မမကို စုံစမ်းခိုင်းထားပါသည်။ အဆင်ပြေလျှင် ထုတ်ဖြစ်ပါလိမ့်မည်။ ဤကား စကားချပ်)
၁။  ပေးဆောင်ရမည့် အခွန်အခများ
            အောက်ဖော်ပြပါ သတင်းအချက်အလက်များကို စင်ကာပူအစိုးရ Website http://www.iras.gov.sg မှ ထုတ်နုတ် ဖော်ပြထားခြင်း ဖြစ်၏။
            စင်ကာပူတွင် အလုပ်လုပ်သူတိုင်းထံသို့ စင်ကာပူအခွန်ရုံး Inland Revenue Authority of Singapore (IRAS) မှ နှစ်စဉ် အခွန်တောင်းခံလွှာများကို မိမိတို့ အလုပ်လုပ် နေသည့် ကုမ္ပဏီများမှတစ်ဆင့် ပို့လေ့ရှိပါသည်။ ကုမ္ပဏီမှ မိမိဝန်ထမ်းအား IR8A ပုံစံ ထုတ်ပေးရပါသည်။ အလုပ်သမားက ထို IR8A form တွင်ဖော်ပြထားသည့် ၀င်ငွေအတိုင်း IRAS မှ ပို့ပေးသော ပုံစံတွင်ဖြည့်စွက်ကာ နှစ်စဉ် ဧပြီလ ၁၅ ရက်မတိုင်မီ IRAS ရုံးသို့ ပြန်လည် ပေးပို့ ရပါသည်။ အခွန်တောင်းခံလွှာ ပို့ကတည်းက ပုံစံနှင့်တကွ အပိုစာအိတ်
တစ်အိတ်ပါလာကာ ပုံစံထဲတွင် ဖြည့်စွက်ပြီးသောအခါ ထိုစာအိတ်အတွင်းထည့်ကာ စာတိုက်ပုံးထဲထည့်ပြီး ပြန်ပို့လိုက်ရုံသာ ဖြစ်၏။ စာအိတ်ပေါ်တွင် လိပ်စာတပါတည်း ရေးထားပြီး တံဆိပ်ခေါင်းကပ်ရန်လည်း မလိုပါ။
            အခွန်ပေးဆောင်ခြင်းသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသဖြင့် ဤနေရာတွင် ကျွန်တော် ပြည့်စုံနိုင်သမျှ ပြည့်ပြည့်စုံစုံ ဖော်ပြပါမည်။ မိမိနှင့် မသက်ဆိုင်သည်များကို ကျော်ဖတ်သွားကြရန် ဖြစ်ပါ၏။
၂။  မည်သူသည် Income Tax ပေးဆောင်ရန် လိုသနည်း
၁။ စင်ကာပူ နိုင်ငံသား
၂။ ဧည့်နိုင်ငံသား (Singapore Permanent Resident)
၃။ စင်ကာပူနိုင်ငံတွင် ၁၈၃ ရက်ထက် ပိုမိုနေထိုင်သူ (သို့မဟုတ်) အလုပ်လုပ်ကိုင်နေသူ
၃။ ၀င်ငွေခွန် မည်မျှ ပေးဆောင်ရမည်နည်း (၂၀၀၇ ခုနှစ် စာရင်းများအရ)
ဝင်ငွေခွန် ကောက်ခံနိုင်သည့် ၀င်ငွေ (S$)
ပေးဆောင်ရမည့် နှုံး (ရာခိုင်နှုံး) (%)
စုစုပေါင်းပေးဆောင်ရမည့် အခွန် (S$)
ပထမ ၂၀ ၀၀၀
နောက်ထပ် ၁၀ ၀၀၀ တိုင်း
၃.၅၀
၃၅၀
ပထမ ၃၀ ၀၀၀
နောက်ထပ် ၁၀ ၀၀၀ တိုင်း
-
၅.၅၀
၃၅၀
၅၅၀
ပထမ ၄၀ ၀၀၀
နောက်ထပ် ၄၀ ၀၀၀ တိုင်း
-
၈.၅၀
၉၀၀
၃ ၄၀၀
ပထမ ၈၀ ၀၀၀
နောက်ထပ် ၈၀ ၀၀၀ တိုင်း
-
၁၄
၎ ၃၀၀
၁၁ ၂၀၀
ပထမ ၁၆၀ ၀၀၀
နောက်ထပ် ၁၆၀ ၀၀၀ တိုင်း
၁၇
၁၅ ၅၀၀
၂၇ ၂၀၀
ပထမ ၃၂၀ ၀၀၀
နောက်ထပ် ၃၂၀ ၀၀၀ တိုင်း
-
၂၀
၄၂ ၇၀၀
တစ်နှစ်လျှင် လခ နှစ်သောင်းအောက်သာရသော Work Permit သမားများ အနေနှင့် စင်ကာပူအစိုးရသို့ ၀င်ငွေခွန် ပေးဆောင်ရန် မလိုပါ။ ပေးပင် မပေးဆောင်ရသော်ငြား မိမိတို့ဝင်ငွေ မည်မျှရှိသည်ကိုမူ အခွန်ရုံးသို့ ဖော်ပြရမည်ဖြစ်ပါ၏။ ထိုအခါ အခွန်ရုံးက မိမိသည် ထိုနှစ်အတွက် အခွန်ပေးဆောင်ရန် S$ 0.00 သာ ရှိပါသည်ဟု အကြောင်းပြန်လိမ့်မည် ဖြစ်ပါ၏။ မိမိသည် ထိုနှစ်အတွက် အခွန်ပေးဆောင်ရန် မလိုကြောင်း ထိုစာ (Income Tax Statement) ကို သေသေချာချာ သိမ်းထားရပါလိမ့်မည်။ အကြောင်းတစုံတရာ ပေါ်ပေါက်လာပါက ပြနိုင်ရန် ဖြစ်၏။ တစ်နှစ်လျှင် ၀င်ငွေ နှစ်သောင်းအထက် ရသူများသည် အထက်ပါ ဇယားအတိုင်း အချိုးကျ ပေးဆောင်ရန် ဖြစ်၏။ ၀င်ငွေခွန်ပေးဆောင်ရာတွင်လည်း အလွန်လွယ်ကူပါသည်။ စာတိုက်တွင်ပေးဆောင်၍ ရသလို နေရာတိုင်းလိုလိုတွင် ရှိသည့် SAM (Selfservice Automated Machine) များတွင်လည်း ပေးဆောင်နိုင်ပါသည်။ သို့မဟုတ် Internet Banking ဖွင့်ထားသူများအဖို့မူ မိမိစားပွဲပေါ်မှနေပြီး ကျသမျှငွေကို ရိုက်ထည့်ကာ ကလစ်နှိပ်လိုက်ရုံသာ ဖြစ်ပါသည်။ သို့ မဟုတ်ပါကလည်း Bank GIRO လျှောက်ထားလိုက်ပါက မိမိ account အတွင်းမှနေ၍ သူ့ဟာသူ အလိုလိုဖြတ်သွားလိမ့်မည် ဖြစ်ပါသည်။
၎။  အခွန်ပေးဆောင်ရန် မလိုသော (အခွန်ပေးဆောင်ရာတွင် နှုတ်ထားနိုင်သည့်) ကြေးငွေများ
            မိမိဝင်ငွေများအားလုံး (Gross Income) ကို အခွန်ပေးဆောင်ရန်မလိုဘဲ ကျသင့် သလောက် (Taxable Income) ကိုသာ ပေးဆောင်ရမည် ဖြစ်ပါသည်။ ကျသင့်သလောက် ဆိုသည်မှာ မိမိဝင်ငွေများထဲမှ မိမိကိုယ်တိုင်၏ ၀င်ငွေအတွက်လည်းကောင်း၊ မိမိဇနီး အတွက် လည်းကောင်း၊ မိမိသားသမီးများအတွက် လည်းကောင်း၊ မိမိနှင့် အတူနေ မိဘများ၊ ယောက္ခမများအတွက် လည်းကောင်း၊ အဖိုးအဖွားများအတွက် လည်းကောင်း အတိုင်းအတာတစ်ခုထိ နှုတ်ထားနိုင်ပါသည်။ မည်မျှ နှုတ်နိုင်သည်ကို အောက်တွင် ဇယား များဖြင့် ဖော်ပြထားပါ၏။ မိမိဝင်ငွေထဲမှ နှုတ်လို့ရသမျှနှုတ်ပြီး ကျန်သောငွေပေါ်တွင်သာ အခွန်ပေးဆောင်ရန် လိုပါသည်။
အခွန်ဆောင်ရန် ငွေတွက်ချက်ရာတွင် မိမိဝင်ငွေခွန်ထဲမှ နှုတ် နိုင်သော ပမာဏများ
၁။ မိမိအတွက် (လျှော်လိုက်သည့် ၀င်ငွေခွန်)
အသက် ၅၅ နှစ်အောက်
S$ ၁၀၀၀
အသက် ၅၅ မှ ၅၉ ထိ
S$ ၃၀၀၀
အသက် ၆၀ နှင့် အထက်
S$ ၄၀၀၀
အကယ်၍ မိမိသည် မသန်မစွမ်း ဖြစ်ပါက -
အသက် ၅၅ နှစ်အောက်
S$ ၂၀၀၀
အသက် ၅၅ မှ ၅၉ ထိ
S$ ၅၀၀၀
အသက် ၆၀ နှင့် အထက်
S$ ၆၀၀၀
၂။ မိမိ၏ ဇနီးအတွက် -
            သာမန် ဇနီးအတွက် - S$ ၂၀၀၀
            ခြေလက်အင်္ဂါ မသန်စွမ်းသော ဇနီးသည်အတွက် - S$ ၃၅၀၀
      မှတ်ချက်။    ။ အကယ်၍ ဇနီးသည် သည် အလုပ်လုပ်သူ ဖြစ်ပါက လခ S$၂၀၀၀ အောက်ရသူ ဖြစ်ရပါမည်။
၃။ မိမိ၏ သားသမီးများ အတွက် (မိမိ၏ သားသမီးအရင်းများသာမက တရားဝင် မွေးစား သားသမီးများအတွက် ပါ ပါဝင်ပါသည်။) – 
ခြေလက် သန်စွမ်းသော အောက်ဖော်ပြပါ သားသမီး/မွေးစား သားသမီးများ (Qualifying Child Relief – QCR) အတွက် -
၁။ မိမိထောက်ပံ့နေရသော အသက် ၁၆ နှစ်အောက် အိမ်ထောင်မရှိသူ
၂။ အချိန်ပြည့် ကျောင်းတက်နေသော အသက် ၁၆ နှစ်ကျော် အိမ်ထောင်မရှိသူ
၃။ အကယ်၍ သားသမီးသည် အလုပ်လုပ်နေပါက လခS$၂၀၀၀ ထက် မကျော်သူ
သားသမီး ကြီးစဉ်ငယ်လိုက်
နှုတ်နိုင်သော ပမာဏ QCR Allowable
ပထမ၊ ဒုတိယ နှင့် တတိယ ကလေး
တစ်ဦးလျှင် S$ ၂၀၀၀ ကျစီ
စတုတ္ထ ကလေး
S$ ၂၀၀၀
ခြေလက် မသန်စွမ်းသော၊ စိတ်မူမှန်သော လက်မထပ်ရသေးသူ သားသမီးများအတွက်မူ S$ ၃၅၀၀ နှုတ်လို့ရပါ၏။
အကယ်၍ ကလေးများ၏ မိခင်သည် အလုပ်လုပ်နေသူ ဖြစ်ပါက ထိုအတွက် ထပ်မံခံစားခွင့် (Working Mother’s Child Relief – WMCR) ကို အောက်ပါအတိုင်း သတ်မှတ်ထား ပါသည်။
သားသမီး ကြီးစဉ်ငယ်လိုက်
နှုတ်နိုင်သော ပမာဏ WMCR Allowable
ပထမ ကလေး
မိခင် ၀င်ငွေ၏ ၅ ရာခိုင်နှုံး
ဒုတိယ ကလေး
မိခင် ၀င်ငွေ၏ ၁၅ ရာခိုင်နှုံး
တတိယ ကလေး
မိခင် ၀င်ငွေ၏ ၂၀ ရာခိုင်နှုံး
စတုတ္ထ ကလေး
မိခင် ၀င်ငွေ၏ ၂၅ ရာခိုင်နှုံး
အများဆုံး ခံစားနိုင်ခွင့်
ကလေးတစ်ဦးလျှင် S$ ၂၅ ၀၀၀ ကျစီ
၎။ အောက်ပါ မိမိ၏ သို့မဟုတ် မိမိခင်ပွန်း/ဇနီးသည်၏ မိဘ/မသန်မစွမ်း မိဘ/အဖိုး၊ အဖွားများ အတွက် -
၁။ အခွန်ပေးဆောင်ရမည့် နှစ်တွင် စင်ကာပူနိုင်ငံအတွင်း နေထိုင်သူ
၂။ အသက် ၅၅ နှစ်နှင့် အထက် သို့မဟုတ် ရုပ်ပိုင်း/စိတ်ပိုင်း ချို့ယွင်းနေသူ
၃။ မိဘ တစ်ဦးလျှင် ၀င်ငွေ S$ ၂၀၀၀ ထက် မပိုသူ (လခ သို့မဟုတ် ပင်စင်လခ သို့မဟုတ် အတိုးနှုံး စသည်)
သာမန် မိဘများ အတွက်
ခြေလက်မသန်စွမ်းသူ မိဘများအတွက်
မိမိနှင့် အတူမနေလျှင်
S$ ၃၅၀၀
S$ ၆၅၀၀
မိမိနှင့် အတူနေလျှင်
S$ ၅၀၀၀
S$ ၈၀၀၀
၅။ ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်း ချို့ယွင်းနေသူ ညီအစ်ကို၊ မောင်နှမများအတွက် -
            မိမိ သို့မဟုတ် မိမိအိမ်ထောင်ဘက်၏ ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်း ချို့ယွင်းနေသူ အောက်ဖော်ပြပါ ညီအစ်ကို၊ မောင်နှမများ အတွက် တစ်ဦးလျှင် S$ ၃၅၀၀ နှုတ်ခွင့် ရှိသည်။
            ၁။ မိမိနှင့် တစ်အိမ်ထဲတွင် အတူနေထိုင်သူ
            ၂။ ၀င်ငွေ S$ ၂၀၀၀ ထက် မပိုသူ
၆။ အထက်ဖော်ပြပါ နှုတ်ပိုင်ခွင့်များအပြင် အောက်ပါတို့ကိုလည်း မိမိဝင်ငွေမှ နှုတ် နိုင်ပါသည်။
            ၁။ CPF (အများဆုံး နှုတ်နိုင်သော ပမာဏ - တစ်လလျှင် S$ ၄၅၀၀)
            ၂။ မိမိအတွက် သို့မဟုတ် မိမိအိမ်ထောင်ဖက်အတွက် အသက်အာမခံ
              (အသက်အာမခံကြေး၏ ၇ %)
            ၃။ မိမိလုပ်ငန်းနှင့် ပတ်သက်ဆက်နွယ်နေသော သင်တန်းတစ်ခုခုကို တက်နေလျှင်  
              သင်တန်းကြေးကို (အများဆုံး S$ ၃၅၀၀ ထိ) နှုတ်နိုင်ပါသည်။
            ၄။ ခင်ပွန်းဖြစ်သူနှင့် အတူနေသူ အမျိုးသမီး ဖြစ်ပါက (သို့မဟုတ်) မိမိခင်ပွန်း စင်ကာပူနိုင်ငံတွင် ရှိမနေပါက (သို့မဟုတ်) သားသမီးများနှင့် အတူနေသော တစ်ခုလပ် (သို့မဟုတ်) မုဆိုးမ ဖြစ်ပါက ထို အမျိုးသမီး သည် မိမိငှားရမ်းထားသော အိမ်ဖော်အတွက် ပေးဆောင်နေရသည့် levy ၏ နှစ်ဆကို နှုတ်နိုင်ပါသည်။
ဤတွင် နမူနာ ကြည့်နိုင်စေရန် IR8A ပုံစံကို ထည့်သွင်းဖော်ပြလိုက်ပါသည်။ နောက်တစ်မျက်နှာတွင် ကြည့်ပါရန်။
1 comment:
Witmone said...
How to pay tax, in Singapore. Good Article. Here is how to avoid tax in Singapore & Myanmar
http://mingalaronline.biz/stories/tax.to.avoid.or.pay.htm