Friday, May 8, 2015

လူအားဖြင့် ပစ္စည်းမ,ခြင်း

Toolbox Meeting များတွင် အလုပ်သမားများ သိသင့်သိထိုက်သည်တို့ကို တစ်ခုမဟုတ် တစ်ခု ကျွန်တော် ပြောပြလေ့ ရှိ၏။ သည်ကနေ့ Toolbox Meeting တွင် လူအားဖြင့် ပစ္စည်းမသောအခါ လူခန္ဓာကိုယ်ကို မနာကျင်၊ မထိခိုက်စေရန် မည်ကဲ့သို့ မ,ရမည်ကို သင်ပြပေး၏။

အဘယ်ကြောင့် စနစ်တကျ မ,ရန် လိုအပ်သနည်း


ကျောရိုးများမှာ တစ်ဆက်တည်းမဟုတ်မူ၍ အရိုးဆစ်ကလေးများကို အရွတ်များကြားခံလျှက် တစ်ခုနှင့်တစ်ခု ဆက်ထားခြင်း ဖြစ်၏။ ထို့ကြောင့် သန်မာခြင်းမရှိ။ ပစ္စည်းမ,သည့်အခါ ထိုကျောရိုးများကို အားထား၍ မ,လျှင် အရွတ်များသော်လည်း ကောင်း၊ အရိုးအဆက်များတွင်သော်လည်းကောင်း ပြဿနာတက်တတ်သည်။ ထိုအခါ ခါးနာခြင်း တည်းဟူသော ခံရခက်သည့် ရောဂါ ရလေသည်။ ထို့ကြောင့် ခါးနာသည့်ဝေဒနာ မခံစားရလေအောင် မိမိကိုယ်ကိုယ် ဂရုစိုက်ဘို့ လို၏။ အဘယ်ကဲ့သို့ ဂရုစိုက်ရမည်နည်း။ ပစ္စည်း မ,သည့်အခါ စနစ်တကျ မ,ပါ။





စနစ်တကျ ပစ္စည်း မ,ခြင်း

မှတ်ရလွယ်စေရန် အတိုချုပ်၍ လိုရင်းကိုသာ ရေးပါမည်။

၁။ ပစ္စည်းကို မသယ်မီ မည်သည့်နေရာ၌ ပစ္စည်းချမည်ကို ဦးစွာလေ့လာပါ။ ပစ္စည်းချမည့်နေရာကို ရှင်းလင်းထားပါ။
၂။ မည်သည့်လမ်းကြောင်းမှ ပစ္စည်းသယ်မည်ကို သိပါ။ ပစ္စည်းသယ်မည့် လမ်းကြောင်းတွင် မည်သည့် ခလုတ်ကန်သင်းမှ မရှိပါစေနှင့်။ ထိမည့်ခိုက်မည့် ပစ္စည်းပစ္စယများအားလုံးကို ရှင်းထားပါ။
၃။ မိမိသယ်မည့်ပစ္စည်းသည် မည်မျှလေးသည်ကို ခန့်မှန်းပါ။ လူတစ်ဦးသယ်နိုင်သည့် ၀န်၏ အလေးချိန်ကို ကီလို ၂၀ မှ ၂၅ ကီလို ဟု သတ်မှတ်ထားပါသည်။  
လူတစ်ဦးသယ်နိုင်သည့် ၀န် အလေးချိန်
ကီလို ၂၀ = ၄၄ ပေါင် = ၁၂ ပိသာ
၂၅ ကီလို = ၅၅ ပေါင် = ၁၅ ပိသာ
၎။ အကယ်၍ ၀န်သည် မိမိသယ်နိုင်သည်ထက် ပိုလေးနေပါက နှစ်ယောက်မ,ရန် အကူအညီခေါ်ပါ။ လက်တွန်းလှည်း စသည်တို့ ရှိလျှင်လည်း သုံးနိုင်ပါသည်။
၅။ အကယ်၍ မိမိသယ်နိုင်သော ၀န် ဖြစ်ပါက အောက်ပါအတိုင်း စနစ်တကျ မ,ပါ။
၆။ ပစ္စည်းသယ်နေစဉ်တစ်လျှောက်လုံး ခါးကို လုံးဝ မကွေးပါနှင့်။
၇။ ၀န်ကို ခန္ဓာကိုယ်နှင့် အနီးဆုံး ကပ်ထားပါ။ လုံးဝမခွာပါနှင့်။
၈။ ၀န်ကိုသယ်သွားစဉ် ခါးကိုသုံး၍ ကိုယ်ကို မလှည့်ပါနှင့်။ ကွေ့လိုပါက ခြေကိုသုံး၍ တစ်ကိုယ်လုံး လှည့်ပါ။
၉။ ပစ္စည်းသည် မိမိမြင်ကွင်းကို ကွယ်မနေပါစေနှင့်။
၁၀။ ပစ္စည်းထားမည့်နေရာနှင့် အနီးဆုံးရောက်အောင် သွားပါ။
၁၁။ ပစ္စည်းကိုချသည့်အခါ ဒူးကိုကွေးပြီး ထိုင်ပါ။ ခါးမကုန်းပါနှင့်။





မှတ်သားရန်အချက်များ

၁။ ပစ္စည်းသယ်နေစဉ် ဦးခေါင်းကို မတ်မတ်ထားပါ။
၂။ ပစ္စည်း၏ အလေးဆုံးအပိုင်းကို ကိုယ်နှင့်အနီးဆုံးနေရာတွင် ထားပါ။
၃။ သယ်ရမည့်နေရာသည် ဝေးလျှင် လမ်းခုလတ်၌ နားရန် (ပစ္စည်းတင်ရန်စားပွဲ) စသည် စီစဉ်ထားပါ။
၎။ ပစ္စည်းသယ်နေစဉ် တလျှောက်လုံး ၀န်ကို မိမိကိုယ်နှင့် အနီးဆုံးတွင်ထားပါ။ မည်သည့်အခါမှ မခွာပါနှင့်။
၅။ ခြေနှစ်ချောင်းကို ခွာထားပါ။ ခန္ဓာကိုယ် တည်ငြိမ်မှုရရန် ခြေကို ရှေ့သို့အနည်းငယ် ထုတ်ထားပါ။







မိတ်ဆွေအပေါင်း ခါးနာကင်းကြပါစေ။

အေးငြိမ်း
၇ မေ၊ ၂၀၁၅။ နေ့လည် ၁း၃၇ နာရီ

No comments: