Sunday, May 3, 2015

ကဆုန်လပြည့် ဗုဒ္ဓနေ့

ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နန်းနိဗ္ဗာန် ဟူသောစကားအရ ဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် အရေးကြီးသည့် အမှုကိစ္စ လေးခု ဖြစ်သော ၁။ ဒီပင်္ကရာမြတ်စွာဘုရားထံ၌ ဗျာဒိတ်ခံယူတော်မူခြင်း၊ ၂။ မွေးဖွားသန့်စင်တော်မူခြင်း၊ ၃။ သမ္မာသဗ္ဗုဒ္ဓ ဘုရားရှင်အဖြစ် ရောက်ရှိတော်မူခြင်း၊ ၄။ ပရိနိဗ္ဗာန် စံဝင်တော်မူခြင်း စသည်တို့ကို ကဆုန်လပြည့်နေ့တွင် ဆောင်ရွက်တော်မူခဲ့၏။ ထို့ကြောင့် ထို ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အဖို့ အရေးကြီးသော နေ့ထူးနေ့မြတ်တစ်ခု ဖြစ်ပေသည်။

ကျွန်ုပ်ပြောလိုသည်မှာ ထိုနေ့၌ မြတ်စွာဘုရားသည် အဘယ်ကဲ့သို့ ဗျာဒိတ်ခံခဲ့သည်၊ အဘယ်ကဲ့သို့ ဖွားမြင်ခဲ့သည် စသည့် အကြောင်းခြင်းရာများ မဟုတ်။ ဗုဒ္ဓဘာသာဝင်မှန်က ထိုအကြောင်းအရာများကို အားလုံး ရင်းနှီးပြီး၊ ကြားဖူးပြီး၊ သင်ယူလေ့လာဖူးပြီး ဖြစ်၏။ မသိသေးလျင်တောင်မှ ထိုအကြောင်းရေးထားသည့် စာအုပ်စာတမ်းများမှာ မိမိလက်လှမ်းတမီ၌ ရာနှင့်ချီရှိသည်။

ယခု ကျွန်ုပ်ပြောလိုသည်မှာ ထိုအလွန်အရေးကြီးလှသော ကဆုန်လပြည့်နေ့သည် မြတ်စွာဘုရား၏ နှစ်ပတ်လည် မွေးနေ့ဖြစ်ရေး ပင်ဖြစ်၏။

ဆိုလိုသည်မှာ အကြင်သူတစ်ဦးတစ်ယောက်သည် ၁၉၉၄ ခုနှစ် မေလ ၁၁ ရက်နေ့က မွေးခဲ့သည်ဆိုပါစို့။ ၎င်း၏မွေးနေ့များမှာ ၁၉၉၅ မေလ ၁၁ ရက်နေ့၊ ၂၀၀၀ ပြည့် မေလ ၁၁ ရက်နေ့၊ ၂၀၁၅ ခုနှစ် မေလ ၁၁ ရက်နေ့ စသည်ဖြင့် ၎င်း မွေးခဲ့သည့်နှစ်မှ နှစ်တစ်ပတ် လည်သည့် နေ့များ ဖြစ်ရပေမည်။ နှစ်တစ်ပတ်လည် ဆိုသည်မှာ ၃၆၅ ရက်ကို ဆိုလို၏။ သို့သော် ကမ္ဘာကြီးက နေကိုပတ်၍ တစ်ပတ်လည်သည့်အချိန်မှာ ၃၆၅ ရက်ကွက်တိမဟုတ်ဘဲ ၆ နာရီခန့်စွန်းနေပေသေးရာ ထိုအစွန်းထွက် ၆ နာရီကို ပြန်လည် ချိန်ညှိရန် ၄ နှစ်ပြည့်တိုင်း တစ်ရက်တိုးပေးရသည်။ ဤကဲ့သို့ တိုးရမည်ကို မသိနားမလည်သောကြောင့် တစ်နှစ်ကို ၃၆၅ ရက်ဟုသာ တွက်ခဲ့ပါက ၄ နှစ်ပြည့်တိုင်း တစ်ရက်လွဲနေပေလိမ့်မည်။ ထိုအခါ အစိုးရအရာရှိမင်းများ ထုတ်ပြန်ထားသည့် ပြက္ခဒိန်ကို အမှန်ဟုလက်ခံထားသော အထက်ဖော်ပြပါ ပုဂ္ဂိုလ်အနေနှင့် ၎င်း၏ မွေးနေ့များကို အလွဲလွဲအမှားမှား ကျင်းပနေမိပေလိမ့်မည်။ ဤကဲ့သို့ အီစတာပွဲတော်ရက်များကို အလွဲလွဲအမှားမှား ကျင်းပခဲ့မိသော သက်သေသာဓကများလည်း ရှိခဲ့ဖူးပြီ။ (ပိုမို၍ အသေးစိတ်သိလိုသူများ ကျွန်ုပ်၏ မြန်မာပြက္ခဒိန်စာအုပ်ကို ၀ယ်ဖတ်ကြပါ။)

ထို့အတွက် ကျွန်ုပ်တို့သည် လွန်ခဲ့သော နှစ်ပေါင်း ၂၆၃၉ နှစ်က မွေးဖွားခဲ့သော ဗုဒ္ဓ၏မွေးနေ့သည် ယနေ့အခါ မည်သည့်နေ့နှင့် ထပ်တူကျသနည်း၊ မည်သည့်နေ့သည် နှစ်ပတ်လည် မွေးနေ့ဖြစ်သနည်းဟု သိဘို့ရာ စိတ်ဝင်စားစရာ မကောင်းပါလော။ အမှန်ပင် ကောင်း၏။ အဘယ်ကြောင့်ကောင်းသနည်း။ အကယ်၍ ကျွန်ုပ်တို့သည် မှန်ကန်ညီညွတ်သော မြန်မာပြက္ခဒိန်တစ်ရပ်ကို မစီရင်နိုင်ပါက တစ်နည်းအားဖြင့် လက်ရှိသုံးနေသည့် ပြက္ခဒိန်သည်မှားယွင်းနေပါက ကဆုန်လပြည့်နေ့ကို မှားယွင်းဖော်ပြမိမည်။ ဤကဲ့သို့ မှားယွင်းဖော်ပြမိပါက အရေးကြီးလှသည့် ဗုဒ္ဓနေ့ကို နေ့လွဲကြီး၌ ကျင်းပနေမိပေလိမ့်မည်။

ယခုနှစ် (၁၃၇၇) ၏ နှစ်ဆန်းတစ်ရက်နေ့သည် တန်ခူးလကွယ်နေ့ ဖြစ်၏။ ထို့ကြောင့် ၁၃၇၇ နှစ်ဆန်းစ အခါသမယတွင် တန်ခူးလ တစ်လလုံး ပျောက်ကွယ်နေပေသည်။ ၁၃၇၇ ၏ ပထမဆုံးလသည် တန်ခူးလမဟုတ်မူ၍ ကဆုန်လဖြစ်နေကြောင်း ကျွန်ုပ်၏ “နှစ်သစ်၊ လူသစ်၊ စနစ်သစ်” ၌ အကျဉ်းမျှ ဖော်ပြခဲ့ဖူးပြီ။

Ref:


၁၃၇၇ ကို တန်ခူးဖြင့်မစဘဲ ကဆုန်ဖြင့်စလိုက်ခြင်းကြောင့် ကဆုန်လပြည့်သည်လည်း စောစီးစွာရောက်ရှိလာခဲ့သည်။ ဆိုလိုသည်မှာ သွားရိုးသွားစဉ် တန်ခူး၊ ကဆုန် စသဖြင့်သွားပါက ကဆုန်လပြည့်သည် နှစ်ဆန်းသည်မှ ၄၄ ရက် သို့မဟုတ် ရက် ၄၀ ခန့်တွင် ရှိရပေလိမ့်မည်။ ယခုတော့ သင်္ကြန်ကျပြီးတာ ဘာမှမကြာသေး၊ ကဆုန်လပြည့်က နောက်က ကပ်လိုက်လာပေသည်။ ၁၃၇၇ ခုနှစ် ကဆုန်လပြည့်နေ့မှာ မေလ ၂ ရက်နေ့ဖြစ်သည်ဟု မြန်မာပြက္ခဒိန်၌ ပြဆိုထားသည်။



အခြားနိုင်ငံများ၌ မည်သည့်နေ့တွင် ကဆုန် လပြည့်သနည်း။

ကဆုန်လပြည့်နေ့ကို  Vesākha (Pali;Sanskrit: Vaiśākha, Devanagari: वैशाख,Sinhala:වෙසක්), Wesak or Vesak, Buddha Purnima, Buddha Day ခေါ်ကာ သီရိလင်္ကာ၊ နီပေါ၊ တိဗက်၊ ဘင်္ဂလားဒက်ရှ်၊ ဘူတန်၊ အိန္ဒိယ၊ ထိုင်း၊ ကမ္ဗောဒီးယား၊ ဗီယက်နမ်၊ လာအို၊ မလေးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား စသည့်နိုင်ငံများ၌ ဘာသာရေးအခမ်းအနားများ ကျင်းပကြကြောင်း အွန်လိုင်း စွယ်စုံကျမ်း ၀ီကီပိဒိယ၌ ဖော်ပြထား၏။

ယခုနှစ်အတွက် အိန္ဒိယ၌ကျရောက်သော ကဆုန်လပြည့် (Buddha Purnima/Vesak) နေ့မှာ  မေလ ၄ ရက်နေ့ ဖြစ်၏။ နီပေါနှင့် အိန္ဒိယမှာ vesak day ချင်းတူသည်။ အခြားနိုင်ငံများမှ Vesak day များမှာ အောက်ပါအတိုင်းဖြစ်၏။ 


၎င်းတို့ အဘယ်အပေါ်အခြေခံတွက်ကြသည်ကို ကျွန်တော်မသိပါ။ သို့နှင့် မြန်မာပြည် (ရန်ကုန်) ၏ နေ၀င်၊ လထွက်ချိန်၊ လပြည့်ချိန် များကို ကျွန်တော်စေ့ငုကြည့်သောအခါ အောက်ပါအတိုင်း တွေ့ပါသည်။

Time and Date website အရ ရန်ကုန်မြို့တွင် မေလ ၂ ရက်နေ့ ညနေ ၆း၂၅ နာရီ၌ နေ၀င်ပြီး ညနေ ၄း၅၉ နာရီ၌ လထွက်သည်။ ထိုရက် ( မေလ ၂ ရက်နေ့) ၌ လမှာ မပြည့်သေးဘဲ ၉၇.၉% သာရှိသေးသည်။ တကယ်လပြည့်ချိန် ၁၀၀% မှာ မေလ ၄ ရက်နေ့ ကျမှ ဖြစ်၏။ သို့သော် မေလ ၄ ရက်နေ့ နေ့ခင်းပိုင်းတွင်လပြည့်ရာ မေလ ၃ ရက်နေ့ည (လပြည့်ခြင်း ၉၉.၈%) ကို လပြည့်ဟု ယူဆ၍ ရပါသည်။ ရှေးပညာရှိကြီးများကလည်း ထိုအတိုင်းပင် ယူခဲ့ကြ၏။ ထို့ကြောင့် တကယ်ဖြစ်ရမည့် ကဆုန်လပြည့်နေ့မှာ ၂၀၁၅ ခုနှစ် မေလ ၃ ရက်နေ့သာ ဖြစ်သင့်ပါသည်။ (မေလ ၂ ရက်နေ့မဟုတ်ပါ။) သို့မဟုတ် နောက်တစ်လဖြစ်သည့် လပြည့်ချိန် ၉၈.၈% ရှိသော ဇွန်လ ၁ ရက်သို့မဟုတ် လ လုံးဝပြည့်သော ဇွန်လ ၂ ရက်နေ့သာ ဖြစ်သင့်ပါသည်။
            ၁၃၇၇ ခုနှစ် ကဆုန်လသည် မေလ ဖြစ်သင့်သလော ဇွန်လဖြစ်သင့်သလောဆိုသည်ကို တွက်ကိန်းများဖြင့် သေသေချာချာ တွက်ယူသင့်ပါသည်။ ပညာရှိများ တွက်ချက်ကြပါကုန်။

မှတ်ချက်။            ။ မြန်မာစံတော်ချိန်ကို အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ၊ ၃၀ မိနစ် ဟု သတ်မှတ်ထားသဖြင့် အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ၊ ၁၀မိနစ်သာရှိသည့် ရန်ကုန်လ၀င်၊ လထွက်မှာ မြန်မာစံတော်ချိန် လ၀င်လထွက်နှင့် အနည်းငယ် ကွာနိုင်ပါသည်။ သို့တိုင် အများကြီးမကွာနိုင်ပါ။



သည်အကြောင်း ရေးမည်ဆို အများကြီး ဖြစ်ပါသည်။

ယခုတော့ သည်မျှနှင့် နားပါဦးမည်။
ကျွန်တော်တို့မြန်မာပြည်သားအပေါင်းသည် သင့်လျော်လျောက်ပတ်၊ မှန်ကန်သင့်မြတ်သည့် မြန်မာပြက္ခဒိန်ကို တစ်နေ့တွင် လက်ဝယ်ပိုင်ပိုင် ရရှိနိုင်ကြပါစေဟု ဆုမွန်ကောင်း တောင်းလိုက်ပါသတည်း။

(ခင်ဗျားတို့ လုပ်နေတဲ့ ကဆုန်လပြည့်နေ့အခမ်းအနားတွေဟာ ရက်လွဲကြီးမှာ လုပ်နေတာဗျ ဟု ပြောသူ မြန်မာတစ်နိုင်ငံလုံး လိုက်ရှာကြည့်ပါက ကျွန်ုပ်တစ်ဦးတည်းသာရှိပါလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်ဤကဲ့သို့ရေးသည်ကို ကောင်းချီးပေးခံရဘို့နေနေသာ တစ်နိုင်ငံလုံးက သုံးနေတာကွာ။ မင်းကျမှ။ အလကား။ သောက်ရူးဟုပင် အဆဲခံရပါလိမ့်ဦးမည်။ မကြိုက်သူများ ဤနေရာမှ ဆဲသာ သွားကြပါခင်ဗျား။ ကျွန်တော့်မှာ ဖြေရှင်းစရာ အဖြေအဆင်သင့်ရှိပါသည်။)

အေးငြိမ်း
၃ မေ၊ ၂၀၁၅။ နေ့လည် ၃း၃၃ နာရီ

Ref:

No comments: