Sunday, March 22, 2015

မစ္စတာလီနှင့် ကျွန်ုပ်အကြောင်း

(၁)

ယခုအခါ စင်ကာပူနိုင်ငံ၏ မွေးသဖခင် ကျေးဇူးရှင်ကြီးသည် သေအံ့မူးမူးအခြေအနေသို့ ရောက်နေပေပြီ။ ၎င်းအတွက် တောင်းဆုပြုသူများရှိသလို ၎င်းလူ့ပြည်မှ ထွက်ခွာသွားမည့်အရေး တွေးတွေးပြီး ပျော်မြူးနေသူများလည်း ရှိ၏။ မည်သို့ပင်ဆိုစေကာမူ သေအံ့မူးမူးဖြစ်နေသူ တစ်ဦး၏ မကောင်းကြောင်းများအား ရေးနေ၊ ပြောနေကြသည်ကို ကောင်းသည့် လုပ်ရပ်ဟု ကျွန်တော် မမြင်မိပါ။ (ကျွန်တော်သည်ပင်လျှင် ဟို ကာတွန်းဖတ်နေသူကြီး သေအံ့မူးမူးဖြစ်နေပြီ ဆိုသည့်သတင်း ကြားရပါက သူ့မကောင်းကြောင်းရေးခြင်းကို သူမသေမီထိ အောင့်အည်းသည်းခံကာ ခေတ္တခဏ ဆိုင်းငံ့ထားလိမ့်မည် ဖြစ်၏။ ဤကားစကားချပ်)
The Real Singapore ဖေ့စ်ဘွတ်တွင် မစ္စတာလီနှင့်ပတ်သက်၍ ရေးကြပြောကြ၊ ငြင်းကြခုံကြ၊ ဟိုးယခင်တုံးက အသာခေါင်းငုံ့နေသူများကလည်း ယခုမှ ထလာကာ လက်သီးလက်မောင်းတန်းကြ လုပ်နေသည်များကို ကျွန်တော် စိတ်မကောင်းပါ။
လူဟူသည် ဘုရားမဟုတ်သည့်အတွက် မည်သူ ခြောက်ပစ်ကင်းနိုင်ပါသနည်း။ ထို့ထက် နိုင်ငံရေးခေါင်းဆောင် လုပ်ရသူများအဖို့ ပိုပြီး မကင်းသေးသည်။ သူသွားမည့်လမ်းမှ ဆူးငြောင့်ခလုတ်များကို ရှင်းဘို့လိုပေလိမ့်မည်။ အရေးကြီးသည်မှာ သူထွင်သည့်လမ်းသည် တိုင်းသူပြည်သားများအတွက် အကျိုးရှိမည့်လမ်း ဖြစ်ဘို့သာ ဖြစ်ပါသည်။ နိုင်ငံ့ခေါင်းဆောင် လုပ်မည့်သူသည် ရဲရင့်ရမည်၊ ပြတ်သားရမည်၊ ဆုံးဖြတ်ချက်မှန်ဘို့လိုသည်။ မဟုတ်တာကို ပြောင်ငြင်းသင့် ငြင်းရမည်။ ထောင်ချသင့်ချရမည်။ မည်သူ့ကိုမှ ငဲ့ညှာနေလို့မရ။ အများပြည်သူ ကောင်းစားဘို့ဆိုလျှင် လုပ်သင့်လုပ်ထိုက်တာ မှန်သမျှ လုပ်ဖို့လိုပေလိမ့်မည်။
ကျွန်တော် LKY ကိုးကွယ်သူမဟုတ်ပါ။ သို့သော် လေးစားမှုအပြည့်ရှိ၏။ ၎င်း၏ဦးဆောင်မှုဖြင့် သူ့အစိုးရသည် စင်ကာပူကို တံငါရွာကလေးမှသည် ကမ္ဘာပေါ်တွင် GDP အရာ၌ ထိပ်နားကပ်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်အောင် လုပ်ပြခဲ့ပြီ မဟုတ်ပါလော။ စင်ကာပူနိုင်ငံ ယခုအခြေအနေ ဖြစ်လာသည်မှာ LKY တစ်ဦးတည်းလုပ်လို့ဟု ကျွန်ုပ်မဆိုလိုပါ။ သို့သော် ရှေ့ဆောင်နွားလား၊ ဖြောင့်ဖြောင့်သွားက၊ နောက်နွားတစ်သိုက်၊ ဖြောင့်ဖြောင့်လိုက်၏ ဆို မဟုတ်လော။ (ကျွန်ုပ်တို့ဆီမှ နွားများမှာ မည်သည့်လမ်းသွားရမှန်းမသိသဖြင့် ကျွန်ုပ်တို့တစ်သိုက်မှာလည်း အိယောင်ဝါးဖြစ်နေရလေ၏။)(ဟေ့လူတွေ၊ ခင်ဗျားတို့ကို နွားလို့ပြောတာမဟုတ်ဘူးနော်။ နာမနေနဲ့ဦး။ ကျုပ်က စကားပုံအရပြောပြတာ။ နွားလို့ မတင်စားစေချင်ရင် ရှေ့ဆောင်လူလား ဖြောင့်ဖြောင့်သွား လို့ ရှေးလူကြီးတွေကိုသာ စကားပုံပြန်ပြင်ခိုင်းပေတော့။)
LKY ၏ မှန်ကန်သောခေါင်းဆောင်မှုအောက်တွင် ၎င်း၏ တော်တည့်ထက်မြက်သော အစိုးရအဖွဲ့ဝင်များ၊ ကြိုးစားကြ သော နိုင်ငံသားများဖြင့် သဘာဝအရင်းအမြစ်ဆိုတာ နတ္ထိ၊ သောက်စရာရေမျှပင် မရှိလေသော ကျွန်းသေးသေးကလေးကို အရှေ့တောင်အာရှတွင် ထိပ်ဆုံးနိုင်ငံဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။ ဤသည်ကို ငြင်းလို့မရ။
သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်းနားနိုင်သည် ဆိုသလို စင်ကာပူ ယခုကဲ့သို့ဖြစ်လာခြင်းသည် ၎င်းတို့ စင်ကာပူ နိုင်ငံသားများအတွက်သာမက အနီးပတ်ဝန်းကျင်မှ နိုင်ငံများအတွက်ပါ အကျိုးရှိလေသည်။ စင်ကာပူနိုင်ငံတွင် မြန်မာမည်မျှ မှီတင်းနေထိုင်ကြသနည်း။ စင်ကာပူနိုင်ငံကိုမှီ၍ မြန်မာမည်မျှ အကျိုးဖြစ်ထွန်းကြသနည်း။ အလွယ်ကလေး တွက်လို့ရပါသည်။
မနက်မနက် PIE လမ်းမကြီးပေါ် တက်ကြည့်လိုက်စမ်းပါ။ ဆိုင်ကယ်များဖြင့် မလေးရှားမှ အလုပ်လာလုပ်သူများကို ၆ လမ်းသွားလမ်းမကြီးနှင့် အပြည့်တွေ့ရပါလိမ့်မည်။ ကျွန်ုပ်တို့ training centre အနီးမှ စွန်းလီကို လာကြည့်လိုက်ပါ။ သရက်ပင်ပေါ်မှ ခါချဉ်အုံထုပ်ကဲ့သို့ ဘယ်နေရာကြည့်ကြည့်၊ ဟိုလူမျိုးများဖြင့် မဲချိပ်နေတာ တွေ့ရပါလိမ့်မည်။
ကျွန်တော် အစိုးရ၀န်ထမ်းဘ၀ဖြင့် (အမေရိကန်တစ်ဒေါ်လာ ၁၄၀ ဈေးလောက်ပေါက်သည့်အချိန်က) အကြွေး နှစ်သိန်းတင်လာသည့်အတွက်၊ သည်ဘ၀ဖြင့် ပြန်ဆပ်ဖို့နေနေသာ၊ သည့်ထက်သာ ပိုဆိုးလာမည့်အရေး တွေးမိသောကြောင့် မတတ်သာ၍ စင်ကာပူထွက်ခဲ့ရသည်။ (ဒါဆိုခုထိ အစိုးရ၀န်ထမ်းလုပ်နေတဲ့သူတွေကရောကွာ ဟု မကဲ့ရဲ့ပါနှင့်ခင်ဗျား။ တစ်ယောက်နှင့်တစ်ယောက် အခြေအနေချင်းမတူပါ။ ကျွန်တော် အစိုးရ၀န်ထမ်းဘ၀နှင့် ဆက်လက်မရပ်တည်နိုင်တာ ကိုယ့် အကြောင်းနှင့်ကိုယ်သာ ဖြစ်ပါသည်။ အခြားသူများကို မဆိုလိုပါ။)
စင်ကာပူတွင် အလုပ်လုပ်၍ တိုက်ခန်းများ ၀ယ်နိုင်သည်။ ရွှေတိုငွေစကလေးများ စုနိုင်သည်။ ကိုယ့်အနီးအနား မရှိဆင်းရဲသူများကို ရော့ကနဲ၊ အင့်ကနဲ အပင်ပန်းမရှိ အနည်းနှင့်အများဆိုသလို ပေးနိုင်သည်။ မမြကြည်က သူတို့ကျောင်း အတွက် ကွန်ပြူတာအလှူခံလာတော့ ကွန်ပြူတာသာမက ပရင်တာ၊ စာကူးစက်များပါ အလွယ်တကူပင် ၀ယ်ယူလှူဒါန်း လိုက်နိုင်သည်။ (ဟေ့လူ၊ ကျုပ်မိန်းမကို သွားမချွန်နဲ့နော။ ဒီကိစ္စ သူမသိသေးဘူး။)
တချို့က LKY ဟိုလူမျိုးများနှင့် ဟိုဘာသာကို နှိပ်ကွပ်သည့်အကြောင်း ကဲ့ရဲ့သင်္ဂြိုဟ်၊ အတင်းဆိုကြ၏။ စင်ကာပူဟူသော ကျွန်းကလေးသည် ထိုဘာသာဝင်များ အများဆုံးနေထိုင်သည့် နိုင်ငံကြီးနှစ်နိုင်ငံအကြား ညပ်နေသည် ဆိုသည်ကို မမေ့ပါလင့်။ အကယ်၍သာ LKY ထိုကဲ့သို့ မနှိပ်ကွပ်ခဲ့ပါက (မောင်းတောတွင် ဟိုအမျိုးသမီးများ စက်သေနတ် ပစ်သလို တစ်ယောက်ကို ကလေး ၁၀ ယောက်၊ ၁၅ ယောက် မွေးသလိုသာ မွေးထုတ်လိုက်ပါက) ယခုလောက်ရှိ စင်ကာပူ တစ်ကျွန်းလုံး ဘာဖြစ်နေလောက်ပြီနည်း။ (သောက်ကျိုးနဲ၊ မွေးလည်းမွေးနိုင်ပါ့။)

(၂)

LKY အကြောင်း မကောင်းပြောသူများမှာ သူရို့နိုင်ငံသားများ ဖြစ်ပါသည်။ (ဖြစ်မည်ထင်ပါသည်။) အဘယ်ကြောင့်နည်း။ ၎င်းတို့သည် -

v ကိုယ့်လယ်မှထွက်သည့် ကိုယ့်ဆန်ကိုပင် ကိုယ်ပိုင်ဆိုင်ခွင့်မရှိဘဲ ဝေစုနှင့်စားသောက်ရသည့်ဘဝ
v နေ့စဉ်လူသုံးပစ္စည်းများဖြစ်သည့် ဆပ်ပြာနှင့် သွားတိုက်ဆေးလောက်ကလေးမျှကိုပင်လျှင် တန်းစီပြီး တိုးဝယ်ရသည့် ဘဝ
v တစ်နှစ်တစ်နှစ်ဆင်းသော အင်ဂျင်နီယာဘွဲ့ရ ၃၅၀ လောက်အတွက် အလုပ်လေးငါးနေရာမျှကို ဆင့်ဟ၀ှာ ခွေးမျှော်သလိုမျှော်ပြီး ရသနိုးနိုးနှင့် ဖြေဆိုနေရသည့်ဘဝ
v အစိုးရမူလတန်းကျောင်းဆိုပြီး နွားတင်းကုပ်လောက်တောင် မကောင်းသည့် အဆောက်အဦများ နိုင်ငံအနှံ့အပြား ရှိနေသည့်တိုင် အနည်းငယ်မှ ဂရုစိုက်ဖော်မရသည့်ဘဝ

ထို့ထက် -

v လူပေါင်း သန်းနှင့်ချီသေကာ သန်းပေါင်းများစွာ ဒုက္ခသုက္ခရောက်သဖြင့် အခြားနိုင်ငံများက လှူပါမည်ဆိုတာကို ငါတို့တိုင်းပြည် ငါတို့ဖြစ်တာ နင်တို့နဲ့ ဘာဆိုင်သလဲဆိုကာ အ၀င်မခံခဲ့သည်ကို သည်အတိုင်းကြည့်နေရသည့်ဘဝ
v သူများတိုင်းပြည်က ဒုက္ခသည်တွေအတွက် လှူသည့်ပစ္စည်းများကို အချောင်နှိုက်ကာ ရောင်းစားတာကို ခံခဲ့ရသည့်ဘဝ
v သူများတိုင်းပြည်က ဒုက္ခသည်တွေအတွက် လှူသည့်ပစ္စည်းများကို စစ်တပ်အတွက်ဆိုကာ အနုကြမ်းစီးသွားသည့် ဘဝ
v တိုင်းသူပြည်သားအများစုက ဒုက္ခရောက်နေသူများအတွက် အပြင်းအထန်ကြိုးစားနေကြစဉ် စိုးစိမျှ စိတ်ဝင်စားဖော် မရပါဘဲလျက် သူများလာကြည့်တော့မှ ထောက်ပံ့ထားသည့် မိုးကာများဖြင့် တဲများဆောက်ပြ၊ မီးစက်များနှိုးပြလျှက် အားလုံးအဆင်ပြေပါသည်ဟု အရှက်မရှိ လိမ်ညာခံရသည့်ဘဝ
v လူအများဒုက္ခသုက္ခရောက်နေသည်ကို စိတ်မ၀င်စား၊ ကမ္ဘာတည်သရွေ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်အောင် ရေးဆွဲထားသည့် so called ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကြီးကို အုံလိုက်ကျင်းလိုက် ထောက်ခံကြသည်ဆိုပြီး အတင်းရော၊ အဓမ္မပါ အတည်ပြုခဲ့သည်ကို မျက်ရည်စက်လက်ဖြင့် ကြည့်နေခဲ့ကြရသည့်ဘဝ

ထို့ထက် -

v ကိုယ့်ဘာသာ လယ်လေး အေးအေးဆေးဆေးလုပ်စားနေတာ နင်တို့ပင်ပန်းတာ ငါတို့မကြည့်ရက်ဘူးဆိုကာ လယ်များအားလုံး လိုက်သိမ်းပေးနေသည်ကို သည်အတိုင်းကြည့်နေလိုက်ရသောဘဝ
v ကလေးများမှာ မြေကြီးပေါ်ထိုင် စာသင်နေရချိန်တွင် စိန်များကို ကထိန်အခါ ပဒေသာပင်သီးသလို သီးနေအောင် ၀တ်လျက် မင်္ဂလာဆောင်ပြသည်ကို တိုင်းသူပြည်သား လူအများမှာ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေရသော ဘဝ
v ကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချကာ နိုင်ငံခြားငွေရှာမည် မစဉ်းစားဘဲ မြေပေါ်မြေအောက်၊ ရေအောက် သယံဇာတများကို တိုးတိုးတိတ်တိတ် လူမသိအောင် အောက်ဈေးဖြင့်ရောင်းစားကာ နိုင်ငံအတွက်နည်းနည်း၊  ကိုယ့်အိတ်ထဲဘို့များများလုပ်၍ တိုင်းပြည်ကို အူအသည်းပြောင်းပြန်လှန်နေသည်အား တိုင်းသူပြည်သားများက သိသိကြီးနှင့် မချိတင်ကဲ ကြည့်နေရသောဘဝ
v မိမိတို့ လွန်လွန်ကျွံကျွံလုပ်ထားသည်များ မဖုံးနိုင်မဖိနိုင်ဖြစ်ပြီး ပြည်သူအများ မခံမရပ်နိုင်၍ အုတ်အော်သောင်းတင်း ဆန္ဒပြသည်ကို သေနတ်နှင့်ဦးခေါင်းတည့်တည့် ပစ်သတ်ခံရသောဘဝ

(ကျွန်ုပ်သာ စိတ်ပေါက်ပေါက်နှင့် အကုန် အူမချေးခါးမကျန် လျှောက်ရေးပြရလျှင် ဓမ္မက္ခန္ဓာပေါင်း ၈ သောင်း ၄ ထောင်ရှိသည့်
 ပိဋကဋ်သုံးပုံထက် နှစ်ဆခန့် ပိုများလောက်သည်။)

-       စသည့်စသည့် ကြက်ဟင်းခါးသီးထက်ခါး၊ ဆင်တုံးမနွယ်ထက်ခါး၊ ယိုးဒယားဖိနပ်စုတ်နှင့်ချက်ထားသော တောအရက်ထက်ခါး၊ အလွန်အင်မတန် ခါးသီးလှသော ဘ၀များကို မတွေ့မကြုံဖူးသေးသောကြောင့်သာ ဖြစ်ပေသည်။

(၃)

ယခု ကျွန်ုပ်တို့မိသားစု စားဝတ်နေရေး ပြေလည်နေသည်မှာ စင်ကာပူ၏ ကျေးဇူးကြောင့် ဖြစ်ပါ၏။ ထို့ကြောင့် မည်သူတို့ မည်မျှပင် မည်သို့ဆိုနေစေကာမူ စင်ကာပူနိုင်ငံအား သည်အခြေအနေရောက်အောင် ပြုလုပ်ပေးခဲ့သော ဘဘကြီးလီနှင့် သူတို့ အစိုးရအဖွဲ့အား ကျွန်ုပ်ကတော့ အလွန်ကျေးဇူးတင်နေမည် ဖြစ်ပါသတည်း။

ဤသို့ဆိုလိုက်သဖြင့် မြန်မာပြည်ကြီးအပေါ် ကျေးဇူးသစ္စာမစောင့်သိဟု ဆိုလိုရာမရောက်ကြောင်း မိတ်ဆွေများ ကောင်းကောင်းသိပါသည်။

(ကျွန်ုပ်ဘ၀နှင့် ကျွန်ုပ်၏ ကိုယ်ပိုင်ခံစားချက်သာဖြစ်ပါသည်။ လွတ်လပ်စွာသဘောကွဲလွဲပိုင်ခွင့် လူတိုင်း၌ရှိ၏။ ကျွန်ုပ်ဤသို့ရေးသည်ကို မကြိုက်ဆိုလျှင်လည်း ကန့်ကွက်ရန်မရှိပါကြောင်း။)

အေးငြိမ်း
၂၁ မတ်၊ ၂၀၁၅။ ည ၁၁း၁၃ နာရီ 

No comments: