Monday, December 15, 2014

စာမရေးဖြစ်ရခြင်း အကြောင်း

ဘလော့ကြွလာ မိတ်သဟာ ချမ်းသာကိုယ်စိတ် မြဲပါစေ။

ရွှေပြည်မပြန်ခင် MOM တင်စရာတွေအပြီးလုပ်နေရတာရယ်၊ ရေဖြူဟောပြောပွဲအတွက် ပြင်ဆင်နေရတာရယ်။ စာအုပ်မိတ်ဆက်ပွဲမှာ ပြောဘို့ဆိုဘို့ စာတွေရေး၊ ဆလိုက်တွေပြင် နေရတာရယ်၊ စသဖြင့် အလုပ်ရှုပ်နေတာနဲ့ စာမရေးဖြစ်တာ အတော်ကြာသွားပါတယ်။

ရေဖြူ (တနင်္သာရီတိုင်း) က ကျောင်းသုံးကျောင်းမှာ ပြောဘို့လို့ ကိုစံပွင့်က စီစဉ်ထားပါတယ်တဲ့။ အဆင်ပြေရင် နောက်ထပ်တစ်ကျောင်းမှာပါ ပြောဘို့ လုပ်ပေးပါမတဲ့။ ကောင်းပါလေ့။

ကျွန်တော်ပြောမှာက ကလေးတွေ၊ ဆရာဆရာမတွေနဲ့ ကျောင်းသားမိဘတွေ ပညာရေးအပေါ်ထားတဲ့ သဘောထားတွေ ပြောင်းဘို့ပါ။ ကျောင်းကို မည်ကာမတ္တ၊ ၀တ်ကျေတန်းကျေ တက်တာမဟုတ်ဘဲ။ စာကိုလည်း တာဝန်ကျေသင်တာမဟုတ်ဘဲ တကယ့်ပညာကို တန်ဘိုးထားပြီး တလေးတစားနဲ့ သင်ယူလေ့လာကြဘို့၊ ကျောင်းသင်ခန်းထဲကစာကို လက်တွေ့နဲ့ ဆက်စပ် အသုံးချ တတ်ဘို့ စတာတွေပေါ့ဗျာ။ တစ်ခါတည်းပြောရုံနဲ့တော့ ဘယ် ချက်ချင်းပြောင်းဘို့ ဖြစ်နိုင်မလဲဗျာ။ ဒီလို ဖြည်းဖြည်းချင်း လုပ်ယူရမှာပေါ့။

ဟိုမှာပြောမှာတွေ လောလောဆယ်တော့ မတင်သေးပါဘူး။ ရန်ကုန်က ပြန်လာမှ တင်လိုက်ပါမယ်။ အခုတော့ အားလုံးလိုလို ပြီးသွားပါပြီ။ အနို့ လုပ်ပြီဆို ကျုပ်က နောက်က ကျားလိုက်လာသလို လုပ်တတ်သကိုးဗျ။ အဲဒါနဲ့ ၁၀ ရက်နေ့ညက သမီးတို့ကျောင်း (Republic Poly) မှာ Cultural show ရှိတာနဲ့ သွားကြည့်လိုက်သေးတယ်။ အရှိန်မသတ်နိုင်လို့ မနေ့ညက Exodus သွားကြည့်တယ်။ ကောင်းတော့ကောင်းပါတယ်၊ ဒါပေမဲ့ သိပ်မကြိုက်ပါဘူးဗျာ။ အမှန်က The Hobbit ကြည့်ချင်တာ။ ပြန်မှာက ၁၈၊ The Hobbit က ၁၉ ဆိုတော့ မမီတော့ဘူး။

ဒီတော့ မပြန်ခင် လက်စမသပ်ရသေးတဲ့ ECO ကို အပြီး လက်စသပ်သွားမယ်။ နောက်ပြီး ရေးစရာလေးတွေလည်း ရှိသေးတယ်။ အဲဒါလေးတွေလည်း ရေးချင်သေးတယ်။

အမှန်က ၂၀၁၄ ထဲမှာ welding စာအုပ် အနည်းဆုံး တစ်အုပ်လောက်ပြီးအောင် ရေးဘို့ပဲ။ ဟို training ကိစ္စ လာခေါင်းစားနေတာနဲ့ တစ်နှစ်လုံး အချိန်ကုန်သွားတယ်။ နှမြောလိုက်တာဗျာ။

အရေးထဲမှ ကွန်ပြူတာပျက်တဲ့အထဲ ရေးပြီးသား အခန်း (၁) ကလေးပါ အကုန်ပါသွားရော။ အရင် ဖေ့စ်ဘုတ်မှာတင်ထားတဲ့ဟာက အကြမ်းလျာထား ထားတာ။ အချောသတ်ရေးနေတုံး ပြီးခါနီးမှ ပျက်ကုန်တာ။ နှမြောစရာ။ အချောမသတ်ရသေးတော့ ဘလော့မှာရော၊ ဖေ့စ်ဘုတ်မှာပါ မတင်ရသေးတော့ back up လုပ်စရာ ဘယ်မှမရှိဘူး။ ဒါ့ထက်ပိုကောင်းတာ ရဘို့ပဲလို့ သဘောထားရ တော့မှာပေါ့။

၂၀၁၅ ကျရင်တော့ ဘာကြီးဖြစ်နေဖြစ်နေ မဖြစ်မနေ ရွေးကောက်ပွဲဝင် (ဟုတ်ပေါင်) မဖြစ်မနေ welding စာအုပ်ကို ပြီးအောင်ရေးမဗျို့။ (ပြောတာပဲ)

ကျေးဇူးတင်ပါသည်။

No comments: