Thursday, February 27, 2014

နိုင်ငံခေါင်းဆောင်များကို ပြုစုပျိုးထောင်ခြင်း

(၁)

အရေးတကြီးလုပ်စရာကိစ္စများရှိနေသဖြင့် ACTA (Advance Certificate in Training and Assessment) သင်တန်းကို မပြီးပြီးအောင် ကတိုက်ကရိုက်တက်နေရခြင်းက တစ်ကြောင်း၊ မတ်လ (၁) ရက်နေ့တွင် လူရှေ့သူရှေ့၌ ပြောရမှာဖြစ်သည့်ပြင် တက်လာမည့်ပရိသတ်က မေးလာမည့်မေးခွန်းများကို အထစ်အငေါ့မရှိ ပြန်လည်ဖြေကြားနိုင်ရန် စာများဖတ်နေရခြင်းတို့ဖြင့် ကျွန်ုပ်မှာ ယားနေသည်ကိုပင် မကုတ်အားသေးပဲ မတ်လ (၃) ရက်နေ့နောက်ပိုင်းမှ အတိုးချ ကုတ်ရန် ထုံးတို့ မှတ်ထားရသော ဟူ၏။
ဤတွင်မိတ်ဆွေများကို ပြောစရာရှိလာပါသည်။
စာသင်ရန် သို့မဟုတ် သင်တန်းပို့ချရန် ၀ါသနာပါသူမိတ်ဆွေများအား စင်ကာပူတွင်သင်သည့် ACTA သင်တန်းကို သွားရောက်လေ့လာသင်ယူကြပါရန် တိုက်တွန်းလိုပါသည်။ အားလုံး အသုံးချလို့မရသည့်တိုင် တော်တော်များများကို လက်တွေ့ အသုံးချ၍ရပါသည်။ ကျွန်တော်ကတော့ လောလောဆယ်လုပ်မည့် ဟောပြောပွဲတွင် အသုံးချမည်ဖြစ်ပါသည်။
သူများတွေတော့ မပြောတတ်။ ကျွန်တော်သင်တန်းတွေတက်တာ သူများတွေထက် ရည်ရွယ်ချက်တစ်ခုပိုပါသည်။ အခြားသူများတွင် များသောအားဖြင့် ရည်ရွယ်ချက် နှစ်ခုရှိနိုင်၏။
(၁) သင်တန်းမှပို့ချသမျှကို လေ့လာပြီး လက်တွေ့နယ်ပယ်တွင် အသုံးချရန်
(၂) လက်မှတ်တစ်ခုရရန်
            ဤအထဲတွင်ပင် များသောအားဖြင့် ဒုတိယရည်ရွယ်ချက်အတွက်သာ လာတက်ကြတာ များပါသည်။ ထိုရည်ရွယ်ချက် နှစ်ခုစလုံးအတွက်တက်သူများရှိသော်လည်း (ကျွန်တော်တက်ခဲ့သော သင်တန်းအတွေ့အကြုံများအရ) အတော့်ကိုနည်းပါသည်။ (ဥပမာ - လောလောလတ်လတ် မနေ့ကမှ ပြီးခဲ့သော CU3A သင်တန်းတွင် ကျွန်တော်နှင့် တစ်စားပွဲတည်းထိုင်သူ ကူမားဆိုသည့် ကုလား၀၀ကြီးက ငါ့အတွက်ကတော့ လက်မှတ်တစ်ခုထက် ဘာမှပိုမလိုဘူးကွ ဟု ဆို၏။ ဒေးဗစ်ဆိုသော နောက်တရုတ်တစ်ယောက်ကမူ ငါ့ကို သူတို့လွှတ်လိုက်လို့သာလာရတာ ဟု ပြောလေ၏။ အပြောနှင့် အလုပ်လည်း ညီလှသည်။ ကျွန်တော်တို့မှာ ရှေ့ဆုံးစားပွဲဖြစ်နေစေကာမူ အာပေါက်အောင် ပြောနေသည့် သင်တန်းဆရာကိုမှ အားမနာ၊ တစ်ချိန်လုံး ဖုံးမက်ဆေ့ခ်ျများပို့ခြင်း၊ တက်ပလက်ကို ကစားနေခြင်းဖြင့်သာ အချိန်ကုန်လေ၏။)
            ကျွန်တော်ကတော့ အထက်ပါရည်ရွယ်ချက် နှစ်ခုအပြင် နောက်တစ်ချက်ပိုပါသည်။ ၎င်းမှာ ဤသင်တန်းမှ လေ့လာရခဲ့သမျှကို စာပြန်ရေးခြင်းဖြင့်သော်လည်းကောင်း၊ ဟောပြောပြသခြင်းဖြင့်သော်လည်းကောင်း မြန်မာနိုင်ငံမှ မျိုးဆက်သစ်များအား (လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ) ပြန်လည်ပေးရန် ဖြစ်၏။ (အနည်းဆုံးတော့ ခုလို ဆောင်းပါးတစ်ပုဒ်လောက် ရေးလို့ရသပေါ့ဗျာ။)
နောင်တွင် ဤ ACTA သင်တန်းများမှ ပို့ချသည်များကို စာတစ်စောင်၊ ပေတစ်ဖွဲ့၊ စာအုပ်တစ်အုပ် ရေးဖွဲ့ပါမည်။ ထိုစာသည် သင်တန်းပို့ချသူများ (အထူးသဖြင့် အသက်ကြီးသူများ၊ လုပ်ငန်းခွင်အတွင်းမှသူများကို သင်တန်းပေးနေရသူ (ဥပမာ - ဖောင်ကြီးဗဟိုလ်ပြည်သူ့ဝန်ထမ်းတက္ကသိုလ်)) အတွက် အသုံးတည့်ပါလိမ့်မည်။
            ထို့ကြောင့် ကျွန်တော်သင်တန်းတက်တိုင်း သင်တန်းဆရာနှင့်အနီးဆုံးခုံတွင်ထိုင်ကာ ပြောသမျှကို တစ်လုံးမှ မလွတ်စေပဲ လိုက်မှတ်ခြင်း၊ လိုအပ်သည်တို့ကို အသံဖမ်းခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ပေးသမျှစာရွက်စာတမ်းတို့ကို မလွတ်တမ်း ရယူခြင်း စသည်တို့ဖြင့် လူများ မျက်စိနောက်လောက်အောင် အလွန်အလုပ်ရှုပ်လျက်ရှိနေတတ်၏။ (ဤကားစကားချပ်) 

(၂)

            ဦးလှထွန်းခိုင်၏ ဖေ့စ်ဘွတ်တွင်တွေ့ရသော “NLD ဟာ အာဏာရှင်လက်သစ်” ( Link: http://mgkyautkhae.blogspot.sg/2013/10/nld.html ) ကို ဖတ်ပြီး မိတ်ဆွေများ မှတ်ချက်ပေးသည်များကို ဖတ်ရင်း၊ ပြန်လည်ဖြေကြားရင်းဖြင့် အတွေးတစ်စ ပေါ်လာသဖြင့် ဤစာကို ရေးပါသည်။ သို့သော် အသစ်အဆန်းမဟုတ်ပါ။ နိုင်ငံတော်သမ္မတနှင့် အလွန်နီးစပ်သူ မြန်မာပြည်မှ အရာရှိကြီးတစ်ယောက် စင်ကာပူကို လာစဉ်ကလည်း ကျွန်တော် သူ့ကိုပြောခဲ့ဖူးပါသည်။
            အခြားမဟုတ်ပါ။ နေရာတကာတွင်လိုသည့် back up option အကြောင်း ဖြစ်ပါသည်။
            ယခုကျွန်တော်တို့နိုင်ငံတွင် အဓိကကြုံတွေ့နေရသော ပြဿနာမှာ အရည်အချင်းပြည့်ဝသော နိုင်ငံခေါင်းဆောင်များ ရရှိရေး ဖြစ်ပါသည်။ လောလောဆယ်ဖြစ်နေရသော ပြဿနာပေါင်းစုံမှာ စီမံခန့်ခွဲမှုစနစ် ချွတ်ယွင်း အားနည်းနေသောကြောင့် ဖြစ်သည်ဆိုလျှင် မိတ်ဆွေတို့ ငြင်းပါမည်လား။
            ယခင်အစိုးရ ဖွခဲ့သော လက်ပံတောင်းတောင်၊ ရွှေဓာတ်ငွေ့၊ မြစ်ဆုံ၊ မြေသိမ်း စသည်တို့ကိုဖယ်ထားလျှက် လတ်တလောဖြစ်ရသည့် ရခိုင်ကိစ္စ၊ မိတ္ထီလာကိစ္စ စသည်တို့မှာ အကယ်၍သာ စနစ်တကျနိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မည် ဆိုလျင် သည်လောက်ကြီးကျယ်စရာ အကြောင်းမရှိပါ။ အခြားသူများတော့ မပြောတတ်၊ သည်ကိစ္စများကို စင်ကာပူမှ ကြည့်နေရင်း ကျွန်တော် အသည်းယားလှပါသည်။ ဘာကြောင့်ဒီလိုဖြစ်ရသလဲဟူသည့် မေးခွန်းကို မကျေနပ်စွာ ကိုယ့်ကိုယ်ကိုယ် အထပ်ထပ် မေးမြန်းနေမိသည်။
            ယခုလူကြီးများကိုတော့ ဘာမှလုပ်လို့မရတော့။ ပြောချင်ရာပြောကြပါစေဟု ခွင့်လွှတ်ထားလိုက်ကြပါ။ အသက်တွေကြီးလှပြီ။ နောက်ပြီး သူတို့ဆက်အုပ်ချုပ်ဘို့ အချိန်သိပ်ကျန်တော့တာ မဟုတ်။
            အရေးကြီးသည်မှာ ထိုလူကြီးများကို ဆက်ခံမည့် နောက်မျိုးဆက်များ ဖြစ်၏။ ထိုလူကြီးများဆင်းသွားသည့်အခါ ထိုလူကြီးများ၏ နေရာကို ဆက်ခံမည့်သူများမှာ တော်တည့်ထက်မြက်သူများ ဖြစ်နေဘို့ အရေးကြီးပါသည်။ ထိုကဲ့သို့ မဟုတ်ဘဲ သူမသာ၊ ကိုယ်အသုဘဆိုလျှင်ဖြင့် ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်ကြီးကို မည်ကဲ့သို့အုပ်ချုပ်ကြပါမည်နည်း။ ရွှေမန်းတင်မောင်လိုသာ ကျွန်တော်သည်ထိုနည်းလည်းကောင်း၊ ထိုနည်းလည်းကောင်း၊ ထိုနည်းလည်းကောင်း ဆိုနေကြလျှင် ကျွန်တော်တို့မြန်မာနိုင်ငံတော်ကြီး၏ ရှေ့ရေးမှာ အဘယ်သို့ရှိချိမ့်မည်နည်း။
            အရေးကြီးသူများသည် လူတကာလုပ်သောအလုပ်များနှင့် အချိန်မကုန်သင့်။ ကိုယ်ဘာလုပ်ရမည်ကို သိရပါမည်။ ဦးတည်ချက်ထားရပါမည်။ ထိုဦးတည်ချက်အတိုင်း ခိုင်ခိုင်မြဲမြဲ လျှောက်လှမ်းရပါမည်။ သူများပြောတာ နားမယောင်ပါလင့်။ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ပိုင်နေရပါမည်။ လူများဆိုတာ ပါးစပ်ထဲ၊ စိတ်ထဲထင်တာတွေ လျှောက်ပြောကြတာ များသည်။ အများယောင်လို့ယောင်၊ အမောင်တောင်မှန်း မြောက်မှန်းမသိဆိုနေလျှင်ဖြင့် အဘယ်ကဲ့သို့ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ပါ မည်နည်း။
            နိုင်ငံ့ခေါင်းဆောင်လုပ်မည့်သူများကို ကျွန်တော်တို့ ခန့်မှန်းကြည့်လို့ရပါသည်။ တောသူတောင်သားများ ဖြစ်နိုင်ပါမည်လား။ ဝေးစွ၊ ထိုသူများနှင့် နိုင်ငံရေးမှာ မယ်သီလရှင်နှင့် ဘီးကဲ့သို့ ဖြစ်ချေသည်။ ကျွန်တော်တို့လိုလူများ ဖြစ်နိုင်ပါမည်လား။ နိုး။
            နိုင်ငံ့ခေါင်းဆောင်လုပ်မည့်သူများမှာ နိုင်ငံရေးနှင့် နီးစပ်သူများ၊ ပါတီတွင်းဝင်ထွက်နေသူများ (ဟုတ်ပေါင်) ပါတီဝင်များ၊ အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များ၊ လွှတ်တော်ခြံစည်းရိုးနား ကပ်ဖူးသူများ စသူတို့ မဟုတ်ပါလော။
            သို့ဆိုလျှင် ထိုသူများကို နိုင်ငံတစ်နိုင်ငံအား မည်ကဲ့သို့အုပ်ချုပ်ရမည်ကို ကျကျနန လေ့ကျင့်ပေးရန် မသင့်ပါ သလော။ အမှန်ပင် သင့်လှပေ၏။ နိုင်ငံ့ခေါင်းဆောင်လုပ်မည့်သူက နိုင်ငံရေးသိပံ္ပစာအုပ်တစ်အုပ်မှ မဖတ်ဖူးဘူး ဆိုလျှင်ဖြင့်၊ မာကီယာဘယ်လီဆိုတာ ဟင်းထဲထည့်ချက်ရတဲ့ ငြုပ်ကောင်းတစ်မျိုးလားဟု မေးလာခဲ့လျှင်ဖြင့် - ဟာာာာာာင်း . . . . ။
            သို့ဆိုလျှင် မည်သည့်အချိန်၌ လေ့ကျင့်ပေးရမည်နည်း။ ယနေ့ပင် စတင်လေ့ကျင့်ပေးရမည် ဖြစ်၏။ (နောက်တောင် ကျနေပြီ။ ဒါမျိုးဆိုတာ ခုစလက်လောင်း၊ ခုဖောင်ဝပ်ဖြုတ် (ဟုတ်ပေါင်) ခုရေတွင်းတူး၊ ခုရေကြည်သောက် လုပ်လို့ရတာမျိုး မဟုတ်။) ဒါဖြင့် လေ့ကျင့်ပေးနေကြပါပြီလား။ ကျွန်တော်မသိပါ။ ကျွန်တော်ကတော့ တစ်ယောက်အပြစ်အနာအဆာ တစ်ယောက်ထုတ်ဖော်ပြီး ငယ်ကျိုးငယ်နာတွေကို အတင်းတုပ်၊ လက်ညှိုးထိုးနေကြတာသာ တွေ့နေရပါသည်။ (တိုးတိုးတိတ်တိတ် ကြိတ်ပြီးသင်တန်းပေးနေလျှင်တော့ မပြောတတ်ပါ။)
            အမေရိကန်တွေ အိုဘားမားကို အဘယ်ကြောင့် မဲပေးကြပါသနည်း။ အမေရိကန်လူမျိုးများသည် ခပ်ချာချာ လူမျိုးများတော့ မဟုတ်တန်ရာ။ ဘယ်တုံးကမှ အစဉ်အလာမရှိသော လူမည်းကို အဘယ်ကြောင့် ရွေးကောက်ကြပါသနည်း။ အလကား၊ နိဂရိုးကောင်၊ မတန်မရာ၊ ငါတို့လူဖြူတွေကို ဆရာလာလုပ်လို့ရမလားကွဟု အဘယ်သူ အတင်းတုပ်ပါသနည်း။ သူရှုံးသည့်အခါ ဂျွန်မက်ကိန်းကရော၊ ဟင် - အလကားကောင်တွေ။ ငါ့တော့မဲမပေးဘဲ ငမဲကောင်ကို မဲပေးရသလားဟု ပြောသံ ကြားခဲ့ရပါသလား။
            မိတ်ဆွေတို့ အိုဘားမား၏ ကျမ်းကျိန်ပွဲကို ကြည့်ဖူးကြမှာပါ။ အဲသဟာ ဘာကြောင့်နည်း။
            မိတ်ဆွေတို့ ဆရာဇော်ဂျီ၏ ပုဂံဈေးကို ဖတ်ဖူးကြမှာပါ။ သာမန်အညတြသည်ပင် နန်းတွင်းပညာရှိကြီးများထက် ပို တော်နေတတ်ပေသေးသည် မဟုတ်လော။
            ကျွန်တော်နိုင်ငံရေးသိပံ္ပပညာရှင်မဟုတ်ပါ။ နိုင်ငံရေးကျွမ်းကျင်သူမဟုတ်ပါ။ နိုင်ငံရေးအကြောင်း စိတ်ဝင်စားသည့် သာမန်ပြည်သူတစ်ယောက်သာ ဖြစ်ပါသည်။ သို့သော် ကျွန်တော် နိုင်ငံရေးသိပံ္ပစာအုပ် တော်တော်များများကို ဖတ်ဖူးပါသည်။ ကျွန်တော့်စာအုပ်စင်တွင်လည်း ရှိပါသည်။
            မိတ်ဆွေတို့ကိုလည်း နိုင်ငံရေးသိပံ္ပစာအုပ်များ ဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုပါသည်။ သူများပြောတိုင်း ယောင်ပြီး ခေါင်းမငြိမ့်မိစေရန်၊ အလံရှူးလုပ်သူက လက်ခုပ်တစ်ချက်စပေးလိုက်တိုင်း ၀ိုင်းပြီးလက်ခုပ်မတီးမိကြစေရန် ဖြစ်ပါသည်။
(ယခင်ကာလများက ဖွလိုသူတစ်ဦးက ဒို့အရေးဟု အော်ပေးလိုက်ရာ ဟိုလူကလည်း ဒို့အရေး၊ ဒီလူကလည်း ဒို့အရေး နှင့် လူလည်းများလာပြီဆိုရော စပြီးတိုင်ပေးခဲ့သူ ဒို့အရေးသမားမှာ ခြေရာဖျောက်သွားပြီး ဘုမသိ၊ ဘမသိ။ သူများ ဒို့အရေးလို့ ၀ိုင်းပြီး လက်သီးလက်မောင်းတန်းကာ ဒို့အရေးမိသူများ အချောင်အဖမ်းခံခဲ့ရသည့် သာဓကများ ရှိခဲ့ဖူးပြီ။)  

            ကျွန်တော်တွေးမိတာ ပြောခြင်းဖြစ်ပါသည်။ ကျွန်တော်နှင့် သဘောတူရမည်ဟု မဆိုလိုပါ။ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်မှာ လူတိုင်း၏ မွေးရာပါ အခွင့်အရေးဖြစ်သည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၇ - ၂ - ၂၀၁၄။ ည ၉း၂၇ နာရီ

No comments: