Thursday, February 27, 2014

ဝိုင်ပုလင်းဖောက်နည်း နိဿရည်း

           ကျွန်တော် ဘီယာ၊ ၀ိုင် စသည်တို့ သောက်လေ့မရှိပါ။ (ခြွင်းချက်။     ။ တိုက်မဲ့သူမရှိရင် သို့မဟုတ် အလကားရမဲ့နေရာမဟုတ်ရင်) အဘယ်ကြောင့်မသောက်သနည်း။ ပိုက်ဆံကုန်မှာ နှမြော၍ဖြစ်၏။ နေပူပူထဲက ပြန်အလာ၊ သို့မဟုတ် ပင်ပင်ပန်းပန်းတစ်ခုခုလုပ်အပြီး စည်ဘီယာအေးအေးကလေး စုပ်လိုက်ရတာ အင်မတန်အရသာရှိလှသည်။ ကျွန်တော်ဘီယာသောက်တာ မူးချင်လို့မဟုတ်။ ဘီယာ၏အရသာကို ကြိုက်သောကြောင့်ဖြစ်သည်။ ရှည်ပါတယ်လေ။ လိုရင်း ပြောကြပါစို့။
            မနေ့က တရုတ်နှစ်ကူးလက်ကျန်များကို မဲနှိုက်သည်။ ကျွန်တော်က သင်တန်းသွားနေတော့ ကျွန်တော့် safety coordinator က နှိုက်ပေးထားသည်။ ၀ိုင်နှစ်ပုလင်းနှင့် ခရု စသည့် သဗ္ဗဒါနံများ မဲပေါက်သည်။ (မွေးကတည်းက ဘယ်သောအခါမှ ကံကောင်းလေ့မရှိသော ကျွန်တော်သာ ကိုယ်တိုင်နှိုက်ရလျှင် ပေါက်မည်မဟုတ်။) သူက ဒါတွေ ဘယ်လိုလုပ်ရမလဲဟု မက်ဆေ့ခ်ျပို့လေသော် ကျွန်တော်က ၀ိုင်နှစ်ပုလင်းကလွဲလျှင် ကျန်တာအကုန် သူများပေးပစ်လိုက်ဘို့ ပြောလိုက်သည်။
            သည်တော့ သည်နေ့အပြန် ၀ိုင်နှစ်ပုလင်း ပါလာသည်။    သောက်လေ့မရှိသောကြောင့် ကျွန်တော့်တွင် ၀ိုင်ပုလင်း ဖောက်တံမရှိပါ။ အရင်တုံးကတော့ ဒါးပေါက်စန၊ လက်သည်းညှပ်၊ ဇာကနာ၊ နားဖာကလော်၊ ၀ိုင်ပုလင်းဖောက်တံ စသဖြင့် လက်နက်အတော်များများစုဆောင်းတပ်ထားသည့် All in one တစ်ခုရှိဖူးသည်။ သို့သော် ခု ဘယ်ရောက်သွားပြီမှန်းမသိ။
            သည်တော့ ၀ိုင်ပုလင်းဖောက်ရန် ကြံဆရသည်။ လိုလျှင်ကြံဆ နည်းလမ်းရဆို မဟုတ်လား။ ပထမ ၀က်အူလှည့်နှင့် ကော်ထုတ်ကြည့်သည်။ မရ။ ပဲ့ထွက်ကုန်သည်။ နောက် ကော်ရင်း၊ ကြံရင်းနှင့် အောက်ပါအကြံကိုရသည်။
            ကျွန်တော့်လို ၀ိုင်ပုလင်းရလာပြီး ဖောက်တံမရှိသူများအတွက် ပြန်လည် ဝေငှလိုက်ပါသည်။
            များများမလိုပါ။ ၀က်အူနှစ်ချောင်း၊ ၀က်အူလှည့်တစ်ခု၊ စတီးဝိုင်ယာကြိုးတစ်ချောင်း၊ ပလိုင်ယာတစ်ခုရှိလျှင်ရပါပြီ။ ၀ိုင်ယာကြိုးကို ၀က်အူတွင် ခိုင်ခိုင်ပတ်လိမ်ထားလိုက်ပါ။ ထို့နောက် ဖော့ဆို့ထဲသို့လှည့်သွင်းလိုက်ပါ။ နောက်ပြီး ၀ိုင်ယာကြိုးကို ပလိုင်ယာဖြင့် ဆွဲထုတ်လိုက်ပါ။ အလွယ်တကူ ပါလာပါလိမ့်မည်။

            ပထမ ကျွန်တော် ၀က်အူတစ်ချောင်းဖြင့် စမ်းကြည့်ပါသည်။ ဖော့ဆို့က အတန်ကြပ်နေသဖြင့် ၀က်အူကျွတ်ထွက်လာ သည်။ မရပါ။ ထို့ကြောင့် ၀က်အူနှစ်ချောင်းစိုက်ကာ ဆွဲထုတ်ရသည်။ နှစ်ချောင်းမရဘူးလား။ သုံးချောင်းပေါ့ဗျာ။





မူးနိုင်ကြ (ဟုတ်ပေါင်) အဆင်ပြေနိုင်ကြပါစေဗျာ။

အေးငြိမ်း
၂၇ - ၂ - ၂၀၁၄

1 comment:

Anonymous said...

Safety First! Screw can be strike back to eyes!!