Monday, March 19, 2012

လုပ်ငန်းခွင် အန္တရာယ်ကာကွယ်ရေး ပညာပေးစာစဉ်များ (၂)

ဦးခေါင်းအန္တရာယ် ကာကွယ်ရေး (Head Protection)

၁။ အဘယ်ကြောင့် ဦးခေါင်းကို ကာကွယ်ရန် အရေးကြီးသနည်း

ခန္ဓာကိုယ်တစ်ခုလုံး၏ အရေးကြီးသော အစိတ်အပိုင်းတော်တော်များများ ဦးခေါင်းပိုင်းတွင် ပါဝင်နေကြသည်။
 
v  အရာဝတ္ထုများကို ကြည့်နိုင်သည့် မျက်လုံး မှာ ဦးခေါင်းတွင် ပါနေသည်။

v  တစ်ဦးနှင့်တစ်ဦးဆက်သွယ်ရာတွင် နားထောင်နိုင်သည့် နား မှာ ဦးခေါင်းတွင် ပါနေသည်။

v  သင်းပျံ့မွှေးကြိုင်သော ရနံ့တို့ကို ရှုရှိုက်နိုင်သည့် နှာခေါင်း မှာ ဦးခေါင်းတွင် ပါနေသည်။

v  အစာစားနိုင်သည့် သို့မဟုတ် စကားပြောနိုင်သည့် ပါးစပ် မှာ ဦးခေါင်းတွင် ပါနေသည်။

v  တွေးနိုင်၊ ခေါ်နိုင်၊ စဉ်းစားဆင်ခြင်နိုင်သော ဦးဏှောက် မှာ ဦးခေါင်းတွင် ပါနေသည်။

ဦးခေါင်းတွင် ပါဝင်နေသော ထို အစိတ်အပိုင်းများအနက် တစ်ခုခုချွတ်ယွင်းသွားလျှင် လူစဉ်မမီဖြစ်တော့သည်။ ထို့ကြောင့် ဦးခေါင်းကို ကာကွယ်ရန် အရေးတကြီးလိုအပ်သည်။

၂။ ဖြစ်နိုင်သော အန္တရာယ်များ (Potential Hazards)

ဦးခေါင်းအတွက် အဖြစ်အများဆုံးအန္တရာယ်မှာ အပေါ်မှကျလာသော အရာဝတ္ထု သို့မဟုတ် တစ်နေရာရာမှ လွင့်ပျံလာသော ပစ္စည်းတစ်ခုခုနှင့် ဦးခေါင်းကို ထိခိုက်မိခြင်းဖြစ်ပါသည်။ ဒုတိယအဖြစ်အများဆုံးမှာ ခေါင်းနှင့်မလွတ်သော ထုပ်တန်း စသည်တို့နှင့် ၀င်တိုက်မိခြင်းဖြစ်ပါသည်။ လဲကျကာ နံရံ၊ ကျောက်တုံး စသည်တို့နှင့် ခိုက်မိသဖြင့်လည်း ဦးခေါင်း ဒဏ်ရာရနိုင်ပါသေးသည်။

ဤဒဏ်ရာများကြောင့် ခေါင်းကွဲခြင်း၊ ဇက်နာခြင်း၊ သတိမေ့ခြင်း၊ ပြင်းထန်သောထိခိုက်မှုများကြောင့် ဦးခေါင်းပိုင်းအတွင်း သွေယို ခြင်း စသည်တို့ ဖြစ်နိုင်ပါသည်။ အခန့်မသင့်လျှင် အသက်အန္တရာယ်ပါ ရှိနိုင်ပါသည်။

နောက်အန္တရာယ်တစ်ခုမှာ အန္တရာယ်ရှိသောအရည် (ဥပမာ - ဓါတုဆေးရည်၊ အက်စစ်၊ ကော့စတစ် စသည်) နှင့် အလုပ်လုပ်စဉ် ဆေးရည်များ မျက်လုံး  သို့မဟုတ် မျက်နှာသို့ စဉ်ခြင်းဖြစ်ပါသည်။ 

ထိုအန္တရာယ်များမှကာကွယ်ရန် အခြေခံလိုအပ်ချက်အဖြစ် ခမောက်ဆောင်းထားရမည်။


၃။ ခမောက်သမိုင်း

၁၈၉၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ၌ မိုင်းတွင်းသုံးပစ္စည်းများထုတ်လုပ်သူ Edward Dickinson Bullard ဆိုသူက သားရေဖြင့် ပြုလုပ်ထားသော လုပ်ငန်းသုံး Safety Helmet များကို ထုတ်လုပ်ရောင်းချခဲ့သည်။ သို့သော် ပထမကမ္ဘာစစ်အပြီးတွင် စစ်သား များဆောင်းသော သံခမောက်များကို အတုယူကာ ၁၉၁၇ ခုနှစ်၌ ပိုမိုကောင်းမွန်သော ခမောက်များကို ထုတ်လုပ်ခဲ့သည်။ ထို ခမောက်များတွင် အတွင်းခံ suspension ကို တပ်ဆင်ထုတ်လုပ်ခဲ့၏။ ခမောက်အသားကို ပေါင်းတင်ထားသော ကင်းဗတ်စအား ကော်နှင့်ဆေးအနက်များပေါင်းစပ်ပြီး ထုတ်လုပ်ခဲ့သည်။

၁၉၃၈ ခုနှစ်တွင် ခမောက်အသားကို ဒန် (Aluminum) သုံးပြီးထုတ်လုပ်ခဲ့၏။

၁၉၄၀ ခုနှစ်များတွင် ဖိုက်ဘာဂလပ် (Fiberglass) အသားကို ပြောင်းလဲသုံးစွဲခဲ့သည်။

၁၉၅၀ ပြည့်လွန်နှစ်များ၌ သာမိုပလတ်စတစ် (Thermoplastic) များဖြင့် အစားထိုး ထုတ်လုပ်ခဲ့၏။ အဘယ်ကြောင့်ဆိုသော သာမိုပလတ်စတစ်မှာ ပုံသွင်းရလွယ်ခြင်း၊ အပူချိန်နည်းခြင်းတို့ကြောင့် ထုတ်လုပ်မှု စရိတ်စက သက်သာသောကြောင့်ဖြစ်၏။

ယခုခေတ်ထုတ်လုပ်သော ခမောက်အများစုမှာ HDPE (High Density Poly Ethylene) အသားများဖြစ်သည်။

၁၉၉၇ ခုနှစ်တွင် အမေရိကန်စမ်းသပ်ရေး အဖွဲ့ဖြစ်သည့် ANSI က ခမောက်ဆောင်းသူများ ခေါင်းမပူစေရန် ခမောက်အတွင်း ပန်ကာငယ်များထည့်သည့်စနစ်ကို ခွင့်ပြုခဲ့သည်။

၎။ ခမောက်အမျိုးအစား

ဤနေရာတွင် Safety Helmet ကို ခမောက်ဟု ဘာသာပြန်ထားပါသည်။ သို့သော် မြန်မာတို့ရိုးရာဆောင်းသော ခမောက်ထက် ပိုပြီး အဓိပ္ပါယ်ကျယ်ပြန့်ပါသည်။ “ဦးခေါင်းကို ဘေးအန္တရာယ်များမှ ကာကွယ်ပေးသောခမောက်” ဟု ဆိုမှ ပိုမိုပြည့်စုံပါမည်။ ဦးခေါင်းကို ကာကွယ်ရန် ခမောက်သည် အရေးကြီးသဖြင့် လုပ်ငန်းခွင်သုံး ခမောက်အကြောင်း ပြည့်စုံနိုင်သမျှ ပြည့်ပြည့်စုံစုံ ဖော်ပြလိုက်ပါသည်။
ခမောက်သည် ဦးခေါင်းကို ဒဏ်ရာမရစေရန် အဓိကကာကွယ်ပေးသည်။ ဦးခေါင်းနှင့်တိုက်ရိုက်ထိနေသော ကူရှင်မှာ ခမောက် အပြင်အခွံနှင့် တစ်လက်မ မှ လက်မငါးမတ်ထိ ကြားလပ်ရှိနေရမည်။ သို့မှသာ ခမောက်ပေါ်ကျလာသော ဒဏ်သည် ဦးခေါင်းကို တိုက်ရိုက်မထိနိုင်မှာဖြစ်သည်။ ခမောက်တစ်လုံး တည်ဆောက်ထားပုံ နှင့် လုပ်ငန်းခွင်သုံးခမောက်အမျိုးမျိုးတို့ကို အောက်တွင် ဖော်ပြထားပါသည်။







ဦးခေါင်းကို ဘေးအန္တရာယ်များမှ ကာကွယ်ပေးသည့် ခမောက်အမျိုးအစားကို သုံးမျိုးခွဲနိုင်သည်။

၁။ လုပ်ငန်းခွင်သုံးခမောက် - အပေါ်မှကျလာသည့် ပစ္စည်း၏ဒဏ်၊ ခေါင်းနှင့်ဆောင့်မိသည့်ဒဏ်၊ ဓါတ်လိုက်မည့် အန္တရာယ်များ မှကာကွယ်ပေးနိုင်သည်။

၂။ ခမောက်မာ - ခေါင်းနှင့်မလွတ်သော ထုပ်တန်းကဲ့သို့ ပစ္စည်းများနှင့် ၀င်ဆောင့်မိမည့် အန္တရာယ်ကို ကာကွယ်ပေးသည်။

၃။ လျှာထိုးဦးထုပ်၊ ဆံပင်သိမ်း ပိုက်ကွန် - ဆံပင်ရှည်သူများအတွက် ဆံပင်များလွင့်ကာ စက်များအကြားညပ်မည့်အန္တရာယ်မှ ကာကွယ်ပေးသည်။ လျှာထိုးဦးထုပ်မှာ အထွေအထူးမဟုတ်ပါ။ သာမန်ဦးထုပ်သာ ဖြစ်ပါသည်။ ပိုက်ကွန်မှာ အမျိုးသမီးများ အလှအပအတွက်သုံးသောကွန်နှင့် ဆင်တူပါသည်။

၅။ ခမောက်ဒီဇိုင်း

ခမောက်တစ်လုံးတွင် အပြင်ဘက်အခွံ (shell) နှင့် အတွင်းသားကူရှင် (cusion, suspension) ဟု နှစ်ပိုင်းပါသည်။ အတွင်း ကူရှင် တွင်လည်း အပျော့နှင့်အမာဟု နှစ်မျိုးရှိ၏။ ကူရှင်အပျော့တွင် ဦးခေါင်းကိုထိန်းထားမည့်ခါးပတ် နှင့် အ၀တ်ကူရှင်မှာ သီးသန့် ဖြစ်၏။ သို့သော် ကူရှင်အမာကို ပလတ်စတစ်အပျော့စားနှင့်လုပ်ထားပြီး ကူရှင်နှင့်ခါးပတ်မှာ တစ်ခုတည်းဖြစ်၏။ ခါးပတ်တွင် ခေါင်းမှထွက်သော ချွေးများကို စုပ်နိုင်ရန် နဖူးနေရာ၌ အ၀တ်စများ ပတ်ပေးထားပါသည်။ ဦးခေါင်းကို ထိန်းထားသည့် ခါးပတ် ကြိုးမှာ ဦးခေါင်းအရွယ်အစားအလိုက် အလျှော့အတင်းလုပ်၍ရသည်။
တိုးတက်လာသောဒီဇိုင်းများတွင် ခမောက်အတွင်း၌ ဦးခေါင်းကို လေပေးသည့် ပန်ကာအသေးစားများ တပ်ဆင်ပေးထားပါ သေးသည်။ ထိုခမောက်များတွင် လေအ၀င်အထွက်ကောင်းအောင် ဒီဇိုင်းကို သေသေချာချာရေးဆွဲ ပုံစံထုတ်ထားသည်။

ခမောက်အတွက် သတ်မှတ်ထားသော စံနှုံးမှာ OSHA (Occupational Safety and Health Administration) မှ ထုတ်ထားသောOccupational Head Protection (1910.135) ဖြစ်ပါသည်။ စင်ကာပူစံနှုံးမှာ SS98:2005 -Specification for Industrial Safety Helmets ဖြစ်၏။




၆။ ခမောက် အပေါ်ခွံ (Hard Hat Outer Shell)

ခမောက်အပေါ်ခွံကို ပိုလီသနင်း၊ ပိုလီကာဘွန်နိတ် (Polyethylene, Polycarbonate, etc.) စသော သာမိုပလတ်စတစ် (Thermoplastic) သို့မဟုတ် သာမိုစက် (Thermoset material) (ဥပမာ - ဖိုက်ဘာ - Fibreglass) တို့ဖြင့်ပြုလုပ်သည်။ ထိုပစ္စည်းတို့မှာ ကြာရှည်ခံသည်၊ အထုအထောင်းခံဒဏ်ကို စိတ်ချလက်ချ ခံနိုင်ရည်ရှိသည်၊ ပေါ့ပါးသည်။ တော်ရုံ ထိမိခိုက်မိသော ဒဏ်များကို ကောင်းစွာအကာအကွယ်ပေးနိုင်သည်။ စည်းကမ်းတကျသာကိုင်တွယ်ပါက နှစ်ပေါင်းများစွာ သုံးနိုင်သည်။ အပေါ်ခွံ တွင် မိုးရေခံနှုတ်ခမ်း (brim) နှင့် လျှာ (ရှေ့ သို့မဟုတ် နောက်တွင်) ပါသည်။

၇။ ခမောက်ကူရှင် (Hard Hat Cusion, Suspension)

ဦးခေါင်းနှင့်တိုက်ရိုက်ထိတွေ့သော အပိုင်းဖြစ်သည်။ ကူရှင်၏  အဓိကတာဝန်မှာ ခမောက်အပေါ်ခွံပေါ်သို့ ကျလာသော ဒဏ် အားကို ခံပေးရန်ဖြစ်သည်။ ထို့ကြောင့် ကူရှင်၏အခြေအနေ အမြဲကောင်းမွန်နေရန် အရေးကြီးသည်။

၈။ ခမောက်ထုတ်လုပ်ရန် သတ်မှတ်ထားသော စံနှုံးများ (Standards for Safety Helment)

၁။ EN397 - ဥရောပ စံနှုံး

ဤစံနှုံးအရထုတ်လုပ်ထားသော ခမောက်များတွင် အောက်ပါတို့ ထပ်ဆောင်းပါနိုင်ပါသေးသည်။

-20° / -30° – အပူချိန် အနှုတ် ၂၀ မှ ၃၀ ဒီဂရီထိ ခံနိုင်ရည်ရှိသည်။

440V a.c – အေစီလျှပ်စစ်ဓါတ်အား ၄၄၀ ဗို့ထိ အချိန်တိုအတွင်း ခံနိုင်ရည်ရှိသည်။

LD – ဘေးမှညှပ်သောဒဏ်ကို ခံနိုင်ရည်ရှိသည်။

MM - အရည်ပျော်နေသော သတ္တုရည်များဒဏ်ကို ခံနိုင်သည်။

F - မီးလောင်ဒဏ်ခံနိုင်သည်။

၂။ ANSI Z89.1-1986 - အမေရိကန်စံနှုံး

ဤစံနှုံးအရထုတ်လုပ်ထားသော ခမောက်များကို အောက်ပါအတိုင်း ၃ မျိုး ထုတ်လုပ်သည်။

၁။ အတန်းအစား (က) Class A - ဆောင့်ကျသည့်ဒဏ်၊ စူးရှသည့်ဒဏ်၊ လျှပ်စစ်ဓါတ်အား ၂၂၀၀ ဗို့ထိ ခံနိုင်သော ခမောက်

၂။ အတန်းအစား (ခ) Class B – ဆောင့်ကျသည့်ဒဏ်၊ စူးရှသည့်ဒဏ်၊ လျှပ်စစ်ဓါတ်အား ၂၂၀၀၀ ဗို့ထိ ခံနိုင်သော ခမောက်

၃။ အတန်းအစား (ဂ) Class C - ပေါ့ပါးသည်။ ဆောင်းရတာ သက်တောင့်သက်သာရှိသည်။ သို့သော် ဓါတ်လိုက်ခြင်းကို ကာကွယ် မပေးနိုင်။



မှတ်ချက်။            ။ အတန်းအစား (က) နှင့် (ခ) တွင်ဖော်ပြထားသော ဗို့အား ၂၂၀၀၊ ၂၂၀၀၀ ဆိုသည်မှာ ဤခမောက်သည် ဤပမာဏရှိသော လျှပ်စစ်ဓါတ်အားဒဏ်မှ ဆောင်းထားသူကို ကာကွယ်ပေးသည်ဟု မဆိုလို။ ဤဗို့အားမှာ စမ်းသပ်ထားသော ဗို့အားများသာဖြစ်၏။

ဤစံနှုံးအရထုတ်လုပ်ထားသော ခမောက်များ၏ အတွင်းပိုင်း၌ အောက်ပါတို့ကို ဖော်ပြထားသည်။

v  ခမောက်ထုတ်လုပ်သူ၏ အမည်

v  "ANSI Z89.1-1986" ဟူသော အမှတ်အသား

v  A, B သို့မဟုတ် C ဟူသော အတန်းအစား

နောက်ထပ်ပြင်ဆင်ထားသည့် ANSI Z89.1-1997 တွင် ခမောက်အတန်းအစားကို အောက်ပါအတိုင်း သတ်မှတ်လိုက်ပါသည်။

 ၁။ အတန်းအစား (G) Class G (General) – ဤအမျိုးအစားမှာ ယခင်က Class A နှင့် အတူတူပင်ဖြစ်ပါသည်။

၂။ အတန်းအစား (E) Class E (Electrical) – ဤအမျိုးအစားမှာ ယခင်က Class B နှင့် တူသော်လည်း စမ်းသပ်ဗို့အားကို ၂၀,၀၀၀ သို့ပြောင်းလိုက်ပါသည်။ ကျန်သည့်အရည်အသွေးအားလုံးမှာမူ အတူတူပင်ဖြစ်၏။

၃။ အတန်းအစား (C) Class C (Conductive) – ဤအမျိုးအစားမှာ ယခင်က Class C နှင့် တူပါသည်။

ANSI Z89.1-1997 ကို နောက်ထပ် ၂၀၀၃ ခုနှစ် နှင့် ၂၀၀၉ ခုနှစ်မူသစ် (2003, 2009 version) များ ထပ်မံပြင်ဆင် ထုတ်ဝေ ပါသေးသည်။ အဓိကပြင်ဆင်ချက်များမှာ မလိုလားအပ်သော စမ်းသပ်ချက်များကို ပယ်ဖျက်ခြင်း နှင့် လျှော့ချခြင်းတို့ ဖြစ်၏။ ဤ အထဲတွင် အောက်ပါစမ်းသပ်ချက်တို့ကို ပိုမိုလွယ်ကူအောင် ပြုပြင်လိုက်ပါသည်။
၁။ Reverse Donning - ဤစံဖြင့်ထုတ်ထားသော ခမောက်သည် ရှေ့ဘက်နှင့် နောက်ဘက်ကို ပြောင်းပြီးဆောင်းလို့ရသည်။ ခမောက်တွင် 
သင်္ကေတဖြင့် ဖော်ပြထား၏။

၂။ Lower Temperature - ဤစံဖြင့်ထုတ်ထားသော ခမောက်သည် အပူချိန် အနှုတ် ၃၀ ဒီဂရီစင်တီဂရိတ်ထိ ခံနိုင်ရည်ရှိသည်။ ခမောက်တွင် LT သင်္ကေတဖြင့် ဖော်ပြထား၏။

၃။ High Visibility - ဤစံဖြင့်ထုတ်ထားသော ခမောက်အရောင်များမှာ အလွယ်တကူ မြင်သာထင်သာရှိသည်။ ခမောက်တွင် HV သင်္ကေတဖြင့် ဖော်ပြထား၏။

Safety Helmet နှင့်ပတ်သက်သည့် အခြားစံနှုံးများမှာ -

ANSI Z 89.1 1986 - Protective headwear for industrial safety helmets
AS 1800 : 1981 - The selection, care and use of industrial safety helmets
AS 1801 : 1982 - Industrial safety helmets
EN 397 : 1995 - Industrial safety helmets
ISO 3873 : 1997 - Industrial safety helmets
BS EN 960 : 1995 - Headforms for use in the testing of protective helmets
   -  တို့ဖြစ်ပါသည်။

၉။ ခမောက်တစ်လုံး၏ သက်တမ်း (Service Life)

ခမောက်တစ်လုံး၏ သက်တမ်းကို တိတိကျကျသတ်မှတ်မထားပါ။ မည်မျှခံသနည်းဆိုသည်မှာ ဤခမောက်ကို သုံးသူသည် မည်မျှ ရိုရိုသေသေကိုင်သနည်း ဆိုသည့်အပေါ်မူတည်နေပါသည်။ မည်သို့ဆိုစေ လုပ်ငန်းခွင်အန္တရာယ်ကာကွယ်ရေးပစ္စည်း ထုတ်လုပ် သည့် ကုမ္ပဏီတစ်ခုဖြစ်သည့် MSA (Mine Safety Appliances Co. ) က အတွင်းဘက် ကူရှင်ကို ၁၂ လ၊ အပြင်ဘက် အခွံကို ၅ နှစ် ကြာသည့်အခါ အသစ်လဲသင့်သည်ဟု Useful Service Guidelines တွင် ဖော်ပြထားပါသည်။ ခမောက်သက်တမ်း ၅ နှစ် မပြည့်သေးသော်လည်း ခမောက်အရောင်များ လွင်(ပြယ်)သွားပါက အသစ်လဲသင့်သည်ဟုလည်း အကြံပြုပါသည်။ ထို့ပြင် နေ့စဉ် နေပူထဲတွင် ဆောင်းနေရသည်ဖြစ်ပါက ခရမ်းလွန်ရောင်ခြည်ကြောင့် ခမောက်သားများ စားသွားတတ်ပါသည်။ ဤသို့စားသွား လျှင် ခမောက်မျက်နှာပြင်သည် မူလအတိုင်း ပြောင်ချောမနေတော့ပဲ စုတ်ဖွားဖွား ဖြစ်လာပါလိမ့်မည်။ ထိုအခါမျိုးတွင် ခမောက်ကို အသစ်လဲရန် လိုပါသည်။ သို့မဟုတ် ခမောက်သား ကြွပ်ဆပ်လာပါကလည်း အသစ်လဲရမည်ဖြစ်ပါသည်။

ခမောက်ကူရှင်သည် ကောင်းကောင်းကြပ်လို့မရတော့လျှင်၊ ကျိုးပဲ့နေလျှင်၊ ကြွပ်ဆပ်လာလျှင်လည်း အသစ်လဲရပါမည်။

၁၀။ ခမောက်ကို ပြုပြင်ထိန်းသိမ်းနည်း

ခမောက်ကို နေ့တိုင်းဆောင်းနေသည့်အတွက် မိမိခမောက်တွင် ကွဲအက်ရာများရှိနေသလား၊ ဆိုးဆိုးရွားရွား ခြစ်မိထားသလား၊ အလေးအပင်နဲ့ဖိမိထားလို့ လိမ်နေသလား၊ ပုံစံ ပျက်နေသလား၊ အထဲက ကူရှင်ကောင်းသေးရဲ့လား စသည်ဖြင့် နေ့စဉ်စစ်ဆေး နေရန်လိုပါသည်။ ခမောက်ကို နေ့စဉ်ဆောင်းနေသည်ဖြစ်ရာ နေ့စဉ် ဆေးကြောသန့်ရှင်းနေရန် လိုပါသည်။

ခမောက်ကို ဆေးမသုတ်ရပါ။ ခမောက်သားသည် ပလတ်စတစ်ဖြစ်သဖြင့် သုတ်ဆေးတွင်ပါသော ဓါတုဆေးများကြောင့် ခမောက်သား၏ အရည်အသွေးကျသွားပါသည်။ ထို့ပြင် မူလပါလာသော လေပေါက်မှလွဲ၍ မိမိသဘောနှင့်မိမိ ခမောက်ကို အပေါက်ဖောက်ခြင်း မပြုရပါ။ ထိုသို့ အပေါက်ဖောက်လိုက်ခြင်းဖြင့် ခမောက်၏ ခိုင်ခံမှုစွမ်းရည် ကျဆင်းသွားပါသည်။

ခမောက်တွင် ဖုံများ၊ သဲများ၊ အမှုန်များကပ်နေတတ်သည့်ပြင် အတွင်းပိုင်း ခေါင်းနှင့်ထိသည့်နေရာတွင် ချွေးများရှိနေသဖြင့် မဆေးကြောပဲထားပါက အနံ့များနှင့် နံစော်ညစ်ပတ်နေတတ်ပါသည်။ ထို့ကြောင့် မိမိခမောက်ကို အမြဲ ရေဖြင့်ဆေးကြော သန့်ရှင်း ပေးရန် လိုပါသည်။ သို့သော် ခမောက်ကို သင်နာ၊ ချွတ်ဆေး၊ ဓါတ်ဆီစသည်တို့ဖြင့် မဆေးရပါ။ ရေနှင့်ဆပ်ပြာမှုံ့ဖြင့်သာ ဆေးပါ။


၁၁။ ခမောက်နှင့်ဆက်စပ်ပစ္စည်းများ

ခမောက်တွင် မေးသိုင်းကြိုးပါရမည်။ ထို့ပြင် နားကြပ်တပ်ရန်၊ မျက်နှာအကာတပ်ရန်နေရာများပါသော ခမောက်များလည်း ရှိပါ သေးသည်။ မှောင်ထဲတွင်အလုပ်လုပ်သည့်အခါ ဓါတ်မီးတပ်ဆင်ရန် အချို့ခမောက်များတွင် နေရာလုပ်ပေးထားပါသည်။ ခမောက် တွင် ဓါတ်မီးဆင်ထားလိုက်ခြင်းဖြင့် တကူးတကလက်ဖြင့်ကိုင်နေစရာ မလိုတော့ပါ။







၁၂။ ခမောက်ကို အရောင်ခွဲထားပုံ

မြင်လိုက်ရုံနှင့် ထိုသူ၏ ရာထူးအဆင့်အတန်းကို ခွဲခြားနိုင်ရန် ခမောက်အရောင်များကို ခွဲခြားထားပါသည်။ စင်ကာပူတွင် သတ်မှတ်ထားသော ခမောက်အရောင်များမှာ -

v  အ၀ါရောင် - သာမန်အလုပ်သမား အဆင့်အတန်း

v  အဖြူရောင် - လုပ်သားခေါင်းဆောင်၊ အင်ဂျင်နီယာ၊ မန်နေဂျာ စသော အရာရှိအဆင့်အတန်း

v  အနီရောင် - ၀န်ချီခြင်းလုပ်ငန်းအတွက် ကြိုးချည်သူ၊ အချက်ပြသူ

v  အပြာရောင် - လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး အရာရှိ

ထို့ပြင် ခမောက်ပေါ်တွင် လုပ်ငန်းအလိုက် အစိမ်းစင်း၊ အနီစင်းများကပ်ကာ ခွဲခြားထားတတ်ပါသေးသည်။ သို့သော် ဤသည်မှာ မိမိကုမ္ပဏီအလိုက် အဆင်ပြေသလို သတ်မှတ်ကြပြီး ပုံသေမရှိပါ။

ဥပမာ - အစိမ်းစင်းအတွက် သံချည်သံကွေးအလုပ်သမား (Rebar Workers)၊ အနီစင်းအတွက် ကျောက်ပုံးရိုက်လုပ်သား (Formwork Workers) စသည်။

၁၃။ ခမောက်ပေါ်၌ အမှတ်အသားများ ဖော်ပြပုံ

ခမောက်ပေါ်တွင် ရှေ့တည့်တည့်၌ ကုမ္ပဏီတံဆိပ်၊ ဘေးဘယ်ညာ၊ နောက်ဘက်တို့တွင် မိမိတက်ထားသော သင်တန်းများ၏ အမှတ်အသားများ ကပ်ထားရသည်။ သို့မှသာ ဤအလုပ်သမားသည် သက်ဆိုင်ရာ လိုအပ်သည့်သင်တန်းများ တက်ထားပြီး မပြီး အလွယ်တကူသိနိုင်မည်။

ဥပမာ - ဖောက်ကလစ်မောင်းခြင်းအတွက် ဖောက်ကလစ်အမောင်း လိုင်စင်ရယူထားရမည်။ ထိုသူသည် လိုင်စင်ရ ဖောက်ကလစ်မောင်းသမားဖြစ်ကြောင်း ခမောက်၌ ကပ်ပေးထားရမည်။ ထိုသူမှလွဲ၍ အခြား မသက်ဆိုင်သူများ ဖောက်ကလစ်မောင်း၍ မရပါ။

အချို့ကုမ္ပဏီများတွင် ခမောက်၌ အစိမ်းရစ်၊ အနီရစ်၊ အပြာရစ် စသဖြင့် ကပ်ပေးထားပြီး အစိမ်းရစ်သမားများက ကျောက်ပုံးရိုက် လုပ်သား၊ အနီရစ်သမားများက သံချည်သံကွေးလုပ်သား၊ အပြာရစ်များက ပန်းရံ စသည်ဖြင့် မိမိသင်္ကေတနှင့်မိမိ သတ်မှတ် ထားတတ်ပါသေးသည်။ ဤသို့သတ်မှတ်ပေးခြင်းဖြင့် အလုပ်သမားတစ်ယောက်ကို မြင်လိုက်ရုံဖြင့် ဤသူသည် မည်သည့်အဖွဲ့မှ ဆိုသည်ကို အလွယ်တကူ သိနိုင်ပါသည်။

ထိုမျှသာမက ခမောက်ပေါ်တွင် အလုပ်သမားနံပတ်များ ကပ်ပေးထားခြင်းဖြင့် ထိုအလုပ်သမားမည်သူဖြစ်သည်ကို အလွယ်တကူ သိနိုင်သည်။ ထို့ကြောင့် ခမောက်သည် ဦးခေါင်းကိုကာကွယ်ရုံသက်သက်မျှ မဟုတ်ပဲ အလုပ်သမားအား မည်သူမည်ဝါဖြစ် ကြောင်း၊ မည်သည့်အလုပ်လုပ်ကြောင်း၊ မည်သည့်အဖွဲ့မှ ဖြစ်ကြောင်း၊ မည်သည့်စက်ကိရိယာများကို မောင်းနှင်နိုင်ကြောင်း စသည်တို့ကို ညွှန်ပြရန်လည်း သုံးနိုင်ပါသေးသည်။  

၁၄။ ခမောက်ဆောင်းရန်လိုအပ်သူများ

OSHA စံနှုံးများတွင် ခမောက်ကို မဖြစ်မနေဆောင်းရမည်ဟု ဖော်ပြမထားပါ။ သို့သော် ထိုစံနှုံး နောက်ဆက်တွဲ - Appendix B, Subpart I – Non Mandatory Compliance Guidelines for Hazard Assessment and Personal Protective Equipment Selection). Part (9) တွင် လက်သမား၊ လျှပ်စစ်လုပ်သား၊ ရေပိုက်ပြင်သူ၊ စက်ပြင်ဆရာများ၊ စက်ပစ္စည်း တပ်ဆင်ထုတ်လုပ်သူ များ၊ ထုပ်ပိုးသူများ၊ လွှစက်လုပ်သား၊ ဂဟေဆော်သူများ၊ အလုပ်ကြမ်းသမားများ၊ ပစ္စည်းသယ်ယူပို့ဆောင်သူများ၊ လက်သမား၊ ဂိုဒေါင်များ၌အလုပ်လုပ်သူများသည် ခမောက်ဝတ်ဆင်သင့်ကြောင်း ဖော်ပြထားပါသည်။

သို့သော် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်သားအားလုံး၊ သဘောင်္ကျင်းအလုပ်သမားများ စသော ခေါင်းကိုထိခိုက်နိုင်သည့် အန္တရာယ်ရှိသည့် လုပ်ငန်းမှ လုပ်သားအားလုံး ခမောက်ဆောင်းရန် လိုပါသည်။

စင်ကာပူနိုင်ငံ၌ ဆောက်လုပ်ရေးအတွက် ပြဌာန်းထားသော နည်းဥပဒေဖြစ်သည့် Workplace Safety and Health Act (Construction) Regulations 2007 ၊ အပိုင်း ၄၊ အပိုဒ် ၃၃ တွင် အောက်ပါအတိုင်း ပြဌာန်းထားပါသည်။

အလုပ်ရှင်သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ မည်သည့်အလုပ်မျိုးကိုမဆို လုပ်နေသူအား အောက်ပါကာကွယ်ခြင်းများအတွက် လုံလောက်သော တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းများ ထုတ်ပေးရမည်။

က) မျက်လုံး ကာကွယ်ရေး

ခ) အမြင့်မှ လိမ့်ကျခြင်းမှကာကွယ်ရေး

ဂ) ခြေထောက် ကာကွယ်ရေး

ဃ) လက် ကာကွယ်ရေး

င) ဦးခေါင်း ကာကွယ်ရေး

စ) အကြားအာရုံ ကာကွယ်ရေး

ဆ) အသက်ရှုလမ်းကြောင်း ကာကွယ်ရေး

ခြုံ၍ပြောရလျှင် ဦးခေါင်းအန္တရာယ်ရှိသောနေရာတိုင်း၌ ခမောက်ဆောင်းသင့်ပါသည်။



နိဂုံး



လုပ်ငန်းခွင်အန္တရာယ်ကာကွယ်ရေးသည် မရှိမဖြစ်လိုအပ်၏။ လူ၏ခန္ဓာကိုယ်အစိတ်အပိုင်းများဟူသည် မည်သည်နှင့်မျှ အစားထိုးလို့ ရစကောင်းသော အရာများမဟုတ်။ ထို့ကြောင့် မိမိတို့၊ မိမိအလုပ်သမားတို့အား မတော်တဆထိခိုက်မှုများမှ ကြိုတင်ကာကွယ်ထားသင့်ပေသည်။ အနည်းငယ်မျှ အားစိုက်လိုက်ရုံဖြင့် တန်ဖိုးရှိလှသောအရာများ မဆုံးရှုံးသင့်တာ၊ မဆုံးရှုံးရ လေအောင် ကာကွယ်နိုင်သည်။ ဖြစ်လာပြီးမှ စိတ်မကောင်းနေလို့ အကျိုးမရှိနိုင်။

မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးစနစ် မရှိသေးပါ။ ထို့ကြောင့် ဤတန်ဘိုးရှိလှသော စနစ်တစ်ခု ဖြစ်လာစေရန် ရည်သန်၍ ဤစာစဉ်များကို ရေးပါသည်။

အရေးကြီးသည်မှာ သိထားရုံမျှနှင့် မလုံလောက်။ လက်တွေ့လိုက်နာကျင့်သုံးနိုင်မှ အကျိုးများပေမည်။

လုပ်ငန်းခွင် အန္တရာယ်ကင်းဝေးရေး ပညာပေး စာစဉ်များကို ဆက်လက်ရေးသားပြုစုသွားပါမည်။



အေးငြိမ်း

၁၉ မတ်၊ ၂၀၁၂၊ ည ၉ နာရီ ၁၀ မိနစ်

Blk 663D, Jurong West St. 65

#15-233

Singapore 644663

Tel: (65) 9730 3027

Email: y_nyein@yahoo.com.sg

No comments: