Wednesday, March 7, 2012

လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး ပညာပေးစာစဉ်များ (၁)

အမှာ
 
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအကြောင်း စာအုပ်စာတမ်းများပြုစုရန် လိုက်လံစုစည်းဖတ်ရှုပြီး မြန်မာနိုင်ငံနှင့် သင့်လျော်အောင် ပြန်လည်ရေးသားရာ၌ မည်ကဲ့သို့ စီစဉ်ရေးသားရမည်နည်း ဆိုသည်ကို ကျွန်တော် အလွန် ဦးဏှောက် ခြောက်အောင် စဉ်းစားရပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်ရည်ညွှန်းမည့်စာအုပ်များမှာ ဖွံ့ဖြိုးပြီးနိုင်ငံများမှဖြစ်ရာ ထိုနိုင်ငံများတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးကို ငွေကုန်ကြေးကျခံကာ စီမံထားသည်ကို တွေ့ရသောကြောင့် ဖြစ်ပါသည်။ ၎င်းတို့နိုင်ငံများတွင် ဆောင်ရွက်နေသည့်စနစ်အတိုင်း မြန်မာနိုင်ငံတွင် ပုံတူကူးချရန် မလွယ်ပါ။ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဤမျှ ငွေကုန်ကြေးကျခံဆောင်ရွက်ရန် ကျွန်တော်တို့နိုင်ငံတွင် မလွယ်ကူသေးပါ။ ဥပမာပြရလျှင် အမြင့်တွင် အလုပ်လုပ်သောအခါ ၀တ်ဆင်ရမည့် Full body harness တစ်စုံ၏ တန်ဘိုးပင်လျှင် မြန်မာငွေ ၅ သောင်းခန့် ရှိပါသည်။ မြန်မာနိုင်ငံမှ အလုပ်ရှင်များအနေနှင့် ဤမျှငွေကုန်ကြေးကျခံနိုင်ပါမည်လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါသည်။ ထို့ပြင် လုပ်ငန်းခွင်၌ မဖြစ်မနေ၀တ်ဆင်ရမည့် ခမောက် (Helmet), ဘွတ်ဖိနပ် (Safety Shoe), မျက်မှန် (Safety Glass) စသည်တို့မှာလည်း တန်ဘိုးမနည်းလှပါ။

ထိုအခါ ထိုနိုင်ငံမှစနစ်များကို နမူနာယူလျှက် ကျွန်တော်တို့နိုင်ငံနှင့် သင့်တော်မည့် စနစ်တစ်ခု ရွေးဆွဲရမည် ဖြစ်ပါသည်။ ဤသို့ရေးဆွဲရာတွင် လုပ်ငန်းအတွေ့အကြုံနှစ်ပေါင်းများစွာရှိသည့် ၀ါရင့်အင်ဂျင်နီယာကြီးများ၊ လုပ်ငန်းအဖွဲ့ခေါင်းဆောင်များ၊ မန်နေဂျာကြီးများ ပါဝင်သောအဖွဲ့တစ်ဖွဲ့ ဖွဲ့ကာ တိုင်ပင်ရေးဆွဲရပါမည်။ လုပ်ငန်းရှင်များအနေနှင့် မပင်ပန်းသော ငွေကြေး ပမာဏအတွင်း ဖြစ်သလို လုပ်သားများအတွက်လည်း ဘေးကင်းစေရန် အကာအကွယ်ပေးမည့် စနစ်တစ်ခုလည်း ဖြစ်ရ ပါမည်။

ယခု ကျွန်တော်က နိုင်ငံခြားတိုင်းပြည်များ၌ ကျင့်သုံးနေသော လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး စီမံဆောင်ရွက်နေပုံများကို တင်ပြပြီး မြန်မာနိုင်ငံအတွက်ဆိုလျှင် မည်ကဲ့သို့ပြုလုပ်သင့်သည်ဟု အကြံပြုချက်များပါ တတ်နိုင်သမျှ ထည့်သွင်းသွားမည် ဖြစ်ပါသည်။ ဤတွင်ရည်ညွှန်းထားသည်များအနက် အများစုမှာ စင်ကာပူစံနှုံးများဖြစ်ပါသည်။


အမှတ်စဉ် (၁) အမြင့်တွင် အလုပ်လုပ်ခြင်း (Working At Height) 

နိဒါန်း 
အမြင့်မှ ကျသေခြင်းသည် လုပ်ငန်းခွင် ဘေးအန္တရာယ်များတွင် အဖြစ်အများဆုံး ဖြစ်ပါသည်။ စင်ကာပူတွင်မူ လုပ်ငန်းခွင် မတော်တဆမှုကြောင့် သေဆုံးမှုသုံးမှုဖြစ်လျှင် တစ်မှုမှာ အမြင့်မှကျသေခြင်း ဖြစ်သည်ဟု ဆိုပါသည်။ အမြင့်မှ ပြုတ်ကျခြင်း ကြောင့် သေဆုံးခြင်းသာမက ဒဏ်ရာအနာတရဖြစ်ခြင်း၊ တစ်သက်တာမသန်မစွမ်းဖြစ်မှုများလည်း ဖြစ်နိုင်ပါသေးသည်။ ထို့ကြောင့် လုပ်သားများ အလုပ်လုပ်နေစဉ် အမြင့်မှ ပြုတ်ကျမည့်အန္တရာယ်မှ တတ်နိုင်သမျှ ကာကွယ်ပေးကြရမည် ဖြစ်ပါသည်။

စီမံခန့်ခွဲရေးအဖွဲ့သည် အမြင့်မှပြုတ်မကျရေး စနစ်တကျ စီမံချက်များ ရေးဆွဲထားရပါမည်။ ရေးဆွဲရုံမျှသာမက လက်တွေ့ လည်းလိုက်နာကျင့်သုံးရန်လိုသည်။ လုပ်သားများကိုလည်း မိမိတို့ အစီအမံများအတိုင်း လိုက်နာကျင့်ကြံကြစေရန် ပညာ ပေးခြင်း၊ သင်တန်းများပေးခြင်း၊ ဟောပြောပွဲများပြုလုပ်ပေးခြင်း စသည်တို့လုပ်ပေးရန် လိုပါသည်။ ထို့ပြင် စီမံခန့်ခွဲရေးအဖွဲ့ မှ ချမှတ်ပေးထားသော လုပ်ငန်းခွင်စည်းမျဉ်းများမှာ ၎င်းတို့၏ အသက်ကိုကာကွယ်ပေးရန်ဖြစ်ကြောင်း ကောင်းစွာ သဘော ပေါက်အောင် ရှင်းပြရန်လိုပါသည်။

အမြင့်တွင် အလုပ်လုပ်ရမည့်သူများအနေနှင့် ၎င်းတို့လိုက်နာရမည့် စည်းကမ်းများကို သေသေချာချာ သဘောပေါက်၊ နားလည်စေရန် သင်တန်းများပေးခြင်း၊ နားလည်မလည် ပြန်လှန်စစ်ဆေးခြင်း စသည်တို့ လုပ်ပေးရပါမည်။ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး စီမံချက်တွင် လုပ်သားများကိုယ်တိုင် စိတ်ပါလက်ပါ ပါဝင်ဆောင်ရွက်လာစေရန်၊ ထုတ်ပေးထားသော တစ်ကိုယ်ရေ ကာကွယ်ရေးပစ္စည်းများကို စနစ်တကျသုံးစွဲရန် စည်းရုံးရပါမည်။

ဤစာအုပ်၌ အမြင့်တွင် ဘေးအန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ရေးအတွက် သိသင့်သိထိုက်သည့် အချက်အလက်များကို စုစည်းဖော်ပြထားပါသည်။

၁။ အမြင့်မှ ပြုတ်ကျခြင်းမှကာကွယ်ရေး အစီအမံရေးဆွဲခြင်း

အကုန်အကျ အနည်းဆုံးနှင့် ထိခိုက်ဒဏ်ရာရခြင်းများမှ ရှောင်ရှားရန်အကောင်းဆုံးနည်းလမ်းတစ်ခု ရှိ၏။ ဤသည်မှာ လုပ်ငန်းခွင်မစမီဖြစ်စေ၊ လုပ်ကိုင်နေစဉ်ဖြစ်စေ၊ လုပ်ငန်းပြီးသွားလျှင် ဖြစ်စေ ကောင်းမွန်သော စီမံချက်ရှိခြင်း၊ တစ်ဦးနှင့် တစ်ဦး အပြန်အလှန်ဆက်သွယ်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ခြင်းတို့ ဖြစ်၏။ စီမံချက်ကို လုပ်ငန်းမစမီကတည်းက လုပ်ငန်း တွင်ပါဝင်မည့်သူများ ပူးပေါင်းရေးဆွဲရပါမည်။ တတ်သိနားလည်သူ ကျွမ်းကျင်ပညာရှင်များထံမှ အကြံဉာဏ်များ ရယူရပါမည်။ ဖြစ်နိုင်ချေရှိသော မတော်တဆမှုများကို ကာကွယ်ရေးအတွက် စီမံချက်ကြိုတင်ရေးဆွဲခြင်းနှင့် လက်တွေ့အကောင်အထည် ဖော်ခြင်းတို့မှာ အလွန်အရေးကြီးပါသည်။

ဤစီမံချက်တွင် လုပ်ငန်း၌ပါဝင်လုပ်ကိုင်မည့်သူအားလုံးကို အသီးသီးတာဝန်များ ချပေးထားရမည်။ ထိုတာဝန်များကို လိုက်နာ ရန် စည်းရုံးရမည်။ မလိုက်နာသူများကို အရေးယူ၊ အပြစ်ပေးရမည်။

၁၊ ၁။ အလုပ်ရှင်၏ တာဝန်

အလုပ်ရှင်မှာမူ အားလုံးအတွက် တာဝန်ရှိသည်။ အမြင့်မှ ပြုတ်ကျခြင်းမှကာကွယ်ရန် လိုအပ်သော အထောက်အပံ့များ ပြုလုပ်ပေးရမည်။ အလုပ်သမားများအား လိုအပ်သော သင်တန်းများပို့ပေးရမည်။ မိမိတို့ရေးဆွဲထားသော အမြင့်မှ ပြုတ်ကျခြင်းမှကာကွယ်ရေး အစီအမံသည် တကယ်ထိရောက်၊ မရောက် အမြဲအကဲခတ်နေရမည်။ ထို့ပြင် မိမိချမှတ်ထား သော စည်းမျဉ်းစည်းကမ်းများကို မိမိကိုယ်တိုင်လိုက်နာရန်လည်း အရေးကြီးသည်။

၁၊ ၂။ အင်ဂျင်နီယာ၏ တာဝန်

အင်ဂျင်နီယာသည် အမြင့်မှ ပြုတ်ကျခြင်းမှကာကွယ်ရန် လိုအပ်သောတိုင်းတာတွက်ချက်မှုများ၊ ဒီဇိုင်းများရေးဆွဲခြင်း၊ လိုအပ်သော အကြံဉာဏ်များပေးခြင်း ပြုရမည်။ ထို့ပြင် လုပ်ငန်းခွင်၌ မိမိတွက်ချက်ထားသည့်အတိုင်း လက်တွေ့လိုက်နာ၊ မလိုက်နာကိုလည်း စစ်ဆေးရန်လိုသည်။

၁၊ ၃။ လုပ်သားခေါင်းဆောင်များ၏ တာဝန်

လုပ်သားခေါင်းဆောင်များသည် စီမံခန့်ခွဲရေးအဖွဲ့မှ ချမှတ်ပေးထားသော စည်းမျဉ်းများ၊ အင်ဂျင်နီယာထုတ်ပေးထားသော ဒီဇိုင်း၊ တွက်ချက်မှု၊ ပုံစံများကို နားလည်သဘောပေါက်ရမည်။ မသိလျှင် မေးမြန်းရန်လိုသည်။ စည်းမျဉ်းများ၊ ဒီဇိုင်းများ အတိုင်း အတိအကျလိုက်နာ ဆောင်ရွက်ရမည်။ အလုပ်လုပ်ရာ၌ မည်သူ့ကို မည်သည့်အလုပ် ခိုင်းရမည်၊ မည်သူသည် မည်သည့်အလုပ်တွင် ကျွမ်းကျင်သည်၊ မည်သူသည် မည်သည့်အလုပ်နှင့် သင့်တော်သည်ကို သေချာစွာသိထားရမည်။ လူမှန် နေရာမှန် နေရာချထားတတ်ရမည်။ လုပ်ငန်းခွင် အန္တရာယ်များကို မျက်စိလျင်လျင်၊ ကြည့်မြင်နိုင်စွမ်းရမည်။

၁၊ ၄။ အလုပ်သမားများ၏ တာဝန်

အလုပ်သမားများအနေနှင့် ချမှတ်ထားသော လုပ်ငန်းခွင် စည်းမျဉ်းစည်းကမ်းများအကြောင်း ကောင်းစွာနားလည် သဘော ပေါက်အောင် လေ့လာရန် နှင့် လက်တွေ့လိုက်နာကျင့်သုံးရန် လိုပါသည်။ အမြင့်တွင် အလုပ်လုပ်ခြင်းအတွက် လုံလောက် သော အသိပညာဗဟုသုတ ရှိထားရမည်။ အမြင့်တွင်အလုပ်လုပ်ရန် လိုအပ်သော လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး သင်တန်းကို တက်ပြီး ဖြစ်ရမည်။ မိမိကိုယ်ကိုသာမက မိမိကြောင့် မိမိလုပ်ဖော်ကိုင်ဖက်များ အန္တရာယ်မကျရောက်စေရန် ကိုလည်း အမြဲသတိပြုနေရမည်။

မိမိအား ကိုင်ခွင့်ပေးမထားသော စက်ပစ္စည်းများကို မကိုင်ရန်၊ မိမိမောင်းနှင်ခွင့်မရှိသော မော်တော်ယာဉ်၊ စက်ယန္တယားစသည်များကို မမောင်းရန်၊ မိမိမသိသောအရာများကို မိမိ အထက်အရာရှိသို့မေးရန် တာဝန်ရှိပါသည်။ ထိုမျှသာမက လုပ်ငန်းခွင်အတွင်း အန္တရာယ်ရှိသော အခြေအနေ၊ သို့မဟုတ် အခြားတစ်ဦးတစ်ယောက်သည် အန္တရာယ်မကင်းစွာ လုပ်နေသည်ကိုတွေ့လျှင် မိမိ အထက်အရာရှိ သို့မဟုတ် စီမံခန့်ခွဲရေး အဖွဲ့သို့ အမြန်သတင်းပို့ရန် လိုပါသည်။

၁၊ ၅။ လုပ်ငန်းခွင် အန္တရာယ် ကာကွယ်ရေး အရာရှိ (Safety Officer/Safety Coordinator) ၏ တာဝန်

ဖွံ့ဖြိုးသောနိုင်ငံများတွင် လုပ်ငန်းခွင် အန္တရာယ် ကာကွယ်ရေး အရာရှိကို သီးသန့်ခန့်ထားပါသည်။ ထိုအရာရှိသည် လုပ်ငန်းခွင် အန္တရာယ် ကာကွယ်ရေး ကိစ္စများမှလွဲ၍ အခြားမည်သည့်တာဝန်မှ မရှိ။ မိမိတာဝန်ယူထားရသည့် လုပ်ငန်းခွင်အတွင်း မတော် တဆ ထိခိုက်ဒဏ်ရာရမှု၊ အသက်ဆုံးရှုံးမှုအားလုံးအတွက် တာဝန်အရှိဆုံးဖြစ်သည်။ လုပ်ငန်းခွင်မတော်တဆမှုများ တားဆီး ရေးအတွက် သူ့တွင်လုပ်ပိုင်ခွင့် အပြည့်ရှိသည်။ ဥပဒေအရ ပြဌာန်းထားသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် တောင်း ဆိုခွင့် သူ့တွင် အပြည့်ရှိသည်။ အန္တရာယ်မကင်းသောအလုပ်ဖြစ်ပါက လုပ်ငန်းကို ရပ်ထားခိုင်းနိုင်သော အခွင့်အာဏာရှိသည်။

သို့သော် ၎င်းတွင်တာဝန်ကြီးသည်။ လူဟူသည် စက်ရုပ်မဟုတ်သဖြင့် လစ်လျှင်လစ်သလို စည်းကမ်းချိုးဖောက်တတ်သည်။ အလုပ်သမားများ စည်းကမ်းမလိုက်နာသဖြင့် ဖြစ်လာသော မတော်တဆမှုကို လုပ်ငန်းခွင် အန္တရာယ် ကာကွယ်ရေး အရာရှိက ဒိုင်ခံဖြေရှင်းရသဖြင့် လွယ်တော့မလွယ်လှ။ ထို့ကြောင့် လုပ်ငန်းခွင် အန္တရာယ် ကာကွယ်ရေး အရာရှိများ၏ လစာမှာလည်း အခြားသူများထက်စာလျှင် ပိုမြင့်တတ်သည်။ အစိုးရ၏ ဥပဒေ၊ နည်းဥပဒေများကို ကျေညက်အောင်လေ့လာထားရပြီး ဗဟုသုတလည်း ရှိထားရန်လိုသည်။

လုပ်ငန်းခွင် အန္တရာယ် ကာကွယ်ရေး အရာရှိ၏ အဓိကတာဝန်မှာ စီမံခန့်ခွဲရေးအဖွဲ့၏ အကူအညီဖြင့် လုပ်ငန်းခွင် မတော်တဆ မှုမဖြစ်အောင် စီမံချက်ရေးဆွဲရသည်။ ထိုစီမံချက်ကို လက်တွေ့အကောင်အထည် ဖော်ရသည်။ မိမိလုပ်ငန်းခွင်အတွင်း ရှိသမျှ လူအားလုံးကို လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးသင်တန်းများ၊ ပညာပေးဟောပြောပွဲများ လုပ်ပေးရသည်။ အစိုးရမှ ချမှတ် ထားသော စည်းမျဉ်းစည်းကမ်းနှင့်အညီ မိမိအလုပ်ခွင်ကို ထိန်းထားရသည်။

လုပ်ငန်းခွင် အန္တရာယ် ကာကွယ်ရေး အရာရှိ၏ တာဝန်နှင့် ၀တ္တရားများကို သီးသန့်ဆောင်းပါးတစ်ပုဒ်ရေးပါမည်။

မြန်မာပြည်အနေနှင့် လုပ်ငန်းခွင်ကာကွယ်ရေးအရာရှိ သီးသန့်ခန့်ထားရေးမှာ လက်တွေ့တွင် မလွယ်ကူသေးပါ။ သို့သော် လုပ်လို့ရသည်မှာ အင်ဂျင်နီယာနှင့် လုပ်သားခေါင်းဆောင်တို့ကို သင်တန်းများပေးကာ တာဝန်ယူ လုပ်ခိုင်းနိုင်ပါသည်။ သို့သော် စိတ်ပါဝင်စားစွာ လုပ်ကိုင်ချင်လာအောင် မက်လုံးအဖြစ် အပိုကြေး သို့မဟုတ် ဆုကြေးကဲ့သို့ ခံစားခွင့် တစ်ခုခုတော့ ဖန်တီးပေးရပါလိမ့်မည်။  

၂။ ထည့်သွင်းစဉ်းစားရမည့်အချက်များ  
နိမ့်သည်ဖြစ်စေ၊ မြင့်သည်ဖြစ်စေ အမြင့်မှ ပြုတ်ကျလျှင် ဒဏ်ရာအနာတရဖြစ်မည်မလွဲ။ ထို့ကြောင့် ဖြစ်နိုင်ချေမှန်သမျှ ထည့်သွင်းစဉ်းစားရမည်။

ပထမဦးစွာ မည်သည့်နေရာများမှ ပြုတ်ကျနိုင်သနည်း ဆိုသည်ကို စူးစမ်းကြည့်ပါမည်။ အောက်ပါနေရာများသည် ပြုတ်ကျရန် အလားအလာရှိသော နေရာများဖြစ်ပါသည်။

Ø  လူကြီး လက်ခုပ်တစ်ဖောင်ထက် ပိုမြင့်သော နေရာများ (၂ မီတာထက်ပိုသောအမြင့်)

Ø  အကာအကွယ်မရှိသော ခေါင်မိုးများ၊ အစွန်းများ၊ ကြမ်းပြင်များ

Ø  ကြမ်းပြင်၊ ခေါင်မိုး၊ နံရံစသည်တို့တွင် ဖောက်ထားသော အကာအရံမဲ့ အပေါက်များ

Ø  ကျွင်းများ၊ ချိုင့်များ၊ မြောင်းများ၊ ကန်များ

Ø  လှုပ်လီလှုပ်လဲ့ စင်များ၊ တန်းများ၊ ခနော်နီ ခနော်နဲ့ အဆောက်အဦများ

Ø  ကြွပ်ဆပ်သောမျက်နှာပြင်များ၊ နံရံများ အပေါ် သို့မဟုတ် အနီးအနား

ထိုမျှသာမက အောက်ပါတို့ကိုပါ ထည့်သွင်းစဉ်းစားရပါမည်။

Ø  လုပ်ငန်းခွင်သို့ အ၀င်အထွက် လုပ်သည့်နေရာ

Ø  လူများ၊ စက် နှင့် လက်နက်ကိရိယာများ စသည်တို့အတွက် အလုပ်လုပ်ရန် ငြမ်းစင် အလုံအလောက်လောက်ရှိမှု

Ø  ကြမ်းပြင်အမြင့်၊ ဆင်ခြေလျှော နှင့် အခြေအနေပြောင်းသွားတိုင်း ပြောင်းသည့်နေရာ၌ ကြမ်းပြင် ချောမောပြေပြစ်မှု  

Ø  အုတ်ခဲ၊ သစ်သားချောင်း၊ ၀ိုင်ယာကြိုး၊ ထိုးထွက်နေသော အစွန်းများ စသော ခလုတ်တိုက်ကာ လဲနိုင်သည့် ပစ္စည်းများ

Ø  အပေါ်၌သွယ်တန်းထားသော မီးကြိုးများ

Ø  အပေါ်ဘက်တွင် ခေါင်းနှင့်မလွတ်သော ထုပ်တန်းများ၊ အစွန်းများ

Ø  လေတိုက်ပြီး၊ သို့မဟုတ် မိုးသည်းထန်ပြီး ပြိုလဲကျနိုင်သည့် ဓါတ်တိုင်၊ သစ်ကိုင်း၊ ခြံစည်းရိုး၊ တိုင် စသည်

အရေးကြီးသည်မှာ ဒါ ငါ့အလုပ်မဟုတ်ဘူးဟူ၍ လက်ရှောင်မနေဘဲ အလုပ်ရှင်ရော၊ အလုပ်သမား ၀န်ထမ်းအားလုံးပါ ပါဝင်လျှက် ဖြစ်နိုင်ခြေရှိမည့် အန္တရာယ်များ၊ ဤအန္တရာယ်ကို ကာကွယ်ရေးနည်းလမ်းများကို ၀ိုင်းဝန်းရှာဖွေ ဖော်ထုတ်ကြရန် ဖြစ်ပါသည်။

၃။ အကောင်းဆုံးနည်းလမ်း

အကောင်းဆုံးနည်းလမ်းကား အမြင့်တွင် လုပ်ရတော့မည်ဆိုသည်နှင့် အောက်ပါမေးခွန်းများကို မိမိဘာသာ မေးမြန်းရန် ဖြစ်ပါသည်။

ငါ ဒီအလုပ်ကို အန္တရာယ်ကင်းအောင် ဘယ်လိုလုပ်မလဲ။

ü  ဒီအမြင့်မှာလုပ်ဖို့ အန္တရာယ်ကင်းရဲ့လား။ အန္တရာယ်ကင်းတယ်ဆိုတာ စိတ်ချရရဲ့လား။

ü  အန္တရာယ်မကင်းဘူးဆိုရင် ပြုတ်မကျအောင် ဘယ်လိုအစီအမံတွေ ရှိထား၊ လုပ်ထားရမလဲ။

ü  ဒီနေရာမှာ အလုပ်လုပ်တဲ့အခါ ဘယ်လို အန္တရာယ်မျိုးတွေရှိနိုင်မလဲ။

ü  အကြီးကျယ်ဆုံးအနေနဲ့ ဘယ်လိုအန္တရာယ်ရှိသလဲ။

ü  အဲဒီအန္တရာယ်ကို ဖျောက်လို့မရရင်တောင် အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်မလဲ။

ü  အပေါ်တင်မဲ့ အလေးချိန်ကို ကိုယ်ရပ်နေတဲ့ မျက်နှာပြင်ဟာ ကောင်းကောင်းခံနိုင်ရဲ့လား။

ü  အလုပ်လုပ်ဖို့ လုံလုံလောက်လောက် ကျယ်ရဲ့လား။ အနားတွေကို အကာအကွယ် လက်ရန်းတမ်းတွေ တပ်ဆင်ထားသလား။

ü  မျက်နှာပြင်ဟာ ရေ ဒါမှမဟုတ် ဆီတွေနဲ့ချောနေသလား။ ချော်လဲကျနိုင်မဲ့ အန္တရာယ်ရှိသလား။

ü  လက်နက်ကိရိယာတွေထည့်ဘို့ အိတ်၊ ပုံး ဒါမှမဟုတ် သေတ္တာပါရဲ့လား။

ü  မျက်နှာပြင်ပေါ်မှာ အမှိုက်သရိုက်တွေနဲ့ ရှုပ်ပွနေသလား။ (ကြိုးတွေ မျက်နှာပြင်ပေါ်မှာ ရှုပ်နေသလား။)

ü  ဘယ်အနားမှာ လုပ်ရမလဲ။ အဲဒီ အမြင့်၊ ခေါင်မိုးရဲ့ အလယ်မှာလား။ အစွန်းမှာလား။

ü  ဘယ်လိုလုပ်ရမှာလဲ။ ဘာမှရပ်စရာမရှိသေးတဲ့ ခေါင်မိုးအသစ်ဆင်တာမျိုး လုပ်ရမှာလား။

ü  ခေါင်မိုး တစ်ခုကနေ တစ်ခုကို ကူးပြောင်းလုပ်စရာ လိုသလား။

ü  ခေါင်မိုးပေါ်မှာ လူအများကြီး မတူတဲ့အလုပ်မျိုးစုံကို လုပ်နေသလား။

ü  ရာသီဥတုအခြေအနေ။ နေပူနေသလား၊ မိုးရွာနေသလား၊ လေတိုက်နေသလား၊ နှင်းကျနေသလား။

ü  အလင်းရောင် လုံလုံလောက်လောက်ရရဲ့လား။ သိပ်မှောင်လွန်းနေသလား။

၎။ အန္တရာယ်ကို ကိုင်တွယ်နည်း

အောက်ပါမေးခွန်းများကို မိမိဘာသာမေးပြီး အဖြေထုတ်ပါ။
 
ဒီအန္တရာယ်ကိုလုံးဝပျောက်သွားအောင် လုပ်နိုင်သလား။ ဘယ်လိုလုပ်မလဲ။ 

တခြားသူတွေ ဒီအန္တရာယ်စက်ကွင်းထဲမပါအောင် ဘယ်လိုလုပ်ရမလဲ။ (ဥပမာ - မိမိက အမြင့်တွင် အုတ်ခဲများစီရသည် ဆိုပါစို့။ အုတ်ခဲများမတော်တဆပြုတ်ကျလျှင် အောက်ဘက်ရှိ အခြားသူများခေါင်းပေါ်ကျနိုင်သည်။ ထိုအခါ မိမိအလုပ်လုပ် နေသည့် အောက်ဘက်ကို အခြားသူများမ၀င်နိုင်အောင် ကာရံထားရမည်။)

အန္တရာယ်အနည်းဆုံးဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ (ခေါင်မိုးအနားများကို လက်ရန်းများတပ်ဆင်ခြင်း၊ အပေါက်များ ရှိပါက ပိတ်ထားခြင်း၊ ပြုတ်ကျလျှင် မိမိကို ဆွဲထားနိုင်သည့် ကိုယ်သိုင်းကြိုးများ ၀တ်ဆင်ထားခြင်း စသည်) 

၅။ ဒါတွေလုပ်ထားပေးပါ။

ü  အမြင့်သို့ အတက်အဆင်းလုပ်ရန် ခိုင်ခံ့သောလှေခါး တပ်ဆင်ပေးထားပါ။

ü  ခေါင်မိုးစွန်းများ၊ အပေါက်များကို လက်ရန်းတန်းများဖြင့် ကာပေးထားပါ။

ü  ပစ္စည်းတွေအောက်ပြုတ်မကျနိုင်အောင် ခေါင်မိုးစွန်းတစ်လျှောက် ခါးပန်းတွေ ကာပေးထားပါ။

ü  ခေါင်မိုးပေါ်မှ မီးကြိုးများ ဖြတ်သွယ်ထားလျှင် ထိုမီးကြိုးများကို ဖြစ်နိုင်လျှင် မီးဖြတ်ထားပါ။

ü  အပေါ်တွင်ပြုတ်ကျနိုင်စရာ ပစ္စည်းများရှိနေပါက ပြုတ်မကျစေရန် တောင်းများဖြင့်ထည့်ထားခြင်း စသည် လုပ်ထားပါ။

ü  လိမ့်ကျလျှင် အောက်ဆုံးထိပြုတ်မကျစေရန် ကိုယ်သိုင်းကြိုးများ ၀တ်ဆင်ထားပါ။

ü  မျက်နှာပြင်သည် ဆီ၊ ရေများနှင့်ချောနေလျှင် ထို ဆီ၊ ရေများစင်အောင် သုတ်ပေးပါ။ ပြောင်ချောမျက်နှာပြင် ဖြစ်နေလျှင် လျှောမကျစေရန် အထစ်များဖန်တီးပေးပါ။

ü  အပေါ်တွင် အလုပ်လုပ်နေသည်၊ သတိထား ဟူသော သတိပေးစာတမ်းကို မိမိအလုပ်လုပ်နေသည့်အောက်တွင် ဆွဲထားပါ။

ü  မိမိအလုပ်လုပ်ရာတွင် ကျောက်ခဲ၊ အုတ်ခဲများ စသဖြင့် ပစ္စည်းများပြုတ်ကျမည့် အန္တရာယ်ရှိပါက အောက်ဘက်တွင် လူမ၀င် နိုင်စေရန် အကာအရံများလုပ်ထားပါ။ ထို့ပြင် အလုပ်လုပ်နေသည်၊ ဖြတ်သန်းမသွားရ ဟူသော သတိပေးစာ ဆွဲထားပါ။

ü  ကိုင်တွယ်နိုင်ရန် ခိုင်မြဲသော လက်ကိုင်တန်းများလိုလျှင် တပ်ဆင်ထားပါ။

အရေးပေါ်အခြေအနေကြုံလာပါက မည်ကဲ့သို့လုပ်ရမည်ကို ကြိုတင်စီမံထားပါ။ ဥပမာ - အရေးပေါ်ယာဉ်ခေါ်ရန် ဖုံးနံပါတ် မှတ်ထားခြင်း။ အနီးဆုံးဆေးခန်း မည်သည့်နေရာ၌ ရှိသည်ကို ကြိုတင်လေ့လာထားခြင်း။

မှတ်ချက်။            ။ အမြင့်မှ ပြုတ်ကျလျှင် သေတတ်သည်။ ထို့အတွက် ပြုတ်မကျနိုင်ရန် အကာအကွယ် လုံလုံလောက် လောက်လုပ်ထားပြီးမှ အမြင့်တွင် လုပ်ပါ။ စိတ်မချရလျှင် စိတ်ချရသည်အထိ ပြင်ပြီးမှ ဆက်လုပ်ပါ။

၆။ လုပ်သားခေါင်းဆောင် (Supervisor) များ လုပ်ဆောင်ရမည့် တာဝန်ဝတ္တရားများ

မိမိအလုပ်သမားများ အန္တရာယ်ကင်းရေးသည် လုပ်သားခေါင်းဆောင်များတွင်လည်း တာဝန်ရှိပါသည်။ အလုပ်သမား ခေါင်းဆောင်တစ်ဦးအနေနှင့် မိမိတို့အလုပ်လုပ်မည့်နေရာသည် အန္တရာယ်ကင်းမကင်း လိုက်လံစစ်ဆေးရပါမည်။ လိုအပ်လျှင် အကာအကွယ်များ၊ ဆိုင်းဘုတ်များ တပ်ဆင်ပေးရမည်။

 
၆၊ ၁။ အလုပ်ခွင်တစ်ခုလုံးကို နေ့စဉ်လိုက်လံစစ်ဆေးခြင်း

အလုပ်ခွင်ကို စစ်ဆေးခြင်းသည် တစ်ကြိမ်ထဲမဟုတ်။ လုပ်ငန်းခွင်အခြေအနေမှာ အမြဲပြောင်းလဲနေသည်ဖြစ်ရာ မိမိကလည်း အမြဲမျက်လုံးဒေါက်ထောက် ကြည့်နေရပါမည်။ အန္တရာယ်မကင်းသည့် အခြေအနေတွေ့ပါက အချိန်မဆွဲဘဲ ချက်ချင်း ပြုပြင်ရန် လိုသည်။

မည်သည့်နေရာများကို စစ်ဆေးရမည်နည်း။

အထူးအားဖြင့် အလုပ်လုပ်မည့် ကြမ်းခင်းများ၊ မကာရံရသေးသော အထပ်မြင့် ကြမ်းခင်းများ၊ ကြမ်းပြင်ရှိ အပေါက်များ၊ ကျင်းများ၊ ချိုင့်များ၊ လှေခါးများ နှင့် လုပ်ငန်းခွင် သန့်ရှင်းသပ်ယပ်မှု။

၆၊ ၂။ လုပ်ငန်းခွင်အန္တရာယ်များကို နေ့စဉ်သတိပေးပြောကြားခြင်း

  တစ်နေ့တာ လုပ်ငန်းမစမီ မိမိတို့လုပ်ငန်းခွင်နှင့် ပတ်သက်သည့် သတိထားရမည့်အချက်များ၊ အန္တရာယ်ဖြစ်နိုင်သော အခြေ အနေများ၊ ထူးခြားသော အခြေအနေများ၊ အန္တရာယ်ကို ကာကွယ်ရမည့် နည်းလမ်းများအား အလုပ်သမားအားလုံးကို အမြဲ သတိပေး ပြောကြားရပါမည်။ ၎င်းတို့ကြုံတွေ့နေရသည့် အခက်အခဲကိုလည်း ပြန်လည်နားထောင်ရမည်။ ထိုအခက်အခဲကို ဖြေရှင်းပေးရန်လည်း လိုသည်။ 
၆၊ ၃။ လူမှန်၊ နေရာမှန် နေရာချခြင်း

အချို့အလုပ်များမှာ လေ့ကျင့်ထားသော လုပ်သားများသာ လုပ်၍ရသည်။ ထိုအခါ လုပ်သားခေါင်းဆောင်သည် မည်သူသည် ဤအလုပ်နှင့်ပတ်သက်၍ လေ့ကျင့်ပေးပြီးသားသူ ဖြစ်သနည်းဆိုသည်ကို သေသေချာချာ သိထားရန်လိုပါသည်။ စက်ကိရိ ယာများ မောင်းနှင်ရာတွင်လည်း တကယ်တတ်ကျွမ်းသူ၊ သင်တန်းတက်ပြီးသားသူ၊ လက်မှတ်ရပြီးသူကိုသာ ခိုင်းရန် လိုပါသည်။ မကျွမ်းကျင်သူအား စက်မောင်းခိုင်းမိခြင်းမှာ အန္တရာယ်အလွန်များသည်။

၆၊ ၄။ ရေးဆွဲထားသော လုပ်ငန်းစဉ်အတိုင်း လုပ်ကိုင်ခြင်း။ ချမှတ်ထားသော စည်းမျဉ်းများကို လိုက်နာခြင်း

အလုပ်လုပ်ရာတွင် ပြီးပြီးရောမဟုတ်ဘဲ အလုပ်လုပ်ရန် စနစ်တကျ ရေးဆွဲပေးထားသော လုပ်ငန်းအစဉ်အတိုင်း လုပ်သွားရန် လိုပါသည်။ ဖြတ်လမ်းလုပ်ခြင်းကား အန္တရာယ်များလှ၏။ ထို့အပြင် လုပ်ငန်းခွင်အတွင်း လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ ကို မိမိကိုယ်တိုင် လိုက်နာရန်လိုသလို၊ မိမိအလုပ်သမားများအားလည်း လိုက်နာရန် နှိုးဆော်ပေးရပါမည်။

၇။ အလုပ်သမားများ၏ တာဝန်တ္တရားများ
















      ၈။ အမြင့်မှလိမ့်ကျစေသော ယေဘုယျ အကြောင်းအချက်များ



က) အန္တရာယ်ရှိသော အခြေအနေ

v  လက်ကိုင်စရာတန်းမရှိခြင်း၊ ခြေကုပ်ယူစရာ နေရာမကောင်းခြင်း

v  ကောင်းစွာဆင်မထားသော ငြမ်းစင်များ၊ ကောင်းစွာထောင်မထားသော လှေခါးများ

v  ကောင်းစွာ ဆောက်လုပ်မထားသော အလုပ်လုပ်မည့် စင်များ

v  အကာအရံလက်ရန်းတန်းများ တပ်ဆင်မထားသည့် ကြမ်းပြင်များ

v  အကာအရံမရှိသော ကြမ်းပြင်အပေါက်များ


v  ချွတ်ယွင်းနေသော လှေခါးများ

v  လက်ရန်းမပါသော လှေခါးများ

v  အမှိုက်များဖြင့် ရှုပ်ပွနေသော နေရာများ

v  အလင်းရောင် လုံလုံလောက်လောက် မရသောနေရာများ



ခ) အန္တရာယ်ရှိမကင်းသော လုပ်သား

v  အလုပ်ကို စနစ်တကျမလုပ်ခြင်း၊ ဖြစ်ကတတ်ဆန်းလုပ်ခြင်း

v  ဖြတ်လမ်းသုံးခြင်း

v  လုပ်ငန်းမကျွမ်းကျင်ခြင်း

v  လုပ်ငန်းခွင် ဗဟုသုတမရှိခြင်း

v  လုပ်ငန်းခွင်စည်းကမ်းကို မလိုက်နာခြင်း

အန္တရာယ်ရှိသော အခြေအနေများ





၉။ အမြင့်မှ ပြုတ်မကျရန် ကာကွယ်ခြင်း

v  အမြင့်တွင် အလုပ်လုပ်ရန် ခိုင်ခံ့သော ငြမ်းစင်များ ဆင်ပေးပါ။ ငြမ်းစင်သည် အလုပ်လုပ်ရန် လုံလောက်သော အကျယ်အ၀န်း ရှိရပါမည်။

v  ငြမ်းဆင်ရာတွင် ငြမ်းဆင်ရန်သင်တန်းပေးထားသော လက်မှတ်ရ ငြမ်းဆင်လုပ်သားများသာ ဆင်ရပါမည်။

v  ငြမ်းစင်ကို လက်ရန်းတန်းများဖြင့် ကာရံထားရမည်။ ခြေကာပြားများ တပ်ဆင်ပေးထားရမည်။

v  ထိုငြမ်းစင်ပေါ်သို့ အတက်အဆင်းလုပ်ရန် လှေခါးများတပ်ဆင်ပေးပါ။ လှေခါးများတွင် လက်ရန်းတန်းများ ပါရပါမည်။

v  ငြမ်းစင်ပေါ်တွင်အလုပ်လုပ်သည့်အခါ လက်နက်ကိရိယာများကို အိတ်၊ ပုံးများအတွင်းထည့်ထားပါ။

v  ငြမ်းစင်ကို အခွင့်မရှိဘဲ မည်သူမျှ ပြင်ခြင်း၊ ဖျက်ခြင်း မလုပ်ရ။

v  ငြမ်းစင်ပေါ်သို့ ပစ္စည်းများ တင်မထားပါနှင့်။ ငြမ်းစင်မခံနိုင်လျှင် ပြိုကျတတ်သည်။

v  ငြမ်းစင်အခြေအနေကို တစ်ပတ်တစ်ခါ စစ်ဆေးပါ။ ချွတ်ယွင်းချက်များရှိလျှင် ချက်ချင်းပြင်ခိုင်းပါ။

v  လက်ရန်းတန်းများကို မှီခြင်း၊ အပေါ်တက်ထိုင်ခြင်းများ မပြုပါနှင့်။

v  အမြင့်တွင်လုပ်လျှင် ၀တ်ရမည့် ကိုယ်သိုင်းကြိုးများ ၀တ်ဆင်ပါ။ ချိတ်ကိုလည်း ချိတ်ထားပါ။

v  လက်နက်ကိရိယာများ ကောင်းမွန်စွာ အလုပ်လုပ်၊ မလုပ်။ လုပ်ငန်းမစမီကတည်းက သေချာစွာ စစ်ဆေးထားပါ။

v  ကြမ်းပြင်အပေါက်များကို ဖုံးအုပ်ထားပါ။ အပေါက်ကျယ်လျှင် ကာရံထားပါ။ ထို့ပြင် သတိပေးဆိုင်းဘုတ် ချိတ်ဆွဲထားပါ။


လှေခါးတိုင်းတွင် လက်ရန်းတန်းပါရပါမည်။

ကျင်းများ၊ ချိုင့်များကို ကာရံထားပါ။



မှီငြမ်းကိုးကား စာအုပ်စာတမ်းများ

၁။ Worker’s Safety Handbook – Singapore WSH Council

၂။ Supervisor’s Handbook – Singapore WSH Council

၃။ Work At Height Guide 2011 – Site Safe New Zealand

၎။ Fall Protection Plan



ကျေးဇူးတင်ပါသည်။



အေးငြိမ်း
6/3/2012, 11:01pm
Blk 663D, Jurong West St. 65
#15-233
Singapore 644663
Tel: (65)97303027
Email: y_nyein@yahoo.com.sg , aye475@gmail.com

1 comment:

Anonymous said...

ဗဟုသုတ များစွာ၇ပါသည်.ဆ၇ာ အေးငြိမ်း ကျန်းမာလို့ ဒီထက်မက စာေ၇းနိုင်ပါစေ.