Saturday, September 25, 2010

အလုပ်ကြီး အကိုင်ကြီး

(၁၉-၉-၂၀၁၀)


(၁)

ယနေ့မနက် မအေးအေးမွန် ပို့လိုက်သော email ကို ဖတ်မိရာမှ ဤဆောင်းပါးကို ရေးဖြစ်ပါသည်။ လွန်ခဲ့သော ကာလများကတည်းက ရေးချင်နေခဲ့သော်လည်း အကြောင်းအပေါင်းမသင့်သဖြင့် မရေးဖြစ်ခဲ့။ ယခုမူ ရေးချင်စိတ် ပေါ်လာသဖြင့် ကောက်ကက်ရေးလိုက်ပါသတည်း။

၁၉၈၈ ခုနှစ် နှစ်ဆန်းပိုင်း၊ ကျွန်တော်ရန်ကုန်တွင် အလုပ်ရှာနေစဉ်ကာလက ကျွန်တော်တို့ရွာဘက်မှ အစ်ကိုကြီး တစ်ဦး၏အိမ်တွင် တည်းခိုနေရသည်။ ကျွန်တော့်တွင် ရန်ကုန်၌ အသိမရှိ။ အဆွေအမျိုးမရှိ။ သူငယ်ချင်းဖြစ်သူ ၀င်းမောင်၏ ကူညီမှုဖြင့် ထိုအစ်ကိုကြီး ကိုမြင့်မောင့်အိမ်တွင် နေခွင့်ရသည်။

ကိုမြင့်မောင်က ဗျိုင်းရေအိုးစင်တွင် အိမ်ငှားနေသည်။ အိမ်မှာနှစ်ထပ်ဖြစ်ပြီး ကျွန်တော်တို့က အောက်ထပ်တွင် ဖြစ်သည်။ အိမ်မှာ ပျဉ်ခင်းအိမ်ဖြစ်ရာ လမ်းလျှောက်လိုက်လျှင် အပေါ်ထပ်မှ အမှုန်အမှိုက်များ၊ သဲများကျလာတတ်သည် ဖြစ်ရာ ကျွန်တော်က အခန်းမျက်နှာကျက်ကို သတင်းစာစက္ကူများဖြင့် လိုက်ကပ်သည်။

ကျွန်တော် သတင်းစာများကပ်နေစဉ် ကျွန်တော်နှင့် အလွန်အင်မတန် ခင်မင်ရင်းနှီးလှသည့် သူငယ်ချင်း ကိုရွှေသန်း ပေါက်ချလာပါသည်။ ကျွန်တော်က သတင်းစာကပ်နေရင်းနှင့်ပင် သူနှင့်စကားစနေပြောကြသည်။ သူက ကျွန်တော်ကပ်ထား သော သတင်းစာမျက်နှာကျက်ကို မော့ကြည့်ပြီး ပြောပါသည်။

ခင်ဗျား သတင်းစာတွေက သေသေချာချာလည်း မစေ့ပါလား။ ခင်ဗျား မျက်နှာကျက်တစ်ခုလုံး အပင်ပန်းခံ လျှောက်ကပ်ပြီး အဲဒီ့ကြားထဲက အမှုန်တွေကျလာရင် အပင်ပန်းခံရကျိုး ဘယ်နပ်မလဲ။ အလုပ်ကြီးတစ်ခုလုပ်ရင် သေသေ ချာချာလုပ်ဗျ။ နို့မို့ လုပ်ရကျိုးမနပ်ဘူး။

ကိုရွှေသန်းပြောလိုက်သော ဤစကားသည် ကျွန်တော့်နှလုံးသားထဲတွင် သံမှိုနှက်လိုက်သကဲ့သို့ စွဲသွားခဲ့ပါသည်။ နောင် ဘယ်အလုပ်မဆို လုပ်သည့်အခါတိုင်း ကိုရွှေသန်းပြောသောစကားကို အမြဲအမှတ်ရမိပါသည်။ အထူးသဖြင့် အရေးကြီး သော အလုပ်များကို လုပ်သည့်အခါ တတ်နိုင်သမျှ အမှားအယွင်းနည်းအောင် လုပ်ဖြစ်သွားပါသည်။ လုပ်မည်ကြံတိုင်း အထပ် ထပ်စစ်၊ လုပ်ပြီးသည့်အခါလည်း ကိုယ်လုပ်ထားတာ ဟုတ်မဟုတ် အထပ်ထပ်စစ်။

သို့သော် လူဟူသည် ခြောက်ပြစ်မကင်းနိုင်ရကား အမှားအယွင်းတော့ ရှိစမြဲ။ သို့သော် သတိနှင့်လုပ်သည်ဖြစ်၍ အမှားနည်းသွားပါသည်။ ပစ်စလက်ခတ် မမှားနိုင်တော့ပါ။

(၂)

မအေးအေးမွန်က link တစ်ခုပို့ကာ ဖတ်ကြည့်ရန်ပြောသဖြင့် ဖတ်ကြည့်ပါ၏။ သူပေးသော link မှာ -

http://www.peoplemediavoice.com/international-news/beggar-found-living-in-5-star-hotel.html

ဖြစ်ပါ၏။ ကျွန်တော်က စာအုပ်များကို အလွန်ချစ်တတ်သူဖြစ်သဖြင့် ထို site မှစာအုပ်စင်သို့ သွားကြည့်ပါသည်။

http://www.peoplemediavoice.com/books-listes/?refresh=1 တွင် စာအုပ်ပေါင်းများစွာကို ကြည့်ခွင့်ရပါသည်။ ကျေးဇူးအထူးတင်ပါ၏။ သို့သော် ဤတွင်တွေ့ရသည်မှာ အချို့သောစာအုပ်နာမည်နှင့် စာရေးဆရာနာမည်များကို မှားယွင်း ရိုက်ထားခြင်းဖြစ်ပါသည်။

Website တစ်ခုလုပ်ဖို့၊ ဤစာအုပ်များကို online တင်ဘို့ဆိုတာ လွယ်လွယ်လေးမဟုတ်။ ကျွန်တော် blog ရေးတာ၊ 4share နှင့် mediafire ပေါ်တွင် စာအုပ်များနှင့် ဓါတ်ပုံများ upload လုပ်တာပင် အချိန်များစွာပေးရပါသည်။ ဤကဲ့သို့ အလုပ်ကြီး အကိုင်ကြီးတစ်ခုလုပ်တာကို အမှားအယွင်း အကျအပေါက် နည်းနိုင်သမျှနည်းအောင် လုပ်နိုင်လျှင် ကောင်းပါလိမ့် မည်။ ဤကဲ့သို့သော အင်တာနက်စာမျက်နှာမှာ လူပေါင်းထောင်သောင်းများစွာ (ယခုကျွန်တော် သူတို့ site ကို လာလည်သူ စာရင်းကိုကြည့်ရာ နှစ်သန်းခြောက်သိန်းကျော်ဟု တွေ့ရပါသည်။) လာရောက်ဖတ်ရှုသည်ဖြစ်ရာ မိမိမြန်မာစာကို တန်ဖိုးထား သည့်အနေနှင့် မိမိတို့တင်ထားသည်များကို ကျကျနန၊ စေ့စေ့စပ်စပ် ပြန်လည်ဖတ်ရှုသင့်ပါသည်။

ကြားဖြတ်ပြောရလျှင် ကျွန်တော် ဤ website ဖြစ်သော လူထုအသံ ကို ရှုတ်ချလို၍ မဟုတ်ပါ။ အခြား site များ၊ blog ရေးသူများ၊ မြန်မာစာကို ရေးသားပြောဆိုနေကြသူ အားလုံးကိုလည်း သတိပေးလို၍ ရေးခြင်းဖြစ်ပါသည်။

ကွန်ပြူတာ Type ရိုက်သူသည် မြန်မာစာကို ကောင်းကောင်းနားလည်ချင်မှ နားလည်မည်။ စာအုပ်နာမည်များကို သေသေချာချာ သိချင်မှသိမည်။ သို့သော် အယ်ဒီတာလုပ်သူသည် သူရိုက်ထားတိုင်း ဒီအတိုင်းတင်လိုက်ရန် မသင့်။ သူရိုက် ပေးထားသော စာများကို လက်ထောက်အယ်ဒီတာကို အလျင်ဖတ်ခိုင်း၊ ပြီးမှ မိမိက သေချာစွာ ပြန်ဖတ်။

ယခင်ကမူ ကွန်ပြူတာမပေါ်သေးမီက ခဲစာလုံးကလေးများဖြင့် စာလုံးများစီရသည်။ ထိုသူကို စာစီဆရာ ဟု ခေါ်၏။ စာစီလိုက်သူက စီလိုက်သောစာများကို စာလုံးပေါင်း၊ အကျအပေါက်စစ်ရန် စာပြင်ဆရာ သီးသန့်ရှိပါသည်။ ယခုခေတ်တွင် အလွန်လွယ်ကူလှပါသည်။ ကွန်ပြူတာဖြင့်ရိုက်ရတာ ခဲစာလုံးစီရတာထက် အဆပေါင်းများစွာ သက်သာပါသည်။ မကောင်း သည့်အချက်မှာ ကွန်ပြူတာဖြင့်ရိုက်ခြင်းက အလွန်လွယ်သလို မှားဘို့လည်းလွယ်ပါသည်။

ထိုမျှသာမကသေး။ ယခုခေတ်ပေါက် လူငယ်လူကြီးများအနက် မြန်မာစာကို တန်ဖိုးထားသူများမှာ အလွန်နည်းပါး လှရကား ဖတ်လို့ရပြီးရော ရေးကြသူများကြောင်း အင်တာနက်စာမျက်နှာများတွင် အများအပြား တွေ့ရပါသည်။ ကြားဖူးကြသော ပုံပြင်လေးထဲကလို - ဟေ့၊ ငါ့ဟာငါ “ကြောင်း” လို့ရေးတော့ကော ဘယ်ကောင်က “အိမ်” လို့ ဖတ်မလဲကွ ဟု တောဘုန်းကြီးလို ငါ့စကားနွားရ မပြောသင့်။ မိမိသည် မြန်မာဖြစ်နေသဖြင့် မိမိသုံးနေသော မြန်မာစာကို တန်ဖိုးထားရပါမည်။ အင်္ဂလိပ်စာတွင်မူ spelling check ကို အလွယ်တကူ လုပ်လို့ရသည်။ မြန်မာစာကား မလွယ်လှ။ “ကျ” နှင့် “ကြ” အသံထွက် ချင်းတူပေမင့် သုံးသည့်နေရာချင်း မတူပါ။ “ကြ” မှာ တောင် “ကြ” ၊ “ကြ” ၊ “ကြ” ၊ “ကြ” အသုံးချင်း မတူပါ။ ဥပမာပြရလျှင် - စားကြသောက်ကြသည် တွင်ြ - ကို သုံးသည်။ အကြီးကြီးပဲ တွင်ြ - ကို သုံးသည်။ အဲဒါ ကြွားပြောတာ တွင်ြ - ကိုသုံး သည်။ ဘိုးစိန်ကို ကြိုးကြိမ်နဲ့ တုတ်ပါလို့ဗျာ တွင် ကြိုး ကိုြ - ကို သုံးသည်။ ဤမျှ ရေးပြလိုက်လျှင် ယရစ် တစ်ခုထည်းကိုပင် နေရာတကျမသုံးမိသေးကြောင်း၊ မသုံးတတ်သေးကြောင်း အားလုံးရိပ်မိလောက်ကြပါပြီ။

(၃)

အထက်ပါ လူထုအသံ စာအုပ်စင်၊ တိုက်ရိုက်ဖတ်နိုင်သော စာအုပ်များ စာရင်း၌ -

ကံချွန် - မနတလေးက လူတွေအကြောင်း (မနတလေး ဆိုတာ ဘာပါလိမ့် ???, မန္တလေးဖြစ်မည်ထင်ပါသည်။)
ကံချွန် - ပေါ့ပေါ့ပါးပါးဟာသဟာသ၀တ္ထုတိုများ (ဟာသ နှစ်ခါထပ်)
ဆောင်းဝင်းလတ် - ဆူးလေးဆူးတယ် ခူးမယ် (ဆူး လား စူး လား???)
ပြည့်ပိုင်မှူးအိမ် - ပန်းနုရောက် ပြကွက်ထဲက ကကြိုးလှတဲ့ သတို့သမီး (ပန်းနုရောင် ???)
မင်းခိုက်စိုစံ - ခေတ်တစ်ခု၏ အစ အဓိပါယ်တစ်ခု၏ အဆုံး (အဓိပ္ပါယ်???)
မင်းလူ -ညာဏ်စမ်းပုစာဆ ??? (ဉာဏ်စမ်းပုစ္ဆာ)
မင်းသိခ် - ??? (မင်းသိင်္ခ)
မြသန်းတင့် - ၏ကရီဖွားစော (ဧကရီ ???)
မြသန်းတင့် - လမင်းကို ထရံပေါက်မှ ချောင်းကြည့်ခြင်း - စသဖြင့် ဖော်ပြထားပါသည်။

လမင်းကိုကြည့်တာ ရိုးရိုးမကြည့်ဘဲ ဘယ့်နှာကြောင့် ထရံပေါက်ကနေ ချောင်းကြည့်ချင်ရသလဲ မသိပါ။ ဤသည်မှာ အားလုံးမဟုတ်။ အနည်းငယ်မျှ သိသာရုံဖော်ပြခြင်း ဖြစ်ပါသည်။ အခြား အင်တာနက်စာမျက်နှာ အများအပြားတွင်လည်း အထူးသဖြင့် blog များတွင် ဤကဲ့သို့ပင်ဖြစ်ပါသည်။ ကသတ်နှင့် တသတ်ကို မကွဲပြားပါ။ ငါလုပ်တတ်တယ် ဆိုရာ၌ ငါလုပ်တက်တယ် ဟု ရေးလိုရေးပါသည်။ ရ ကောက်ကိုပင် ဂဏန်း ခုနစ် နှင့်မကွဲပြားပဲ ဟု သုံးပါသည်။ ဥပမာ -ရေခပ်သွားကြတယ် ဟု ရေးရာတွင် ရေ ဟု ရေးရမည့်အစား “ေ၇” ဟု ရေးပါသည်။

ဤသို့ရေးရာတွင် အိန္ဒိယ၊ သီရိလင်္ကာ စသည်တို့မှ M.A အောင်လာသူ ဘုန်းကြီးများပင် ပါပါသေးသည်။ လူများကို တော့ ခွင့်လွှတ်လိုက်ပါ။ ဘုန်းကြီးများတော့ မှားဘို့မသင့် ဟု ထင်ပါသည်။ ကျွန်တော်ထင်တာ မှားချင်လည်း မှားပါလိမ့်မည်။

ကျွန်တော်တို့ ဤစာများရေးပြီး မိမိ blog များပေါ်တင်နေခြင်းမှာ စီးပွားရေးအကျိုးအမြတ်ရရန် မဟုတ်သည်မှာ သေချာလှပါသည်။ သို့ဆိုလျှင် အဘယ်ကြောင့်ရေးနေကြပါသနည်း။ မိမိတို့ပြောလို၊ ဝေမျှလိုသော အကြောင်းချင်းရာများကို မိမိတို့ အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်းများကို သိစေလိုသော စေတနာဖြင့် ဖြစ်ပါ၏။

သို့အတွက် မိမိတို့စေတနာကို မိမိတို့တန်ဖိုးထားသောအားဖြင့် မိမိတို့ရေးသောစာကို လူအများဖတ်ရှုလိမ့်မည်ဟု သိရှိထားလျှက် မိမိတို့ကိုယ်ကို မိမိတို့တန်ဖိုးထားကာ၊ တစ်နည်းအားဖြင့်လည်း မိမိတို့ရေးနေသော မြန်မာစာကို မိမိတို့ကိုယ်တိုင် တန်ဖိုးထားချစ်မြတ်နိုးကာ သေသေချာချာရေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။    
ကိုဌေးဝင်းနိုင်ကတော့ ကျွန်တော် တို့အာရှသားတွေဟာ ကိုယ့်ကိုယ်ကိုယ် self-respect မရှိကြလို့ အဲဒီလိုလုပ်နေကြတာပဲ ဟု ဆိုပါသည်။

မိမိဘာသာ မြန်မာစာကို မလေ့လာပါဘဲလျှက် မြန်မာစာ၏ ခက်ခဲရှုပ်ထွေးမှုအပေါ် စိတ်ပျက်သူ၊ ရှုတ်ချသူများလည်း များစွာရှိပါသည်။ ငါတို့မြန်မာစာဟာ စနစ်တကျဖွဲ့စည်းထားပါလား ဟု ဂုဏ်ယူရမည့်အစား ယ ပက်လက်ရှိနေရက်နဲ့ ဘာကြောင့် ရ ကောက်ကို ထပ်ထည့်ချင်ရတာလဲ ဟု ကဲ့ရဲ့သင်္ဂြိုဟ် အတင်းဆိုသူ ယနေ့ခေတ်လူငယ်များအကြား အများ အပြား ရှိပါသည်။

၁၉၈၄ ခုနှစ် ကျွန်တော် RIT ကျောင်းသားဘ၀၊ စဥ့်ကူဆောင်တွင် နေစဉ်က အဆောင်မှူးမှာ နိုင်ငံရေးသိပ္ပံဆရာ ဦးသာဒင် ဖြစ်ပါသည်။ သူက ကျွန်တော်တို့အား အောက်ပါအတိုင်း ချီးမွမ်းစကား ဆိုပါ၏။

မင်းတို့ကောင်တွေက ဘာဖြစ်နေသလဲ ဆိုတော့ - မြန်မာစာကျတော့လည်း weak ဖြစ်တယ်။ အင်္ဂလိပ်စာ ကျပြန် တော့ strong မဖြစ်ဘူး။ နိုင်ငံရေးသိပ္ပံ - ဟင့်အင်း၊ မတတ်သာလို့ သင်နေရတာဘဲ။ အင်ဂျင်နီယာ ဘာသာရပ်တွေကျပြန် တော့ အဟဲ - ခပ်ဝါးဝါးပဲ ဆိုတာ ဖြစ်နေတယ်။

၉၊ ၉၊ ၂၀၁၀ နေ့က မိတ်ဆွေဖြစ်သူ ကိုနွယ်ဝင်းက ဗုဒ္ဓအလင်းရောင် ပါရမီဖြည့်အသင်းမှ                ၀တ်ရွတ်စဉ်စာအုပ် ထုတ်ရန် စီစဉ်ထားပါသည် ဟု ဆိုကာ စာအုပ်ဖိုင်ကို email ပို့လာပါ၏။ စုစုပေါင်း ၃၇ မျက်နှာ ရှိပါသည်။ ၀တ်ရွတ်စဉ်ဖြစ်သဖြင့် ကန်တော့ခန်း၊ စိန်ရောင်ခြည်ဘုရားပင့်၊ ဓာရဏပရိတ် စသည့် ရိုက်ရန်ခက်ခဲသော ပါဠိစာလုံးများ များစွာပါဝင်ပါသည်။ ဤ စာအုပ်ဖြစ်မြောက်ရန် အတော်အချိန်ယူ ရိုက်ခဲ့ရမည်မှာ သံသယရှိစရာ မလိုပါ။

သို့သော် ဤမျှခက်ခက်ခဲခဲ အပင်ပန်းခံ ကြိုးစားပမ်းစား ရိုက်ခဲ့ပြီးခါမှ စာလုံးပေါင်းအကျအပေါက်၊ အမှားအယွင်း များစွာပါနေသည်မှာ ဆွမ်းဆန်ထဲ ကြွက်ချေးရော ဆိုသလို ဖြစ်နေပါသည်။ ကျွန်တော်ပြင်ပေးလိုက်သေးသော်လည်း မမီတော့ပါ။ ရိုက်ဘို့အပ်ပြီးပြီ ဟု ဆိုပါသည်။ ထိုစာအုပ်မှာ အနည်းဆုံး လူ ၁၀၀ ခန့်လက်ထဲသို့ ရောက်မည် ဖြစ်ပါသည်။

ကျွန်တော်က ပါဠိစာလုံးများကို အမှားအယွင်းနည်းစွာ ရိုက်နိုင်သည်ဟု ချီးမွမ်းမည်ကြံသေး။ ကိုနွယ်ဝင်းက သူရိုက်တာမဟုတ်၊ ရိုက်သူမှာ ဘုန်းကြီးလူထွက်တစ်ဦးဖြစ်သည်ဟု ဆိုပါသည်။ ဘုန်းကြီးလူထွက်ဖြစ်စေကာမူ မြန်မာစာကို ကျကျနန နားမလည်ကြောင်း သူရိုက်ထားသောစာများကို ဖတ်ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။

မြန်မာစာရေးရာတွင် တွေ့ရတတ်သော အမှားများမှာ-

၎င်း နှင့် လည်းကောင်း ကို မည်ကဲ့သို့သုံးရမည် မကွဲပြားခြင်း၊
ဥ နှင့် ဉ ကို ကွဲကွဲပြားပြားနားမလည်ခြင်း၊
ယောက်ျား ကို ယောင်္ကျား ဟု ရေးခြင်း၊
တသတ် နှင့် ကသတ် အသုံးမကွဲခြင်း၊
လှူ ဟု ရေးရမည့်အစား လှူ ဟု သာ ရေးကြခြင်း၊
ကြ ဟု ရေးမည့်အစား ကြ ဟု ရေးခြင်း၊
ရ ကောက်ကို ၇ (ဂဏန်း ခုနစ်) နှင့် ရေးခြင်း၊
ကောင်းမှု ကို ကောင်းမှူ့ ဟု ရေးခြင်း - - စသည် တို့ဖြစ်ပါသည်။ ဤသည်မှာ နမူနာမျှသာဖြစ်၍ အများကြီးရှိပါသေးသည်။ ထို့အပြင် အဖြတ်အတောက်မှားသည်များလည်း ရှိပါသေးသည်။

အထက်ဖော်ပြပါစာအုပ်တွင် “အတီတံသေ ဗုဒ္ဓဿ ဘဂ၀တော အပ္ပဋိဟတံ ဥာဏံ” ဟု ပါရှိပါသည်။ သူက ဥာဏံ ဟုရေးလိုက်ရာ ဖတ်လျှင် အွာနံ ဟုသာ ဖတ်ရပါမည်။ ညာနံ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ဥ သည် အု သာ ဖြစ်ပြီး ည မဟုတ်ပါ။ ဥ ကို ဦးမောင်မောင် ဆိုသည့်နေရာတွင်လည်းကောင်း၊ ကြက်ဥ၊ ဘဲဥ၊ ဟောဒီက ငုံးဥ ယူကြဦးမလား ဆိုသည့်နေရာများတွင်သာသုံးပါသည်။ ဉ သည် ညလေး ဖြစ်ပါသည်။ တစ်နည်းအားဖြင့်     ညတစ်ဝက် ဖြစ်ပါသည်။ အသံထွက် ည ဟုသာ ထွက်ပါသည်။ သို့အတွက် ဉာဏံ ဟု ရေးမှ ညာဏံ = ဉာဏ်တော် ဟု အဓိပ္ပါယ်ရပါမည်။ ဥာဏံ=အွာနံ တွင်မူ ဘာအဓိပ္ပါယ်မှ မရှိပါ။

ပါဠိသက်ဝေါဟာရများရေးရာတွင်လည်း မှားတတ်ပါသည်။ ကိုဌေးဝင်းနိုင် ဟု ရေးရမည့်အစား ကိုဋ္ဌေးဝင်းနိုင်ဟု ရေးလျှင် မမှန်ပါ။ ပဌာန်းတရားတော်သည် ပဌာန ပါဠိမှ လာသဖြင့် ပဌာန်းသာ ဖြစ်ရမည်။ ပဋ္ဌာန်းမဟုတ်။ ပဌာန်း ဟု ရေးမှ ပထန်းတရားတော် ဟု ဖတ်နိုင်သည်။ ပဋ္ဌာန်း ဟုရေးလျှင် ပတ်ထန်း ဟုဖတ်ရမည်။
တကယ်ဆို ဤမြန်မာစာအရေးအသားနှင့်ပတ်သက်ပြီး ကျွန်တော်ရေးခဲ့တာ နှစ်ပုဒ်၊ သုံးပုဒ်မျှ ရှိခဲ့ပြီ ဖြစ်ပါသည်။ ဤ blog မှ အောက်ပါ link များတွင် ကြည့်နိုင်ပါသည်။

http://shwenyein.blogspot.com/2008/11/myanmar-sar.html
http://shwenyein.blogspot.com/2009/08/responsibility-and-myanmarsar.html

နောက်တစ်ပုဒ်မှာ အခြား font တစ်မျိုးနှင့်ဖြစ်နေ၍ blog ပေါ်မတင်ရသေးပါ။ လိုချင်သူများ၊ လိုအပ်သူများရယူနိုင်စေရန် မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကို 4share တွင် တင်ထားပါသည်။ download လုပ်ယူကာ စာရေးတိုင်းရေးတိုင်း ဖွင့်ဖတ်၊ ကိုးကားကြရန် အကြံပေးလိုပါသည်။ 4share link မှာ -

http://www.4shared.com/dir/VUv5QGOk/sharing.html

ကျွန်တော့်blogကို လာရောက်ဖတ်ရှုသူများအား ကျေးဇူးတင်ပါသည်။ အသင်တို့အား လေးလည်းလေးစားပါသည်။ ကျွန်တော်၏ မြန်မာစာအပေါ်ချစ်ခင်မြတ်နိုးမှုနှင့်ထပ်တူ သင် မြန်မာတို့အားလည်း ချစ်ခင်မြတ်နိုးစေလိုပါသည်။ သို့အတွက် ဤစာကိုရေးပါသည်။ ယခုမူ သိပ်ရှည်သွားပြီဖြစ်သဖြင့် ဤမျှနှင့်ရပ်ပါမည်။
ဆရာ တက္ကသိုလ်ဘုန်းနိုင် ၏ ကဗျာကလေးဖြင့် နိဂုံးချုပ်ပါမည်။

ငါ့စာဖတ်၍၊ မမြတ်တိုင်စေ၊
မရှုံးစေသား၊ ပျင်းပြေနှစ်ချိုက်၊
တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ၊
တွေ့ငြားပေမူ၊ စာပေကျေးကျွန်၊
ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ်၊
ငါ အတတ်ဟု၊ စာဖတ်သူပေါ်၊
ခေါင်းကိုကျော်၍၊ ငါသော်ဆရာ၊
မလုပ်ပါတည်း။ ။

ကျွန်တော့်စာများတွင်လည်း အမှားအယွင်း အကျအပေါက် များစွာရှိနိုင်ပါသည်။ ကျွန်တော့်အမှားကို ထောက်ပြ သူများအား အလွန်ကျေးဇူးတင်မည် ဖြစ်ပါ၏။ မှားမှန်းမသိလျှင် တစ်သက်လုံးဆက်မှားနေမည်။ သိလိုက်လျှင် ချက်ချင်း ပြင်လို့ရသည်။

စာဖတ်သူများအား ဆရာလုပ်တာမဟုတ်ပါခင်ဗျား။ သတိနှင့်ဆင်ခြင်နိုင်ကြရန်သာ သတိပေးခြင်းဖြစ်ပါသည်။

အေးငြိမ်း

၂၅၊ ၉၊ ၂၀၁၀
နံနက် ၁၁ နာရီ ၁၁ မိနစ်

No comments: