ကျွန်ုပ် ‘ပိုက်ပြင်ပိုက်ဆက်လက်စွဲ’ စာအုပ်ကို ၂၀၀၉ ခုနှစ် ဩဂုတ်လက စရေးပြီး ၂၀၁၀ ခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ်ခဲ့၏။ ဆိုတော့ တစ်နှစ်နှင့် လေးလလောက် ရေးရ၏။ ပိုက်ပြင်ပိုက်ဆက်စာအုပ် ထုတ်တော့ အတော်လေး ကိစ္စများခဲ့၏။ ထိုစဉ်က ရေးခဲ့တာကို နောက်ပို့စ်တွင် ပြန်တင်ပြပါမည်။
ပိုက်ပြင်ပိုက်ဆက်ပြီးတော့ ‘တာယာအန္တရာယ်ကင်းဝေးရေး စာအုပ်’ ကို ဆက်ရေး၏။ တာယာစာအုပ်ပြီးတော့ “ဂဟေဆက်ခြင်း အတတ်ပညာ” စာအုပ်ကို ဆက်ရေး၏။ “ဂဟေဆက်ခြင်း အတတ်ပညာ” စာအုပ်ကို စရေးတာ ၂၀၁၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က ဖြစ်၏။ ဘာကြောင့်မှန်းမသိရဘဲ ၆ လလောက်ရေးပြီး ရပ်သွားခဲ့၏။ ၂၀၁၅ ဖေဖော်ဝါရီလ လောက်က ပြန်ကိုင်ခဲ့သေး၏။ သို့တိုင် အဆုံးမသတ်နိုင်ခဲ့။
ဂဟေစာအုပ်တန်းလန်းနှင့် မြန်မာပြက္ခဒိန်စာအုပ် ဆက်ရေး၊ ထုတ် ဖြစ်၏။ နောက် တခြားစာအုပ်များကိုသာ ဆက်ရေးဖြစ်ပြီး ဂဟေစာအုပ်ကြီးမှာ တိုးလို့တန်းလန်းနှင့် ရပ်သွားခဲ့တာ ခုထိ ဖြစ်၏။
ကျွန်ုပ်က “ဂဟေဆက်ခြင်း အတတ်ပညာ” စာအုပ်ကို တကယ့် မှီငြမ်းပြုရမည့် စာအုပ်ကြီးတစ်အုပ် ဖြစ်လာအောင် အားထုတ်လို၏။ စာမျက်နှာ ၅၀၀ လောက်စီပါသည့်စာအုပ်ကြီး အနည်းဆုံး ၃ တွဲ ရေးမည်။
ဤစာအုပ်ရေးဘို့ရာ မှီငြမ်းပြုရမည့်စာအုပ်များစွာလည်း စုဆောင်းထားခဲ့၏။ AWS ကထုတ်သည့် Welding Handbook စာအုပ်ကြီးများကို အတွဲလိုက် (စုစုပေါင်း ၅ တွဲ) ကို အမေဇုန်ကနေ ဝယ်ထား၏။ Soft copy စာအုပ်များလည်း ရာနှင့်ချီ ရှိ၏။ ကနေဒါသင်တန်းကျောင်းသုံး စာအုပ်အကြီးကြီးလည်း (စင်းဒေါ်လာ ၅၀၀ လောက်တန်သည် ဆို၏) ရှိ၏။
ဆိုတော့ ကျွန်ုပ်တွင် “ဂဟေစာအုပ်” ကို အပြီးသတ်ဘို့ရာ အကြွေးတင်နေ၏။
ဆိုတော့ အခု တခြား ဘာကိုမှ သဝေမထိုးတော့ဘဲ ဂဟေစာအုပ်ကိုပဲ ဇောက်ချရေးတော့မည်။
စင်္ကာပူ ခြင်္သေ့မြို့တော် စာအုပ်ထွက်ပြီးပါက ဂဟေစာအုပ် ပထမအုပ်ကို ဆက်ထုတ်မည်။ နောက်နှစ်လယ်လောက် ထွက်နိုင်လိမ့်မည် ထင်ပါသည်။ ပထမအုပ်ထွက်ပြီး ဒုတိယအုပ်၊ တတိယအုပ်များကို တစ်နှစ်လျင် တစ်အုပ်လောက် ထွက်နိုင်အောင် ကြိုးစားပါမည်။
နောက်ပြီး Piping Design စာအုပ်လည်း ရေးချင်ပါသေးသည်။
နက္ခတ္တဗေဒစာအုပ် တစ်အုပ်လောက်လည်း ပြည့်ပြည့်စုံစုံလေး ရေးချင်ပါ၏။ နက္ခတ္တနှင့်ပတ်သက်ပြီး ဝယ်ထားသည့် စာအုပ်များ၊ စာကြည့်တိုက်ကငှားပြီး မိတ္တူကူးထားသည့်စာအုပ်များ အတော်များများ ရှိ၏။ မလုပ်ဖြစ်သေး။
ပထမတော့ ခေတ်သင်္ချာနည်းများသုံးလျက် တိထီတွက်နည်း၊ နေထွက်နေဝင်၊ လထွက်လဝင်တွက်နည်း၊ နေကြတ်လကြတ်တွက်နည်းများရေးဘို့ စဉ်းစားသေး၏။ သို့သော် သည်ခေတ်ကြီးမှာ တိထီ၊ နေထွက်နေဝင်၊ လထွက်လဝင်၊ နေကြတ်လကြတ်တို့ကို အင်တာနက်၌ အတိအကျ ဖတ်နိုင်နေပြီဖြစ်ရာ တွက်နည်းသိသည့်တိုင် အကျိုးမများလှသဖြင့် ထိုကိစ္စ စာရင်းထဲမှ ထုတ်ထားလိုက်၏။ သို့တိုင် စိတ်ဝင်စားစရာ ကောင်းတာကိုတော့ ငြင်းလို့ မရပါ။
အချိန်က သိပ်များများ ကျန်တော့တာမဟုတ်။
ကျန်းမာရေးကောင်းတုံး လုပ်ထားမှ။
ဘယ်နေ့ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ သိနိုင်တာမဟုတ်။
ရှင်သေမင်းနှင့် အချိန်းအချက် တစက်ကယ်မှ ရှိကြတာမဟုတ်။
ရုပ်နာမ်,ဓမ္မ,သင်္ခါရတို့
ကိုယ်ကဤပုံ ဖြစ်လိုတုံလည်း
တစ်ဖုံဆင်ကွဲ သူတနဲဖြင့်
ဖောက်လွဲတတ်စွာ ဓမ္မတာကို
ပညာစက္ခု မျှော်ထောက်ရှု၍
- ယခုပင်လျှင် မအိုခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
- ယခုပင်လျှင် မနာခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
- ယခုပင်လျှင် မသေခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ရတုချိန်ထောက် ဤခါရောက်မှ
ချုပ်ပျောက်ခန္ဓာ သေပိန့်ငှာဟု
သတ္တဝါခပင်း ရှင်သေမင်းနှင့်
မိတ်သင်းဖွဲ့လျက် ချိန်းအချက်လျင်
တစက်ကယ်မှ မရှိကြဘူး။
အပ္ပမာဒေန သမ္ပာဒေထ။
ဘုရားစကား လိုက်နာပွားသည်
တရားလက်မလွတ် ကြစေနှင့်။
(တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝိစိတ္တသာရာဘိဝံသ)
ဟို AYoe တွေကို ဆဲသည့် ပို့စ်တွေ ခဏရပ်ထားပါဦးမည်။
ကျေးဇူးတင်ပါသည်။
အေးငြိမ်း
၁၉ စက်တင်ဘာ၊ ၂၀၂၅
No comments:
Post a Comment