Monday, September 1, 2025

ကော်ဖီသောက်သော ကျွန်ုပ်နှင့် ကျွန်ုပ် ကော်ဖီသောက်ခြင်း အကြောင်း

(၁) လဖက်ရည်ဆိုင် ယဉ်ကျေးမှု


 

သူငယ်ချင်းရေ . . . ၆ နာရီတောင် ထိုးပြီးပါပကောလေ . . . လာကြဟေ . . . လဖက်ရည်ဆိုင်ကို သွားကြပါစို့လေ . . .

 

ကျွန်ုပ်တို့ ငယ်စဉ်က လဖက်ရည်ဆိုင်ယဉ်ကျေးမှု အတော်လေး ထွန်းကားခဲ့၏။ လူငယ်လူငယ် လူကြီးလူကြီး လဖက်ရည်ဆိုင် မထိုင်ဖူးသူ မရှိဟုတောင် ပြောလို့ရပါသည်။

 

ဆောင်းနံနက်ခင်းမှာ လဖက်ရည်ဆိုင်က ပျံ့လွင့်လာသည့် လဖက်ရည်အကျနှပ်၏ ရနံ့ကလေးကလည်း လဖက်ရည် သောက်ချင်ကို နှိုးဆွနေပါသည်။ ကျွန်ုပ်က အချိုကြိုက်သူ မဟုတ်သည့်အတွက် အကျရည်ထဲကို နို့စိမ်းကလေး ပေါက်ထားသည့် ကျဆိမ့်ကိုသာ စွဲစွဲမြဲမြဲ သောက်လေ့ရှိ၏။ အင်မတန်ချိုသည့် လဖက်ရည်ကို ကျောက်ပန်းတောင်း ခေါ်မှန်း အချိန်အတော်ကြာမှ ကျွန်ုပ် နားလည်ခဲ့ရ၏။ သို့တိုင် လဖက်ရည်တစ်ဝက်၊ ကော်ဖီတစ်ဝက် ရောဖျော်ထားတာ ကို အဘယ်ကြောင့် စင်ကာပူခေါ်မှန်း ယခုတိုင် ကျွန်ုပ် နားမလည်ပါ။ စုပေါင်းစပ်ပေါင်း ရောရာဟုများ ပြောချင်သလား မသိ။

 

လဖက်ရည်ဆိုင်ထိုင်သည် ဆိုရာ၌ လဖက်ရည်တစ်ခွက်လောက် သောက်ဘို့ထက် အဓိပ္ပာယ်အများကြီး ပိုရှိ၏။

 

အချစ်နဲ့ ပတ်သက်တဲ့ သောကအကြောင်းလေးတွေ . . .

ဘဝနဲ့ ပတ်သက်တဲ့ စီးပွားရေး အကြောင်းတွေ . . .

ရင်မှာချန်လို့မထားနဲ့လေ . . .

ဒီအချိန်အခါမှာ အဖြေဆိုတာလည်း ဝိုင်းဝန်းကြလို့ ခေါင်းကောင်းကြစို့ . . .

လာပါ သူငယ်ချင်းရေ . . . သီချင်းနားထောင်ကာ စကားပြောနိုင်ဘို့လေ . . .

 

လဖက်ရည်ဆိုင်ထိုင်ခြင်း၌ သီချင်းနားထောင်ဘို့လည်း တစ်ကြောင်းပါ၏။ ကျွန်ုပ်တို့သည် သီချင်းနားထောင်ဘို့ အတွက်လည်း လဖက်ရည်ဆိုင်ကို သွားခဲ့ကြ၏။

 

ပြည်သူလူထုတို့ ရင်တွင်း၌ မြိုသိပ်ထားရချက်များ၊ မကျေနပ်ချက်များကို ဖောက်ခွဲပစ်ကာ ငါ့ကိုဘယ်သူကမှ အံမတုနိုင် ဟု ယူဆထားသည့် အာဏာရှင်ကြီးကို ဖြုတ်ချခဲ့သည့် ၈၈၈၈ အရေးတော်ပုံကြီးသည် လဖက်ရည်ဆိုင်၌ သီချင်းဖွင့်ခိုင်းသည့် ပြဿနာမှ စခဲ့သည် မဟုတ်လော။ လွမ်းစရာလေးများပင် ဖြစ်တော့၏။

 

ကျွန်ုပ်၏ လူငယ်၊ လူလတ်အရွယ် တော်တော်များများကို လဖက်ရည်ဆိုင်၌ အချိန်ကုန်ခဲ့ဖူး၏။ ကျောင်းသားဘဝ နှစ်များကလည်း လဖက်ရည်ဆိုင်ကို သွားခဲ့၏။ ကျောင်းပြီးလို့ အလုပ်လုပ်တော့လည်း အချိန်ရတိုင်း၊ အခါအခွင့်သင့်တိုင်း လဖက်ရည်ဆိုင်ကို ရောက်ခဲ့၏။

 

ရေဆင်းမှာ ကျောင်းဆရာဖြစ်တော့ ကျောင်းတွေပိတ်ထားသည့်အချိန်။ ဆရာဆိုတာ စာသင်ရမှာ အဓိပ္ပာယ်ရှိတော့ မပေါ့။ ကျောင်းပိတ်ထားတော့ စာမသင်ရ။ ကျွန်ုပ်မှာ ယောင်ချာချာ။ ဘာလုပ်ရမှန်းမသိ။ ဆိုတော့ ကိုအောင်လှိုင်၊ ကိုထွန်းရွှေ၊ အငယ်လေးတို့တသိုက်နှင့် မနက်တိုင်း လဖက်ရည်ဆိုင်ထိုင်ကြ၏။

 

ပြောရလျှင် စင်ကာပူထွက်မလာခင် အချိန်အထိ လဖက်ရည်ဆိုင် ထိုင်ခဲ့ကြတာဖြစ်၏။

 

အချို့လူများကတော့ လဖက်ရည်ဆိုင်ထိုင်တာကို မကြိုက်ကြပါ။ လူငယ်တွေ လဖက်ရည်ဆိုင်ထိုင်တာကို သက်သက်မဲ့ အချိန်ဖြုန်းတာဟု ယူဆသူများ ရှိ၏။ ကျွန်ုပ်ကတော့ သည်လိုမထင်ပါ။ ကျွန်ုပ်တို့သည် လဖက်ရည်ဆိုင်၌ သူငယ်ချင်းများ ဆုံတွေ့ကာ အလ္လာပ၊ သလ္လာပများ ပြောနိုင်၏။ သူငယ်ချင်းများ တွေ့ဆုံကာ အလ္လာပ၊ သလ္လာပ ရောက်တတ်ရာရာများ ပြောဘို့ အကောင်းဆုံးနေရာသည် လဖက်ရည်ဆိုင်ဖြစ်သည်ဟု ကျွန်ုပ် ထင်ပါ၏။ လဖက်ရည်ဆိုင်မှာ မထိုင်လျင် အသင်တို့သည် ဘယ်နေရာ သွားထိုင်ပါမည်နည်း။ နောက်ပြီး လဖက်ရည်ဆိုင်မှာပင် အလုပ်အကိုင် ကိစ္စများ ဆွေးနွေးနိုင်ပါသေး၏။

 

ကျွန်ုပ် မြန်မာပြည်ပြန်လို့ သူငယ်ချင်းများနှင့် တွေ့လိုလျင်လည်း လှည်းတန်းက ဘာဆိုလား လဖက်ရည်ဆိုင်ကိုသာ ချိန်းလေ့ရှိ၏။ လဖက်ရည်ဆိုင်တွင် လွတ်လွတ်လပ်လပ် ပြောလိုရာ ပြောနိုင်၏။ ဘယ်သူ့ကိုမှ ငဲ့ကွက်နေစရာ မလို။ စကားပြောရင်း ရီစရာ ပါလာပါကလည်း ဗြဲကနဲ၊ တဟားဟား လွတ်လွတ်လပ်လပ် ရီချလိုက်လို့ရ၏။ ဘယ်သူ့မှ အားနာစရာမရှိ။ ပတ်ဝန်းကျင်ကို မသိတတ်ရကောင်းလားဟု ဘယ်သူကမှလည်း ကန့်ကွက်နေ၊ အတင်းဆိုနေ မှာမဟုတ်။

 

နားချိန်ကိုတောင် tea break, tea time လို့ ပြောခဲ့ကြတာ မဟုတ်လော။ နောက်ကျမှသာ coffee break ဟု ပြောင်း သုံးခဲ့ကြတာဖြစ်၏။

 

စင်ကာပူ၌ မြန်မာတို့လုပ်သော ပွဲလမ်းများတွင် မြန်မာလဖက်ရည်နှင့် ဧည့်ခံတတ်၏။ ကျွန်ုပ်လည်း ဆီးချိုရှိလျက်နှင့်ပင်  မြန်မာလဖက်ရည် အရသာကို ခံလိုသဖြင့် တစ်ခွက်လောက်တော့ သောက်လိုက်သည်သာ ဖြစ်၏။

 

(၂) ကော်ဖီယဉ်ကျေးမှု

 

စင်ကာပူရောက်ပြီးတော့လည်း ကိုသောင်းတန်တို့နှင့် လဖက်ရည်ဆိုင်ထိုင်ကြ၊ လဖက်ရည်သောက်ကြသေး၏။ စင်ကာပူက (အရင်တုံးက ပြောပါတယ်) လဖက်ရည်ခွက်ကြီးများမှာ ဗမာပြည်က နှစ်ငုံလောက် သောက်စာမျှရှိသော မဖြစ်ညစ်ကျယ် ပန်းကန်လုံးလေးများလို မဟုတ်။ မြန်မာပြည်တွင် ကြံရည်ကြိတ်စက်များက ကြံရည်ထည့်ပေးသည့် ကိုင်းပါသည့် ဖန်ခွက်ကြီး များလောက်ရှိ၏။ သူတို့က လဖက်ရည်ကို ကိုင်းခွက်ကြီးများနှင့် ထည့်လျက် အားရပါးရ သောက်ကြတာဖြစ်၏။

 

ကျွန်ုပ် မည်သည့်အချိန်က စပြီး လဖက်ရည်ကိုဖြတ်၊ ကော်ဖီကို စွဲမြဲနှစ်ခြိုက် သောက်သုံးလာခဲ့မှန်း မမှတ်မိတော့ပါ။ ၂၀၀၄၊ ၂၀၀၅ ကာလများလောက်က ဖြစ်ပါလိမ့်မည်။ နောက်တော့ ရေနွေးထည့်ရုံမျှနှင့် သောက်နိုင်သော အသင့်ကော်ဖီ (instant coffee) ထုပ်များ ခေတ်စားလာခဲ့၏။

 

ကျွန်ုပ်သည် အရင်က ကော်ဖီပုလင်းနှင့် ကော်ဖီမိတ်ထုတ်ကို ဝယ်ကာ ကော်ဖီ လက်ဖက်ရည်ဇွန်းနှစ်ဇွန်း၊ ကော်ဖီမိတ် တစ်ဇွန်းရောကာ ခပ်ခါးခါး ဖျော်သောက်ခဲ့၏။ နောက်ပြီး ကော်ဖီမစ်မပါဘဲ ကော်ဖီချည်းလည်း ဖျော်သောက်ခဲ့သေး၏။ သူများတွေက ကော်ဖီသောက်လျင် အိပ်မပျော်ဟု ဆို၏။ ကျွန်ုပ်မူကား ညဘက်၌ ဘာမှမပါသော ကော်ဖီခါးခါးကို အရသာခံသောက်ရင်း စာရေးစာဖတ်လုပ်လေ့ရှိ၏။ ကော်ဖီသောက်၍ အိမ်မပျော် ဆိုသူများ၌ ကျွန်ုပ်မပါ။

 

နောက်တော့ 2 in 1 ကော်ဖီထုပ်များ ဝယ်သောက်ခဲ့၏။ ကျွန်ုပ်သောက်သည့် တံဆိပ်မှာ Cafe21 ဖြစ်၏။ Cafe21 ကို ၂၀၁၀ ခုနှစ်များလောက်ကတည်းက စသောက်ခဲ့တာ ဖြစ်၍ အခုဆို ၁၅ နှစ်လောက်တောင် ရှိပါပြီ။ Cafe21 မှာလည်း ဒီဇိုင်းမျိုးစုံလာ၏။

 

ကျွန်ုပ်အကြိုက်ဆုံးမှာကား Cafe21 Instant Coffee Mix – Flat White Deluxe (Deluxe Colombion Arabica Coffee + Creamer) ဖြစ်၏။ တခြားကော်ဖီထုတ်များထက်လည်း ပိုဈေးကြီး၏။ လေးထောင့်ဘူးနှင့် လာ၏။ Zero% Sugar ဖြစ်၏။ တစ်ဘူးလျင် လေးထောင့်ထုပ် ၁၅ ထုပ်သာပါ၏။ $7.95 ဖြစ်၏။ ၁ ထုပ်ကို ၅၃ ပြားလောက် ကျ၏။

 

 

နောက် အထုပ်ရှည်ရှည်ကလေးနှင့် Cafe21 က ၁၈ ထုပ်ပါ၏။ $6.35 ဆိုတော့ တစ်ထုပ်ကို ၃၅ ပြားလောက် ကျ၏။ သူလည်း သောက်လို့မဆိုးပါ။ နောက်တစ်ထုပ်ကတော့ ပိုဈေးသက်သာ၏။ ၂၂ ထုပ်ပါ တစ်ထုပ်ကို $6.35 ဆိုတော့ တစ်ထုပ်ကို ၂၉ ပြားလောက်ပဲ ကျ၏။ သူလည်း သောက်လို့ကောင်းပါသည်။


 ကျွန်ုပ်က NTUC FairPrice online က မှာသည့်အခါ ဈေးကြီးသည့် Flat White Deluxe ၄ ဘူး၊ ဈေးသက်သာသည့် အထုပ် ၄ ထုပ် မှာလေ့ရှိ၏။ တစ်နေ့ကို ကော်ဖီ ၄ ခွက်ကနေ ၆ ခွက်လောက်ထိ သောက်သည့်အတွက် တစ်လကို ကော်ဖီထုပ်ပေါင်း ပျမ်းမျှ အထုပ် ၁၅၀ လောက်ကုန်၏။ (အောင်မငီးစ်)

 

အခုတော့ ကော်ဖီ ၃ ကြိမ်နှင့် ရေနွေးကြမ်းကို ဓာတ်ဘူးနှင့်ထည့်ကာ စာသင်လို့ အာခြောက်သည့်အခါတိုင်း သောက်၏။ ညဘက်တွင်မတော့ ညစာစားအပြီး ကော်ဖီတစ်ခွက်နှင့် ကျန်သည့်အချိန်များတွင် ရေနွေးကြမ်းသောက်၏။  

 

ဈေးအကြီးဆုံး ကော်ဖီထုပ်တောင် $0.53 ပဲကျ၏။ သို့သော် ဆိုင်၌သောက်ပါက ရိုးရိုးကော်ဖီတစ်ခွက်တောင် $1.70 ပေးရ၏။ တခါတခါတော့ မက်ဒေါနား (ဟုတ်ပေါင်၊ အဆိုတော်နဲ့မှားကုန်ပြီ) မက်ဒေါ်နယ်တွင် ကာပီချီနို သွားသောက် ၏။ တစ်ခွက်ကို $4.50 ပေးရ၏။ ကိုယ့်ကိုယ်ကိုယ် သိပ်မသထာတတ်သူ ကျွန်ုပ်မှာ တစ်လလျင် နှစ်ကြိမ်မျှလောက်သာ (အမျိုးသမီးက အတင်းတိုက်တွန်းသဖြင့်) သွားသောက်လေသော ဟူ၏။

 

ယခုအခါတွင်မူ ခန်းခန်းနားနား၊ လှလှပပ၊ အပျံစားဖွင့်ထားသော Starbucks, Coffee Bean စသည့်ဆိုင်ကြီးများလည်း ပေါ်နေပြီ ဖြစ်ပါ၏။ ကျွန်ုပ်မူကား အလွန်ဈေးကြီးလှသော ထိုဆိုင်ကြီးများသို့ အနားတောင် မကပ်လေ။

 

၂၀၁၇ လောက်က ထင်ပါသည်။ မန္တလေးရောက်ခိုက် ကိုခင်မောင်စိုးထင်၏။ လိုက်ပို့လို့ Unique Mandalay ကော်ဖီ သောက်ရ၏။ ကောင်းလိုက်တာခင်ဗျာ။ ကျွန်တော်သာ မန္တလေး၌နေလျှင် ထိုကော်ဖီကို မနက်တိုင်း သွားသောက်မည် သာ ဖြစ်၏။

 

နောက်ပြီးတော့ ကျွန်ုပ်တို့ Vision Zero လုပ်တုံးက မန္တလေးစက်မှုဇုံတစ်ခုတွင် ဖွင့်ခဲ့သည့် သင်တန်းတစ်ခု၌တိုက်သော CoffeeWin မှာလည်း သောက်လို့ကောင်း၏။ အကယ်၍သာ Unique Mandalay ကသော်လည်းကောင်း၊ Coffee Win ကသော်လည်းကောင်း ကော်ဖီမစ် အထုပ်များ လုပ်ရောင်းသည်ဟု သတင်းကြားမိပါက ကျွန်ုပ်ကို လက်တို့ကြပါကုန်။

 

 ခုတော့ ဟို AYoe တွေကြောင့် မြန်မာပြည်လည်း မပြန်ရ၊ မန်းလေးလည်း မသွားရတာ ၅ နှစ်ကျော်ပြီ။ ဘာပဲပြောပြော ကျွန်ုပ်သည် ကိုယ့်မွေးရပ်ကိုတော့ ပြန်ချင်သေးသည်သာ ဖြစ်၏။

 

ယခု ဤစာကိုလည်း ကော်ဖီကလေး တစ်ကြိုက်စီကြိုက်ရင်း ရေးလိုက်ခြင်း ဖြစ်ကြောင်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁ စက်တင်ဘာလ၊ ၂၀၂၅


No comments: