Thursday, February 13, 2025

အဖြတ်အတောက်မှားသဖြင့် အဓိပ္ပာယ် ပြောင်းသွားရပုံ အကြောင်း

ကျွန်ုပ် မြန်မာအက်ဆေး ၁၀၂ ကို ဖတ်နေ၏။ ပြီးခါနီးပါပြီ။

အက်ဆေးအရေးအသားမှာ ချစ်စရာ ဖြစ်၏။ မိမိပတ်ဝန်းကျင်မှအကြောင်း၊ မိမိနှင့် ရင်းနှီးသူ၊ ကျွမ်းဝင်သူတစ်ယောက် အကြောင်း စသည်တို့ကို ရေးသားထားတာဖြစ်၏။

 

ထိုအကြောင်းသည် စာအုပ်တစ်အုပ်အကြောင်း ဖြစ်ချင်ဖြစ်မည်။ မိမိမိတ်ဆွေတစ်ဦးအကြောင်း ဖြစ်ချင်ဖြစ်မည်။ ပန်းကလေးတစ်ပွင့်အကြောင်း ဖြစ်ချင်ဖြစ်မည်။ သစ်ပင်လေးတစ်ပင်အကြောင်း ဖြစ်ချင်ဖြစ်မည်။ ကြောင်ကလေး တစ်ကောင်အကြောင်း ဖြစ်ချင်ဖြစ်မည်။ မိုးရွာနေသည့်အကြောင်း ဖြစ်ချင်ဖြစ်မည်။ ကျပ်တန်လေးတစ်ရွက်၊ ဘောပင်လေးတစ်ချောင်းအကြောင်း ဖြစ်ချင်ဖြစ်မည်။ ယုတ်စွအဆုံး မြက်ပင်ကလေးတစ်ပင်အကြောင်းပင် ဖြစ်နိုင်ပါ၏။

 

အက်ဆေးကို ဘာလို့ရေးသနည်းဆိုသော် ရေးချင်လို့ရေးတာ ဖြစ်သည်ဟု ဖြေရပါမည်။

မိမိပတ်ဝန်းကျင်၌ မြင်/တွေ့/ကြား/သိ/ခံစားမိသည်တို့ကို မိမိခံစားရသည့်အတိုင်း မိတ်ဆွေတို့ကို ပြန်ပြောပြတာ ဖြစ်၏။

အက်ဆေးဆိုသည်မှာ အင်္ဂလိပ်စကားလုံးဖြစ်၍ မြန်မာလို ရသစာတမ်းဟုလည်း နာမည်ပေးကြ၏။ 

 

အက်ဆေးမှာ ယခုမှ ပေါ်လာတာမဟုတ်ဘဲ ဟို့ယခင် ခေတ်စမ်းစာပေခေတ်ကတည်းက ပေါ်ထွန်းခဲ့တာ ဖြစ်၏။ 

ထိုအက်ဆေးစာတမ်း တော်တော်များများကို ယခင် အထက်တန်းမြန်မာစာ၌ သင်ကြားခဲ့၏။

 

ယခု ကျွန်ုပ်ပြောလိုသည့် အကြောင်းအရာမှာ အက်ဆေးအကြောင်းမဟုတ်။

အထက်၌ ကျွန်ုပ်ပြောခဲ့သည့် မြန်မာအက်ဆေး ၁၀၂ မှ အဖြတ်အတောက်မှားပုံအကြောင်း ဖြစ်၏။

သို့တိုင် မြန်မာအက်ဆေး ဟု ဆိုထားသဖြင့် အက်ဆေးဆိုတာ ဘာဆိုတာကို နည်းနည်း လေရှည်ခြင်းဖြစ်၏။

 

ထို မြန်မာအက်ဆေး ၁၀၂ ကို ဦးဖိုးကျား၏ ရခိုင်ပြည် စစ်တွေမြို့သို့သွားခြင်း နှင့် ဖွင့်ထား၏။

ပထမဆုံးစာမျက်နှာကို ဖတ်လိုက်မိစဉ်ပင် ကျွန်ုပ်စိတ်၌ အတော် ခိုးလိုးခုလု ဖြစ်သွားမိလေ၏။  

ဤသည်မှာ စာစီသူ၏အမှား ဖြစ်၏။




 

စာ၌ ဤသို့ ရေးထား၏။

တကြောင်းလည်း ရှေးအစစွာက မျောက်ဖိုနှင့် ဆတ် မသင့်မြတ်၍ ရသော မျောက်ဆတ်၊ ကပြားဘီလူး ငရက္ခိုင်ဆိုသူ . . . 

ဖမ်းဆီးစားသောက်နေရာ ရသေ့နှင့် ဆတ် မသင့်မြတ်၍ရသော လူဆတ် ကပြား မာယာရုမင်းသားက . . . .  

 

ဤတွင် -

မျောက်ဖိုနှင့် ဆတ် - မသင့်မြတ်မှတော့ ဘယ့်နှာလုပ် ကလေးရပါမတုံး။

 

နောက်ပြီး

ရသေ့နှင့် ဆတ် - မသင့်မြတ်ပါကလည်း ကလေးမရနိုင်။

 

အမှန်မှာ -

မျောက်ဖိုနှင့် ဆတ်မ သင့်မြတ်၍ရသော မျောက်ဆတ် (မျောက်ဆတ်ဆိုသည်မှာ မျောက်နှင့်ဆတ် ကပြား ကို ဆိုလို၏။)

ရသေ့နှင့် ဆတ်မ သင့်မြတ်၍ရသော လူဆတ် (လူဆတ်ဆိုသည်မှာ လူနှင့်ဆတ် ကပြား ကို ဆိုလို၏။) - ဖြစ်ရမည်။

မျောက်ဖိုနှင့် ဆတ်မ သင့်မြတ်သည် ဆိုခြင်းမှာ အနှီမျောက်နှင့်ဆတ်မ တို့ နသားပါးယားကြခြင်းကို ဆိုလို၏။

ရသေ့နှင့် ဆတ်မ သင့်မြတ်သည် ဆိုခြင်းမှာလည်း ထိုရသေ့နှင့်ဆတ်မ တို့ နသားပါးယားကြခြင်း ဖြစ်၏။ (နသားပါးယားတယ်ဆိုတာ ဒချိတာပေါ့ဗျာ။ ယခွမ်း)

 

ဟိုတလောက မောင်သာရလား၊​ မောင်သာနိုးလား ကောင်းကောင်းမမှတ်မိ။

ဆရာကြီးက ဆောင်းပါးရေးကာ မဂ္ဂဇင်းတိုက်သို့ ပို့၏။ 

မဂ္ဂဇင်းတိုက်က သူ့စာများကို စာလုံးပေါင်းများ ပြင်လိုက်၏။

ဆရာကြီး ဒေါခီး၍ အယ်ဒီတာချုပ်ထံ စာ အရှည်ကြီးရေး၏။

အယ်ဒီတာချုပ်ကလည်း ဆရာကြီးထံ ခေတ်အသုံးအနှုန်းအတိုင်း သတ်ပုံကျမ်းအတိုင်း ပြင်ရပါသည်ဟု စာအရှည်ကြီး ရေးကာ အကြောင်းပြန်လိုက်၏။

 

၂၀၀၇ - ၂၀၀၈ လောက်က စာရေးဆရာကြီးတစ်ဦးက ကျွန်ုပ်တို့အဖွဲ့အကြောင်း စာရေးချင်သပ ဆို၍ ကျွန်ုပ်က ကျွန်ုပ်တို့ အဖွဲ့အကြောင်း အပြည့်အစုံ ရေးပေးလိုက်၏။ ကျွန်ုပ်ရေးထားသည့်စာများကို တစ်လုံး တစ်ပါဒမှ မပြင်ပါနှင့် ဟုလည်း စာရေးပေးလိုက်၏။

 

သို့တိုင် မဂ္ဂဇင်းထဲ၌ ထိုဆောင်းပါး ပါလာ၍ ဖတ်ကြည့်လိုက်တော့ ကျွန်ုပ်စာများကို ပြင်ထားတာ တော်တော်များများ တွေ့လိုက်၍ ကျွန်ုပ်လည်း အတော် ဒေါသထွက်သဖြင့် ထိုစာမျက်နှာများကို ပရင့်ထုတ်၊ မင်နီများတားလျက် ထိုဆရာကြီးထံ အတော် ပြင်းပြင်းထန်ထန်လေး ရေးလိုက်၏။ ဆရာကြီးက ထို့အတွက် တောင်းပန်ပါသည်ဟု စာပြန်ရေးတော့ ကိုသောင်းတန်က ထိုကဲ့သို့သော ဆရာကြီးကို ကျွန်ုပ်က ထိုကဲ့သို့ရေးလိုက်ခြင်းအတွက် အပြစ်တင်၏။ ကျွန်ုပ်ကတော့ ကိုယ်မှားသည်မထင်ပါ။ အစကတည်းက မပြင်ပါနှင့်ဟု စကားခံထားတာကို ကျွန်ုပ်ကို အသိမပေးဘဲ ပြင်တာ ကျွန်ုပ်က လက်ခံရပါမည်လား။ 

 

စင်ကာပူတွင် ကော်ဖီဆိုင်နှင့် စားသောက်ဆိုင်များ တွဲထားသည့် ဆိုင်ကြီးကို Kopitiam ဟု ခေါ်၏။ ဤသည်ကို အနှီ ဆရာကြီးက သူ့သဘောနှင့်သူ Coffee Team ဟု ပြင်၏။ ဤသည်ကို ကျွန်ုပ်က ပြုံးပြုံးလေးနှင့် ရပါတယ်ခင်ည ဟု ဆိုရပါမည်လော။

 

ဆရာမကြီး ‘ခင်နှင်းယု’ ၏ ‘ဥဩတွန်တဲ့ လရာသီ’ ဝတ္ထုထဲတွင်လည်း စင်ကာပူနှင့်ပတ်သက်သည့် အမှားများ ပါပါသည်။ သို့သော် ကျွန်ုပ် မရေးချင်ပါ။ စာရေးဆရာဟူသည် မိမိရေးမည့် အကြောင်းအရာကို ဂဃနဏသိထားရန်လိုသည်ဟု ကျွန်ုပ်ကတော့ သည်အတိုင်း ခံယူပါသည်။

 

သို့သော်လည်း ‘မြန်မာအက်ဆေး ၁၀၂’ တွင် အထက်ဖော်ပြပါ တစ်နေရာကလွဲ၍ ကျန်နေရာများတွင်မူ အမှားပါတာ မရှိသလောက် ဖြစ်ပါ၏။

 

ကျွန်ုပ်သည် စာကလေးများကို ချစ်၏။ (စာကလေးဆိုတာ ဟို တံစက်မြိတ်စွန်းမှာ ကျိကျိ ကျိကျိ လုပ်နေတဲ့ အကောင်လေးတွေကို ပြောတာမဟုတ်ဘူး။ အက္ခရာတွေနဲ့ရေးထားတဲ့ စာလုံးတွေကိုပြောတာဗျ။ ယခွမ်း)

သို့အတွက်လည်း အမှားကင်းစင်သည့် စာများကိုသာ ဖတ်လို၏။ 

 

ဟိုးယခင်က ထုတ်ဝေခဲ့သည့် ကျမ်းကြီးကျမ်းခိုင် တော်တော်များများ ကျွန်ုပ် ဖတ်ဖူးပါ၏။ စာတွေ ကျကျန်ခဲ့တာ။ အမှားအယွင်းတွေပါတာ အတော့်ကို နည်းလှ၏။ လုံးဝ မပါဟုပင် ဆိုနိုင်၏။ အဘယ်ကြောင့်ဆိုသည်ကို အထက်တွင် ရည်ညွှန်းခဲ့သည့် မဂ္ဂဇင်းတိုက်ကိုပို့သော ဆရာကြီး၏ စာထဲ၌ အပြည့်အစုံ ရှင်းပြထား၏။

 

‘မြန်မာအက်ဆေး ၁၀၂’ ကို ကျွန်တော် အလွန်နှစ်သက်ပါ၏။ ဤစာအုပ်ကို စီစဉ်ပေးသူ စိတ်ကူးချိုချိုကိုလည်း ကျေးဇူးတင်ပါ၏။

 

အခုက အဖွင့်စာမျက်နှာမှာ သည်လိုအမှားကြီးပါသွားတော့ မြင်မြင်ချင်း ဆောက်နှင့်ထွင်းလိုက်သလို ဖြစ်သွား၍ ရေးလိုက်ရခြင်း ဖြစ်ကြောင်း - 

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၃ ဖေဖော်ဝါရီ ၂၀၂၅

Monday, February 10, 2025

ကျွန်ုပ်အမေ၏ မွေးချင်းများ (၇)

နိဂုံး

 

၁၀။ ကျွန်ုပ်တို့ရွာက လူများအကြောင်း

 

တောကလူများ ဘဝမှာ အေးချမ်းလှပါသည်။ သူတို့သည် ကိုယ့်လယ်/ယာကိုယ်လုပ်၍ ကိုယ့်ဝမ်းစာ ကိုယ်ရှာစားကြပြီး အေးအေးချမ်းချမ်း နေကြ၏။ တချို့ လူ့ဖင်ခေါင်းကျယ်များမှလွဲ၍ တော်တော်များများမှာ သိပ် ဟန်ကြီးပန်ကြီး မရှိလှပါ။ နေရိုးရိုး၊ ပြောရိုးရိုးနှင့် ရီလည်း ဘာမှ သိပ်ဟန်ဆောင်ပန်းဆောင်မလုပ်ပဲ ပွင့်ပွင့်လင်းလင်းပင် ဟားတိုက်ရီလိုက်ကြတာ ဖြစ်၏။ 

 

သူတို့အဖို့ ပိုက်ဆံမရှိလည်း သိပ် ကြီးကြီးကျယ်ကျယ် ပြဿနာ မရှိလှ။ ပိုက်ဆံဖြုန်းစရာ နေရာလည်း မရှိ။ သူတို့သည် ပိုက်ဆံကို သိပ် ဂရုမစိုက်လှဟု ကျွန်ုပ်ထင်၏။ အရီးအေးကြိုင်တို့ဆို သေသာသွားရော ပိုက်ဆံ ၁၀၀ ပြည့်အောင်တောင် ကိုင်ဖူးပါရဲ့လားဟု ကျွန်ုပ် သံသယဖြစ်မိ၏။ သို့တိုင် ပိုက်ဆံကြောင့် ငြီးငြူတာ၊ စိတ်ညစ်တာ အရီးအေးကြိုင်မှာ တစ်ခါမှ မတွေ့ခဲ့ဖူးပါ။ သို့သော် ကျွန်ုပ်မှာ တောနှင့်ကင်းကွာနေတာ နှစ် ဆယ်ဂဏန်းအတော်များနေပြီဖြစ်၍ ဟို့ ယခင်က အခြေအနေများနှင့် ယခုအခြေအနေများ တူချင်မှ တူပါတော့မည်။ အနည်းဆုံးတော့ ဖုန်းဘေဖိုး လိုပါလိမ့်မည်။

 

သူတို့သည် သဘာဝ အစားအစာများကို စားကြ၏။ ဘာချောကလက်တို့၊ ဘာကိုကာကိုလာတို့မှ မရှိ။ ကောက်ညှင်းကို ပေါင်းပြီး နှမ်းထောင်းနှင့်စားမည်။ မုန့်ချောင်း၊ ထုံးမုန့်၊ ဘီးမုန့်၊​ မုန့်ပျားသလက် လုပ်စားမည်။ မုန့်ဆန်းချိန် ရောက်လျှင် မုန့်ဆန်းလုပ်စားမည်။ နွေရာသီ၌ မုန့်လက်ဆောင်းလုပ်ကာ ထန်းလျက်ရည်ကို မြေအိုးကလေးထဲ၌ ထည့်ကာ သောက်မည်။ 

 

အသားဟင်း မစားရတိုင်းသာ ပရိုတင်းမပြည့်ဝလို့ ရောဂါဖြစ်ကြစတမ်းဆို မောင်ထွန်းလှိုင်တို့၊​ မသန်းကြွေတို့ အသက် ၆၀ တောင် နေရမှာမဟုတ်။ အခု ကြီးတော်သန်းကြွေဆို အသက် ၁၀၀ ကျော်ပြီ။ ကြီးတော်မသန်းရွှေလည်း အသက် ၁၀၀။ စစ်သားများ အလေးပြုသလို မျက်လုံးကို လက်ကာပြီး တောင်ဝှေးတစ်ချောင်းကိုင်ကာ ကုန်းကုန်း ကုန်းကုန်းနှင့် သွားလို့ကောင်းတုံး ရှိသေး၏။ ကျွန်ုပ်သာ ဗိုက်လှန်ပြီး နေ့တိုင်း ဆေးထိုးကာ ဆေးလုံးကို ပဲကြီးလှော်ဝါးသလို ဝါးစား နေရ၏။ ဆရာဝန်ဆီ ၃ လ တစ်ခါ အမြဲရောက်ရ၏။ မောင်ထွန်းလှိုင်တို့မူ ဘာဆေးမှ ထိုးသည် မကြားရ။ ဆရာဝန် ပြချင်လျင်တောင် ဝါးတောကွင်းမှာ ဘာဆရာဝန်မှ မရှိ။ ၎င်းသည် ဘာဆေးမှ မစား၊ ဘာဆရာဝန်မှ မပြပါဘဲလျက် အသက် ၉၀ ကျော်ထိ နေသွားပြခဲ့၏။ 

 

ကျွန်တော်တို့ ငယ်ငယ်က ဝက်သားဆိုတာ တလနေမှ တစ်ခါလောက် စားရတာ ဖြစ်၏။ ကြက်သားဆိုတာ နတ်တင်မှ စားရ၏။ စားရတယ်ဆိုတာတောင် ဟိုမသာလေး - ဟင်းချည်းနင်းကန်စားနေ။ ထမင်းဖြင့် စားတယ်လို့ကို မရှိဘူး ဟု အရိပ်သုံးပါး ကြည့်စားရတာ ဖြစ်၏။ ဦးရှင်ကြီးတင်လို့ ခြောက်သယောင်းနေသော အုန်းသီးဆံမာမာကို ထန်းလျက်နှင့် စားရလျင် ကျွန်ုပ်တို့အဖို့မှာ မောင်မာဃက စွန့်ကြဲလိုက်သည့် နတ်သုဒ္ဓါအလား မြန်ရေရှက်ရေ စားကြကုန်၏။

 

ရောဂါဆိုတာ အစားအသောက်ကြောင့်ဖြစ်တာ များ၏။ ကျွန်ုပ်တို့ဆီက လူတွေသည် ဘာထွေလီကာလီမှ မစားရ။ ဘာထွေလီကာလီမှ မစားရသည့်အတွက်လည်း ဘာထွေလီကာလီ ရောဂါမှ မဖြစ်။ အသင်တို့သည် သူတို့ကို သူတို့ခမျာ၊ ဘာမှ မစားရရှာဘူးဟု သွားမသနားပါနှင့်။ ဘာမှမစားရရှာသော သူတို့မှာ ဘာရောဂါမှ မဖြစ်ဘဲ ဟိုဟာစားလိုက်၊​ ဒီဟာ စားလိုက်နှင့် ခညားတို့မှာသာ ဆေးခန်းနှင့် နှစ်ပါးသွားနေရတာ ဖြစ်၏။ 

 

ခေတ်ကာလ အခြေအနေအရ အခုတော့ ပိုးသတ်ဆေးတွေ သုံးနေပြီထင်ပါသည်။ ကျွန်ုပ်တို့ငယ်ငယ်ကမူ ဘာ ပိုးသတ်ဆေးမှ မသုံးခဲ့ရစဖူး။ ကျွန်ုပ်တို့သည် ဩဂဲနစ်နှင့် လည်ပင်းဖက် ကြီးပြင်းလာကြတာ ဖြစ်၏။ 

 

ရွာမှအချို့မိသားစုများဆို ကိုယ်ပိုင် လယ်/ယာတောင် ရှိတာမဟုတ်။ တောတက်ခါ ထင်းခုတ်၊ ဝါးခုတ်၊ ကောက်စိုက် အငှားလိုက်၊ ပျိုးနှုတ်၊ ကောက်ရိတ် အငှားလိုက်ခါဖြင့် အသက်မွေးကြရတာ ဖြစ်၏။ သို့သော် သူတို့ဟာနှင့် သူတို့တော့ အဆင်ပြေကြ၏။ ပိုက်ဆံမရှိလို့ဆိုပြီး တစ်ခါမှ လင်မယားချင်း ထမသတ်။ 

 

ကျွန်ုပ် ကျောင်းသားဘဝ နွေကျောင်းပိတ်ရက် ရွာပြန်ရောက်တော့ လျှောက်လည်ရင်း (၁) ကွက်ကို ရောက်၏။ ကျွန်ုပ်တို့ ရွာ၌ (၁) ကွက်၊ (၂) ကွက်၊ (၃) ကွက်၊ (၄) ကွက်ဟု ရပ်ကွက်လေးခု ရှိရာ (၁) ရပ်ကွက်နှင့် (၄) ရပ်ကွက်မှာ ဆင်းရဲသား အများစုတို့ နေကြ၏။ ခုနင်က ကျွန်ုပ်ပြောခဲ့သည့် ပျံကျမိသားစုများမှာ (၁) ကွက်နှင့် (၄) ကွက်၌ နေကြတာ များ၏။

 

ကျွန်ုပ်ရောက်သွားချိန်၌ မိသားတစ်စုတို့ ထမင်း စားနေကြ၏။ ဤအကြောင်း ‘ကျွန်ုပ်မေ့မရသော ထမင်းဝိုင်းများ’ စာထဲ၌ ရေးခဲ့ပြီး ဖြစ်၏။ အိမ်မှာ ဖက်မိုး၊ ဖက်ကာ၊ ဝါးနှင့် အိမ်ဆောက်ထားသည့် တဲခပ်သေးသေးဖြစ်ပြီး ဝါးကြမ်းခင်း များ ခင်းထား၏။

 

မိသားစုအားလုံးသည် ထမင်းစားပွဲဝိုင်းကို ဝိုင်းထိုင်ကြကာ ထမင်းစားနေကြ၏။ မောင်အေးငြိမ်းလာဟေ့၊ ထမင်းစားပါအုံး ခေါ်သဖြင့် ကျွန်ုပ်လည်း သူတို့ထမင်းဝိုင်းကို သွားလေ့လာ၏။ စားတော့မစားခဲ့ဟု ထင်ပါသည်။ ဝါးဖြင့် ရက်ထားသည့် နှီးပလုံးထဲ၌ ထမင်းကို ထည့်ထား၏။ အလယ်တွင် ဇလုံကြီးနှင့် ဟင်းတစ်ခွက် ချထား၏။ နောက်ပြီး ဟင်းသီးဟင်းရွက် တို့စရာများလည်း တစ်ပန်းကန်ရှိ၏။ လူကြီးရော ကလေးများပါ အလယ်ဇလုံထဲမှ ဟင်းကိုခပ်၊ ထမင်းနှင့်နယ်ကာ အားရပါးရ လွေးနေကြကုန်၏။ ဟင်းမှာ အသီးအရွက်များ စုချက်ထားသည့် ဟင်းလေးဟင်း ထင်ပါသည်။ ငါးပိချက် တောင် မပါ။ 

 

ကျွန်ုပ် သူတို့စားနေတာကြည့်ပြီး သွားရည်ယိုမိ၏။ ဤသည်မှ တကယ့် မိသားစုအစစ် ဖြစ်၏။ အမိသည်လည်းကောင်း၊ အဖသည်လည်းကောင်း၊ သားသမီးများသည်လည်းကောင်း ဤ တစ်ခွက်တည်းသော ဟင်းလျာကို ဘာဂျီးမှ များမနေဘဲ မြိန်ရည်ရှက်ရည် စားကြ၏။ ငင့် - ဟင်းကလည်း အသားလည်းမပါဘူး။​ ဟင်းကလည်း ဘယ်လို ပေါ့လျှံလျှံကြီးလည်း မသိဘူး စသဖြင့် ဘာချေးမှ များမနေဘဲ ကလေးများသည် နှပ်ကို တရှူးရှူးရှုံ့သွင်းလျက် စားကြကုန်၏။

 

နောက်ပြီး ကျွန်ုပ်တို့ရွာက အင်မတန် ထူးဆန်းသော လူများအကြောင်း ပြောပါရစေဦး။

ကျွန်ုပ်တို့ရွာမှ အချို့သောလူများသည် တစ်နှစ်မှာ ၃၆၅ ရက် ရှိသည့်အနက် ၃.၆၅ ရက်ပြည့်အောင်ပင် အလုပ်မလုပ်။ ဒါဆို သူတို့ ဘာတွေလုပ်နေသတုံး။ ဟင့်အင်း၊ ဘာဆိုဘာမှ မလုပ်ပါ။ သည်အတိုင်း ဟေးလားဝါးလား ကင်မွန်းကြိုင် နေကြတာ ဖြစ်၏။ 

 

တစ်ခါသော် ကျွန်ုပ်က ရွာပြန်ရောက်သခိုက် မူလတန်းကျောင်းတွင် ရွာသားများကို စုစေပြီး ရွာ၌ လုပ်ခင်းလုပ်ကွက်များ ရှိသဖြင့် အလုပ်လုပ်ကြဘို့၊ အိမ်ခြံဝင်းအတွင်း သီးပင်စားပင်လေးများ စိုက်ထားလျှင် သင်္ဘောသီး၊ ငှက်ပျောသီးများ အလျှံပယ်စားနိုင်ကြောင်းများ ပြောပြရာ အနီးတွင်ထိုင်နေသော ဖိုးတင်ဦးက ‘ဟေ့ကောင်၊ မင်းယောက္ဖဆို တစ်နှစ်လုံး နေလို့ တစ်ရက် အလုပ်မလုပ်ဖူးဘူး၊ ဟဲဟဲဟဲဟဲ’ ဟု ဆို၏။ သူပြောတာ အမှန်ဖြစ်၏။ ထိုအေဘေးသည် အဖေကြီး ထားခဲ့သည့်လယ်ကို လက်ကြောတင်းတင်းနှင့် အလုပ်မလုပ်ဘဲ လယ်ကို အငှားချထားကာ ထိုလယ်ငှားခနှင့် စားနေတာ ဖြစ်၏။ မယားက စောစောသေပြီး သူ့သားနှင့်သမီးကို ကျွန်ုပ်တို့က ခေါ်မွေးထားတော့ သူက တစ်ကိုယ်တည်း လွတ်ချင်တိုင်း လွတ်နေတာဖြစ်၏။

 

ကျွန်ုပ်၏ မိတ်ဆွေ အရင်းအချာ ကိုဖိုးအောင်သည်လည်း ဘာအလုပ်မှ မလုပ်ပါ။ အဲလေ ရပ်အကျိုးရွာအကျိုးကိုတော့ အားတက်သရော လုပ်၏။ သဟာဖြင့် သူ ဘယ်လို ထမင်းစားနေတုံး။ သူက တစ်ဦးတည်းသောသား၊ လူပျိုကြီး ဖြစ်၏။ အဖေအမေများ၏ အမွေ လယ်ယာကိုင်းကျွန်းများကို အငှားချထားပေးပြီး ထိုကရသော စပါးကို ထုခွဲ ရောင်းချလျက် စရိတ်ငြိမ်းနေတာ ဖြစ်၏။ သူက သူ့အမေ အမေမယ်ညိုကို အနီးကပ် ပြုစုပေး၏။ ကျွန်ုပ် ရွာပြန်သည့်အခါ ကျွန်ုပ် နောက်က တကောက်ကောက် လိုက်၏။

 

ကျွန်ုပ်တို့ငယ်စဉ်က ရွာမှာ ခိုးတာဝှက်တာ၊ ဓားပြတိုက်တာ၊ လူသတ်တာ မကြားခဲ့ရ စဖူးပါ။ နင်ပဲငဆ အော်ဟစ် ဆဲဆို ရန်ဖြစ်နေတာ ရှာမှ ရှားလှပါသည်။ နောက်ပြီးတော့ ဝါးတောကွင်း၌ အရက်ဆိုင်မရှိ၊ ဖဲဝိုင်းမရှိ။ ကြက်ဝိုင်းမရှိ။ ဘာလောင်းကစားမှ မရှိ။ အခုရှိနေပြီဆိုလျင်ဖြင့် အလွန် ဝမ်းနည်းစရာ ဖြစ်ပါလိမ့်မည်။

 

ကျွန်ုပ်အသက်ကြီးသည့်အခါ တောမှာပြန်နေဘို့ အမြ ဲအိပ်မက်မက်ပါသည်။ တောနေလူတန်းစားတို့၏ မရှိအေးအေး၊ ရှိအေးအေးသဘာဝကို ကျွန်ုပ် အလွန်အားကျလှ၏။ စိုင်းထီးဆိုင့်သီချင်းလို ‘လူသူတွေက တသုတ်သုတ်နဲ့ လုပ်ငန်းခွင် သို့ဝင်’ နေရသည့် လူနေမှုစတိုင်ကို မနှစ်သက်ပါ။ မြို့ပြရှုပ်ရှုပ်ရှက်ရှက်များနှင့် မွန်းကြပ်မှုများကိုလည်း ခံတွင်းမတွေ့ပါ။ လည်လျင်လည်သလို ကျော်ခွစားနေသူများကို ကျွန်ုပ် ရွံလွန်းလှပါသည်။ 

 

ကျွန်ုပ်သည် တစ်ခုလျှင် စင်းဒေါ်လာ 36.50 ပေးရသည့် ပီဇာဟတ်ထက် ငါးပိချက်နှင့် ကင်မွန်းချဉ်ဟင်းကိုသာ ခံတွင်း တွေ့ပါသည်။ မက်ဒေါ်နယ်မှ ကြက်သားဘာဂါနှင့် စလောင်းဖုံး၌ ကပ်ခါကင်ထားသည့် ငါးပိဖုတ် ဘယ်ဟာယူမလဲ ဆိုလျင် ငါးပိဖုတ်ကိုသာ ရွေးမည့်သူ ဖြစ်၏။ 

 

ကျွန်ုပ်တို့ရွာမှ မောင်ရွှေဖာဆိုလား၊ အဖိုးကြီး။ သားသမီးကလည်းမရှိ ဆိုတော့ စောင့်ရှောက်မယ့်သူကမရှိ။  ရွာကလူတွေက သနားပါတယ်ဆိုပြီး ဘိုးဘွားရိပ်သာပို့လိုက်ကြ၏။ သူက ကြာကြာမနေနိုင်။ သခွပ်ပွင့်ဟင်းညို၊ ငြုပ်သီးထောင်း စားချင်လို့ဆိုပြီး ရွာကို ပြန်ပြေးလာပါလေ၏။ 

 

ထိုစဉ်က ကျွန်ုပ် မောင်ရွှေဖာကို လွန်လွန်းလှချည်ရဲ့ဟု ကဲ့ရဲ့သဂြိုဟ် အတင်းဆိုမိ၏။ ယခု ကျွန်ုပ် အလှည့်ရောက်ပြီ။ ကျွန်ုပ်လည်း ငါးပိချက်နှင့် ကင်မွန်းချဉ်ရွက်ချဉ်ရည်ဟင်း စားချင်တာနှင့် စင်ကာပူကနေ ဝါးတောကွင်း ပြန်နေကိန်း ဆိုက်နေပါပကောလား အရပ်ကတို့။

 

ပြီးပါပြီ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၀ ဖေဖော်ဝါရီလ၊ ၂၀၂၅

ကျွန်ုပ်အမေ၏ မွေးချင်းများ (၆)

၉။​ ကျွန်ုပ်တို့ ညီအစ်ကို သုံးယောက်

 

၉၊ ၁။ ကိုအေးသောင်း

 

အရီးအပျိုကြီးများက သူတို့မောင်နှင့် ညီမများ၏ သားသမီးများကို ကျွေးမွေးပြုစုစောင့်ရှောက်ရာတွင် -

ဦးကြီးငချစ်၏သား ကိုအေးသောင်း

ဦးကြီးဖိုးထောင်၏သား ဖိုးတင်ထူး နှင့်

နောက်ပြီး ညီမအငယ်ဆုံး၏ သားသမီးများဖြစ်သော ကျွန်ုပ်တို့ မောင်နှမ ၆ ယောက်စလုံး ဖြစ်၏။ 

 

(ဦးကြီးငချစ်၌ ကိုအေးသောင်းနှင့် မမစောမြင့်ဟု သားသမီးနှစ်ဦး၊ ဦးကြီးဖိုးထောင်၌ ကိုကိုတင်ထူးနှင့် ခင်မို့ဟု သားသမီး နှစ်ဦးစီ ရှိကြသော်လည်း အရီးတို့ မွေးထားသည်မှာ ကိုအေးသောင်းနှင့် ကိုကိုတင်ထူးသာ ဖြစ်လျက် မမစောမြင့် နှင့် ခင်မို့တို့မှာ ကျောင်းတက်ဖို့ကိုလည်း စိတ်မဝင်စား၊ ကျွန်ုပ်တို့နှင့်လည်း ခပ်စိမ်းစိမ်းပင် ဖြစ်ပါ၏။ ဤကား စကားချပ်)

 

ဆိုတော့ ယောက်ျားလေး သုံးဦးဖြစ်သည့် ကိုအေးသောင်း၊ ကိုကိုတင်ထူးနှင့် ကျွန်ုပ်တို့မှာ တစ်အိမ်တည်း အတူတူ နေကြရတာဖြစ်၍ တစ်ဦးနှင့်တစ်ဦး ညီအစ်ကိုအရင်းများကဲ့သို့ ချစ်ကြ၏။ 

 

ကိုအေးသောင်းမှာ ခပ်ပျော်ပျော်နေတတ်သူဖြစ်၍ ကိုကိုတင်ထူးမှာ ပြုတ်မနူးဖြစ်၏။ မထုံတက်တေးနှင့် စကားကို ဗလုံးဗထွေးပြောတတ်၏။ ကျွန်ုပ်ကား လူ့ဂွစာဖြစ်လျက် မဟုတ်လျင်နည်းနည်းမှ ငြိမ်ခံမနေတတ်သူ ဖြစ်သတည်း။ လူများနှင့် အပေါင်းအသင်းလုပ်ရတာ ဝါသနာမပါ။ တစိမ်းလူတစ်ယောက်ကို မည်သည့်အခါမှ စတင် နှုတ်မဆက်တတ်။ လူထူထူနေရာများတွင် အလ္လာပသလ္လာပ ပြောရတာကို မနှစ်သက်။ ကျွန်ုပ်သည် ဗြိစ္ဆာလဂ်ဖြစ်သဖြင့် ဗြိစ္ဆာလဂ် (ကင်းမြီးကောက်) တို့၏ သဘာဝအတိုင်း တစ်ယောက်တည်း အေးအေးဆေးဆေးနေရတာကို နှစ်သက်၏။ မည်သူ့ကိုမှ ပြဿနာမရှာတတ်သလို ပြဿနာလာရှာသူများအား ထိုးဆိတ်ရန် အမြီး၌လည်း အဆိပ်ဆူးကြီးကြီးသည် အဆင်သင့် ရှိ၏။

 

ကျွန်ုပ်တို့ညီအစ်ကိုသုံးဦးတွင် ကိုအေးသောင်းသည် ၁၃၁၅ ခုဖွား၊ အကြီးဆုံး။ ကိုကိုတင်ထူးက ၁၃၂၁၊ အလတ်။ ကျွန်ုပ်က ၁၃၂၄ ခုနှစ်မှာမွေးပြီး အငယ်ဆုံး ဖြစ်၏။ ကွင်းကောက်မှာ ကျောင်းတက်တော့ ကိုအေးသောင်းသည် ပိုင်အိုးနီးယားအနေနှင့် သွားရ၏။ မြောက်ဘက်ကမ်းက ဘယ်သူဆိုလား၊ အသိအိမ်တစ်အိမ်မှာ တည်းတက်ရ၏။ 

 

ကျွန်ုပ်တို့အိမ်ကို ကွင်းကောက် ရွှေ့ဆောက်တော့ ရောက်ခါစမှာ ကျွန်ုပ်တို့အိမ်နှင့် မျက်စောင်းထိုးမှ ငပုတ်ကြီး (ယခု ရန်ကုန် ထန်းသုံးပင်ကျောင်းတိုက်တွင် ဦးပဉ္ဇင်းဝတ်နေသည့် ဦးဇင်းမြင့်သိန်း) က ကိုအေးသောင်းကို ဝဒေါ ဝဒေါနှင့် လိုက်စ၏။ ကိုအေးသောင်းက စိတ်ဆိုးပြီး အုတ်ခဲနှင့်လိုက်ထုသည် ဆို၏။ (ဝဒေါ ဆိုသည်မှာ ဝါးတောကွင်းသားဟု ပြောင်ခြင်းဖြစ်၏။ ဝါးတောကွင်းကို ဝဒေါကွင်း ဟု အသံထွက်သကိုး။)

 

ကျွန်ုပ်တို့ကွင်းကောက်ရောက်လာတော့ ကိုအေးသောင်းမှာ ပြည်၊ သဲကုန်းတွင် စိုက်ပျိုးရေးအထက်တန်းကျောင်း တက်ရန် ထွက်ခွာသွားပြီဖြစ်၏။ အတူမနေလိုက်ရ။ ကျွန်ုပ်တို့ရွာ မူလတန်းကျောင်းတွင် တာဝန်ကျနေသည့် ဆရာ ဦးထိန်ဝင်းက ကိုအေးသောင်း စိုက်/အထကတက်ရန် သတင်းစာဖြတ်ပိုင်းလေးပေးပြီး ကူညီခဲ့သည်ဟု မှတ်မိနေပါ သည်။ ထိုစဉ်က ကျွန်ုပ်မှာ အသက် ၁၁ နှစ်သားသာ ရှိသေးသဖြင့် သိပ်မမှတ်မိ။

 

တစ်ခါသော် အရီးဟံသည် ကိုအေးသောင်း ကျောင်းတက်နေသည့် ပြည်/သဲကုန်းသို့ လိုက်သွား၏။ ရထားလမ်းပေါ်တွင် ဝက်ကြီးအိပ်နေသည်ကို တွေ့လေသော် ရထားတိုက်ခံရမှာစိုးသဖြင့် အရီးက ယို့ ယို့ ယို့ နှင့် ခေါ်သည်ဆို၏။ ကိုအေးသောင်းက ရှက်သဖြင့် အရီးရာ - ရထားလာရင် သူ့ဘာသာသူ ထ,သွားပါလိမ့်မယ်၊ လာစမ်းပါ ဟု အတင်းဆွဲခေါ်ရ သော ဟူ၏။

 

ကိုအေးသောင်းသည် ခပ်ပျော်ပျော်နေတတ်၏။ ကျွန်ုပ်ကို ညီလေးဟုခေါ်ကာ ချစ်လည်းချစ်ပါသည်။ လေးမျက်နှာတွင် ငှက်ပျောတော နောက်ဘက်တန်း၌ အိမ်ခပ်သေးသေးတစ်လုံးဆောက်၏။ သို့တိုင် တစ်ခါမှနေတာ မတွေ့ခဲ့စဖူးပါ။ နောက်တော့ မမနော်အုံးမြင့်နှင့် အိမ်ထောင်ကျ၏။ သားတစ်ယောက် သမီးတစ်ယောက် မွေး၏။ သမီးကို လပြည့်နေ့၌ မွေးသဖြင့် ခင်လပြည့် ဟု ကင်မွန်းတပ်၏။

 

သူက စိုက်အထက ကျောင်းဆင်းဆိုတော့ စိုက်ပျိုးရေးဝန်ထမ်းလုပ်၏။ ဝန်ထမ်းဆိုတော့ တာဝန်ကျရာဒေသများသို့ သွားရ၏။ ကိုအေးသောင်း တာဝန်ကျရာ ဒေသများသို့ ကျွန်ုပ်လည်း လိုက်ပါသွားဖူး၏။ သူ့ စိုက်ပျိုးရေး စာရင်းဇယား များတောင် ကူလုပ်ဖူးသေး၏။

 

၁၉၈၄ လောက်က ကိုအေးသောင်း ဝါးခယ်မတွင် တာဝန်ကျတော့ ကျွန်ုပ်လည်း ဝါးခယ်မ လိုက်သွား၏။ ကိုအေးသောင်း တည်းသည့်အိမ်က ဒေါ်မြကျင်လား၊ ဒေါ်ကျင်မြလား မမှတ်မိ။ မျက်စိမမြင်ရှာ။ မျက်မမြင် ဖြစ်ရပုံကို မိတ်ဆွေများ သင်ခန်းစာယူနိုင်စေရန် ပြန်လည်ပြောပြပါမည်။ ဒေါ်မြကျင်က ဈေးထဲ၌ ဈေးရောင်း၏။ နေပူပူမှာ တစ်နေ့လုံး ဈေးရောင်းပြီး ညနေစောင်းလို့ ပြန်လာတော့ ခေါင်းကနေ ရေဖြိုချိုးရာမှ​ မျက်စိကွယ်သွားခြင်းဖြစ်သည် ဆို၏။ ဥပမာပြရလျှင် မီးခဲကို ရေနှင့်ဖြန်းလိုက်သကဲ့သို့ ဖြစ်ပါလိမ့်မည်။

 

ဝါးခယ်မ၌ရှိစဉ် ကိုအေးသောင်းသည် ကျွန်ုပ်ကို စီကိုဖိုက်နာရီတစ်လုံး ဝယ်ပေး၏။ ထိုစဉ်က စီကိုဖိုက်နာရီမှာ နာမည် လည်းကြီး၊ တန်ဘိုးလည်းကြီး၊ ကောင်းလည်းကောင်း၏။ 

 

ကျွန်ုပ်မှတ်မိသမျှပြောရလျှင် ဝါးခယ်မကအိမ်များမှာ အိမ်ရှေ့၌ ရေမြောင်းများ ဖောက်ထားပြီး ဒီရေတက်လာသည့်အခါ ထိုမြောင်းထဲမှ ရေများကို ခပ်သုံး၏။ အိမ်တစ်အိမ်က ကျွန်ုပ်တို့ကို ထမင်းဖိတ်ကျွေးရာ ကျွန်ုပ်တစ်သက် စားဖူးသမျှသော ငါးသလောက် အစိမ်းချက်များတွင် အကောင်းဆုံး ဖြစ်တော့၏။ 

 

ကျွန်ုပ် RIT တက်နေစဉ် ကိုအေးသောင်း ကျွန်ုပ်တို့ အဆောင်သို့ လာလည်၏။ ကျွန်ုပ်ကား အလှအပဆိုသည်ကို နည်းနည်းမှ စိတ်ကူးသူ မဟုတ်လေရကား ကျွန်ုပ်၌ ဘီးလည်းမရှိ၊ မှန်လည်းမရှိ။ အင်္ကျီပုဆိုးများကိုလည်း တစ်ခါမှ မီးပူမတိုက်စဖူး။ အမွှေးနံ့သာဆိုတာ ဝေလာဝေး။ ကျွန်ုပ်နေပုံထိုင်ပုံကိုကြည့်ကာ ကိုအေးသောင်း အတော် စိတ်ပျက် သွားသည်ထင်၏။ ‘မင်းနှယ်ကွာ၊ လူပျိုဆိုတာ ပြင်ပြင်ဆင်ဆင်၊ သပ်သပ်ခပ်ခပ်လေးတော့ နေမှပေါ့ကွ၊ ခုတော့ မင်းဟာက ဘီးလည်းမဖီး၊ အင်္ကျီတွေ ပုဆိုးတွေကလည်း တွန့်ကြေလို့’ ဟု ပြော၏။ 

 

တစ်ခါကလည်း အရီးတို့က ကျွန်ုပ်ကို လက်စွပ်လုပ်ပေးဘို့ ကြံစည်ဖူး၏။ ကျွန်ုပ်ကား ယောက်ျားဖြစ်လျက် ရွှေငွေ လက်ဝတ်ရတနာများ ဝတ်ရမှာကို ကျားဖင်နှိုက်ရမှာလောက် ကြောက်သူ ဖြစ်လေရကား ခါးခါးသီးသီး ငြင်းသဖြင့် အရီးတို့မှာ လက်လျှော့ခဲ့ရဖူးလေ၏။

 

နောက်ပြီး ကိုအေးသောင်း သဲနုကုန်း အထွက်တိုးစခန်းတွင် တာဝန်ကျသေး၏။ သဲနုကုန်းမှာ လေးမျက်နှာမြို့နယ်ထဲ၌ ပင် ဖြစ်ရာ ကျွန်ုပ် သူတို့စခန်းကို အလည်လိုက်သွား၏။ ကိုအေးသောင်း၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သော ကိုသိန်းလှိုင်၊ ကိုသန်းလွင်တို့မှာလည်း ကျွန်ုပ်နှင့် ခင်၏။ ကိုသိန်းလှိုင်က ပန်းချီဆွဲ၏။ ကျွန်ုပ်ကလည်း ပန်းချီဝါသနာပါလေရာ ကိုသိန်းလှိုင်နှင့်ကျွန်ုပ် အစပ်အဟပ်တည့်၏။ သို့သော် ကိုသန်းလွင်ကိုတော့ ကျွန်ုပ် သိပ်မကြိုက်လှပါ။ ခင်တော့ ခင်ပါသည်။ ပိုက်ဆံမရှိ၍ ထမင်းမစားရလျှင် ရေသောက်နေမည်။ ထမင်းတစ်လုပ်အတွက်နှင့်တော့ မဟုတ်တာလုပ်ပြီး ဘယ်တော့မှ​ ပိုက်ဆံမရှာ ဟု ခိုင်မြဲစွာ သန္နိဋ္ဌာန်ချထားသည့် ကျွန်ုပ်လိုလူမျိုးနှင့် မိတ်ဆွေဖြစ်ဘို့ရာ တော်ရုံတန်ရုံ သိပ်မလွယ်လှပါ။ (ကျွန်ုပ် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တွင် လ/ထကထိကရာထူးနှင့် အလုပ်ဝင်တော့လည်း အင်ဂျင်နီယာဘွဲ့ယူပြီး ဘာ ရပေါက်ရလမ်းမှ မရှိသည့် ကျောင်းဆရာအလုပ် လုပ်ရပါမည်လား၊ ငတုံး ဟု ကိုယ့်လခနှင့် ကိုယ့်ထမင်းကိုယ် စားနေတာတောင် အပြောက ခံရသေး၏။ သိပ်တော့မပြောချင်ပါ။ စကားစပ်မိလို့ ပြောပြတာ ဖြစ်ပါသည်။)

 

စကားစပ်မိလို့ ပြောရပါအုံးမည်။ 

ဘာတစ်ခုမှ အလုပ်မဖြစ်သော ဌာနများအကြောင်း ဖြစ်၏။

ကိုအေးသောင်းတို့ အလုပ်လုပ်သည့်နေရာကို စိုက်ပျိုးပညာပေးရေးစခန်း ဟု ခေါ်၏။ 

သူတို့ရာထူးများကို ကျေးရွာများ ဖွဲ့စည်းအုပ်ချုပ်ပုံအတိုင်း ပေးထား၏။

အိမ်များစုလျင် ရွာဖြစ်၏။

ကျေးရွာများစုလျက် ကျေးရွာအုပ်စုဟု ခေါ်၏။

ကျေးရွာအုပ်စုများပေါင်းလျက် မြို့နယ်ဖြစ်၏။

မြို့နယ်များစုလိုက်ပါက ခရိုင်ဖြစ်၏။

ခရိုင်များ အစုအပေါင်းကို တိုင်း/ပြည်နယ်ဟု ခေါ်၏။

တိုင်းနှင့်ပြည်နယ် ၁၄ ခုကို မြန်မာနိုင်ငံဟု ခေါ်၏။ (လူမနေသည့် နေပူတော်ကို ကျွန်ုပ် စာရင်းထဲ မသွင်းလိုပါ။)

 

ထို့အတူ စိုက်ပျိုးရေးဝန်ထမ်းများကိုလည်း - 

ကျေးဂျာ (ကျေးလက်မန်နေဂျာ)

အုပ်ဂျာ (အုပ်စုမန်နေဂျာ)

မြို့ဂျာ (မြို့နယ်မန်နေဂျာ)

ခရိုင်ဂျာ (ခရိုင်မန်နေဂျာ)

တိုင်းဂျာ (တိုင်းမန်နေဂျာ)

နိုင်ငံဂျာ (ဟုတ်ပေါင် အရှိန်လွန်သွားလို့)

 

နောက်တော့ ဂျာများမှသည် ဘာတယ်၊ ကြီးကြပ်ရေးမှူးဆိုလား ဖြစ်သွား၏။ မမှတ်မိတော့ပါ။

အခုတော့ ထိုစိုက်ပျိုးပညာရေးစခန်းများ ရှိသေးသလား၊​ မရှိတော့ပြီလား မသိတော့ပါ။

 

ကျွန်ုပ်သည် ကိုအေးသောင်းနှင့် လိုက်ပါလျက် သူတို့အလုပ်ကိုလည်း ကူညီဖူးသည်ဖြစ်ရာ သူတို့လုပ်ပုံကိုင်ပုံများကို သိတန်သလောက် သိပါ၏။ မှန်ရာကိုပြောရလျှင် စိုက်ပျိုးပညာပေးရေးစခန်းများသည် လယ်သမားများကို ဘာစိုက်ပျိုး ပညာမှ မပေးနိုင်ခဲ့ပါ။ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒါလောက် မစွမ်းဆောင်နိုင်ဟု ပြောရပါလိမ့်မည်။ အများစုမှာ စာရင်းဇယားများနှင့်သာ အလုပ်ရှုပ်နေကြ၏။ စာရင်းဇယား ဆိုသည်မှာလည်း အမှန်တကယ် လယ်ထဲကထွက်သည့် စပါး အရေအတွက်ထက် ဝန်ကြီးဌာနက လိုချင်သည့် စပါး အရေအတွက်အတိုင်း ထွက်ပြရတာ ဖြစ်၏။ ဘယ်လောက်လိုချင်သလဲ။ တစ်ဧက ၁၅၀ ထွက်ချင်လည်း ရ၏။ ၂၀၀ ထွက်ချင်လည်းရ၏။ ကျွန်ုပ်က ဘေးကနေ ရမ်းတုတ်နေတာထက် ကာယကံရှင် လုပ်သူတို့က ရိုးရိုးသားသားနှင့် ပြောပြ လျှင် ပိုကောင်းပါလိမ့်မည်။ တော်ပါပြီ။ တကယ့်တကယ် ပြောကြစတမ်းဆို အတင်းပြောစရာတွေ အလွန်များလှ၏။

 

နောက်တော့ ကိုအေးသောင်းသည် ဟင်္သာတ၌ အခြေချ၏။ ကျွန်ုပ်လည်း ရွာပြန်သည့်အခါ ကိုအေးသောင်းရှိရာ ဟင်္သာတသို့ ဝင်၏။ တစ်ရက်တန်သည်၊ နှစ်ရက်တန်သည် နေ၏။ ကိုအေးသောင်းကတော် မမနော်သည် ဟင်းချက် ကောင်း၏။ သို့သော် အဟီးစ်၊ နည်းနည်းတော့ ညစ်ပတ်၏။ 

 

ကျွန်ုပ်သည် ရခိုင်ရိုးမတောင်ခြေ၌ မွေးခဲ့သည်မှန်၏။ သို့သော် တောသားစင်စစ်ပေမင့် ညစ်တီးပတ်တတ် မနေတတ်ပါ။ မမနော်ထောင်းပြီးထားခဲ့သည့် ငြုပ်ဆုံ၊ ငြုပ်ကျည်ပွေ့များကို ဆေးကြောလျက် မှောက်ထား၏။ ရေအိုးအဖုံးနှင့် အိုးခွက် ပန်းကန်များကို သေသေချာချာ ဆေးကြောကာ တန်းစီထား၏။ “ဟီးဟီး မောင်အေးငြိမ်းလာမှပဲ ငါ့ငြုပ်ဆုံလည်း ပြောင်တော့တယ်” ဟု မမနော်က ပြော၏။ ယခု မမနော်ဆုံးပါးသွားတာ ၄- ၅ နှစ်လောက်ရှိပြီ ထင်ပါသည်။ ကျွန်ုပ် မမနော်၏ လက်ရာကလေးများကို လွမ်းလှပါသည်။  

 

သို့တိုင် ကျွန်ုပ်တို့ ကျောင်းတက်စဉ်ကသာ ရန်ကုန်သွားလျင် ဟင်္သာတကို ဖြတ်ရတာ ဖြစ်၏။ ယခု နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေး မေဘေးများ၏ ကျေးဇူးကြောင့် ပုသိမ်-မုံရွာ ကားလမ်းမကြီးပေါက်သဖြင့် ရန်ကုန်မှ ကျွန်ုပ်တို့ရွာသို့ ကားဖြင့် တိုက်ရိုက် သွားနိုင်ပြီဖြစ်ရာ ဟင်္သာတသို့ တကူးတက မဝင်ဘဲနှင့် မရောက်နိုင်တော့။ (ပုသိမ် - မုံရွာ ကားလမ်းမကြီး ဖောက်ပေးသည့် ကျေးဇူးကြောင့် မောင်မင်းကြီးသားများ ဘုန်းသေးပါစေ၊​ သက်တိုပါစေ၊ အနာမျိုး ၉၇ ပါး အကုန်ဖြစ်ပါစေ။ သေလွန်သည့်အခါ၌ မဟာတာပနငရဲ၌ မကျွတ်မလွတ်တမ်း ခံကြရပါစေ။ သာဓု သာဓု သာဓု) 

ထို့ကြောင့် ကျွန်ုပ်လည်း ဟင်္သာတသို့ အရောက်ကျဲသွားပါတော့၏။

 

ယခုတော့ ကျွန်ုပ်လည်း ၆၀ ကျော်ပြီ။ ကိုအေးသောင်းလည်း အသက် (၇၀) ကျော်ပြီ။ ငင့် - ဘာလိုလိုနဲ့ အဖိုးကြီးတောင် ဖစ်နေပါ ပေါ့လား။ ယခွမ်း။ ကိုယ်ကသာ ကိုယ့်ကိုယ်ကို ၃၅ နှစ် ၂ ရက်လျော့လောက် ထင်နေတာ။ (၆၀ ကျော်ပြီဆိုပြီး ကျုပ်လာ ‘အဘ’ ခေါ်လို့ကတော့ အကြောင်းသိမယ်၊ ညှင်းညှင်း)

 

 

၉၊ ၂။ ကိုကိုတင်ထူး

 

 

ကိုကိုတင်ထူးအကြောင်း၌ ကောင်းကြောင်းထက် မကောင်းကြောင်း ပိုများ၏။ သို့သော် လူဟူသည် ကိုယ့်သမိုင်းကိုယ် ရေးနေကြသည်ဖြစ်ရာ ကျွန်ုပ်ကတော့ ကောင်းရင်ကောင်းသလို၊​ မကောင်းရင် မကောင်းသလို ရေးရပါမည်။ ဟုတ်တိုင်း မှန်ရာကို ဘာတစ်ခုမှ​ မဖုံးကွယ်ဘဲ ရေးသဖြင့် မုန်းချင်သပိုဆိုလည်း မုန်းသာမုန်းလိုက်ပါ။ အသင်တို့ကို အပြစ်ဆိုစရာမရှိ။

 

ကိုကိုတင်ထူးသည် ကျွန်ုပ်ကဲ့သို့ အသားမည်းမည်း၊ ညှက်တက်ပက်တက်လေးမဟုတ်။ သူက အသားဖြူ၏။ လူရည် သန့်၏။ ကိုကိုတင်ထူးကျောင်းတက်တော့ ဆရာက ကျောင်းနာမည် မောင်သန်းနိုင်ဟု မှည့်ပေးလိုက်၏။ သို့သော် ကျွန်ုပ်တို့ ရွာသားများကတော့ တင်ထူး လို့သာ ခေါ်ကြ၏။ ကျွန်ုပ်လည်း ငယ်ငယ်ကတည်းက ကိုကိုတင်ထူးဟု ခေါ်လာခဲ့လို့ နှုတ်ကျိုးနေပြီ။ 

 

ကိုကိုတင်ထူးက ကျွန်ုပ်ထက် ၁ တန်းလား ၂ တန်းလား ကြီးသည် ထင်ပါသည်။ သူ့သူငယ်ချင်းများမှာလည်း ကျွန်ုပ် သူငယ်ချင်းများ ဖြစ်လာခဲ့၏။ ကျွန်ုပ်က ကိုယ့်အတန်းက စာတွေသာမက သူတို့သင်နေရသော စာများကိုပါ လေ့လာ လေ၏။ ထိုစဉ်က သူတို့အတန်း၌သင်နေရသော မြန်မာစာပြဌာန်းစာအုပ် “ပင်ရင်းစကားပြေလက်ရွေးစင်” မှ စာတစ်ပုဒ် မကျန် အကုန် ကျွန်ုပ် ဖတ်ဖူး၏။ ဦးရာကျော်ကောင်းမှု၊ စလောင်းဖုံးတချပ်၊ အညာဘုရားပွဲ စသည့် စကားပြေများကို ပြောပြပါဆို ခုထိ ပြောပြနိုင်သေး၏။ 

 

ကိုကိုတင်ထူး၏ သူငယ်ချင်းများဖြစ်သော ကိုဇော်ဝင်း၊ ကိုမြငွေတို့မှာ ကျွန်ုပ်နှင့်လည်း ခင်၏။ ကိုဇော်ဝင်းက ရဲစခန်းထဲက ဖြစ်ပြီး ကိုမြငွေမှာ အတော်လေး ဆင်းရဲ၏။ နောက်တစ်ယောက်က ကိုနိုင်ဝင်း ထင်ပါသည်။ ခပ်ပုပု၊ အသားခပ်ဖြူဖြူ။ 

 

ကိုဇော်ဝင်းတို့တွေ လက်ရေးကဗျာစာအုပ်ထုတ်တော့ ကျွန်ုပ်က အဖုံးဒီဇိုင်းဆွဲပေး၏။ ကဗျာစာအုပ်ကလေးများကို အနီးအနား မိတ်ဆွေများသို့ အလကားမတ်တင်းနှင့် လက်ဆောင်တင်၏။ မမနော်က “သူတို့ကဗျာတွေကလည်းဟယ်၊ အဖေနဲ့ ရည်းစားစကားပြောလိုက်၊ အမေနဲ့ ရည်းစားစကားပြောလိုက်၊​ ဘာတွေမှန်း မသိပါဘူး၊ ဟင်းဟင်းဟင်း” ဟု ပြော၏။ ထိုစဉ်က မမနော်မှာ ကိုအေးသောင်းနှင့် မရသေး။ အပျိုဘဝပင် ရှိသေး၏။ ကိုဇော်ဝင်းတို့ ကဗျာများထဲ၌ “အဖေနှင့်ရည်းစားစကားပြောခြင်း” ဟူသော ကဗျာ ပါ ပါသည်။ ထိုကဗျာကို ရည်ညွှန်းတာ ဖြစ်၏။ ဘယ်သူ ဘာပြောပြော၊ သူတို့ကဗျာလေးများကို ကျွန်ုပ် ကြိုက်ခဲ့ပါသည်။ အနို့ ကဗျာဟူသည် အသည်းနှလုံးထဲက ပေါက်ဖွားလာသည့် သံစဉ်ကလေးများ မဟုတ်ပါလော။

 

ကျွန်ုပ်ငယ်ငယ်က ကိုကိုတင်ထူးကို အတော် အထင်ကြီး၏။ ကျွန်ုပ်တို့နှစ်ယောက်မှာ တစ်ယောက်နှင့်တစ်ယောက် သိပ် အသက်မကွာသဖြင့် ပေါင်းလို့သင်းလို့လည်း ရ၏။ စာပေဝါသနာပါတာချင်းလည်း တူ၏။ ကွင်းကောက်၊ နံကသူချောင်း ထဲတွင် နွေရာသီ၌ ဇာတ်ရုံထိုးကာ ဇာတ်ပွဲ၊ ရုပ်ရှင်စသည်တို့ကို ရုံသွင်းပြသ၏။ ထို ဇာတ်ပွဲ၊ ရုပ်ရှင်များ မှာ ည ၁ နာရီ ကျော်လောက်ဆိုလျှင် ရုံဖွင့်၏။ ရုံဖွင့်သည်ဆိုခြင်းမှာ အဝင်ပေါက်၌ မည်သူမှ မစောင့်တော့ဘဲ အခမဲ့ ဝင်ကြည့်ခွင့် ပေးထားတာကို ဆိုလိုပါသည်။ 

 

ရုပ်ရှင်ပြသည့်ညများတွင် ကိုကိုတင်ထူးက ညဉ့်နက်သန်းခေါင် စာကြည့်ကာ ရုပ်ရှင်ရုံဖွင့်ချိန်လောက်ဆို အိပ်ပျော်နေ သည့် ကျွန်ုပ်ကိုနှိုးလျက် ညီအစ်ကိုနှစ်ယောက် ရုပ်ရှင် သွားကြည့်ကြ၏။ ကျွန်ုပ်တို့ကြည့်ခဲ့သည့် ကားများမှာ မြခြူသံ၊ ကိုရယ်တိုးရယ်စိုးစိုးရယ်၊ ကိုယ်ရယ်မင်းရယ် ပိတောက်ရယ်၊ ပြောမရတဲ့ ချောနှမ၊ တောင်ကုန်းအမှတ် ၁၁၉ စသည့် ဇာတ်ကားများ ဖြစ်မည်ထင်ပါသည်။ နှစ် ၅၀ လောက်ကြာပြီဆိုတော့ သိပ်မမှတ်မိတော့ပါ။

 

ကျွန်ုပ်တို့က ကွင်းကောက် မြောက်ဘက်ကမ်းရှိ ကျောင်းတွင် သွားတက်ရလေရာ နံကသူချောင်းကို ဖြတ်လျက် သွားရ ၏။ နံကသူချောင်းမှာ မိုးရာသီတွင် ချောင်းအပြည့် ရေလျှံလျက် လှေနှင့်ကူးကြရသော်လည်း နွေရာသီ၌ ရေအနည်းငယ် သာရှိပြီး ဝါးတံတားကလေးနှင့် ဖြတ်သွားရ၏။ ထိုအခါ သောင်ထွန်းနေသည့် နံကသူချောင်းထဲတွင် ဝါးများဖြင့် နံကသူ ဇာတ်ရုံကြီးကို တည်ဆောက်ကာ ပွဲ/ရုပ်ရှင်များ သွင်းကြ၏။ 

 

ကျွန်ုပ်တို့က ထိုဇာတ်ရုံကြီးနံဘေးမှဖြတ်လျက် ကျောင်းသွားရသည်ဖြစ်ရာ ဇာတ်ရုံကြီးဆောက်ဘို့ မြေညှိသည်မှအစ၊ ဇာတ်ရုံကြီးဆောက်ရန် ဝါးလုံးများကို စည်းလျက်ညွတ်ကာ ပေါင်းမိုးလုပ်နေသည် အလယ်၊ ဇာတ်ရုံကြီးဆောက်ပြီး၍ ဇာတ်ပွဲများ ရုံသွင်းပြသနေသည်အဆုံး နံကသူဇာတ်ရုံကြီး၏ အီဗော်လူးရှင်းကို မြင်တွေ့နေရလေ၏။

 

ထိုဇာတ်ရုံကြီးတွင် ပန်တျာကြည်လင်၊ မြို့တော်သိန်းအောင်၊ ဆောင်းမင်းသမီးလေး ဝင်းဝင်းအေး၊ မျိုးချစ်သန်းစသည့် ဇာတ်ပွဲများ သွင်း၏။ မိုးကြိုးငှက်ငယ်လေးများတောင် ပါသည် ထင်ပါသည်။ ထိုစဉ် ၁၉၇၆/၇၇ လောက်က ပန်တျာ တင်တင်မြင့် သီဆိုခဲ့သော ကာယပညာတန်ဆောင် သီချင်းကို ကျွန်ုပ်မှာ ယခုထိ လတ်လတ်ဆတ်ဆတ် နားထဲ၌ ကြားယောင်ဆဲ ဖြစ်ပါသည်။ ပန်တျာတင်တင်မြင့်သည် ထိုသီချင်းကိုဆိုစဉ်က အစိမ်းရောင်ဝတ်စုံကို ဆင်မြန်းထားပြီး အသံမှာလည်း ကြည်မြ ပီသလှ၏။

 

ကိုကိုတင်ထူး ဆယ်တန်းအောင်တော့ ဟင်္သာတတွင် လက်နှိပ်စက်သင်တန်း သွားတက်ကာ အလုပ်ရှာ၏။ အလုပ်မရနိုင် သည့်အဆုံး လေးမျက်နှာရုံးတစ်ခု၌ လက်နှိပ်စက်စာရေးအဖြစ် လုပ်အားပေး ဝင်လုပ်သေးသည်ဟု မှတ်မိပါသည်။ ထိုစဉ်က ကျွန်ုပ်မှာ လေးမျက်နှာ အ.ထ.က ၌ ၉ တန်း၊ ၁၀ တန်းတက်နေလျက် ကိုယ့်ကိုယ်ကိုယ် လူပျိုကြီးထင်ကာ ချောချောမြင်သမျှ ကောင်မလေးတိုင်းကို လိုက်ပိုးနေချိန် ဖြစ်၏။

 

နောက်တော့ ကိုကိုတင်ထူးသည် မူလတန်းပြဆရာ ဖြစ်လာ၏။ ပထမ လေးမျက်နှာအနီး နင်းကြမ်းကျေးရွာ၌ သင်ရ၏။ နောက်တော့ မွေးရပ်မြေဖြစ်သည့် ဝါးတောကွင်းကို ရောက်လာ၏။ နောက် ဝါးတောကွင်းကျေးရွာ အ.မ.က ၌ ကျောင်းအုပ်၊ ထို့နောက် အလယ်တန်းပြဖြစ်၊ ထို့နောက် ဝါးတောကွင်းကျေးရွာ အ.မ.က လည်း အ.လ.က အဆင့်သို့ တိုးမြင့်ကာ ကိုကိုတင်ထူးလည်း ထို အ.လ.က ကျောင်း၌ပင် ကျောင်းအုပ် ဖြစ်ပြန်၏။

 

ပြောကြစတမ်းဆို အစိုးရကျောင်း၏ ကျောင်းအုပ်ဆိုသည်မှာ ရွာ၌ စာအတတ်ဆုံး ပုဂ္ဂိုလ်၊ အတန်းပညာအားဖြင့် အမြင့်ဆုံး ပုဂ္ဂိုလ်ဖြစ်လေရာ ပညာအားဖြင့်လည်းကောင်း၊ ရာထူးအားဖြင့်လည်းကောင်း၊ ဂုဏ်အားဖြင့် လည်းကောင်း ထိုရွာ၌ အကြီးမြင့်ဆုံး ပုဂ္ဂိုလ်ဟုဆိုက ဆိုနိုင်၏။ 

 

ထို့ကြောင့် ထိုကျောင်းအုပ်သည် ရပ်ရွာ၏ သာရေးနာရေး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးများ၏ ပညာရေး၊ ရွာသားများ၏ လူနေမှုအဆင့်အတန်း၊​ အတွေးအခေါ်အယူအဆ မြင့်မားရေး၊ ကိုယ်ကျင့်တရားကောင်းမွန်လာရေးတို့ကို  တာဝန်ယူကာ မလုပ်သင့်ပါသလော။ ကျွန်ုပ်ကတော့ လုပ်သင့်သည် ထင်၏။ 

 

ထို့ပြင်တဝ ကိုကိုတင်ထူးသည် ဝါးတောကွင်း၌ မွေးကာ၊​ ဝါးတောကွင်း၌ ကြီးပြင်းလာသူဖြစ်၍ မိမိဒေသ ကောင်းကျိုးကို မဆောင်ရွက်သင့်ပါသလော။ အမှန်ကို ဆောင်ရွက်သင့်၏။ အထူးဆောင်ရွက်သင့်၏။ မဟားတရား ဆောင်ရွက်သင့်၏။ စောက်ကျိုးနည်း ဆောင်ရွက်သင့်၏။

 

သို့သော် ကျွန်ုပ်ငယ်စဉ်က အထင်တကြီး ရှိခဲ့သော ကိုကိုတင်ထူးသည် အလွန်ချာတူးလန်လှပေ၏။ အနှီပုဂ္ဂိုလ်သည် သူ့အကျိုးစီးပွားတစ်ခုကလွဲပြီး ရပ်ရွာအရေး ဘာကလေးတစ်ခုမှ စိတ်မဝင်စား။ ရပ်အကျိုး ရွာအကျိုး ဘာတစ်ခုမှ​ မသယ်ပိုး။ 

 

ကျွန်ုပ် ကျောင်းသားဘဝက ရွာပြန်ရောက်သည့်အခါတိုင်း ရွာလူငယ်များကို စည်းရုံးလျက် ရွာလမ်းများကို သန့်ရှင်းရေး လုပ်ခြင်း၊ ဝင်းခြံများ ပြန်ခတ်ခြင်း၊ သင်္ကြန်တွင်း၌ ရွာဦးရှိ ဘုရားကြီးကို ပေါင်းမြက်များ သုတ်သင်ခြင်း၊ ဘုန်းကြီးကျောင်း ၌ ဥပုသ်စောင့်နေသည့် လူကြီးသူမများကို ရေချိုး/ခေါင်းလျှော်ပေးခြင်း အစရှိသည်များကို လုပ်ပေးခဲ့၏။  

 

ကျွန်ုပ်သည် ရွာ၌ ဆေးခန်းတစ်ခု ဆောက်ပေးခဲ့၏။ စာကြည့်တိုက်တစ်ခု ဖွင့်ပေးခဲ့ကာ ဖတ်ချင်စဖွယ် စာအုပ်စာတမ်း များ၊ ဂျာနယ်၊​ မဂ္ဂဇင်း၊​ ကာတွန်းစာအုပ် အတော်များများ ဖြည့်ထားပေးခဲ့၏။ သို့သော် ကျွန်ုပ်လုပ်ခဲ့သည့် ထိုလုပ်ငန်းများ ၌ ကိုကိုတင်ထူးသည် ခါးကလေးထောက်လျက် ဘယ်လိုနေသလဲဟေ့ စသဖြင့် တစ်ခါကလေးမှ​ လာပြီး နှမ်းဖြူးဖော်မရ။ 

 

သူအရင်က လက်နှိပ်စက် ရိုက်တတ်မှန်းသိ၍ ကျောင်းအတွက် ကျွန်ုပ် လက်နှိပ်စက်တစ်လုံး ဝယ်ပေးခဲ့၏။ ထိုလက်နှိပ်စက်ကို ကျောင်းအတွက် ဘယ်လောက်သုံးခဲ့သလဲတော့ မသိ။ ‘မင်းနှယ်ကွာ၊ အိမ်မှာ သူ့သားတွေက တချောက်ချောက်နဲ့၊ သူတို့ကို ကစားဘို့ ဝယ်ပေးထားတဲ့အတိုင်း’ ဟု ကျွန်တော့်သူငယ်ချင်းများက ပြန်တိုင်ပါသည်။ 

 

ထိုမျှသာမကသေး။ ၂၀၀၄ ခုနှစ်လောက်က Pentium II ကွန်ပြူတာအဟောင်းတစ်လုံးလည်း လှူခဲ့ပါသေးသည်။ ဖွင့်တောင်မှ ကြည့်ဖြစ်သလား မသိပါ။ ထိုစဉ်က ကျောင်း၌ မီးစက်ရှိပါသည်။ ကျွန်ုပ် ရွာပြန်သည့်အခါတိုင်းလည်း ကလေးများအတွက် ဗလာစာအုပ်၊​ ခဲတံ၊ ဘောပင်များ ဝယ်သွားကာ ကျောင်းရှိကလေးအားလုံးကို ပေးဝေခဲ့ပါ၏။ 

 

ကျွန်ုပ်ဖြစ်စေချင်သည်မှာ ဤသည့်ကိစ္စများကို ကိုကိုတင်ထူးသည် ကျွန်ုပ်ထံမှ အလှူငွေများတောင်းကာ အားတက်သရောနှင့် ကမကထပြုလျက် လုပ်စေချင်ခြင်း ဖြစ်၏။ 

 

သို့သော် အနှီကျောင်းအုပ်သည် ကျွန်ုပ်ဆောက်ပေးခဲ့သော ဆေးခန်းနှင့် စာကြည့်တိုက်ကလေးကိုပင် ထိန်းသိမ်း ပေးဖော်မရ။ နောက်တော့ ကျွန်ုပ်က ‘ရောင်နီဦး’ ဟု နာမည်ပေးခဲ့သော အနှီစာကြည့်တိုက်ကလေးမှာ နွားတင်းကုတ် အဖြစ် ဇာတ်သိမ်းသွားခဲ့ပါသည်။ ယခုတော့ ရှိသလား၊​ မရှိတော့ဘူးလားတောင် မသေချာတော့ပါ။

 

ကျွန်ုပ်စင်ကာပူရောက်ပြီး များမကြာမီ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်များဆီက ကိုကိုတင်ထူးထံ ‘အမက ကျောင်းအုပ် တစ်ဦးအနေနှင့် မိမိသည် ရွာ၌ ပညာအတတ်ဆုံး၊ ဂုဏ်အားဖြင့်လည်း အမြင့်ဆုံးဖြစ်၍ ရပ်ရွာအကျိုးကို ဦးဆောင် ဦးရွက်ပြုကာ သယ်ပိုးသင့်ကြောင်း’ စာတို စာရှည်များ ရေးပို့ပေးခဲ့ဖူး၏။ 

 

ကိုကိုတင်ထူးသည် အိမ်ထဲ၌ပင် ဗီဒီယိုရုံဆောက်ကာ ဗီဒီယိုပြ၏။ ထိုအချိန်က ကျွန်ုပ်မှာ Tom & Jerry ကို အလွန် ကြိုက်လေရကား စီးရီးလိုက် ဝယ်ထား၏။ သမီးလေးကြည့်ဘို့ Tom & Jerry ဗီစီဒီ အချပ်များကို ယခင်က တစ်ခုချင်း ဝယ်ပို့နေသည်ဖြစ်ရာ စီးရီးလိုက်ဝယ်လိုက်သည့်အခါ ထို loose CD ချပ်များမှာ ပိုနေလေ၏။ ကျွန်ုပ်ရွာပြန်သည့်အခါ ထို ပိုသမျှ စီဒီအားလုံး ယူသွားလျက် ‘ကိုကိုတင်ထူးရေ့၊​ မင်း ဗီဒီယိုပြတဲ့အခါ ဗီဒီယိုမပြခင် ဟောဒီကာတွန်းကားလေးတွေ ပြလိုက် ပါကွာ၊​ ကလေးတွေ ကြည့်ရတာပေါ့’ ဟု ပေးခဲ့၏။ 

 

၎င်းကျောင်းဆရာသည် အဘယ်မျှ ဆိုးပါသနည်းဆိုသော် ကျွန်ုပ်က ကလေးတွေကို အခမဲ့ကြည့်ပါစေဟု ပေးခဲ့သော ထို Tom & Jerry ကာတွန်းကားများကို ပိုက်ဆံယူကာ ရုံသွင်းပြသည်ဟု ကျွန်ုပ်သူငယ်ချင်းများက ပြန်ပြောပြ၏။ ဪ - လောကမယ်၊​ ဒီလိုလူမျိုးလည်း ရှိပါသေးလား ဟု ကျွန်ုပ်မှာ အံ့ဩတမောတွေ ဖြစ်လွန်းမက ဖြစ်ရ၏။

 

အဲလေ အကုန်တော့လည်း လျှောက်ရေးလို့ မဖြစ်သေးပါ။ ချန်သင့်သလောက်တော့လည်း ချန်ခဲ့ရပါအုံးမည်။

 

နောက်တော့ ကျောင်းကို ဆရာလေးမောင်တင်သိန်း ရောက်လာ၏။ မောင်တင်သိန်းက ကျောင်းကိစ္စ၊ ရပ်ရွာကိစ္စများတွင် စိတ်ဝင်တစားရှိသဖြင့် ကျွန်ုပ်မှာ လုပ်ချင်တာလေးတွေ မောင်တင်သိန်းကိုပဲ အကူအညီ တောင်းရ၏။

 

ကိုကိုတင်ထူးအကြောင်းရေးတော့ သူ့အမျိုးသမီးအကြောင်းလည်း ချန်ထားခဲ့လို့မဖြစ်။ နည်းနည်းလောက်တော့ အတင်းတုတ်လိုက်ရဦးမည်။

 

ဝါးတောကွင်းရွာမှာ နေပေမင့် ရွာနှင့် သိပ်အဆက်အဆံမလုပ်သော၊ ရွာနှင့် အစေးမကပ်သော မိသားတစ်စုကိုပြပါ ဆိုလျှင် မောင်ရွှေပိန်တို့ မိသားစုကို ပြရလိမ့်မည်။ ၎င်းတို့သည် ဝါးတောကွင်းမှာ နေသဖြင့်သာ ဝါးတောကွင်းသားဟု နာမည်တပ်ရသော်လည်း၊ ရွာထဲ၌သာ အိမ်ဆောက်ထားသော်လည်း အမှန်စင်စစ် ရွာနှင့် အလှမ်းကွာလွန်းလှပါသည်။ ဤသည်မှာ တစ်ဦးတည်း မဟုတ်။ ၎င်းတို့ တစ်မိသားစုလုံး ဖြစ်၏။ ဦးရွှေပိန်နှင့် ကျွန်ုပ်တို့မှာ ဆွေမျိုးနီးစပ်တော်၏။ ဘယ်လိုတော်သည် ဆိုတာကိုတော့ ကျွန်ုပ် ကျကျနန မသိပါ။ 

 

ဦးရွှေပိန်၊ ဒေါ်စိန်သန်းတို့မှာ သမီး ၃ ယောက်၊ သား ၂ ယောက်ရှိ၏။ သမီးအငယ်ဆုံးမှာ ဘွဲ့ရသည်ထိ ကျောင်းနေသည် ထင်ပါသည်။ သေသေချာချာမသိပါ။ ထိုအထဲမှ ယောက်ျားလေးများဖြစ်သော လှစိုးနှင့် သန်းအုန်းတို့မှာမူ ကျွန်ုပ်နှင့် ရင်းနှီး၏။ လှစိုးသည် တော်တည့်ထက်မြက်သူထဲ၌ ပါ၏။ နောက်တော့ဘုန်းကြီးဝတ်သွားကာ အခြားတစ်နေရာ၌ ကျောင်းထိုင်ဘုန်းကြီး လုပ်နေလေ၏။ သန်းအုန်းမှာ ကျွန်ုပ်နှင့် မူလတန်းကျောင်းနေဘက် ဖြစ်၏။ ကျွန်ုပ်တို့ ကိုရင် ဝတ်တုံးကတောင် သန်းအုံးပါသည် ထင်ပါသည်။

 

ကိုကိုတင်ထူးသည် မောင်ရွှေပိန်၏ ဒုတိယသမီးဖြစ်သူ မကျင်ရွှေနှင့် အိမ်ထောင်ကျ၏။ မကျင်ရွှေသည် သူတို့မိသားစု  ထုံးစံအတိုင်း ခပ်စွာစွာ ခပ်ထက်ထက် ဖြစ်၏။ နဂိုကမှ ရွာအကြောင်း စိတ်မဝင်စားသော ကိုကိုတင်ထူးမှာ မကျင်ရွှေနှင့် ညားသည့်အခါ ရွာနှင့် အဆက်ပြတ်သွားပါသည်။ ၎င်းတို့သည် ကိုယ်လုပ်စရာရှိတာလုပ်လျက် ရွာနှင့် ခပ်ကင်းကင်း နေကြသူများ ဖြစ်၏။ ကျွန်ုပ်သူငယ်ချင်းများ အပြောအရမူ မောင်တင်ထူးသည် ခပ်နုံနုံဖြစ်၍ သူ့မယား ဩဇာပေးသည့် အတိုင်း ကပြအသုံးတော်ခံရသော ဇာတ်ရုပ်တစ်ခု ဖြစ်၏။ ကျွန်ုပ်က မောင်တင်ထူးထံ ရပ်ရွာအကျိုးသယ်ပိုးဘို့ စာတို၊ စာရှည်များ ရေးပို့သည့်အခါ မယားလုပ်သူက ‘အောင်မယ်၊ သူက ဆရာကြီးပေါ့’ ဟု ကျွန်ုပ်ကို သရော်သလို၊ ငေါ့သလို ပြောကြောင်း သူငယ်ချင်းများက မခံချိမခံသာ ပြန်ပြောပြကြ၏။ ကျွန်ုပ်ကမူ ‘နေပါစေကွာ၊ သူယူတတ်ရင်ရမယ်၊ မယူတတ်ရင် မရယုံရှိမှာပဲ’ ဟု ပြောလိုက်ပါ၏။

 

မောင်ရွှေပိန်တို့မိသားစုနှင့် သိပ်အစေးမကပ်လှသော်လည်း ဒေါ်စိန်သန်း၏ညီမအပျိုကြီး ဒေါ်ခင်သန်းနှင့်မူ ကျွန်တော်တို့ ခင်ပါသည်။ သူကတော့ သူလိုငါလို ရိုးရိုးသားသားထဲကပင် ဖြစ်၏။ သူသည် အတော် အသက်ကြီးမှ အိမ်ထောင်ကျ၏။

 

၂၀၁၅ ခုနှစ်၊ ဧပြီလ၌ ရွာပြန်ပြီး သားရှင်ပြုအလှူလုပ်၏။ ဤသည့်နောက်ပိုင်း ကျွန်ုပ်လည်း ရွာပြန်မရောက်တော့ပါ။ 

အခု သူတို့ ဘယ်လိုတွေ နေကြ၊ စားကြသည်ကိုလည်း မသိတော့ပါ။

ကျွန်ုပ်တို့ ညီအစ်ကိုသုံးဦးရှိသည့်အနက် ကိုအေးသောင်းနှင့် ယနေ့ထက်တိုင် အဆက်အသွယ် မပြတ်သေးသော်လည်း ကိုကိုတင်ထူးနှင့်ရော သူတို့မိသားစုများနှင့်ပါ လုံးဝ အဆက်အသွယ် မရှိတော့တာ ကြာပါပြီ။

 

ကိုကိုတင်ထူးသည် ဘွဲ့တစ်ခုရထားတာ မှန်၏။ ပညာကိုလည်း လိုက်စားသည် ထင်ပါ၏။ စာလည်း ဖတ်၏။

သို့သော် ကိုကိုတင်ထူးသည် သူရထားသည့်ပညာနှင့် ကျွမ်းကျင်မှုကို လူ့လောကအတွက် ဘာတစ်ခုမှ အသုံးမချခဲ့ချေ။

 

ကိုကိုတင်ထူးကိုကြည့်ပြီး ကျွန်ုပ် သင်ခန်းစာတစ်ခု ရပါသည်။

 

ဤသည်ကား ပညာဆိုသည်မှာ တကယ်အသုံးချတတ်သူ လက်ထဲရောက်ပါမှ တကယ်တန်ဘိုးလည်းရှိ၊ အသုံးလည်း တည့်လျက် - 

 

မိမိတတ်ထားသည့် ပညာကို တန်ဘိုးလည်းမထား၊ ဘာတစ်ခုမှလည်း လက်တွေ့ အသုံးမချပါက -

မျောက်လက်ထဲကို ကွန်ပြူတာတစ်လုံး ထည့်ပေးထားသကဲ့သို့သာ ဖြစ်လိမ့်မည်ဆိုခြင်း ဖြစ်ကြောင်း -

ကျွန်ုပ်အမေ၏ မွေးချင်းများ (၅)

၈။ အဖေကြီးဘက်က အမျိုးများ

 

ကျွန်ုပ်တို့သည် အဖေကြီးဘက်က အမျိုးတွေနှင့် ခပ်စိမ်းစိမ်းပင် ဖြစ်၏။ အဖေကြီးတွင် မွေးချင်း ၃ ယောက်ရှိ၏။ အကြီးဆုံးမှာ ဘကြီးငသိန်း၊ နောက်ပြီးတော့ ဘကြီးထွန်းလှိုင်၊ အဖေကြီးက အငယ်ဆုံး။ ဘကြီးထွန်းလှိုင်၏ သားသမီး၊ မြေးမြစ်များနှင့် ခင်မင်ရင်းနှီးသော်လည်း ဘကြီးငသိန်း၏ သားသမီးများနှင့်မူ ခပ်စိမ်းစိမ်းပင် ဖြစ်၏။ တချို့ဆို သိပ်တောင် စကားဟဟ မပြောဖူးပါ။

 

ကျွန်ုပ်အနေနှင့်မူ ဘကြီးငသိန်းနှင့် ဘကြီးထွန်းလှိုင်တို့၏ သားသမီးများကို မေ့တေ့တေ့တောင် ဖြစ်နေပါပြီ။ ဘကြီး ငသိန်း၏ သားသမီးများမှာ အကြီးဆုံးက ကိုအောင်သန်း၊ နောက်ပြီးတော့ ကိုအောင်ဆန်း၊ ကိုခင်အောင်၊ ကိုခင်စိန်၊ အငယ်ဆုံးမှာ မတင်ထွေး ဖြစ်မည် ထင်၏။ ခင်စိန်မှာ ကျွန်ုပ်နှင့် အသက်ချင်း မတိမ်းမယိမ်းဖြစ်ပြီး ခပ်ငယ်ငယ် လူပျို ဘဝကပင် ဆုံးပါးသွားခဲ့၏။ အသက် ဘယ်လောက်၊ ဘယ်နှစ်ခုနှစ်၊ ဘာကြောင့်ဆုံးသည် စသည်တို့ကို ကျွန်ုပ် မသိပါ။

 

ကိုအောင်ဆန်းနှင့် ကိုခင်အောင်တို့မှာ အိမ်ထောင်ကျပြီး မိန်းမနောက် လိုက်နေကြ၏။ 

တခြားရွာရောက်နေသဖြင့်လည်း ကျွန်ုပ်နှင့် သိပ်မတွေ့ဖြစ်ပါ။ နောက်ဆုံးအခေါက်တွေ့ကြသည်မှာ သားရှင်ပြုတုံးက ဖြစ်၏။

 

ကိုအောင်ဆန်းတို့ရွာကို ကျွန်ုပ် တစ်ခေါက်ရောက်ဖူး၏။ ကိုအောင်ဆန်း၏ အမျိုးသမီးနာမည်မှာ မငယ် ထင်ပါသည်။ သူ့ကို တစ်ကြိမ်တွေ့ဖူးပါ၏။ နာမည်နှင့်မလိုက်စွာပင် ဝဝဖိုင့်ဖိုင့်၊ ချောချောလှလှကြီး ဖြစ်၏။ အိမ်ကြီးရခိုင်တွေနှင့်၊ ချမ်းချမ်းသာသာထဲက ဖြစ်၏။ သို့သော် ကိုခင်အောင်တို့ရွာကိုမူ တစ်ခေါက်မှ မရောက်ဖူးသလို သူ့ဇနီးကိုလည်း တစ်ခါမှ မတွေ့ဖူးပါ။ (မတွေ့ဖူးဟု ထင်ပါသည်။)

 

နောက်ပြီး မှန်ရာကိုဆိုရလျှင် ၎င်းတို့ကို ကျွန်ုပ်မကြိုက်ပါ။ ၎င်းတို့သည် တောသား၊ တောသားပီပီမနေ။ အင်မတန် - င်ခေါင်းကျယ်ချင်၊ မြို့ကြီးသားဟန်ပန် ဆောင်ချင်ကြသူ၊ ငါးပိချက်စားပြီး ပေါင်မုန့်လေလည်ချင်ကြသူများ ဖြစ်၏။

 

သားရှင်ပြုတုံးက ကိုအောင်ဆန်းရော၊ ကိုခင်အောင်ပါ နှစ်ဦးစလုံးလာကြ၏။ ကျွန်ုပ် ကိုအောင်ဆန်းတို့ စကားဝိုင်းတွင် သွားရောက်နားထောင်၏။ ထိုစကားဝိုင်း၌ အခြားသူများသည် နားထောင်သူများ ဖြစ်လျက် ကိုအောင်ဆန်းကချည်း ဒိုင်ခံ ပြော၏။ ဗမာလိုပြောတာပါပဲ။ သို့ပေသိ သူ ဘာတွေပြောနေသည်ကို ကျွန်ုပ် နားမလည်။ သူ့စကားထဲ၌ ‘အက်စမစ်’ ‘အက်စမစ်’ ဟု မကြာခဏပါ၏။ ဘာပါလိမ့်ဟု သူပြောသည်များကို သေသေချာချာ ဂရုစိုက် နားထောင်ကြည့်တော့မှ ဗြိတိသျှလို ‘estimate’ ကို ဆိုလိုမှန်း ရိပ်မိပါသည်။ အက်စမစ်ဆိုတာဘာလဲ၊ သူ့ဘာသာသူတောင် နားလည်ပါလေ ရဲ့လား။ ကျွန်ုပ် မသိပါ။ အဲသဟာတွေကြောင့် ကျွန်ုပ် မကြိုက်တာ ဖြစ်ပါသည်။ အဲသလိုဟာတွေနှင့် ကျွန်ုပ် မအက်စမစ်လို (ဟိုက် - ရှာ့ပါ့စ်၊ နာပါရောမွှားကုန်ပြီ၊ ယခွမ်း) မိတ်ဆွေ မဖြစ်လိုပါ။

 

အကြီးဆုံးဖြစ်သူ ကိုအောင်သန်းမှာ မသင်နုနှင့် အိမ်ထောင်ကျပြီး ဝါးတောကွင်းရွာ၌ပင် နေ၏။ ဘိုးစိန်ခိုတို့အိမ်ခေါင်းရင်း လမ်းတစ်ဖက်ခြမ်း၌ ရှိ၏။ အသင်တို့သည် haunted house ကို မတွေ့ကြုံစဖူးသည် ဖြစ်အံ့။ ဝါးတောကွင်းကို လာခဲ့ပါ။ အစ်ကိုကြီးအောင်သန်းတို့အိမ်မှာ တကယ့် haunted house အစစ် ဖြစ်ဘိ၏။ ဝါးတောကွင်းရွာသား ဖြစ်သော်ငြား၊​ ဝါးတောကွင်းကို အခေါက်ခေါက်အခါခါ ပြန်ခဲ့သော်ငြား၊ ကျွန်ုပ်သည် ကိုအောင်သန်းတို့အိမ်ကို တစ်ခါဖူးမျှ မရောက်ဖူးခဲ့ပါ။ ဟိံ သစ္စံ၊​ ဤစကား မှန်၏။ ကျွန်ုပ်စိတ်ထင် ကိုအောင်သန်းတို့အိမ်ကို ဝင်/ထွက်ဖူးသူဦးရေမှာ ဝါးတောကွင်းရွာသား အားလုံး၏ ၁၀% ပင် ပြည့်မည် မထင်ပါ။

 

ကိုအောင်သန်းတို့အိမ်၌ ရှေ့မှာ စပါးအိတ်တွေလား၊ ဘာတွေလားမသိ၊ ကာထား၍ အိမ်ထဲကို မမြင်ရ။ အိမ်မှာ 24 x 7 ပိတ်ထား၍ သည်အိမ်မှာ လူမှ နေပါလေစဟု တွေးစရာဖြစ်၏။ ကိုအောင်သန်းတို့ လင်မယားကို ရွာထဲ၌ တွေ့ရခဲ၏။ သူတို့တွင် သားသမီးမရှိ။ ကျွန်ုပ်တစ်သက်တွင် ကိုအောင်သန်းနှင့် မျက်နှာချင်းဆိုင်ဆုံပြီး စကားပြောဖူးတာ ၁၀ ကြိမ်ပင် ပြည့်မည်မထင်ပါ။ 

 

အငယ်ဆုံးဖြစ်သူ မတင်ထွေးနှင့်မူ အတန်ငယ် ရင်းနှီးပါ၏။ သို့တိုင် အခြားရွာသားများနှင့် ရင်းနှီးသလောက်သာ ဖြစ်ပြီး အရမ်းကြီး ချစ်ကျွမ်းဝင်လှသည် မဆိုနိုင်ပါ။ တခြားသူတွေနှင့်စာလျှင် သူတို့အိမ်ကိုတော့ အဝင်အထွက် ပိုရှိသည်ဟု ဆိုရပါမည်။

 

ဘကြီးထွန်းလှိုင်မှာမူ ပညာလည်းသိပ်မတတ်၊ အတွေးအခေါ်ကလည်း ၁၈ ရာစုလောက်က အတွေးအခေါ်မျိုး ဖြစ်၏။ စကားကိုလည်း အဆဲကလေးမပါဘဲ မပြောတတ်။ စကားကိုလည်း ရိုးရိုးသားသားမပြောဘဲ ထေ့သလိုလို၊ ငေါ့သလိုလို ပြော၏။ ကျွန်ုပ် ဘကြီးထွန်းလှိုင်ကို သဘောမကျပါ။ သို့သော် သူ့ဇနီး ကြီးတော်လှကြိုင်ကမူ အသားဖြူဖြူ ပြည့်ပြည့် ဖြိုးဖြိုးနှင့် ချစ်စရာကောင်းပါသည်။ သူကတော့ သူလိုငါလို ရိုးရိုးသားသားထဲကပင် ဖြစ်၏။ မလှကြိုင်၊ မလှဆိုင် ဟု ညီအစ်မနှစ်ဦးရှိလေရာ ၎င်းတို့သည် တောသူဆိုသည့်တိုင် အသားဖြူ၏၊ ချော၏။ သူတို့သမီးများမှာလည်း ဝါးတောကွင်း သူများ ပေသိ၊ ဖြူ၏၊ ချော၏။

 

ဘကြီးထွန်းလှိုင်၏ သားသမီးများမှာ ကိုလှထွန်း၊ ကိုမြဂွမ်း၊ မမစိန်လှ၊ မမမြင့်သိန်း၊ ဌေးလွင်တို့ ဖြစ်မည် ထင်ပါသည်။ ကျွန်ုပ်အနေနှင့် ညီအစ်ကို တစ်ဝမ်းကွဲများဖြစ်သည့်တိုင် ကိုလှထွန်း၊ ကိုမြဂွမ်းတို့နှင့် သိပ်မရင်းနှီးလှပါ။ ထိုငါးဦးထဲမှ ကျွန်ုပ်တို့နှင့် အရင်းနှီးဆုံးမှာ မမစိန်လှဖြစ်မည် ထင်ပါသည်။ မမစိန်လှသည် သူ့အမေ မလှကြိုင်လိုပင် အသားဖြူဖြူ၊ လုံးကြီးပေါက်လှနှင့် ချောသည့်အစားထဲ၌ ပါပါသည်။ 

 

သို့သော် မမစိန်လှသည် ကံမကောင်းပါ။ ကျောင်းဆရာအဖြစ် ဝါးတောကွင်း၌ တာဝန်ကျသည့် ဆရာဦးလှိုင်ဘွားနှင့် အိမ် ထောင်ကျ၏။ ဆရာဦးလှိုင်ဘွားသည်လည်း ခပ်ချောချောဟု ခပ်ရေးရေးမှတ်မိနေပါသည်။ ဦးလှိုင်ဘွားက ဟင်္သာတက ဆိုတော့ ယောင်နောက်ဆံထုံးပါလျက် မမစိန်လှသည် ဟင်္သာတသို့လိုက်သွား၏။ လိုက်သွားပြီး များမကြာမီပင် ဆရာ ဦးလှိုင်ဘွား ဆုံးပါသည်။ ထို့နောက် မမစိန်လှ ဝါးတောကွင်းကို ပြန်လာပြီး နောက်အိမ်ထောင်မပြုတော့ဘဲ မိဘများနှင့် ပင် အတူနေသွားပါသည်။ ထိုစဉ်က ကျွန်ုပ်မှာ ၁၀ နှစ်သားလောက်သာ ရှိသေးသည်ဖြစ်၍ ဘာတစ်ခုကိုမှ ရေရေရာရာ မသိပါ။ မမစိန်လှသည် အဖေကြီးကို ပထွေးလေး၊ ပထွေးလေးနှင့် အလွန်ချစ်ပါသည်။

 

ဟုတ်စွမ်ကြီးခေါ် ကိုမြင့်အောင်နှင့် အိမ်ထောင်ကျသော မမမြင့်သိန်းလည်း မိန်းမချောပင် ဖြစ်၏။ မမစိန်လှနှင့် မမမြင့်သိန်းတို့မှာ အလွန်ဆံပင် ကောင်းကြ၏။ ဆံထုံးကြီးများကို ဖြန့်ချလိုက်လျှင် ဒူးကောက်ကွေးထိ ရောက်၏။ ကိုမြင့်အောင်နှင့် ကျွန်ုပ်တို့မှာ ဆွေမျိုးလည်းတော်သလို၊ ရင်းလည်း ရင်းနှီးကြ၏။ ဝါးတောကွင်း ပြန်ဖြစ်သည့်အခါ သူတို့အိမ်ကို ရောက်ဖြစ်ပါသည်။ သို့တိုင် ကျွန်ုပ် မမမြင့်သိန်းနှင့် မျက်နှာချင်းဆိုင် သိပ်မတွေ့ခဲ့ရ စဖူးပါ။ ဘယ်တွေ သွားနေမှန်းမသိ။ ကိုမြင့်အောင်သည် သော်လည်းကောင်း၊ မမမြင့်သိန်းသည်သော် လည်းကောင်း ယာပျော်များ ဖြစ်၍ ရွာထဲ၌ အနေနည်းပြီး ယာထဲတွင်သာ နေကြတာများပါသည်။

 

ကိုမြဂွမ်းသည် မကျင်မေနှင့် အိမ်ထောင်ကျပြီး မကျင်မေမှာ သူ့ယောက္ခမများအိမ် လိုက်နေပါသည်။ သူများ သမီးယောက်မတွေသာ မတည့် ရှိရမည်။ မမစိန်လှနှင့် မကျင်မေတို့ သမီးယောက်မ တည့်လိုက်ပုံများ ညီအစ်မအရင်း များတောင် သူတို့လောက် တည့်ချင်မှ တည့်ပါလိမ့်မည်။ 

 

မကျင်မေသည်လည်း ပြုံးပြုံး ပြုံးပြုံးနှင့် ချစ်စရာကောင်း၏။ အလုပ်ကို အသည်းအသန်လုပ်၏။ ကျွန်ုပ်ကိုလည်း ချစ်ပါ သည်။ ယခုအခါ သူတို့သမီး ကြည်ပြာသည် အပျိုကြီးဖားဖား ဖြစ်နေပြီ။ အဖေကြီးကို ချစ်လိုက်သမှ အဖေကြီးက စားချင်သည်ဆိုလျှင် မှိုဆိုလျှင် မှို၊ ဝရိုးဆိုလျှင် ဝရိုး၊ သခွတ်ပွင့် စသည်တို့ကို ဝါးတောကွင်းမှသည် ရန်ကုန်ထိ လာပို့၏။ အဖေကြီးက ကတွတ်ယိုကို အလွန်ကြိုက်၏။ ဝါးတောကွင်းအနီးမှ တောထဲတွင် ကတွတ်ပင်များ ရှိ၏။ ကြည်ပြာတို့က ကတွတ်ယိုကို သုံးလေးပိဿာလောက်ထိုးပြီး အဖေကြီးစားဘို့ ရန်ကုန်ထိ လာပို့သည်ဟု မမက ပြောပါသည်။ 

 

ကျွန်ုပ်တက္ကသိုလ် တက်နေစဉ်က ထင်ပါသည်။ တစ်နှစ်သ၌ ဘကြီးထွန်းလှိုင်တို့အိမ်တွင် ကိုဖိုးစိုကို စာရင်းငှားအဖြစ် ငှားလေ၏။ ကိုဖိုးစိုသည် ဦးကုလားကြီး၊ ဒေါ်သန်းတို့၏သား ဖြစ်၏။ အရည်ရှည်ပြီး အလုပ်ကြိုးစား၏။ သိပ်မကြာပါ။ မောင်ထွန်းလှိုင်၏ သမီးအထွေးဆုံးဖြစ်သူ ဌေးလွင်သည် ကိုရင်ဖိုးစိုနှင့် လိုက်ပြေးလေရာ မောင်ထွန်းလှိုင်၊​ မလှကြိုင် တို့မှာ ဆွေ့ဆွေ့ခုန် နေလေ၏။

 

“ဟင်၊ ကြားလို့မှကောင်းကြသေးရဲ့လား အရပ်ကတို့၊ ထွန်းလှိုင်၊ လှကြိုင်တို့ရဲ့ သမီးက ကုလားကြီး၊ မိသန်းတို့ရဲ့သားနဲ့ ငြားသတဲ့။ အောင်မယ်လေးလေး၊ နင့်တော့ ငါတို့က သေခန်းတင်မဟုတ်ဘူး၊ ဟိုဆယ်ဘဝထိအောင် ပြတ်ပါရဲ့ မိဌေးလွင် ရဲ့” ဟု အရှေ့ ၁၄ အိမ်၊ အနောက် ၁၄ အိမ်၊ တောင် ၁၄ အိမ်၊ မြောက် ၁၄ အိမ်ကြားအောင် ဟစ်ငိုလေသော ဟူသတတ်။

 

လူ့ဂွစာ ကျွန်ုပ်ကား အဲ့ငယ်၊ ဖိုးစိုလည်း လူပေကပဲ။ ယောက်ျားနဲ့မိန်းမငြားတာ ဘာဆန်းသတုံး ဟု ရွတ်မိရာ ဟဲ့၊ အောင်မလေး၊ တိုးတိုးပြော၊ ဟိုကကြားသွားမှဖြင့်ဟု ကျွန်ုပ်ပါးစပ်ကို ဝိုင်းဝန်း ပိတ်ပင်ကြလေ၏။ သူများတွေ ဘယ်သူမှ​အရောမဝင်သည့်တိုင် ကျွန်ုပ်မူ မောင်ဖိုးစိုနှင့် မဌေးလွင်တို့ အိမ်ပေါက်စန၊ သေးသေးစုပ်စုပ်ကလေးကို သွားလည်ပါ သည်။ ကျွန်ုပ်ရောက်သွားသည့်အခါ ကိုဖိုးစိုက လေးလေးစားစားပင် ညီလေး လာလာဟု ဖျာလေးခင်းပေးတာ ယခုတိုင် မှတ်မိနေပါသေး၏။ 

 

ဘကြီးထွန်းလှိုင်နှင့် ကြီးတော်လှကြိုင်တို့သည် ပစ္စည်းရှိပြီး ရွာမျက်နှာဖုံးဟု ခေါ်နိုင်ပါ၏။ ဦးကုလားကြီး၊ ဒေါ်မိသန်းတို့ သည် ဆင်းရဲပြီး မျက်နှာမရှိရှာပါ။ သို့သော် ဆင်းရဲတာ ဘာအပြစ်ရှိပါသနည်း။ ဆင်းရဲသားလည်း လူပဲ၊ ချမ်းသာတဲ့ လူလည်း လူပဲ။ ဆင်းရဲပြီး ရိုးရိုးသားသား ပိုက်ဆံရှာစားသူကို ကျွန်ုပ်က နိမ့်ကျသူ၊ အောက်တန်းကျသူဟု မထင်မိပါ။ ကျွန်ုပ်ကမူ မည်မျှ ဆင်းရဲသည်ဖြစ်စေ၊ ကျွန်ုပ်ကို ထမင်းခေါ်ကျွေးလျင် တက်စားပါသည်။ ပစ္စည်းရှိသူများ ထမင်း ခေါ်ကျွေးလျင်သာ ငြင်းချင်ငြင်းရမည်။ အထက်၌ ဖော်ပြခဲ့သည့် ကိုအောင်ဆန်းတို့လို လူမျိုးကိုပေါင်းမည့်အစား ကျွန်ုပ်က ကိုဖိုးစိုတို့လို လူမျိုးကို ပေါင်းပါမည်။ ကိုဖိုးစိုတို့မှာ ဆင်းရဲပေသိ ရိုးရိုးသားသား ကြိုးကြိုးစားစား လုပ်၏။  ဤသည့် အတွေးအခေါ်များကြောင့်လည်း ကျွန်ုပ်ကို မကြိုက်ကြတာ ဖြစ်ပါလိမ့်မည်။

 

အရီးတို့၊​ ဦးကြီးတို့မရှိတော့သည့်အခါတွင်မူ ကျွန်ုပ်တို့အဖို့ ဆွေမျိုးအရင်းအချာဆိုလို့ ကြီးဒေါ်လှကြိုင်တို့ မိသားစု တစ်ခုသာ ရှိပါတော့၏။ ထို့ကြောင့်ပဲ သူတို့မိသားစုနှင့် ပိုပြီး ရင်းနှီးလာသလား မဆိုနိုင်ပါ။ ကျွန်ုပ်ကမူ အဝေးရောက်မင်း (ဟုတ်ပေါင်) အဝေးရောက်လူသားတစ်ဦး ဖြစ်နေသဖြင့် ထိုအရာများကို သိပ်မစေ့ငုတတ်တော့ပါ။