Thursday, October 9, 2025

CGM (CDM မဟုတ်)

ကျွန်ုပ် ဆီးချိုက အူကြောင်ကြားခင်ဗျာ။

တက်လို့ရှိရင်လည်း အသားကုန်တက်၊

ကျပြန်ပြီဆိုလည်း 2.2 ထိကျ။

 

သူတို့လည်း ဘာလုပ်လို့ လုပ်ရမှန်းမသိ။

ဆေးတိုးပေးပြန်တော့ ဆီးချိုက မကြာခဏကျ။

ဆေးလျှော့လိုက်ပြန်တော့ တစ်ခါမှ ၁၀ အောက်က မကျ။

အဲသဟာနှင့် နင့်ဟာတော့ ငါတို့ ဘာမှ မတတ်နိုင်ဘူး။ အထူးကုသာ သွားပြ ဆိုပြီး ဆေးရုံနှင့်ချိတ်ပေး။

လာမယ့် ၁၃ ရက်နေ့ ဆေးရုံသွားရမည်။

 

ကျွန်ုပ်က ဘာမှ ထွေလီကာလီတွေ စားလေ့သောက်လေ့ ရှိတာမဟုတ်။

မနက် ကွေကာအုတ်ကို နို့နှင့်ဖျော်ထားတာ သောက်၏။ ကွေကာအုတ်နှင့် နို့နှစ်မျိုးပဲပါသည်။ တခြားဘာမှ​မထည့်။ ဆားတောင်ထည့်တာမဟုတ်။

နေ့လယ်စာ home cook lunch စား။ (Economy makan ပေါ့ခညာ။ )

ကော်ဖီတစ်ခွက်သောက်။

 

ပြီးတော့ . . .

မက်ဒေါ်နယ် (ဟုတ်ပေါင်) မက်ဒေါနား၏ Crazy for you နားထောင်။ ပြီးတော့ Sacrifice, Making Love Out of Nothing At All ကိုဆက်။

 

ညစာလည်း home cook.

ည ပဒေါင်မလက်ဖက်ခြောက်နှင့် ရေနွေးကြမ်းသောက်။

စာရေးစာဖတ်ရင်း ကုလားသွားရေစာ ပဲစေ့လေးတွေမြုံ့။

 

အဲတော့ စကားကို သမီးရည်းစား စကားပြောသလို သဲ့သဲ့ပဲပြောတဲ့ (six ကျိုးနဲ၊ ဘာပြောသလဲဆိုတာ မနည်းနားထောင်ရ၊ ယခွမ်း) ဆြာဝန်အိုကြီးက CGM, CGM စက်ဝယ်။ ကျွန်ုပ်လည်း ပထမ အဲ့ငယ်၊ ငါ့များ ဘာကြောင့် CDM လုပ်ခိုင်း နေရပါလိမ့်ဟု ဇဝေဇဝါဖြစ်။

 

သူပြောပြီး အတော်ကြာသည့်တိုင် မဝယ်ဖြစ်။

ဟိုတစ်နေ့က ရက်ချိန်းသွားတော့ CGM ဝယ်ပြီးပြီလား။ ငင့် - မေ့နေလို့ မဝယ်ရသေးဘူး။

အာ့ဆို အမြန်ဝယ်လိုက်။

 

သို့နှင့် ကျွန်ုပ်လည်း အချိန်ဆွဲမနေတော့ဘဲ အိမ်ပြန်ရောက်တာနှင့် Shopee မှ မှာလိုက်၏။

စက်ရောက်လာတော့ သားကို လုပ်စမ်းပါအုံးကွာ ဟု သူ့ပဲအညွှန်းဖတ်ခိုင်းပြီး သူ့ပဲလုပ်ခိုင်းရ။

သူကလည်း အဲသဟာမျိုးဆို အင်မတန် စိတ်ဝင်စားလေတော့ သူ့ဘာသာသူ ဖတ်၊ လိုအပ်သည့် app ကို install လုပ်၊ setting များအားလုံးလုပ်။

 

ဖေရီး ဟိုဘက်လှည့်၊ ဒီမှာထိုးမှာနော် ဆိုပြီး ဘယ်ဘက်လက်မောင်းနောက်ဘက်ကို ထောက်ပြ၏။ ကျွန်ုပ်လည်း ခေါင်းညိတ်ပြလိုက်၏။

 

အောင်မငီး အပ်ကြီးကလည်း သွားကြားထိုးတံ တစ်ဝက်လောက် ရှိသဗျာ။

အရှည် 15 mm လောက်ရှိမည်။

 

ထောက်ကနဲအသံကြားလိုက်ရပြီးသကာလ သူက ပြီးပြီ ဆိုတော့ . . .

ငမ် - မင့်ဟာ ဘာမှလည်း မနာပါလားကွ ဆိုတော့ သူက ငါးသလောက်ပြုံး ပြုံးပြ၏။

 

CGM ဆိုသည်မှာ သွေးတွင်းသကြားဓာတ်ကို အဆက်မပြတ် စစ်ပေးနေသည့်စက် (Continuous Glucose Monitoring) ဖြစ်၏။

 

အသားထဲကို အပ်ကြီးနှင့်စိုက်ထားတာဆိုတော့ နည်းနည်း နာသလိုလို (မနာပါ)၊ ထုံသလိုလို (မထုံပါ)၊ တမျိုးလေး ခံစားရသလိုလိုရှိတာကလွဲပြီး နာတာကျဉ်တာ ဘာမှမရှိပါ။

အဲလေ လက်ထဲ အပ်စိုက်ထားတာဆိုတော့ ကျွန်ုပ်က အိပ်သည့်အခါ အဲသည့်ဘက်ကို မစောင်းမိအောင်တော့ သတိထားပါသည်။ စောင်းလည်း ဘာမှတော့ ဖြစ်လိမ့်မည် မထင်ပါ။

 

ကောင်းသဗျာ။

ဘာကောင်းသလဲဆိုတော့ သူက mobile apps ထဲမှာ ဆီးချိုကို ကြိုက်သည့်အချိန် ကောက်ကြည့်လို့ရ၏။

ဘာမှတောင် နှိပ်နေစရာမလို။ Notification ကို on ထားလိုက်ပါက home screen ပေါ်မှာ ပေါ်နေ၏။

 

Warning ကိုလည်း အနည်းဆုံးနှင့် အများဆုံး ချိန်ထားလို့ရ၏။

ကျွန်ုပ်က အနည်းဆုံးကို 3.2 နှင့် အများဆုံးကို 12 တွင်ထား၏။

အဲဒါထက် နည်းသွား/များသွားလျင် တီတီ တီတီနှင့် အချက်ပေးပါလိမ့်မည်။

 



 

 

တခါတလေ ညနာရီပြန် ၂ ချက်တီး ၃ ချက်တီးလောက်ကြီး ကျွန်ုပ်က ဆီးချိုကျတတ်၏။ တိုင်းလိုက်လျင် 2.2, 2.3 လောက် ဖြစ်၏။ အလွန်အန္တရာယ်များသော အခြေအနေဖြစ်၏။

 

သည်စက်ကလေးရှိတော့ ဘာမှပူစရာမလိုတော့။ ဆီးချိုကျလျင် စက်က သတိပေးလိမ့်မည်။

အဲလေ တခါတလေတော့လည်း အနှောက်အယှက်ဖြစ်၏။

စာသင်နေတုံး တီတီ တီတီနှင့် မြည်၏။

ကြည့်လိုက်တော့ ဆီးချိုက 13.5 တွေဘာတွေ ဖြစ်နေတော့ စက်ကို ပိတ်ထားလိုက်ရ၏။

 

နောက်ပြီး သူက တောက်လျောက်တိုင်းနေတာဆိုတော့ တက်တာကျတာတွေကို ဂရပ်နှင့် မြင်နေရ၏။

ဘယ်လောက်တက်သွားသည်၊ ဘယ်လောက်ကျသွားသည်ကို သိနိုင်၏။

မနက်တိုင်း လက်ကို အပ်နှင့်ဖောက်နေရသည့် ဒုက္ခမရှိတော့။

ဆီးချိုတိုင်းတံက တစ်ချောင်းကို ၁ ကျပ်လောက်ရှိတော့ တွက်ချေလည်းကိုက်၏။

 

ဒါပါပဲခင်ဗျား။

 

မိတ်ဆွေတို့လည်း ဆီးချိုရှိလျင် CGM လေးဝယ်ထားသင့်ကြောင်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၉ အောက်တိုဘာ၊ ၂၀၂၅

No comments: