Saturday, October 12, 2024

Ever Safe Boss အလုပ်လုပ်ပုံ

စင်ကာပူတွင် Safety Training Centre ၄၀ ကျော်ရှိသည့်အနက် Ever Safe Academy သည် ထိပ်ဆုံးကရှိမည် ထင်၏။

 

ဤသို့ပြောလိုက်ခြင်းဖြင့် ကျွန်ုပ်က Ever Safe ကို ပရိုမုတ်လုပ်သည်၊ ကြော်ငြာပေးသည်၊ အမွှမ်းတင်သည်ဟု မယူဆ စေလိုပါ။ ဘော့စ်က ကျွန်ုပ်ကို လခတိုးပေးစေလိုသောကြောင့် ရေးတာလည်း မဟုတ်ပါ။ ထလိန်နာများအားလုံးကို တစ်ဈေးတည်း သတ်မှတ်ပေးထားတာဖြစ်၏။ သဟာဆို ကျွန်ုပ်က အဘယ်ကြောင့် ဤကဲ့သို့ ပြောရသနည်း။ ရှင်းပါအံ့။

 

ကျွန်ုပ်သည် NTUC LHub, Ever Safe, THT, Fonda, Jurong Academy, August International, Vision Global စသည့် သင်တန်းကျောင်း ၇ ခု၌ သင်ဖူး၏။ သင်ဆဲလည်း ဖြစ်၏။ ထိုကျောင်း ၇ ခု၌ Ever Safe ကလွဲပြီး မိမိတို့ training material များကို ပြန်လည် review လုပ်တာ တစ်နေရာမှာမှ မကြုံခဲ့စဖူးပါ။ အချို့ကျောင်းများဆိုလျှင် အတော်ဆိုးပါသည်။ Training material များ၌ အမှားများ ပါသလို မြန်မာဘာသာပြန်ရာတွင်လည်း တစ်လုံးမှ ဖတ်လို့မရတာတွေတောင် ရှိ၏။ ဖတ်လို့မရဆိုသည်မှာ Zawgyi နှင့် Unicode ပြဿနာကြောင့် မဟုတ်။ Font ပြဿနာဆိုလျှင် ကျွန်ုပ်က သူတို့ကိုတောင် မခေါ်။ ကိုယ့်ဘာသာ ဖြေရှင်းလိုက်သည်ချည်း ဖြစ်၏။ ဖောင့်ပြောင်းတာများ ကျွန်ုပ်အတွက် ဘီယာဘူးဖောက် သောက်တာလောက်တောင် မခဲယဉ်းပါ။

 

Ever Safe ကတော့ သူတို့ Power Point Slides များကို မနှစ်ကတည်းက တစ်ခုချင်းစီ review လုပ်နေတာ ဖြစ်၏။ ထို ဘာသာရပ်ကို သင်နေသည့် သင်တန်းဆရာများအား ဖိတ်ခေါ်ကာ လက်ရှိဥပဒေနှင့် မကိုက်ညီသည်များ (update မဖြစ် တာများကို ဆိုလိုပါသည်)၊ မှားယွင်းနေသည့် အချက်များ၊ ထပ်ထည့်သင့်သည့် အချက်များ စသည်တို့ကို အကြံဉာဏ် တောင်းခြင်းဖြစ်၏။ ကျွန်ုပ်ကား ကိုယ့်မျက်ချေးကို ကိုယ်မမြင်၊ သူများမျက်ချေးကို အင်မတန် မြင်တတ်သူ ဖြစ်လေရ ကား၊ တစ်နည်းအားဖြင့်လည်း မဟုတ်တာတွေ့လျင် ငြိမ်မနေနိုင်၊ ဆိုင်ဆိုင် မဆိုင်ဆိုင် ဝင်ပါတတ်သူလည်း ဖြစ်သဖြင့် ကျွန်ုပ်အတွက် အကြိုက် ဖြစ်လေ၏။

 

သင်တန်းကျောင်းအားလုံးလိုလိုပင် Employment Act နှင့် FMEA ကို ရောချထားကြသည်ချည်းဖြစ်သဖြင့် ကျွန်ုပ် အလွန် အသည်းယားလှ၏။ ထိုဥပဒေနှစ်ခုမှာ မတူပါ။ သို့သော် အလုပ်ခန့်ထားရေးနှင့် ပတ်သက်သည်ချည်းဖြစ်၍ ရောနေကြခြင်း ဖြစ်၏။ ကျွန်ုပ်ကတော့ ထိုဥပဒေနှစ်ခုစလုံး အစအဆုံးဖတ်ထားတာ ဖြစ်၍ ဘယ်ဟာက EA, ဘယ်ဟာက FMEA ဆိုတာ ပြတ်ပြတ်သားသား သိ၏။ ကျွန်ုပ်က ထောက်ပြရာတွင် ဥပဒေများကို screen shot ရိုက်ကာ slide များပေါ်တွင် paste လုပ်တင် ပြခြင်းဖြစ်၏။

 

နောက်ပြီး အချို့ ပြစ်ဒဏ်များမှာလည်း ဟုတ်မလိုလိုနှင့် လွဲနေတာများရှိသေး၏။

ဆိုတော့ သင်ခန်းစာများကို ပြန်လည် review လုပ်ခြင်းဖြင့် ထို အမှားများကို ထောက်ပြနိုင်၏။

 

သို့တိုင် ဤသည်မှာ Ever Safe မို့ လုပ်နိုင်တာဖြစ်၏။ NTUC LHub မှာမူ Organization အကြီးကြီး ဖြစ်သဖြင့် လုပ်ဖို့ရာ မလွယ်။ သူတို့က Financial က တစ်ဖွဲ့၊ IT က တစ်ဖွဲ့၊ Facility က တစ်ဖွဲ့၊ သင်ကြားရေးက တစ်ဖွဲ့၊ Training Material က တစ်ဖွဲ့၊ ဘာက တစ်ဖွဲ့၊ ညာက တစ်ဖွဲ့ စသဖြင့် ဌာနပေါင်း မြောက်များစွာ ရှိလေရကား အလွန် ခေါင်းစားလေ၏။ ဆိုတော့ စည်းဝေးပွဲတွင် ကျွန်ုပ်တို့က training material ထဲက အမှားတွေ ထောက်ပြသည့်တိုင် ဤ training material များမှာ အဆင့်ဆင့် ဖတ်ရှုအတည်ပြုထားသည်ဖြစ်ရာ ပြင်ဘို့ အလွန်ခဲယဉ်းကြောင်း၊ အဆင့်ဆင့်တင်ပြရမှာ ဖြစ်ပြီး blah blah blah, ကျွန်ုပ်တို့လည်း ပန်လန်လက်ကာ ပြန်ခဲ့ရလေ၏။

 

ဤသည်က တစ်ပိုင်း။

 

နောက်ပြီး Ever Safe က IT မှာ ရှေ့က ပြေးနေ၏။ 

NTUC အပါအဝင် ထလိန်နင်စင်တာ တော်တော်များများမှာ Assessment paper များကို ခုထိ စာရွက်များဖြင့် ပြင်ရတုံး။ 

ဥပမာ - Confined Space ဆိုပါစို့။

Gas meter reading and calibration ကတစ်ခု။

Practical Assessment Paper က တစ်ခု။

Written Assessment Paper က တစ်ခု။

Overall Assessment Paper က တစ်ခု။

 

အဲသလိုပဲ။ Boom lift, Scissor Lift သင်တန်း

Pre-Operation Checklist က တစ်ခု။

Practical Assessment Paper က တစ်ခု။

Written Assessment Paper က တစ်ခု။

Overall Assessment Paper က တစ်ခု။

 

Paper တစ်စောင်ကို သင်တန်းသားနာမည်၊ FIN No., Start time:, End Time, Assessor Name, လက်မှတ်

သင်တန်းသားတစ်ယောက်ကို လေးစောင်။ သင်တန်းသား ၂၀ သာဆို အောင်မငီးစ်

ကျွန်ုပ်မှာ အဲသဟာတွေ ရေးရတာနှင့်ကို လျှာအလျားလိုက်ထွက်၏။

(တော်သေးတယ်၊ Scissor lift, Boom lift က သင်တန်းသား ၅ ယောက်ပဲ ထားလို့။ မဟုတ်ရင် မလွယ်)

 

ဟော Ever Safe ကျတော့ paperless ခညာ။ Trainer portal ထဲ ဝင်ပြီး အဲသဟာတွေကို ဟဝှာနဲ့ အသာလေး ထောက်လိုက် (လက်ဖျားနဲ့)။ ထောက်တာတောင် တစ်ယောက်ချင်းလိုက်ထောက်နေရတာမဟုတ်။ All competent ဆိုပြီး တစ်ချက်နဲ့ ပြီး။ နောက်ပြီး save လုပ်လိုက်။ ပြီးပြီ။ ဟိုမှာ ၁ နာရီလောက်ရေးရတာကို Ever Safe မှာ ၅ စက္ကန့်တောင် မကြာ။ တူနယ်တဲ့နယ်

 

နောက်ပြီးတော့ attendance - 

ဟိုလူတွေ စာရွက်ကြီးတွေနဲ့ ပလင့်ထုတ် -

(အာ၊ ဟဲ့အကောင်၊ ဘာဖြစ်လို့ သူများနာမည်မှာ သွားထိုးရတာတုံး။ မင်းတို့နဲ့ ငါတော့ ရူးချင်ပါတယ်ခွာ။) 

(ဆရာ့ - လက်မှတ်က ဗမာလိုထိုးရမလား၊ ယင်းဂလစ်ရှ်လို ထိုးရမလား။)(ကုလားလိုထိုးကွာ၊ ယခွမ်းဒဲ့မှ။) - လို့ 

ဒွတ်ခတွေ များနေတုံး - 

Ever Safe က ‘ထလိန်နာပေါ်တယ်’ ကနေ ကျောင်းသားတွေဆီ link လေး ချပေးလိုက်။ သူတို့က ကိုယ့်ဖုန်းထဲမှာ လက်မှတ်ထိုးလိုက်၊ ဂွိုက်။ ပြီးပြီ။ 

အာ - ရွာသားတွေပါဆိုမှ။ အကုန် စင်းလုံးချောတော့လည်း ဘယ်ဟုတ်ပါ့မလဲဗျာ။ Link မရောက်ရတာနဲ့။ ဖုန်းက ဘာဖိလို့နဲ့။ အနည်းအပါးတော့ ရှိသပေါ့။ သဟာလည်း ဘာပြဿနာမှ မရှိပါ။ သူ့ဟာနဲ့ထိုးလို့မရရင် ငါ့ဟာနဲ့ထိုးမကွာ (လက်မှတ် ပြောပါတယ်)။ 

 

နောက်ပြီး Ever Safe က practical တွေကို သေသေချာချာ လုပ်၏။ အကုန်လုပ်၏။ PPE တွေ အကုန်ချပေးထား၏။ Experiancial Learning ဆို နေရာ အကျယ်ကြီးငှားကာ တကယ့်ကို ခန်းခန်းနားနား ပြင်ဆင်ပြီး အပီအပြင်ချတာ ဖြစ်၏။ မဖြစ်ညစ်ကျယ်မဟုတ်။ အနဲတို့ တတွေ ထမင်းကို လက်နဲ့ ပယ်ပယ်နယ်နယ် နယ်စားဘို့ နေရာလည်း လုပ်ပေးထား၏။ ကော်ဖီဖျော်သောက်ဖို့ ရေနွေး ကရားလည်း ထားပေး၏။ 

 

နောက်ပြီးတော့ စာသင်ခန်းများနှင့် အိမ်သာများမှာလည်း ကျယ်ကျယ်ဝန်းဝန်းနှင့် သန့်ရှင်းသပ်ယပ်၏။ ကျွန်ုပ် တစ်ခါတစ်ခါမှ သွားသင်ရသည့် ဟို ထလိန်နင်စင်တာတစ်ခုက အိမ်သာမှာမူ ကျွန်ုပ်တို့ရွာက အိမ်သာကမှ သူ့ထက် သန့်သေး၏။ ကွန်ပြူတာက မော်နီတာမရှိ။ CPU ပုံးနှင့် projector ကို တိုက်ရိုက်ဆက်ထား၏။ တင်ထားသည့် Window က Window 97, တေဗျဇီ (ကျွန်ုပ်စိတ်ထင်၊ ဗမှားပြည်မှာတောင် Window 97 ရှိတော့မည် မထင်။)

 

တခါတခါ ဘော့စ်က မနက်အစောကြီး ရောက်ချလာကာ စာသင်ခန်းများသို့ ဝင်ကြည့်၊ လက်တွေ့လုပ်သည့်နေရာများ စသည် အကုန်ဝင်ကြည့်တတ်၏။ ဝန်ထမ်းများဆိုလည်း ပိုလျှံနေအောင် ခန့်ထား၏။ လူလေး မဖြစ်ညစ်ကျယ်နှင့် လုပ်နေတာမဟုတ်။ 

 

Ever Safe ၌ Little India တွင် ရုံးချုပ်၊ ဤနေရာတွင် သင်တန်းခန်း ၂၀ ခန့်ရှိသည် ထင်ပါသည်။

နောက်ပြီး Wan Lee, Pioneer နှင့် Joo Koon များတွင်လည်း တစ်နေရာတွင် သင်တန်းခန်း ၂၀ ခန့်စီ ရှိ၏။

သင်တန်းများမှာ တနင်္ဂနွေလို၊ Public Holiday လို နေ့များတွင် (Wan Lee တစ်နေရာ တည်းတွင်ပင်) A3 စာရွက်ကြီး ၃ ရွက်နှင့်အပြည့် ဖြစ်၏။ မည်မျှများသနည်းဟူမူ Ever Safe Trainer Portal မှာ ဝင်လို့တောင် မရတော့ဘဲ ဂျမ်းဖြစ် သွားသည်ထိ ဖြစ်၏။

 

Ever Safe Boss သည် အလွန်ပြေး၏။





သူ့တွင် ၎င်းတို့ training quality and environment ကို ပိုကောင်းအောင် ဘယ်လိုလုပ်မယ်ဟု အကြံပေးအဖွဲ့လည်း ရှိ၏။ ကျွန်ုပ်တို့အနေနှင့်လည်း ပွင့်ပွင့်လင်းလင်း ပြောလို့ရ၏။

 

အဲလေ memo များမှာလည်း တစ်ပတ်ကို ၂ စောင် ၃ စောင်လောက်ထွက်၏။ ကျွန်ုပ်မှာ အစောင်တိုင်းကို မဖတ်နိုင်။ တချို့ဟာတွေကို လက်မှတ်ထိုးရုံပဲ ထိုးပြီး ကျော်ချပစ်ရ၏။ အနို့ ကျော်က သူတို့ဆီ တခါတလေမှ သွားသဟာကိုး။ သွားပြီဆိုသည်နှင့် memo တွေက ၄ - ၅ စောင် တန်းစီစောင့်နေတာဖြစ်၏။

 

ထို့ကြောင့်လည်း သူ့ဆီတွင် တစ်နေ့တစ်နေ့ အတန်းပေါင်းများစွာ ရှိလေ၏။ ကျွန်ုပ်စိတ်ထင် စင်ကာပူတွင် Safety သင်တန်းများ၌ Ever Safe ၌ သင်တန်းသား အများဆုံး ဖြစ်ပါလိမ့်မည်။ သူ စီးပွားရေးကောင်းတော့ ကျွန်ုပ်တို့လည်း အဆင်ပြေသပေါ့။

 

မနှစ်က သင်တန်းဆရာများတွေ့ဆုံပွဲ လုပ်ပေး၏။ မဲလည်း ဖောက်ပေး၏။ ကျွန်ုပ်တို့ မြန်မာထလိန်နာ လေးဦးလာရာ လေးယောက်စလုံး မဲပေါက်၏။

 

ဟိုတစ်နေ့ကလည်း အိမ်မှာရှိသမျှလူအားလုံးအတွက် ဒန်ပေါက်ထုပ်များ ပို့ပေး၏။ 

(အဲလေ ဒန်ပေါက်ကျွေးတာလည်း ကျွေး၊ ဘောနပ်စ် မြိုးမြိုးမျက်မျက်လေးလည်း ပေးပေါ့နော၊ အဟက်စ်)

 

ဘော့စ် ကျန်းမာပါစေ။ ချမ်းသာပါစေ

ကျွန်ုပ်လည်း တိုတိုပေါက်ပါစေ (ဟုတ်ပေါင်)

 

အေးငြိမ်း

၁၂ အောက်တိုဘာလ၊ ၂၀၂၄

 

<<သင်တန်းကျောင်းများသည် Ever Safe ကို နမူနာယူကာ မိမိတို့၏ training material များကို review လုပ်ခြင်း၊ သင်တန်းသားများထံမှ feedback ယူခြင်း၊ Teaching and Assessment methology ကို အမြဲတိုးတက်အောင် ကြံဆောင်နေခြင်း၊ မိမိတို့ training centre evironment ကို အမြဲကောင်းမွန်အောင် ထိန်းသိမ်းထားခြင်း၊ ထလိန်နာများ၏ qualification ကိုလည်း အမြဲ upgrade လုပ်နေခြင်းတို့ လုပ်သင့်ပါကြောင်း အကြံပြုလိုပါ၏။>>

No comments: