Monday, September 9, 2024

ကျွန်ုပ်တို့သားအဖ RC များသို့ အလည်သွားကြခြင်း အကြောင်း (၁)

(၁) စက်ဘီးစီးသည့် ကျွန်ုပ်တို့သားအဖ

 

ကျွန်ုပ်တို့သားအဖသည် အချိန်အားကလေး နည်းနည်းရသည်နှင့် စက်ဘီးစီး ထွက်လေ့ရှိ၏။

စင်ကာပူ အနောက်ဘက်ခြမ်း၌ ကျွန်ုပ်တို့ မရောက်သည့်နေရာများမှာ မရှိသလောက်ပင် ဖြစ်တော့၏။ ကျွန်ုပ်တို့သည် လမ်းမကြီးများ၌လည်း စီး၏။ လမ်းအကြိုအကြားကလေးများသို့လည်း သွား၏။ (ရေမြောင်းနံဘေးက ခြေသွားလမ်း ကလေးသို့လည်း ကိုမိုဒိုနဂါးများ တွေ့လေမလား၊ မြွေနှင့်များ ပက်ပင်းတိုးလေမလားနှင့် သွားခဲ့ကြ၏။) NTU သို့လည်း သွားသလို Bukit Gombak က ရေကန်သို့လည်း ရောက်၏။ သင်္ချိုင်းကုန်းများသို့သွားရောက် လည်ပတ်သလို Pandan Reservoir ရေကန်ဘောင်ပေါ်တွင်လည်း တစ်ပတ်လည်အောင် စီးခဲ့ကြ၏။ ပြီးတော့ ကန်ဘောင်ပေါ်ထိုင်ကာ လေကလေး တဖြူးဖြူးနှင့် စင်္ကာပူ၏ ညရှုခင်း အလှအပကို ခံစားကြလေသေး၏။

 

ဟောသဟာ ဖေရီးတို့ စင်ကာပူ စရောက်တုံးက လုပ်ခဲ့တဲ့ သင်္ဘောကျင်းလကွ ဟု သင်္ဘောကျင်းများဘက်သို့ သွားကြ သလို West Coast ပန်းခြံ ကမ်းစပ်၌ထိုင်ကာ ဒီရေအတက်အကျနှင့် လပြည့်လကွယ်ခြင်းများအကြောင်းကိုလည်း ဆွေးနွေးခဲ့ကြဖူး၏။ ငရဲသားပုံများ ထုလုပ်ထားသည်ကို သားက မကြည့်ရဲဆိုသဖြင့် မျက်လုံးကို ပိတ်ပေးထားရသော ဟော်ပါဗီလာသို့လည်း သွား၏။ အသစ်ဖွင့်ထားသော Botanic garden သို့လည်း အလည်ရောက်၏။ အောင်မယ် တောကြက်မောင်နှံတို့ မြေကြီးကို ယက်ပြီး အစာရှာနေတာတောင် တွေ့ခဲ့ရပါသေး။ သို့သော်လည်း garden အသစ်မှာ သိပ်မကျယ်သလို ကြည့်စရာ၊ လည်စရာလည်း သိပ်မရှိလှပါ။

 

တစ်ခါတော့ စင်ကာပူအဆုံးထိ သွားကြမကွ ဆိုပြီး Lim Chu Kang လမ်းမကြီးတလျှောက် အဆုံးထိ စီးသွားကာ မလေးရှားနယ်စပ်ကို သွားကြည့်ကြ၏။ အနီး၌ နယ်ခြားစောင့် ရဲစခန်းလေးတစ်ခုရှိ၏။ ကျွန်ုပ်တို့ရောက်ပြီး သိပ်မကြာ ခင်ပင် ကားတစ်စီးလည်း နယ်စပ်သို့ လာရောက်လည်ပတ်တာ တွေ့ရ၏။ ကျွန်ုပ်တို့အိမ်မှ ထို လမ်းအဆုံးထိ ၁၃.၅ ကီလိုမီတာရှိပြီး ၁ နာရီနီးပါး စက်ဘီးစီးရ၏။

 

လင်ချူးကန်လမ်းမကြီးမှာ အဝေးပြေးလမ်းမကြီးကဲ့သို့ ဖောက်ထားသည့် လမ်းမကျယ်ကြီးဖြစ်သဖြင့် စက်ဘီးစီးရတာ အလွန်အဆင်ပြေလှ၏။ ကျွန်ုပ်တို့မှာ ပလက်ဖောင်းပေါ်မှ မစီးဘဲ ကားလမ်းမကြီးဘေး ကပ်လျက် စီးခြင်းဖြစ်၏။ ပလက် ဖောင်းပေါ် စီးရတာ သိပ်အဆင်မပြေလှပါ။ အချို့နေရာများ၌ ပလက်ဖောင်းပင်မရှိ။ ရှိသည့်ပလက်ဖောင်းများမှာလည်း လူအသွားအလာနည်းသဖြင့် နေရာအတော်များများတွင် ကျိုးပဲ့ပေါက်ပြဲကာ ပျက်စီးနေ၏။ တောပိုင်းရောက်သွားသည့် အခါတွင်မူ ပလက်ဖောင်းဟူ၍ လုံးဝ မရှိတော့ပါ။

 

ထိုလမ်းမကြီးမှာ မြို့ပြင်ရောက်နေသဖြင့် ကားအသွားအလာ ရှင်းလှ၏။ ကားလေးများ သိပ်မရှိ။ လော်ရီကားကြီးများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ယာဉ်ကြီးများ စသည်တို့သာ သွားလာကြသည်ကို တွေ့ရ၏။ ကားရှင်းသဖြင့် သူတို့က အပြင် လမ်းကြောကိုမသုံး။ အတွင်းလမ်းကြောမှသွား၏။ သို့အတွက် ကားလမ်းပေါ်မှာ စက်ဘီးစီးရတာ အန္တရာယ် မရှိလှပါ။ နောက်ပြီး ကျွန်ုပ်တို့က လမ်းဘေး မျဉ်းဝါနှစ်ကြောင်းအကြား၌သာ စီးကြတာဖြစ်၏။

 

စင်ကာပူနိုင်ငံသည် လူကပြုပြင်ထားသည့် Landscape, townsacpe များနှင့် ပြည့်လျက်ရှိပြီး သဘာဝတောတောင်ဟူ၍ မရှိသလောက်ဖြစ်၏။ ပန်းခြံ၊ ရေကန်စသည်တို့မှာလည်း လူက ပြုပြင်ထားတာများသာ ဖြစ်၏။ သို့သော် ဘာတစ်ခုမှ ပြုပြင်မထားဘဲ သဘာဝအတိုင်း ထိန်းသိမ်းထားသည့် တောတောင်ရေမြေများကို စင်ကာပူနိုင်ငံ အနောက်မြောက်ဘက် အစွန်ဆုံး အပိုင်းများ၌ တွေ့နိုင်ပါသေး၏။ 

 

အထက်ဖော်ပြပါ မလေးရှားနယ်စပ်ထိ သွားရာလမ်းတစ်လျှောက်၌ လူပြုပြင်မထားသည့် သဘာဝ တောတောင်များကို တွေ့ရ၏။ နောက်ပြီး ထိုတောအားလုံးမှာ ၁၄၄ ထုတ်ထားသည့် နယ်မြေချည်းဖြစ်၏။ (မဝင်ရ၊ ဝင်လျှင် သေနတ်နှင့် ပစ်သတ်မည်။) တောင် အတက်အဆင်းလည်း များလှ၏။ သွားလိုသူများ ဘတ်စ်ကားနှင့် သွားနိုင်၏။ ဘတ်စ်ကားနံပါတ် ၉၇၅ ဖြစ်၏။ အဆုံးထိစီးပြီး လမ်းအနည်းငယ် ဆက်လျှောက်လိုက်လျှင်ပင် နယ်စပ်ကို ရောက်တော့၏။

 

အပြန်ကျတော့ မောမောပန်းပန်းနှင့် လမ်းဘေးမှ စားသောက်ဆိုင်တစ်ခုခုသို့ ဝင်ကာ ကျွန်ုပ်က ၅၀၀ စီစီ တိုက်ဂါး တစ်ဘူးလောက် သောက်၏။ သားက ကုလားအစားအစာများ စား၏။ 

 

(၂) စင်ကာပူက RC များ

 

တစ်ခါတရံ ကျွန်ုပ်တို့ အဓိကထား သွားသည့်နေရာမှာ RC များ ဖြစ်၏။

 

စင်ကာပူက RC များအကြောင်း “စင်ကာပူက အပန်းဖြေစခန်းများ” ဆိုပြီး ကျွန်ုပ် ရေးခဲ့ဖူးပါ၏။

စင်ကာပူတွင် အလုပ်သမား အဆောင်များနှင့် ကပ်လျက်၌ အလုပ်သမားများ အပန်းဖြေ အနားယူနိုင်အောင် အစိုးရက ဖွင့်ပေးထားသည့် အပန်းဖြေစခန်း (RC – Recreation Centre) စုစုပေါင်း ၈ ခုရှိ၏။

အနောက်ဘက်အစွန်ဆုံး၌ တစ်ခု၊ အနောက်တောင်ပိုင်း၌ ၃ ခု၊ မြောက်ပိုင်းတွင် ၃ ခု၊ အရှေ့ပိုင်းတွင် တစ်ခု ဖြစ်၏။

 

ထို ၈ ခုအနက် ယခု ကျွန်ုပ်တို့ သွားခဲ့ပြီးသော RC များမှာ ၅ ခု ဖြစ်၏။ ကျန် ၃ ခုမှာမူ အတော်လှမ်းသဖြင့် ကျွန်ုပ် အလုပ်ပိတ်ချိန် (သို့) အလုပ်က စောစောပြန်ရောက်သည့် အချိန်များကျမှ သွားနိုင်မည်ဖြစ်၏။ ထို ၃ ခုအနက် Woodlands RC မှာ ကျွန်ုပ်တို့အိမ်မှ ၂၁.၅ ကီလိုမီတာခန့် ဝေး၏။ စက်ဘီးစီးလျှင် ၁ နာရီ ၄၅ မိနစ်လောက် စီးရမည်။ အသွားအပြန် ၄ နာရီခန့်ကြာမည်။ ဆယ်ဘာဝမ်းရှိ Cochrane RC က Woodlands RC ကနေ နောက်ထပ် ၄ ကီလိုမီတာ ခန့် ဆက်သွားလျှင် ရောက်၏။ ဆိုတော့ ၂၅ ကီလို လောက်ရှိ၏။ ၂ နာရီကျော် စီးရမည်။ 

 

နောက်ဆုံးတစ်ခုဖြစ်သည့် Kaki Bukit RC မှာ ကီလိုမီတာ ၃၀ ဝေး၏။​၂ နာရီခွဲလောက် သွားရမည်။ သူက စင်ကာပူနိုင်ငံ အရှေ့ပိုင်းကို ရောက်သွားပြီဖြစ်၏။ ဆိုတော့ တကယ်သွားမည်ဆိုလျှင်တောင်မှ ပိတ်ရက်၌ အေးအေးဆေးဆေး နင်းသွားမှ ရမည်။ ကျွန်ုပ်တို့က ချန်ဂီလေဆိပ်ထိရောက်အောင် စက်ဘီးစီးကြမည်ဟု ကြံစည်ထားကြသူများဖြစ်၍ သည်ခရီးလောက်မှာ သိပ်မှုလောက်သေးသည်မဟုတ်။ ချန်ဂီကတော့ ကီလို ၅၀ လောက် ဝေးမည်ထင်၏။ တစ်နေကုန် အချိန်ယူသွားမှ ရမည်။

 

ကျွန်ုပ်တို့အိမ်နှင့် အနီးဆုံး RC မှာ MWCRC ဖြစ်၏။ ကျွန်ုပ် အမြဲစာသွားသင်နေရသော နေရာတစ်ခုလည်းဖြစ်၏။ RC ဆိုသည့်တိုင် RC လား မမြောက်သည့် RC ဖြစ်၏။ RC များအနက် facility အနည်းဆုံးသော RC လည်း ဖြစ်၏။ ခရစ်ကက်ရိုက်ဘို့ ကွင်းကျယ်ကြီးတစ်ခု၊ ဘောလုံးကွင်းသေး တစ်ခု၊ ပိုက်ကျော်ခြင်းကွင်း ၂ ခု၊ ဘော်လီဘောကွင်း ၂ ခု နှင့် အခန်းအနားလုပ်ဘို့ open hall တစ်ခု၊ ဒါပဲရှိ၏။ ကျန် RC များမှာ သူ့ထက် အများကြီးပိုကောင်း၏။

 

ကျွန်ုပ်တို့ ပထမဆုံးသွားသည့် RC မှာ စင်ကာပူနိုင်ငံ အနောက်ဘက်အစွန်ဆုံးရှိ Tuas South RC ဖြစ်၏။ ထိုနေရာမှ အနောက်ဘက် နည်းနည်းလောက် ဆက်သွားလိုက်လျှင် ပင်လယ်သာရှိတော့၏။ နောက်ပြီး သည်နေရာက သဘာဝ ကျွန်း မဟုတ်။ ဗမှားပြည်က (ထင်တာပြောတာ) ဝယ်လာသည့် သဲများနှင့်လုပ်ထားသည့် လူလုပ်ကျွန်းဖြစ်၏။ 

 

RC ထဲကိုမူ မဝင်ခဲ့ရ။ ကျွန်ုပ်တို့ရောက်သွားချိန်၌ မိုးကလည်းရွာနေပြီး RC အဝ၌ ဝင်ရန်တန်းစီနေသည့် လူတန်းကြီးမှာ အလွန်ရှည်လျားလှပေရာ ကျွန်ုပ်တို့လည်း RC အတွင်း ဝင်ရန်အကြံကို စွန့်လွှတ်လိုက်ပြီး အနီးအနား၌ စားသောက်ဆိုင် မည်သည့်နေရာ၌ ရှိသေးကြောင်း တစ်ယောက်ကို မေးကြည့်ရာ သူက ရှေ့ဘက် နည်းနည်းဆက်လျှောက်လျှင် အလုပ်သမားဆောင်များ တွေ့ရမည်ဖြစ်ပြီး ထိုဝင်းထဲ၌ စားသောက်ဆိုင်ရှိကြောင်းပြောပြ၏။ ကျွန်ုပ်တို့လည်း ဆက်လျှောက်ခဲ့ရာ အတန်ငယ် လျှောက်မိလျင်ပင် စီတန်းဆောက်ထားသည့် အဆောင်ကြီးများကို တွေ့ရ၏။ အပေါက်ဝမှ မလှမ်းမကမ်းတွင် စားသောက်ဆိုင်များရှိ၏။ ကျွန်ုပ်တို့လည်း ကုလားစာများမှာ၍ စားကြသောက်ကြ၏။ 

 

အလုပ်သမား အများစုမှာ အနဲနှင့် ဘာယားတို့သာ များလျက် မြန်မာသိပ်မတွေ့ရ။ မြန်မာကောင်လေးနှစ်ယောက်တွေ့၍ သွားရောက်မိတ်ဆက်ပြီး စင်ကာပူရောက်တာ ဘယ်လောက်ကြာပြီ၊ ဘာတွေ လုပ်ရသည်၊ အလုပ်၌ အဆင်ပြေမပြေ၊ အဆောင်များ၌ သူတို့ဘယ်လိုနေရထိုင်ရသည် စသည့် အကြောင်းများ မေးကြည့် ၏။ ငနဲကလေးများက မပြောတတ်တာလား၊ မပြောချင်တာလား မသိ။ မေးတစ်ခွန်း ဖြေတစ်ခွန်းဖြစ်၏။ သားက သူတို့ကို အင်တာဗျူးတဲ့ အတွက် စားစရာတစ်ခုခု ဝယ်ပေးဘို့သင့်ကြောင်းပြောသဖြင့် ကျွန်ုပ်လည်း ခဏနေကြအုံးကွ ဆိုကာ ငှက်ပျောသီး တစ်ဖီး သွားဝယ်၏။ သို့သော် ကျွန်ုပ်ပြန်ရောက်တော့ သူတို့ ပြန်သွားကြလေပြီ။ ကျွန်ုပ်ထင်တာ မမှားဘူးဆိုလျှင် ကျွန်ုပ် ထပ်မံမေးလာမည့် မေးခွန်းများကို မဖြေလိုတော့သောကြောင့် ပြန်သွားတာ ဖြစ်နိုင်ပါသည်။ 

 

အနီးအနားလျှောက်ကြည့်သော် အလုပ်သမားများအတွက် အထည်ဆိုင်များ၊ ဖုန်းဆိုင်၊ တိုလီမုတ်စ ရောင်းသည့်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ ဟင်းချက်စရာ အသီးအနှံ၊ အသားငါးများရောင်းသည့် ကုန်စုံဆိုင်ကြီး စသည်တို့ကို တွေ့ရ၏။ ကုလားပလေကပ်ပုဆိုးများတွေ့၍ ကျွန်ုပ်လည်း တစ်ထည်ဝယ်ခဲ့၏။ $7.50 ဆိုတော့ မဆိုးပါ။ တန်ပါသည်။






 

Tuas South RC မှာ ကျွန်ုပ်တို့အိမ်မှ ကီလို ၂၀ ဝေးပြီး တစ်နာရီ မိနစ် ၂၀ လောက် နင်းရ၏။ ကျွန်းထဲမှ လမ်းမကြီးများ မှာ နိုင်လွန်ကတ္တရာခင်းထားသည့် အသစ်ကျပ်ချွတ် လမ်းမကြီးများဖြစ်ရာ စက်ဘီးစီးလို့ ကောင်းလှ၏။ ကျွန်းဖြစ်သဖြင့် ကားအသွားအလာလည်း သိပ်မရှုပ်လှ။ ကျွန်ုပ်တို့နင်းသည့် ပျမ်းမျှ အမြန်နှုန်းမှာ တစ်နာရီလျှင် ၁၅ ကီလိုမီတာ ဖြစ်၏။ 

 

ထို RC သို့ ကျွန်ုပ်တို့ နှစ်ခေါက်ရောက်၏။ ပထမတစ်ခေါက်မှာ 28/04/2024 ဖြစ်၍ ဒုတိယတစ်ခေါက်မှာ 27/05/2024 ဖြစ်၏။

 

ဒုတိယအခေါက်မှာမူ ကံမကောင်းလှ။ အိမ်ရောက်ဘို့ ၄.၅ ကီလိုမီတာလောက် အရောက်တွင် စက်ဘီးပေါက်၏။ မိုးကလည်း တဖွဲဖွဲ။ ‘သားရေ အနားမှာ ဓာတ်ဆီဆိုင်ဘယ်နားရှိတုံး ရှာစမ်းကွာ’ ဆိုတော့ ‘ရှေ့ခပ်လှမ်းလှမ်းမှာ ရှိတယ် ဖေရီး’ ဆို၏။ သို့နှင့် ကျွန်ုပ်လည်း လက်ကျန်လေ ပြားပြားလေးနှင့် အသာထိန်းကာ နင်းခဲ့။ 

 

တစ်ခါတစ်ခါကျတော့ Skyfall ထဲက မင်းသားကြီးပြောသလို Sometimes old models are better. ဖြစ်၏။ လေပန့်က digital ပန့်။ ပန့်တွင် စက်ဘီးနှင့် ကား ဟုနှစ်ခုပါ၏။ ကားတွင် သာမန်တာယာနှင့် Flat tyre ဆိုပြီး နှစ်ခုပါ၏။ စက်ဘီးပန့်တွင် ဘာမှမပါ။ ပထမ စက်ဘီးပန့်နှင့် ထိုးကြည့်၏။ မရ။ လေများမှာ တရှူးရှူးနှင့် ထွက်နေ၏။ ထို့ကြောင့် ကားတာယာဘက်က flat tyre နှင့် ပြောင်းထိုးကြည့်၏။ မရ။ ဘယ်လိုမှ မရသည့်အဆုံး သည်အတိုင်းတွန်းကာ ပြန်ခဲ့ရလေ၏။ အကယ်၍ လက်နှင့်ထိုးရသော ပန့်ဖြစ်ပါမူ မရစရာ ဘာအကြောင်းမှ မရှိ။ ကိုင်း - သားရေ၊ မင်း အရင်သွားနှင့်ကွာ။ ဖေရီးတော့ ဖြည်းဖြည်းတွန်းပြန်ခဲ့မယ် ဆိုကာ ပြန်ခဲ့ရ၏။ 

 

လမ်း၌ Pioneer Road North မှ Hardware ဆိုင်များသို့ ဝင်ကြည့်သေး၏။ အတော် ညဉ့်နက်နေပြီဆိုတော့ ဘယ်ဆိုင်မှ မဖွင့်တော့။ သို့နှင့် ပန်လန်လက်ကာ ပေါက်နေသည့်စက်ဘီးကို သည်အတိုင်း ဆက်တွန်းလျက် ပြန်ခဲ့ရတော့၏။ မိုးကလည်း တဖွဲဖွဲရွာနေ၍ စိုစိစိုစိနှင့် ဘယ်လိုမှ အဆင်မပြေ။ နောက်နေ့တွင် hardware ဆိုင်မှ လက်ထိုးပန့်ကလေး တစ်ခု အပြေးသွားဝယ်လျက် အိတ်ထဲ၌ အဆင်သင့် ဆောင်ထားရလေသော ဟူသတတ်။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။



ဆက်ပါဦးမည်။

အေးငြိမ်း
၂ စက်တင်ဘာ ၂၀၂၄

No comments: