Monday, September 30, 2024

သူတို့ရထားလမ်းပျက်ခြင်းကြောင့် ကျွန်ုပ်ဘတ်ဂျက်ကို တိုက်ရိုက်ထိခိုက်ရခြင်း အကြောင်း

၃၅ နှစ်ကျော် မနားတမ်း ပြေးဆွဲလာရတာဆိုတော့ ရထားတွဲများမှာ အိုမင်း ရင့်ယော်နေပြီ။ 

ဆိုတော့ စင်ကာပူ MRT ရထားလိုင်း၌ မဖြစ်စဖူးသော ချို့ယွင်းမှုသည် ဖြစ်ခဲ့ပြီ။

 

ယခု စက်တင်ဘာလ ၂၅ ရက်နေ့ မနက် ၉ နာရီလောက်က ကလီမင်တီဘူတာအနီး၌ ရထားဘီးပေါက်ကာ (ဟုတ်ပေါင်) ရထားဘီးမှ အထိန်းပြုတ်ထွက်သွားကာ ရထားပြေးဆွဲမှုများ ရပ်တန့်သွားခဲ့၏။ ရထားပေါ်တွင် စီးနင်း လိုက်ပါလာသည့် ခရီးသည် ၈၅၀ လောက်မှာ ဇလီဖားတုံး (ကြုံတုန်းပြောလိုက်ရအုံးမယ်။ ခညားတို့ ကျုပ်တို့ ခေါ်နေတဲ့ ဇလီဖားတုံး ဆိုတာ အင်္ဂလိပ်စကား sleeper ကို ဗမှားမှု ပြုထားတာကလားဗျာ။) အဲ အဲ အဲသည် ဇလီဖားတုံးများကို တစ်နှစ်သုံးလေး ရေတွက်လျက် ကလီမင်တီဘူတာသို့ သွားခဲ့ကြရလေ၏။ (ကျုပ်က အဲသလို ထူးထူးဆန်းဆန်းလေးတွေ ကြုံချင်တာ။ မပါလိုက်တာ နာသကွာ၊ ကတောက်စ်)

 

ထိုအထိ သိပ် ပြဿနာမဟုတ်သေး။ တကယ့်ပြဿနာကြီးက ထို ပျက်သွားသည့်ရထားတွဲကို အုလုပန်ဒန်း ရထား ရပ်နားစခန်းသို့ ဆွဲသွားသည့်အခါကျမှ ဖြစ်တာဖြစ်၏။ တွဲကြီးကို ဆွဲသွားတော့ အဖုံးပြုတ်နေသည့်ဘီးမှာ ပြုတ်ထွက် သွားကာ ရထာလမ်းတလျှောက် ဒိန်းဒလိန်းနတ်ဖမ်းလျှက် ကလီမင်တီနှင့် ဒိုဘာအကြား ၁.၆ ကီလိုမီတာအရှည်ရှိ ရထားလမ်းကို အကုန်လျှောက်ခွဲ ဖျက်ဆီးသွားလေရာ ရထားလမ်း၊ ရထားလမ်း၌ တွဲလျက်ဆင်ထားသည့် ကိရိယာများ၊ ရထားမောင်းရန် သွယ်တန်းထားသည့် ဓာတ်ကြိုး စသည်တို့ကို အကုန်ဖျက်ဆီးပစ်လိုက်လေ၏။ 

 

ကနဦးတွေ့ရှိချက်၌ ရထားလမ်းကွဲအက်မှု ၃၄ ခု၊ ရထားရှန်တိန်ခွဲပေးသည့် စက် ၃ လုံး၊ ရထားကို ပါဝါပေးသည့် တတိယ သံလမ်း (third rail), ဓာတ်ကြိုး၊ ကလစ်များအားလုံး ပျက်စီးသွား၏။ သို့သော် နောက်ထပ် ရထားလမ်းကွဲအက်ရာ ၁၂ ခု ထပ်မံတွေ့ရှိခဲ့သေး၏။

 

ထိုပြဿနာကြောင့် ဘုရင်မများ၏မြို့တော် (Queenstown) မှ ဘွန်လေးအကြား ဘူတာ ၉ ခု ရထားပြေးဆွဲမှု ရပ်တန့် သွားခဲ့၏။ ဗုဒ္ဓဟူးနေ့က ခရီးသည် 358,000, ကြာသပတေးနေ့က ခရီးသည် 516,000 တို့အပေါ် သက်ရောက်မှု ဖြစ်ခဲ့၏။ ထိုသူများထဲ၌ ကျွန်ုပ်တို့သားအဖလည်း ပါ၏။

 

ရထားစီးခရီးသည်များ အဆင်ပြေအောင် Shuttle ရထားများနှင့် Bridging Bus များလည်း ပြေးဆွဲပေးပါ၏။ ထို Shuttle train နှင့် Bridging Bus ကား/ရထားစီးခများကို ပိုက်ဆံမယူ။ အခမဲ့ဖြစ်၏။ 

 

မြို့ထဲမှလာလျှင် Queenstown မှ Buona Vista ထိ Shuttle train ပြေးပေး၏။ Buona Vista မှ Jurong East ထိကို Bridging Bus ပြောင်းစီး။ Jurong East ကနေ Boon Lay ထိကို Shuttle train စီး။ နည်းနည်းတော့ အလုပ်ရှုပ်သပေါ့။

 

ထို အကူးအပြောင်းနေရာများတွင်လည်း ဝန်ထမ်းများ အပြည့်ချထားကာ လူများကို လမ်းညွှန်ပေးနေပါ၏။ လမ်းညွှန် ပေးနေသူများကလည်း သွားမေးလျှင် စိတ်ရှည်လက်ရှည်နှင့် ယဉ်ယဉ်ကျေးကျေး ရှင်းပြကြ၏။ ကျွန်ုပ်စိတ်ထင် Boon Lay MRT တစ်ခုတည်းပင် ဝန်ထမ်းပေါင်း ၅၀ ကျော် ရှိပါလိမ့်မည်။ ဘူတာအဝင်ကတည်းက မည်သည့်ဘက်က ဝင်ရမည်ကို တကြော်ကြော် ဟစ်အော် လမ်းပြနေကြ၏။ ပလက်ဖောင်း၌လည်း မည်သည့်ဘက်ကို သွားလိုလျှင် မည်သည့်အပေါက်၌ စောင့်ရန် တချိန်လုံး ပြောပြပေးနေကြ၏။ 

 

ဝိုင်းဝန်းကူညီပေးနေသည့် ရဲများလည်း မနည်းလှပါ။ မြန်မာပြည်က ရဲများနီးနီးပင် တော်ကြပါပေ၏။ (ဟုတ်သလေဗျာ၊ သူတို့က ကုန်းပေါ်မှာ ပါးစပ်ကလေးနဲ့တင် ကူရတာ။ ကျုပ်တို့ဆီက ရဲတွေဆို ကြည့်ပါလား။ ရေထဲမှာ နွားမကြီးကို ဆွဲလာပေးတာ၊ တော်ချက်ကတော့ ၉+ ကျော်တယ် . . . အဟိစ်) 

 

ကျွန်ုပ်က ညနေပိုင်းတွင် ပွန်ဂိုး၌ မြန်မာစာသင်နေသေးသည်ဖြစ်ရာ ထို shuttle train နှင့် bridging bus များ ပြောင်းစီး နေရသဖြင့် ပွန်ဂိုးကို နာရီဝက်ကျော် နောက်ကျပြီးမှ ရောက်လေ၏။ တစ်ခါ ပွန်ဂိုးမှ​ပြန်လာတော့ ထို အပြောင်းအလဲများ မလုပ်ချင်သည်နှင့် အနီရောင်လိုင်းဘက်မှ လှည့်ပြန်လာရာ အိမ်ကို ည ၁၁ နာရီခွဲကျော်မှ ပြန်ရောက်တော့၏။ လူလည်း အတော့်ကို ဖွတ်စာပတ်စာတက်လျက် ဘာမှ မလုပ်နိုင်တော့ပဲ ရောက်ရောက်ချင်း ထိုးအိပ်လိုက်ရလေသော ဟူ၏။ (စင်ကာပူမှ ဘတ်စ်ကား၊ ရထားများမှာ အဲယားကွန်းပါသဖြင့် ချွေးတလုံးလုံးနှင့် မနေပါ။ စီးရတာ သက်တောင့်သက်သာ ရှိပါ၏။) 

 

ရထားလမ်းပျက်သော ကာလမှာ စင်ကာပူ၌ တကယ့်အရေးကြီးသော PSLE စာမေးပွဲကာလကြီးနှင့် တိုက်ဆိုင်နေ လေ၏။ (PSLE – Primary School Leaving Examination = မူလတန်းကျောင်းထွက် စာမေးပွဲ) ရထားလမ်းပျက်တာ ၂၅၊ PSLE က ၂၆ တွင် စမည်။ GCE(O) စာမေးပွဲလည်း ဖြေနေ၏။ ပျဉ်းမနားက လူတွေခေါ်သလို သားတို့လည်း အစိမ့်ကြီး (ဘယ်နေရာက စိမ့်သလဲဆိုတာတော့ သူတို့ပဲ သွားမေးပေါ့လဗျာ။) ဖြေနေတာ ဖြစ်၏။ သားတို့ စာမေးပွဲ ကလည်း ၂၅ ရက်နေ့ စဖြေရတာ ဖြစ်၏။ 

 

ဆိုတော့ သူ ကျောင်းက ပြန်လာတော့ မတ်စိလှမ်းပို့၏။ ဖေရီး သား - အခု ကွင်းစတောင်းရောက်နေပြီ ဘယ်လို လုပ်ရမလဲ ဆို၏။ သား ခဏစောင့်၊ ဖေရီး Grab ခေါ်ပေးမယ် ဟု ပြန်ပြောလိုက်၏။ ထိုအချိန်၌ ကျွန်ုပ်က ပလက်တီကယ် လုပ်နေရတာဆိုတော့ PPE အပြည့်အစုံဝတ်ထားရသဖြင့် ဖုန်းသုံးလို့ သိပ်အဆင်မပြေ။ Grab ကလည်း တော်တော်နှင့် ခေါ်လို့မရ။ ရထားပေါ်ပါသမျှ လူအားလုံး ကွင်းစတောင်းမှာဆင်းရတာ ဆိုတော့ ဟိုလူ ဂရက်၊ ဒီလူ ဂရက် စုပြုံခေါ်ကြတာ ဖြစ်ပါမည်။

 

နောက်ဆုံးမတော့ သားရေ၊ ကိုယ့်ဘာသာပဲ ခေါ်လိုက်တော့ကွာ ဟု ပြောလိုက်ရတော့၏။

စင်ကာပူ တိုင်စီဈေးက သာမန်အချိန်မှာဆို တစ်မျိုး၊ peak hour ဆို တစ်မျိုးဖြစ်၏။ ယခုက peak of the peak ဖြစ်နေလေရကား သိပ်မဝေးသည့် ခရီးပေမင့် $46.30 တောင် ကျ၏။ ပထမ $33.70 ဖြတ်ပြီး နောက်တစ်ခါ $12.60 ထပ် ဖြတ်ထားတာ တွေ့၏။ ဘာတွေဖြတ်မှန်းမသိ။

 

နောက်နေ့မနက် (26/09/24) စာမေးပွဲ ဖြေရအောင်သွားတော့ Grab နှင့် သွားခိုင်းလိုက်၏။ $37.10 ပေးရ၏။ ညနေ ကျောင်းက သူပြန်လာတော့ ဒုက္ခခံလျက် shuttle train နှင့် bridging bus ပြောင်းစီးကာ ပြန်ခဲ့၏။ 

 

နောက်နေ့မနက် (27/09/24) လည်း Grab, $36.80 ပေးရ၏။ ကျောင်းပြန်လာတော့လည်း shuttle train နှင့် bridging bus ပြောင်းစီး၏။ လိမ္မာလိုက်တဲ့ သားလေး အဟိစ်

 

ထိုရက်များအတွင်း ခရီးသည်ပေါင်း ၂.၁ သန်းကျော် ထိခိုက်၏။ တာဝန်ရှိသော LTA (Land Transport Authority) ကလည်း အင်ဂျင်နီယာနှင့် တက်ခ်နီရှမ်ပေါင်း ၃၀၀ ကျော်ဖြင့် (မိုးများ အသည်းအသန် ရွာနေသည့်ကြားမှ) အပူတပြင်း ပြင်ဆင်လေ၏။ ပျက်စီးသွားသည့် ရထားလမ်းပိုင်းပေါင်း ၃၀ ကျော်ကို အစားထိုးလဲလှယ်ခဲ့၏။ 

 

ပထမတွင် တနင်္လာနေ့၌ အားလုံး ပြန်ဖွင့်နိုင်လိမ့်မည် မျှော်မှန်းထားသော်လည်း Stress test လုပ်စဉ် နောက်ထပ် အက်ကွဲရာ ၁၂ နေရာတွေ့၍ ပြန်ပြင်နေရသည်နှင့် အင်္ဂါနေ့ (01/10/2024) ကျမှ ဖွင့်နိုင်တော့မည်။ နောက်ထပ် ရထားလမ်းပိုင်း ၁၀ ခု အစားထိုး လဲလှယ်လိုက်ရပြန်၏။ ဆိုတော့ ရထားလမ်း အက်ကွဲပျက်စီးမှု စုစုပေါင်းမှာ ၂.၅၅ ကီလိုမီတာအတွင်း ၄၆ ခုဖြစ်၏။

 

တနင်္လာနေ့ (သည်ကနေ့) မနက် ၉း၃၂ နာရီတွင် အစားထိုးလဲလှယ်ခြင်းအားလုံး ပြီးစီးသွား၏။ များပြားလှစွာသော စမ်းသပ်စစ်ဆေးမှုများလည်း ပြီးစီးသွားခဲ့၏။ 

 

အောက်တိုဘာလ ၁ ရက်နေ့တွင် ရထားလမ်းအားလုံး ပြန်ဖွင့်မည်။ သို့သော် ပြင်ထားသည့်အပိုင်းတွင်မူ မြန်နှုန်းအပြည့် နှင့် မပြေးသေးဘဲ တစ်နာရီလျှင် ကီလိုမီတာ ၄၀ နှုန်းဖြင့်သာ ပြေးဦးမည်ဖြစ်၍ ခရီးသည်များအနေနှင့် သာမန် ကြာချိန်ထက် ၅ မိနစ်ခန့်အချိန်ပိုယူရမည်ဟု မျှော်မှန်းထားရမည်။

 

သင်တန်းက Tuas South တွင်ရှိသည့်အတွက် Tuas ဘက်ကိုတော့ ဘာပြဿနာမှ မရှိလောက်ပါဘူးလေဟု တွေးကာ သည်ကနေ့မနက် ရထားစီးရန် ထွက်ခဲ့၏။ ကျွန်ုပ် ဘွန်လေးဘူတာရောက်တော့ အဘားလေး . . . လူတန်းကြီးမှာ ဘူတာမှသည် အပြင်ထွက်လာ၊ ဂျူရောင်းပွိုင့်ထဲဝင်၊ အင်တာချိန်းကနေပြန်လှည့်လာ၊ ဘူတာနားရောက်တော့ နောက်ကြောင်းပြန်လှည့်သွား။ ကျွန်ုပ်ရောက်သည့်နေရာမှာ ထိုနောက်ကြောင်းပြန်လှည့်သည့်နေရာ၌ ရှိနေသဖြင့် အင်း၊ ဒီပုံနဲ့ဆို နောက် နာရီဝက်နေလို့တောင် ဘူတာထဲ ရောက်ပါ့မလားဆိုကာ အိမ်ပြန်၊ စက်ဘီးယူလျက် ပိုင်အိုးနီးယား ဘူတာသို့ လာခဲ့ရလေ၏။ အနို့ shuttle train က ဆက်တိုက် ထွက်နေတာမဟုတ်။ ၁၀ မိနစ်မှ တစ်စီးထွက်တာ ဖြစ်၏။

 

ဆိုတော့ သင်တန်းကို ၁၀ မိနစ် နောက်ကျပြီးမှ ရောက်၏။ 

ကျွန်ုပ်သည်လည်း အခုမှ ‘ဝှူး’ ကနဲ သက်မကြီး ချနိုင်ပါတော့၏။ မဟုတ်လျှင် ဂရက်ဘိုးနှင့် မွဲရချည့်။

 

အများပြည်သူ သွားလာရေး အဆင်ပြေစေရန် မနားမနေ ကြိုးစားပေးခဲ့ကြသော LTA, SMRT နှင့် ၎င်းတို့၏ ဝန်ထမ်းများ၊ ရဲများ အားလုံးကို ကျေးဇူးတင်ပါသည်။ ပါးစပ်ကချည်း အရေမရ အဖတ်မရတွေ ပြောနေမည့်အစား ပြဿနာတစ်ခု တက်လာလျှင် ဘယ်လို စနစ်တကျ ဖြေရှင်းရကြောင်း ဟို မေဘေးတွေကိုလည်း လာရောက် လေ့လာစေချင်ပါ၏။ (Who is ‘ဟို မေဘေး’ ? You know huh.)

 

(အချက်အလက်အားလုံးမှာ The Straits Times နှင့် CNA မှဖြစ်ပြီး ပုံအားလုံးမှာ CNA မှ ဖြစ်ပါသည်။) 

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၃၀ စက်တင်ဘာလ၊ ၂၀၂၄











No comments: