Sunday, August 11, 2024

ကျွန်ုပ် စက်ဘီးနှင့် နှာခေါင်းကျည်ပွေ့တွေ့ခြင်း အကြောင်း

(၁)

 

ကျွန်ုပ်ကား တစ်ချက်ခုတ် လေးချက်ပြတ်အနေနှင့် အလုပ်ကို စက်ဘီးစီးသွားလေသော ဟူသတတ်။

ကျွန်ုပ်သွားရသည့်နေရာမှာ အများအားဖြင့် ငါးနေရာ ဖြစ်၏။

 

Part time Safety Officer – Penjury (7.8 km – 43 min)





SIP – Soon Lee (1.85 km – 16 min)





Ever Safe – Joo Koon (4.16 km – 20 min) or Wan Lee (1.77 km – 9.5 min)




NTUC – Benoi (3.68 km – 20 min)



Fonda – Neythal Road (2.21 km – 8.5 min)




 

ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကြောင့် ပန်ဂျူးရူးတစ်နေရာမှလွဲ၍ ကျန်နေရာအားလုံးမှာ အိမ်နှင့် မလှမ်းမကမ်းတွင် ရှိသောကြောင့် သွားရလာရ အတော်အဆင်ပြေလှ၏။ ပန်ဂျူးရူးမှာလည်း ၈ ကီလိုမီတာဆိုသည့်တိုင် ကျွန်ုပ်အတွက် တော့ အညောင်းပြေ အညာပြေ စီးသလောက်သာ ရှိပါ၏။  

 

စက်ဘီးစီးခြင်းအားဖြင့် -

 

၁။ ပတ်ဝန်းကျင်နှင့် ကမ္ဘာကြီးကို မပျက်စီးရအောင် ထိန်းသိမ်းရာ ရောက်၏။ (စက်ဘီးစီးခြင်းအားဖြင့် ဓာတ်ဆီ ကုန်စရာမလို။ သည်အခါ ကမ္ဘာကြီးထဲမှ ထုတ်ယူရမည့် ရေနံကို ချွေတာရာရောက်၏။ စက်ဘီးသည် အင်ဂျင် မဟုတ်သဖြင့် ကာဘွန်ဒိုင်အောက်ဆိုဒ်မီးခိုးများ ထုတ်လွှတ်ခြင်းမရှိ၍ လေထုညစ်ညမ်းမှုကို မဖြစ်စေနိုင်။)

 

၂။ ပိုက်ဆံချွေတာရာ ရောက်၏။ ရထားစီးလျှင် ဘွန်လေးမှ ဂျူကွန်းကို $1.19, ဆိုတော့ အသွားအပြန် $2.38, တစ်လဆို အနည်းဆုံး ၅၀, ၁၀ လ ဆို ၅၀၀။ အလုပ်ကနေ့တိုင်းသွားနေရတာဆိုတော့ အလုပ်သွား အလုပ်ပြန် ရထားစီးလျှင် တစ်နှစ်စာကို ၆၀၀ လောက်ကုန်မည်။ အဲဒီခရီးကို စက်ဘီးစီးပါက ပိုက်ဆံ ၆၀၀ သက်သာမည်။ ထို ၆၀၀ နှင့် စက်ဘီး ခပ်ကောင်းကောင်း ၂ စီး ဝယ်လို့ရသည်။ ဒန်တန့်တန်

 

၃။ အချိန်ကုန်သက်သာသည်။ လူပင်ပန်း သက်သာသည်။ အကယ်၍သာ ကျွန်ုပ် ပန်ဂျူရူးကို ဘတ်စ်ကားနှင့် သွားမည် ဆိုပါက အနည်းဆုံး ၁ နာရီလောက်ကြာသည်။ နောက်ပြီး ဘတ်စ်ကားမှတ်တိုင်ကနေ ရုံးကို ၁၅ မိနစ် လမ်းလျှောက်ရ သည်။ ရုံးရောက်တော့ လျှာ ၂ လက်မလောက်ထွက်နေပြီ။ စက်ဘီးနှင့်သာ သွားပါက ဟော - မိနစ် ၄၀ ဆို ရုံးရောက်ပြီ။ အိမ်ဝကနေ ရုံးပေါက်ဝထိ စက်ဘီးစီးနိုင်၏။ ဘယ်နေရာမှ လမ်းလျှောက်စရာမလို။ 

 

၄။ စက်ဘီးစီးခြင်းဖြင့် လေ့ကျင့်ခန်း လုပ်ရာလည်း ရောက်၏။ ကျွန်ုပ် အခု အသက် ၆၃ နှစ်ရှိပြီ။ သို့ပေသိ ကီလိုမီတာ ၂၀ ကို မမောမပန်း၊ နားစရာမလိုဘဲ တောက်လျှောက် စက်ဘီးစီးနိုင်၏။ ၃ ကီလိုမီတာလောက်ကို မမောမပန်းဘဲ ပြေးနိုင်၏။ သင်တန်းမှာ ပလက်တစ်ကယ်လုပ်တော့ အသက် ၅၀ ကျော်များမှာ ချွေးတလုံးလုံးနှင့် ဟောဟဲလိုက် နေသော်လည်း ကျွန်ုပ်မှာမူ ချွေးကလေးမျှပင် ထွက်ဖော်မရဘဲ ခိုင်ထူး၏ ‘သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ’ ဟု လေကလေးများပင် ချွန်နေလေသော ဟူ၏။

 

(၂)

 

အဲ . . . အဲ . . . အဲစ် ပေါ့လေ။

တခါတလေ မှားတဲ့အခါလည်း မှားပေမပေါ့။

 

ယခင်အပတ်က ပန်ဂျူးရူးသို့ စက်ဘီးနှင့်သွား၏။ ပြန်မည်ဟု စက်ဘီးကို ထုတ်လိုက်တော့ ငင့် - ဘီးမှာ ပြားချပ် နေလေ၏။ ကျွန်ုပ်လည်း အိတ်ထဲတွင် အမြဲဆောင်ထားသည့် လေထိုးတံကလေးနှင့် ထိုး၏။ မရ။ မြွေတွန်သံလို တရွှီရွှီ အသံကလေးကြားရ၍ ဘီးကို ဖြည်းဖြည်းချင်း လှည့်ကြည့်တော့ ဘီးတွင် ကျောက်စလေး စူးနေတာ တွေ့ရ၏။ ကျောက်ခဲမှ ပဲ့ထွက်လာသည့် ကျောက်စကလေးမှာ ဆူးကဲ့သို့ဖြစ်နေလျက် တာယာ၌ စူးဝင်နေ၏။ ထိုအစကလေးကို ဖယ်လိုက်တော့ လေတွေ တရှူးရှူးထွက်လာ၏။ ကျွန်ုပ်လည်း ဘာမှ မတတ်နိုင်တော့ဘဲ စက်ဘီးကို သော့ခတ် ထားခဲ့ ရ၏။

 

အရေးထဲမှ သည်ကနေ့ညနေတွင် ဂျူကွန်း၌ ညနေ ၆ နာရီတွင် Work At Height Rescue Course သင်တန်း စာမေးပွဲ ဖြေရမည်။ ပန်ဂျူးရူးနှင့် ဂျူကွန်းမှာ ၁၀ ကီလိုမီတာ ဝေး၏။ အနီးအနား လျှောက်ကြည့်လိုက်တော့ စက်ဘီးအစိမ်းလေး တွေ တန်းစီထောင်ထားတာ တွေ့ရ၏။ Anywheel share bike ဖြစ်၏။ ကျွန်ုပ်လည်း ဘာမှ စဉ်းစားမနေတော့ဘဲ Anywheel app ကို ကပျာကသီ download လုပ်၊ install လုပ်ပြီး ပိုက်ဆံ ၁၀ ထည့်ကာ စီးလာခဲ့၏။ 

 

ပထမ အိမ်ကိုပြန်ခဲ့၏။ အိမ်အောက်တွင် စက်ဘီးကိုရပ်ခဲ့ပြီး အချိန်ရသေးသည်နှင့် အဆာပြေ အနည်းငယ်စားကာ သားစက်ဘီးကိုယူလျက် ဂျူကွန်းကို ထွက်လာခဲ့၏။ စာမေးပွဲပြီးတော့ တီကနဲ မတ်စိဝင်လာလို့ကြည့်။ 

“မင်း စက်ဘီးကို တွေ့ကရာရပ်ခဲ့တဲ့အတွက် ဒဏ်ငွေ ၅ ကျပ်ရိုက်တယ်” 

ငင့် - ၅ ကျပ်ဆိုလည်း မနည်းဘူးနော့။ ဗမှားငွေနဲ့ဆို ၂ သောင်း။ အောင်မငီး

ဆက်ဖတ်ကြည့်တော့ မကျေနပ်ဘူးဆို အပီးလုပ်လို့ရတယ် ဟု ပါ၍ ကျွန်ုပ်လည်း အပီးလုပ်ချင်နေသည်နှင့် (ဟုတ်ပေါင် မွှားကုန်ပြီ) appeal လုပ်လိုက်၏။ ၅ ကျပ် ပြန်ရ၏။ ဖှူး - တော်ဘာဒေး

 

သည်ကနေ့တော့ ပန်ဂျူးရူးကိုသွားမည်ဟု ညကတည်းက စက်ဘီးပြင်ဘို့ အားလုံးပြင်ဆင်ထား၏။ Bicycle repair patch လေးခု၊ ဖိနပ်ကပ်သည့် ကော်ဘူးလေး ၂ ဘူး၊ ကော်ပတ်၊ တာယာကော်သည့်အတံ၊ လေထိုးတံ၊ နောက်ပြီး ဘီးပေါက်သည့်နေရာ စစ်ဘို့ ရေပုလင်းကလေးထဲတွင် ဆပ်ပြာမှုန့်များထည့်။

 

မနက် ပန်ဂျူးရူး ရောက်ရောက်ချင်း စက်ဘီးဖာ။ ကျွန်ုပ်အတွက် စက်ဘီးဖာတာ ငှက်ပျောသီး အခွံနွှာစားတာလောက် တောင် မခက်ပါ။ (တခါတလေ အမျိုးသမီးက ငှက်ပျောသီး သေးသေးလေးတွေ ဝယ်လာတတ်၏။ ထိုငှက်ပျောသီးလေး တွေမှည့်သည့်အခါ အခွံခွာလိုက်လျှင် အလွန်ပါးလှသည့် အခွံများမှာ ပြတ်ထွက်ကုန်၏။ ငှက်ပျောသီး ပေါက်စနလေး တစ်လုံး စားရဘို့အရေး လက်များ ပေပွနေအောင် အခွံနွှာရလေရာ ကျွန်ုပ်မှာ အလွန်ဒေါကန်လေ၏။ ဤကား စကားချပ်)

 

၁၀ မိနစ်လောက် လုပ်လိုက်လျှင်ပင် စက်ဘီးဖာခြင်းအမှုကိစ္စ ပြီးမြောက်ခြင်းသို့ ရောက်သတည်း။

ကျွန်ုပ်လည်း လေကို 50 psi ထိ ထိုးထားလိုက်၏။

ထမင်းစားချိန် စက်ဘီးကိုသွားကြည့်လိုက်တော့ ဘီးမှာ ပြားချပ်နေလေ၏။

ဘီးကို ဖြုတ်ကြည့်လိုက်တော့ ယခွမ်း - ကော်များအားလုံး ကွာနေလေ၏။ ကော်မှာ သက်တမ်းကုန်၍ မကပ်တော့ပြီ။

ကျွန်ုပ်လည်း နောက် ကော်တဘူးနှင့် ထပ်ကပ်လျက် ထပ်လေထိုးပြန်၏။

တစ်နာရီခွဲလောက်ကြာလို့ သွားကြည့်လိုက်တော့ ဘီးမှာ ပြားနေပြန်၏။ ကတောက်စ်

ဤကော်မှာလည်း သက်တမ်းကုန်နေ၍ သိပ်မကပ်တော့ပြီ။

 

ကျွန်ုပ်လည်း စတိုခန်းသွားပြီး မွှေနှောက်ရှာကြည့်တော့ ဒန့်လော့ကော်ဘူးလေး တွေ့သည်နှင့် ယူလာကာ ထပ်ကပ်ပြန်၏။ ဒီတခါတော့ သေချာပြီဆိုပြီး အသေအချာ ကော်ပတ်တိုက်။ ကော်ကို သေသေချာချာသုတ်လျက် ကပ် ကာ လေထိုးထားပြန်၏။ 

 

၃ နာရီ ကော်ဖီချိန် စက်ဘီးကို သွားကြည့်တော့ ဘီးမှာ ပြားနေသည်ကို တွေ့ရပြန်၏။ ကျွန်ုပ်လည်း အတော် စိတ်ပျက် သွားမိ၏။ ကျွန်ုပ်လည်း ဘီးဆက်မဖာတော့ဘဲ လေလုံးကိုလဲမည်ဟု ရုံးကလူတွေကို ‘ပြန်ရင် သော့မခတ်ခဲ့ကြနဲ့ဟေ့’ ဟု မှာခဲ့လျက် Anywheel ကလေးစီးကာ ပိုင်အိုးနီးယားမှ ကုန်မာဆိုင်သို့ထွက်ခဲ့၏။ ဈေးမှာ သက်သာပါသည်။ ၂၆ လက်မ လေလုံးတစ်ခု၊ ၄၈ ခုပါ bicycle repair patch တစ်ဘူး။ ကော်တစ်ဘူး။ စုစုပေါင်း $7.60

 

မိုးကလည်း မဲမှောင်နေကာ တဖွဲဖွဲကျလာသည်နှင့် အိမ်ပြန်ပြီး မိုးကာယူ။ (လဂါးပါ၊ ရွာတာလည်း မှုတ်ဘဲနဲ့) လေလုံးလဲရန် ဂွရှင်တစ်ခုယူပြီး ပြန်ခဲ့။

 

စက်ဘီးစီးရင်း ‘အင်း၊ လေလုံးကမဟုတ်ဘဲ တာယာမှာ ဆူးစူးနေရင်လည်း ဖြစ်နိုင်တာပဲ’ ဟု တွေးမိ၏။

သို့နှင့် ပန်ဂျူးရူးပြန်ရောက်တော့ လေလုံးကို မလဲသေးဘဲ စတိုသွားကာ ရေဇလုံကြီးယူ။ စမ်းကြည့်တော့ နောက် တစ်နေရာတွင် ပေါက်နေတာ တွေ့ရ၏။ 

 

တာယာအတွင်းဘက် မျက်နှာပြင်ကို လက်နှင့်လိုက်စမ်းလိုက်တော့ အပ်လိုဟာကလေးကို စမ်းမိ၏။ 0.5 mm လောက် ရှိ၏။ ကျွန်ုပ်က ကျောပိုးအိတ်ထဲတွင် လက်သည်းညှပ်၊ ကပ်ကြေး၊ ခဲတံချွန်ဓား၊ ဇာကနာ စသည်တို့ကို အိတ်ကလေး တစ်ခုနှင့်ထည့်၍ အမြဲဆောင်ထားသည်ဖြစ်ရာ ထိုအပ်ကလေးကို လက်သည်းညှပ်နှင့် ညှပ်လျှက် ဆွဲထုတ်။ ပေါက်နေသည့် အပေါက်ကို ဖာ။ လေထိုးစမ်းကြည့်တော့မှ စက်ဘီးမှာ စီးလို့ရသည့်အခြေအနေသို့ ရောက်လေတော့ သတည်း။

 

အသားကုန် သွားလာလှုပ်ရှားနေရတော့ အိမ်အပြန်လမ်းတွင် ဆီးချိုကျသဖြင့် ကော်ဖီသကြားလုံး လေးလုံးထုတ် ဝါးလိုက်ရသေး၏။

 

အိမ်ပြန်ရောက်တော့ သားကို ထိုအကြောင်းများ ပြောပြကာ ‘သား၊ စက်ဘီးဖာရင် တပြိုင်နက်တည်း တာယာ အတွင်းဘက်ကိုပါ လက်နဲ့ စမ်းကြည့်ကွ’ ဟု ထပ်ဆောင်း မှာလိုက်ရပြန်သော ဟူ၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။

 

တခါတရံ အမှန်တရားသည်လည်း အမှားတရံ ဖြစ်တတ်ကြောင်း

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၁ ဩဂုတ်လ၊ ၂၀၂၄

No comments: