Sunday, August 25, 2024

ခြေနှစ်ချောင်းသတ္တဝါကို ကယ်မိခြင်းသည် ကိုယ့်ဒုက္ခကိုယ် ဝယ်ယူခြင်းဖြစ်သည် ဆိုခြင်းအကြောင်း

ဤသည်မှာ ကျွန်ုပ်၏ပြဿနာမဟုတ်။ ကျွန်ုပ်မမလေး၏ ဒွတ်ခ ဖြစ်ကြောင်း

 

သူ့ကို သူ့အလုပ်သမားများ ဒွတ်ခပေးသည်မှာ သည်တစ်ကြိမ်တည်းမဟုတ်။ ယခင်တစ်ကြိမ်ကလည်း ဒုက္ခပေးပြီးပြီ ဖြစ်၏။ သို့နှင့်တောင် သူကလည်း မမှတ်။

 

ဟင့် - တားတို့က ဗမှားပြည်မှာနေရင် စစ်မှုထမ်းရမယ့် အန္တရာယ်ရှိတယ်။ အာ့ကြောင့် ရှင်ဂပူလာဗျစီ။ စီးပွားရေးကလည်း ကျပ်လာတယ်။ ဘာလုပ်လို့လုပ်ရမှန်း မသိတော့ဘူး။​ ခိုင်းတာ အကုန်လုပ်ပါမယ်ခညာ။ ထားရာနေ စေရာသွားပါ့မယ်။ အလုပ်ကလေးတစ်ခုသာ ရှာပေးပါလို့။​ နော် နော် နော်စ်။ အဟင့် ရွှတ်စ်

 

သို့နှင့် အဲလေ၊ ကောင်လေး သနားပါတယ်။ အရင်ကလည်း စလုံးမှာ လုပ်ဖူးသွားတာဆိုတော့ ဘာပြဿနာမှ မရှိလောက်ပါဘူးဆိုပြီး IPA တင်ပေး။ IPA တင်ပါမယ်ဆိုမှ နေပါအုံး။ ကျော့ OWIC ကတ်က သက်တမ်းကုန်နေလို့ ဆိုပြီး ထပ်စောင့်။ သက်တမ်းကုန်တာ တစ်နှစ်ရှိနေပြီ။ ဘာမှပြင်ဆင်မထား။ ခိုးချင်လိုက်တာလည်း ပြာလို့။ လက်နှေးလိုက်တာ လည်း ချာလို့။

 

တိုတိုပြောကြပါစို့။ IPA letter ကျလာ။ ကျလာတော့ သူလာမယ့်ရက်ကို တိုက်ပြီး Onboarding Centre ဝင်မယ့်ရက် ဘွတ်ကင်လုပ်။ 

 

(Onboarding ဆိုသည်မှာ စင်ကာပူကိုလာမည့် ဝပ်ပါမစ် အလုပ်သမားများသည် စင်ကာပူနိုင်ငံအတွင်း မဝင်မီ SIP သင်တန်းတက်ခြင်း၊ ဆေးစစ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း စသည်တို့လုပ်ရန် Sengkang West Onboarding Centre ၌ ၃ ရက် (သို့) ၄ ရက် တရားစခန်း (ဟုတ်ပေါင်) စခန်း ဝင်ရ၏။ ဤကိစ္စများအားလုံးပြီးမှ ထိုစခန်းသို့ သက်ဆိုင်ရာ ကုမ္ပဏီများက လှည်းများ၊ လှေများ (ဟုတ်ပေါင်) ဘတ်စ်ကား၊ လော်ရီများဖြင့် သွားခေါ်ရတာ ဖြစ်၏။ ဤကား စကားချပ်)

 

မည်သည့်နိုင်ငံက လာသည်ဖြစ်စေ၊ မည်သည့်ကုမ္ပဏီသို့ သွားမည်ဖြစ်စေ Onboarding Centre ကို အရင် ဝင်ရ၏။ ဆိုတော့ စင်ကာပူနိုင်ငံအတွင်း တစ်နေ့တစ်နေ့ ဝင်လာသည့် နံနံခြားသား အလုပ်သမားများမှာ မနည်းလေရကား ကုမ္ပဏီများသည် Onboarding Centre ထဲ စူကစူက သွင်းလိုက်ထုတ်လိုက် လုပ်ချင်တိုင်းလုပ်လို့မရ။ မိမိ ဘွတ်ကင် လုပ်ထားသည့်နေ့တွင် သွင်းလာရ၏။ အစောကြီးသွင်းလာလို့မရ။ သွင်းခဲ့ပါက အရေးယူခံရမည်။ အောင်မငီးစ်

 

ဆိုကြပါစို့။ မမလေးက Onboarding Centre ဝင်မယ့်ရက်ကို ဘွတ်ကင်လုပ်ထားလိုက်၏။ ဟိုမောင်မင်းကြီးသားက ထိုနေ့ကျမှ စင်ကာပူကို လာရမည်။ ထိုနေ့မှာ Onboarding centre ကို ဝင်ကို ဝင်ရမည်။

 

အခုကျတော့ ငနဲက အနော့် ကန်မကလေးက ထိုင်းမှာဆိုတော့ ထိုင်းကိုအရင်သွားမယ်။ နောက်ပြီးမှ ရှင်ဂပူလာမယ် ဆိုပြီး သူ့ဘာသာသူ အစီအစဉ်များ လုပ်၏။ ဒီက သူ့အလုပ်ရှင်ကို အကြောင်းမကြား။ 

 

အမှန်မှာ အဲသည်အကောင်က မမလေးနှင့် တိုက်ရိုက်သိတာမဟုတ်။ သူ့သူငယ်ချင်းက သနားလှချည်ရဲ့ဟု ပြောပေးတာ ဖြစ်၏။

 

ထိုင်းသွားမည့် လေယာဉ်ပေါ်ရောက်မှ သူ့သူငယ်ချင်းကို လှမ်းပြော။ သူ့သူငယ်ချင်းက မမလေးကို ပြော။ 

ဟဲ့ - နင်တို့ အဲသလို လုပ်ချင်တိုင်းလုပ်လို့ရတာ မဟုတ်ဘူး။​ ခုချက်ချင်း အိမ်ပြန်။ ဘယ်ကိုမှ မသွားနဲ့။ 

ငင့် - တားက လိန်ဗျံပေါ် ရောက်နေပြီ။

 

သူ စင်ကာပူလာမည့်ရက်က Onboarding center ဝင်မည့်ရက်ထက် ၄ ရက် စောနေ၏။

ဆိုတော့ ဒွတ်ခနှင့် လှလှနှင့်တိုးတော့မည်ဖြစ်၍ မမလေးက MOM ကို ဖုန်းဆက်အကြောင်းကြား၏။ 

MOM ကတော့ ရှင်းပါသည်။ သူ ဘွတ်ကင်လုပ်ထားသည့်ရက်ကို မဝင်နိုင်လျှင် အရေးယူခံရမည်။ သည်တော့ အရေးယူတော့ မခံနိုင်။ သူ့ IPA letter ကို cancel လုပ်ဖို့ပဲ ရှိတော့သည်။ IPA letter ကို cancel လုပ်လိုက်၏။ တင်ထားသည့် Security deposit $၅၀၀၀ တောင် ဆုံးချင်ဆုံးဦးမည်။

 

ဤသည်မှာ ခြေနှစ်ချောင်းက ပေးသည့် ဒွတ်ခဖြစ်၏။

ဒါ ပထမဆုံးမဟုတ်။ ဟိုတစ်ခါကလည်း ဒီက အိမ်နေခွင့်တောင် approve မဖြစ်သေး။ စလုံးရောက် ဆရာကြီး တစ်ယောက် က မလိုပါဘူးကွာ၊ လာသာလာခဲ့ပါ ဆိုသည့်စကားကို နားယောင်ပြီး စင်ကာပူကို ကြိုလာခဲ့လို့ တစ်ခါ ဒုက္ခများခဲ့ဖူးပြီ။

 

သဟာနှင့်များတောင် မမလေးကလည်း အမှတ်မရှိ။

သည်မယ် မမလေးရဲ့၊ ခြေနှစ်ချောင်းများ ဘယ်တော့မှ ကယ်ဘို့ မကြိုးစားလေနဲ့။ ကိုယ့်ဒုက္ခ ကိုယ်ဝယ်သလို ဖြစ်လိမ့်မယ် ဟု ကျွန်ုပ်က ဆရာကြီးလေသံနှင့် ဩဝါဒ ပေးလေသော ဟူသတတ်။ (ကျွန်ုပ်ကိုယ်တိုင်မူကား ခြေနှစ်ချောင်းကို သနားမိ၍ အသင်တို့ထင်သည့်ပမာဏထက် အတော်ပိုများသော စင်ကာပူဒေါ်လှများ ဆုံးရှုံးခဲ့ရဖူး လေပြီ။)

 

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၄ ဩဂုတ်လ ၂၀၂၄

No comments: