Thursday, August 29, 2024

ဆေးအတွက်လေးရခြင်းကိစ္စအကြောင်း

(၁)

 

အလုပ်လုပ်ရတာ အဆင်ပြေအောင် စင်္ကာပူအစိုးရက လုပ်ငန်းအားလုံးလိုလိုကို ဒစ်ဂျစ်တယ်စနစ်ဖြင့် လုပ်စေ၏။ 

အစိုးရ လုပ်ငန်းဆောင်တာများကို SingPass ဖြင့် log in ဝင်ကာ လုပ်ရ၏။

ဆိုတော့ စင်ကာပူမှာ တရားဝင်နေထိုင်ခွင့်ရသူအားလုံး SingPass application ရှိကို ရှိထားရ၏။

SingPass မရှိလျင် ဒွတ်ခများလိမ့်မည်။

 

ကိုယ်ကလည်း မနေနိုင်။ ကိုင်း၊ ကိုယ့်လူတို့ ဒုက္ခနဲ့ လှလှနဲ့တွေ့ရင် ဟောဒီဖုန်းနံပါတ်ကို ဆက်သွယ်လိုက်ဟု သင်တန်းများတွင် ကျွန်ုပ် ဖုန်းနံပါတ်ကို ပေးလေ့ရှိ၏။ ဆိုတော့ ပြဿနာပေါင်း သောင်းခြောက်ထောင် လေးရာကိုးဆယ့်ရှစ် ကျွန်ုပ်ထံသို့ မကြာခဏ ရောက်လာတတ်၏။ အက်ဆီးဒင့်ဖြစ်လို့၊​ လခမရလို့၊ ပင်ပန်းလို့ အလုပ် ပြောင်းချင်လို့၊ သင်တန်းတက်ချင်လို့၊ ဘာဖြစ်လို့ ညာဖြစ်လို့။

 

ကောင်မလေးတွေကတော့ အဘက (ကတောက်စ်၊ ခုမှ ၆၀ ကျော်ရုံလေးရှိသေးတာ၊ လူကိုများ အဘ တဲ့။ သိမယ်၊ ညှင်းညှင်း)

အဘက MOM ကလားဟင်

မြတ်ချွာဖျား

မဟုတ်ပါဘူးကွယ်၊ ပြောချင်တာရှိရင်တော့ ပြောလို့ရပါတယ်

(အဲ့ငယ်၊ လေသံတွေဘာတွေတောင် ပြောင်းလို့။ အရင်တုံးကတော့ အဲသလိုမေးလာရင် ဘုတောလွှတ်တာ။)

 

ကိုယ့်လူတို့ SingPass ရှိလား မေးတော့ မရှိပါဘူး ဆို၏။

အဲသဟာဆိုလာခဲ့။

ဒီရောက်လို့ SingPass register လုပ်ကြည့်တော့ register က လုပ်ပြီးသားဖြစ်နေ၏။

အဲသည်မှာ တိုင်တွေ ပတ်တော့သည်။

ရှင်းပါအံ့။

 

(၂)

 

MOM ကလည်း အတင်းရော ကာရောခညာ။ လုပ်ပေး၏။ သို့သော် မနေ့ကမှ ယာထဲကတက်လာသူ ငနဲသားများ အဖို့ ဒွတ်ခနှင့် လှလှနှင့် တွေ့ရ၏။ 

 

စင်ကာပူထဲဝင်လာသည့် အလုပ်သမားများကို ကိုဗစ်ကာကွယ်ဆေးထိုးခြင်း၊ SIP သင်တန်း တက်ခြင်း စသည်တို့လုပ်ရန် Onboarding စခန်းကို ၃ - ၄ ရက် သွင်း၏။ ထိုစခန်း၌ပင် SGWorkPass, FWMOMCare စသည့် နံနံခြားသား အလုပ်သမားများ မရှိမဖြစ် ရှိထားရမည့် apps များကို တခါတည်း install လုပ်ပေး၏။ ထို apps များက ဖုန်းနံပါတ်ရှိမှ ရတာဆိုတော့ ဖုန်းစင်းကတ်ကို တခါတည်း ပေးလိုက်၏။ ထို apps များကို ထို ဖုန်းနံပါတ်များနှင့် လုပ်ပေးလိုက်၏။ 

 

ထိုမျှသာမကသေး၊ ဝပ်ပါမစ်လုပ်ဖို့ MOM ရုံးကိုသွားတော့လည်း တစ်ခါတည်း SingPass ကို register လုပ်ပေးလိုက်၏။ Register လုပ်တော့ onboarding centre မှာတုံးက ပေးထားသည့် ဖုန်းနံပါတ်နှင့်ပင် လုပ်၏။ 

 

သူတို့ကတော့ ဒွတ်ခမများရလေအောင် လိုအပ်သည့် apps များကို တခါတည်းလုပ်ပေးလိုက်တာဖြစ်၏။ သို့သော် မနေ့ကမှ ထွန်တုံးဖြုတ်ပြီးတက်လာသည့် မောင်မင်းကြီးသားများမှာ ထိုအရာများကို ဘယ့်နှာလုပ် သိပါမတုံး။ ဆိုတော့ ကိုယ့်မှာ အဲသဟာတွေ ရှိနေတာတောင် ရှိမှန်းမသိ။

 

ပြဿနာမှာ ငနဲလေးများက onboarding centre တုံးက စင်းကတ်တွေကို ဗမာပြည်နဲ့စကားပြောရတာ အဆင်မပြေလို့ ဆိုလား၊ အကုန်ထုတ်ကာ လွှင့်ပစ်လိုက်ပြီး စင်းကတ်အသစ်များ ဝယ်ထည့်၏။ ဖုန်းနံပါတ်များ ပြောင်းပစ်၏။

 

စင်ကာပူမှာက လူလိမ်တွေများတော့ သူခိုးများရန်က ကာကွယ်နိုင်ရန် log in လုပ်ရသည့်ကိစ္စမှန်သမျှကို password နှစ်ဆင့်ဖြင့်ဝင်ရသည့် 2FA စနစ်လုပ်ထား၏။ 2FA ဆိုသည်မှာ ပထမ ပတ်စ်ဝပ်ဖြင့် ဦးစွာဝင်ရ၏။ ဤကဲ့သို့ password ဖြင့် log in ဝင်လိုက်လျှင် မိမိ register လုပ်ထားသည့် ဖုန်းနံပါတ်သို့ OTP (one time password) ပို့ပေးကာ ထို OTP ဖြင့် ထပ်မံဝင်ရ၏။

 

ဆိုတော့ အဲသဟာကိုမသိသော သတ္တဝါလေးများက ဖုန်းနံပါတ်များကို ပြောင်းထည့်လိုက်တော့ OTP မရတော့။ OTP မရှိမှတော့ ဘယ့်နှာလုပ် ရှေ့ဆက်ပါမတုံး။ ဘာမှလုပ်လို့မရ။ ကျွန်ုပ်မှာ ထိုမေဘေးလေးများနှင့် အတော် စိတ်ညစ်ရ၏။

 

အကယ်၍ ၎င်းတို့ SingPass ကို register မလုပ်ရသေးလျှင် ဘာမှ ပြဿနာမရှိ။ လက်ရှိကိုင်ထားသည့် ဖုန်းနံပါတ်နှင့် လုပ်လိုက်ရုံဖြစ်၏။ နောက်ပြီး SingPass ဆိုတာ တစ်ခါပဲ register လုပ်လို့ရတာဖြစ်၏။ စူကစူက လုပ်လို့မရ။  

 

အဲဒါပါဘဲ ခင်ဗျား

 

ရှေးလူကြီးများ ပြောစကားတစ်ခုသည် ရှိ၏။

 

“ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး၊ ဆေးအတွက် လေး” ဟူ၏။

 

အဲသည်စကားမှာ အဲသည်လူတွေအတွက် ထားခဲ့တာဖြစ်မည်။

 

တပ်ရှုပ်ကြီးသည်လည်း တပ်ရင်းတစ်ခုပြီးတစ်ခု၊ တပ်မတစ်ခုပြီးတစ်ခု ဆက်လက် အလှူကြီးများ ပေးနိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါသည်။ ဆာဒူး ဆာဒူး ဆာဒူး

 

မောင်မင်းကြီးသား ဘုန်းသေးပါစေ၊ သက်တိုပါစေတော်

 

အေးငြိမ်း

၂၉ ဩဂုတ်လ၊ ၂၀၂၄

Wednesday, August 28, 2024

အလဟဿ

တစ်ခါတရံ ကျွန်ုပ်တို့သည် အလဟဿဖြစ်စေမည့် အရာများစွာကို သိသိကြီးနှင့် လုပ်မိလျက်သား ဖြစ်နေတတ်၏။

အလဟဿဖြစ်သွားသည့် အရာများ များစွာရှိသည့်အနက် ကျွန်ုပ် အနည်းငယ် ဥပမာ ထုတ်ပြပါမည်။

 

ကျွန်ုပ် ယခု GCE (O) စာမေးပွဲဝင်မည့် ကျောင်းသားကလေးများကို မြန်မာစာ သင်ပေးနေပါ၏။ 

ထိုသကောင့်သားကလေးများသည် သာမန်အားဖြင့် မြန်မာစကားမပြောကြ။ မြန်မာစာလည်း မတတ်ကြ။ 

မြန်မာအသုံးအနှုန်း၊ ဝေါဟာရများနှင့်လည်း မရင်းနှီး မကျွမ်းဝင်ကြ။ ထိုအခါ မြန်မာစာသင်သည့်အခါ အတော် ပြဿနာ တက်၏။ ကလေးများအနေနှင့် ကြိုးစားမှတ်သားသည့်တိုင် သိပ် ခရီးမရောက်လှပါ။

 

ဟိုတစ်နေ့ကတော့ ကောင်လေးကို ကျွန်ုပ်မေးကြည့်၏။ 

“ကိုယ့်လူ ဒီစာမေးပွဲပြီးသွားရင် မြန်မာစာကို ဆက် လေ့လာဦးမှာလား”

“ဟင့်အင်း”

“မြန်မာစာလေးဘာလေးဖတ်ဖို့ရော စိတ်မဝင်စားဘူးလား”

“ဟင့်အင်း”

“ဒါဖြင့် အခုမြန်မာစာသင်နေတာ ဒီစာမေးပွဲအတွက် တစ်ခုတည်း၊ ဒါ့အပြင် တခြား ဘာရည်ရွယ်ချက်မှ မရှိဘူး။ အဲသလိုလား”

“ဟုတ်ပါတယ်”

“ဒါနဲ့များတောင် ဘာဖြစ်လို့ ဒီမြန်မာစာကို ကိုယ့်လူယူရသေးသလဲကွယ်၊ တခြား တရုတ်တို့၊ မလေးတို့ မယူချင်ဘူးလား” 

“တရုတ်တို့၊ မလေးတို့က ကျွန်တော်တစ်ခါမှ မပြောဖူးဘူး။ မြန်မာစကားကိုတော့ အိမ်မှာပြောတယ်လေ”

“ဒါပေမယ့် ကိုယ့်လူပြောတဲ့ မြန်မာစကားဆိုတာလည်း အဖြစ်လောက် တခါတလေကျမှ ပြောတာမဟုတ်လား။ ကောင်းကောင်းမပြောတတ်ဘူး မဟုတ်လား”

“ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ဘာမှ မပြောတတ်တာထက်စာရင် တော်သေးတာပေါ့”

 

မြန်မာဆိုတော့ မိဘတွေက ကိုယ့်သားသမီးတွေကို မြန်မာ့ယဉ်ကျေးမှုနှင့် ရင်းနှီးစေချင်၏။ မြန်မာ အသုံးအနှုန်းလေးများ ကိုလည်း သိစေချင်၏။ နောက်ဆုံး ဘုန်းကြီးနှင့်စကားပြောတာကစ မည်ကဲ့သို့ ပြောရမည်ကို သိစေချင်၏။ (သို့သော်လည်း မလွယ်လှပါ။)

 

ဆိုတော့ သင်ချင်သည်ဖြစ်စေ၊ မသင်ချင်သည်ဖြစ်စေ ကလေးများကို မြန်မာစာ သင်ပေးဘို့ မြန်မာမိဘများက ကြိုးစားကြလေ၏။ 

 

စင်ကာပူက ကျောင်းများတွင် အင်္ဂလိပ်စာအပြင် အပိုဘာသာတစ်ခုယူရ၏။ ၎င်းကို Mother Tongue ဟု ခေါ်၏။ စင်ကာပူတွင် အဓိကပြောသည့် ဘာသာကြီး သုံးမျိုးမှာ မန်ဒရင်း (တရုတ်)၊ မလေး နှင့် တမီ (အိန္ဒိယ) ဖြစ်၏။ ထို့ကြောင့် mother tongue အနေနှင့် ကျောင်းများတွင် ထိုဘာသာ သုံးမျိုးအနက် တစ်ခုခုကို ယူကြရ၏။ အနောက်ဘက်မှ စပိန်၊ ဂျာမန်၊ ပြင်သစ် စသည်တို့ကိုလည်း ယူနိုင်၏။ မြန်မာကလေးငယ်များအနက် မြန်မာစာ ယူနိုင်၏။

 

သို့သော် ကျောင်း၌ မန်ဒရင်း၊ မလေး နှင့် တမီကိုသာ သင်ပေး၏။ အခြားဘာသာယူပါက မိမိဘာသာ လေ့လာရ၏။ ဤသို့လေ့လာနေကြောင်းကို MOE (ပညာရေးဝန်ကြီးဌာန) သို့ အထောက်အထားတစ်ခုခုပြရ၏။ (ကျွန်ုပ် သားကို မြန်မာသံရုံးကလုပ်ပေးသည့် မြန်မာကျောင်းစာမေးပွဲများ ဝင်ဖြေခိုင်းသည်မှာ ထိုအတွက် ဖြစ်၏။ သူတို့ဆီမှာ ကျောင်းအပ်ထားသည့်ပုံစံ၊ ထွက်လာသည့် ခုံနံပါတ်စာရင်း စသည်တို့ကို MOE သို့ ပို့ပေး၏။)

ပြဿနာက GCE(O) level မြန်မာစာမှာ ပြဌာန်းစာအုပ်မရှိ။ သူတို့မေးခွန်းပုံစံကိုလိုက်၍ လေ့ကျင့်သင်ကြား ပေးကြရတာ ဖြစ်၏။ အမှန်က GCE(O) မြန်မာစာမှာ မြန်မာလို ရေးတတ်ဖတ်တတ်လျှင် ကောင်းကောင်းအောင်ပါသည်။ 

 

သို့သော် မြန်မာပြည်မှာမနေ၊ မြန်မာအသိုင်းအဝိုင်းမှာမကြီး မြန်မာလိုမပြောသည့် မြန်မာကလေးငယ်များကို မြန်မာစာ သင်ရတာ အတော့်ကို ဂွကျပါသည်။ စာပိုဒ်ထဲ၌ အရပ်ထဲက ကလေးများပင်နားလည်သည့် စကားလုံးတစ်လုံးပါလာပါက ထိုသကောင့်သားလေးများ နားလည်အောင် ရှင်းပြရတာ မလွယ်လှပါ။

 

နောက်တစ်ခုက မြန်မာစာ ဖြစ်၏။

ကျွန်ုပ်သားသည် မြန်မာစာကို အတော်ဖတ်တတ်နေပြီဖြစ်၏။ သို့သော် အရေးအသားမှာတော့ အတော့်ကို ချာတူးလန်လှ သေး၏။

 

အင်္ဂလိပ်စာတွင် abcd သာ ပါ၏။ ဘာသဝေထိုး၊ ဟထိုး၊ ချောင်းငင်၊ လုံးကြီးတင်၊ လုံးကြီးတင်ဆန်ခတ် ဘာညာသာရကာတွေ ဘာမှမပါ။ abcd သိလျှင် ဒီအတိုင်းရေးလိုက်ရုံဖြစ်၏။

 

အဲစ်

 

မြန်မာစာမှာကျတော့ -

အောက်ပြုတ်ကျတယ် - သွားကြမယ်။ 

ဒါပေသိ - သည့်နောက်တွင်

ထမင်းကျန်ဟင်းကျန် - ကြံရေသောက်ချင်တယ် - ပေကျံနေတာပဲ

ကျ - ကြ - ကျာ့ - ကြာ့

ကျာ - ကြာ

ကျား - ကြား

ပစ် - ပျစ် - ပြစ် 

မြီ - မြည်

အေ - ဧ

လဲ - လည်း

နာ - နှာ

အော - ဩ

အော် - ဪ

အူ - ဦ

အူး - ဦး

အံ - အန်

တဲ့ - တယ့်

လှဲ့ - လှည့်

သေနတ်နဲ့ ပစ်တယ်။ (ပြစ်)

၎င်း - လည်းကောင်း - အောင်မငီး

 

ဆိုတော့ ကလေးများမှာ မျက်စိတင်မက တစ်ကိုယ်လုံးပါ လည်လေတော့သတည်း။

 

သည်လောက်ရှုပ်လှသည့် ဘာသာကို ကလေးတွေကလည်း မသင်ချင်။

အဲသဟာကလည်း သူတို့ကို အပြစ်မဟုတ်။ သည်လောကထဲ ဆွဲသွင်းလာသည့် ကိုယ့်ကိစ္စသာ ဖြစ်၏။

 

ပြန်ကောက်ရလျှင် သူတို့ မြန်မာစာသင်သည်မှာ GCE(O) စာမေးပွဲ အောင်ရုံအတွက်သာ ဖြစ်၏။ သည့်ထက်မပို။ ကျွန်ုပ် အဖို့မူ လပေါင်းများစွာ သည်မျှကြိုးစားပမ်းစား သင်လာခဲ့သည့် ဘာသာရပ်တစ်ခုကို စာမေးပွဲပြီးသည့်အခါ လွှင့်ပစ်လိုက် ရမှာ အတော်နှမြောလှပေ၏။ သို့သော် ဘာတတ်နိုင်ပါမည်နည်း။ အခြေအနေက ဒီလိုဖြစ်လာဘို့ ဖန်တီးလာသကိုး။

 

ကျွန်ုပ်ကတော့ သားကို အခွင့်အရေးရတိုင်း မြန်မာစာ သင်ပေးသွားမှာ ဖြစ်၏။ (သားကလည်း စိတ်ဝင်စားပါသည်။) ကျွန်ုပ်တို့ မြန်မာ့စာပေတွင် စာကောင်းပေကောင်းများ များစွာရှိ၏။ လေ့လာလို့ပင် မကုန်နိုင်လောက်အောင် ဖြစ်၏။

 

ကျွန်ုပ်သည် သားကို ဦးပုည၏ ဆဒ္ဒန်ဆင်မင်းဝတ္ထုကို ဖတ်ပြီး ခံစားကြည့်စေချင်လှ၏။ 

လက်ဝဲသုန္ဒရ၏ ‘ဝေရွှန်းစန္ဒာ၊ ခုချိန်ခါကို’ ကို ဖတ်ပြီး နားလည်စေချင်လှ၏။

ရှင်မဟာရဋ္ဌသာရ၏ ‘ဆင်းလှဆင်းထွတ်၊​ ဆင်းလွတ်လှမော၊ တုလျောတူဖက်၊ တူစက်ပြိုင်အံ့’ ကို လွမ်းလွမ်းဆွတ်ဆွတ် ရွတ်ကြည့်စေချင်လှ၏။ 

ဆရာဇော်ဂျီ၏ ‘သင်ဖွားသောမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏’ ကို ဖတ်ပြီး မြန်မာပြည်ကြီး အကျိုးသယ်ပိုးလိုသော စိတ်ဓာတ်များ တဖွားဖွား ပေါ်ပေါက်လာစေချင်စမ်းလှ၏။

 

အလုပ်သမားများကို သင်ပေးရသော သင်တန်း၌ ကျွန်ုပ်က ဆယ်တန်းအောင် ဆိုသူများကို ဆရာဇော်ဂျီ၏ ကဗျာလေး တစ်ပုဒ်လောက် ရွတ်ခိုင်းကြည့်၏။ မောင်မင်းကြီးသားတို့က ဇော်ဂျီကို ကွန်ပြူတာဖောင့်လား မေးသည့်အခါ ကျွန်ုပ်မှာ ပန်လန်လက်ရ၏။ ၎င်းတို့ လူမှန်းသိတတ်စကတည်းက ကျောင်းသွားခဲ့ရသော၊ ကျောင်း၌ ဖြုန်းတီးခဲ့ရသော အချိန်များ၊ ငွေများ၊ လုပ်အားများကို ကျွန်ုပ် နှမြောလှ၏။ ဟိုတစ်နေ့က ရုံးမှ (ဘွဲ့ရထင်ပါသည်) ကောင်လေးတစ်ယောက်က မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့သည့် ခုနှစ်ကို မသိပါ ဆိုသည်ကိုမူ ကျွန်ုပ်ထူးပြီး အံ့ဩမနေတော့ပါ။ ဪ - ဟုသာ ငေးကြည့်နေမိပါ၏။

 

တကယ်တွက်ကြည့်လျှင် ဤကဲ့သို့ အလဟဿ ဖြစ်သွားသည်များမှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနှင့် တွက်လိုက်လျှင် ပြောပြလို့ မကုန်နိုင်လောက်အောင်ပင် များလှလေ၏။ ကလေးတစ်ယောက်ကို ဘွဲ့ရသည်ထိ ၁၄-၅ နှစ် သင်ပြီး ဘာမှ မသိမတတ်ဆိုတာလောက် အလဟဿဖြစ်တာ မရှိပါ။ အဲသဟာ တစ်ယောက်နှစ်ယောက်တည်း မဟုတ်။ တစ်ကျောင်းနှစ်ကျောင်းတည်းမဟုတ်။ တစ်မြို့တစ်ရွာတည်း မဟုတ်။ တစ်နိုင်ငံလုံးဖြစ်၏။ လွန်ခဲ့သည့် အနှစ် ၃-၄၀  လောက်ကတည်းက နှစ်တိုင်းဖြစ်နေတာဖြစ်၏။ လက်ရှိလည်း ဖြစ်နေဆဲဖြစ်၏။ နောင်လည်း ဘယ်လောက် ဆက်ဖြစ် နေဦးမည်မသိ။

 

အလဟဿများထဲတွင် ဆေးကျောင်းတက်ပြီး ဆရာဝန်မလုပ်သူများ၊ အင်ဂျင်နီယာ မလုပ်သည့် အင်ဂျင်နီယာဘွဲ့ရများ လည်းပါ၏။ သေသေချာချာ စစ်စစ်ပေါက်ပေါက် စာရင်းကောက်ကြည့်ပါက ထိုအရေအတွက်မှာလည်း နည်းမည် မဟုတ် ပါ။ 

 

ယခုနောက်ဆုံး မြန်မာနိုင်ငံအတွက် အလဟဿ ဆုံးရှုံးသွားရသည်များမှာမူ -

ခွေးအောင်လှိုင် စောက်ရူးထမှုကြောင့် ဖြစ်သတည်း။

 

ကျွန်ုပ်သည် ထိုနှမလွှားကို မြန်မြန် မသာပေါ်စေချင်လှ၏။

သည်ကာလကြီးကို မကျော်လွှားနိုင်မချင်း ထိုအလဟဿများ ဆက်ဖြစ်နေဦးမည် ဖြစ်၏။

 

ထို့ကြောင့် -

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၈ ဩဂုတ်လ၊ ၂၀၂၄

Sunday, August 25, 2024

ခြေနှစ်ချောင်းသတ္တဝါကို ကယ်မိခြင်းသည် ကိုယ့်ဒုက္ခကိုယ် ဝယ်ယူခြင်းဖြစ်သည် ဆိုခြင်းအကြောင်း

ဤသည်မှာ ကျွန်ုပ်၏ပြဿနာမဟုတ်။ ကျွန်ုပ်မမလေး၏ ဒွတ်ခ ဖြစ်ကြောင်း

 

သူ့ကို သူ့အလုပ်သမားများ ဒွတ်ခပေးသည်မှာ သည်တစ်ကြိမ်တည်းမဟုတ်။ ယခင်တစ်ကြိမ်ကလည်း ဒုက္ခပေးပြီးပြီ ဖြစ်၏။ သို့နှင့်တောင် သူကလည်း မမှတ်။

 

ဟင့် - တားတို့က ဗမှားပြည်မှာနေရင် စစ်မှုထမ်းရမယ့် အန္တရာယ်ရှိတယ်။ အာ့ကြောင့် ရှင်ဂပူလာဗျစီ။ စီးပွားရေးကလည်း ကျပ်လာတယ်။ ဘာလုပ်လို့လုပ်ရမှန်း မသိတော့ဘူး။​ ခိုင်းတာ အကုန်လုပ်ပါမယ်ခညာ။ ထားရာနေ စေရာသွားပါ့မယ်။ အလုပ်ကလေးတစ်ခုသာ ရှာပေးပါလို့။​ နော် နော် နော်စ်။ အဟင့် ရွှတ်စ်

 

သို့နှင့် အဲလေ၊ ကောင်လေး သနားပါတယ်။ အရင်ကလည်း စလုံးမှာ လုပ်ဖူးသွားတာဆိုတော့ ဘာပြဿနာမှ မရှိလောက်ပါဘူးဆိုပြီး IPA တင်ပေး။ IPA တင်ပါမယ်ဆိုမှ နေပါအုံး။ ကျော့ OWIC ကတ်က သက်တမ်းကုန်နေလို့ ဆိုပြီး ထပ်စောင့်။ သက်တမ်းကုန်တာ တစ်နှစ်ရှိနေပြီ။ ဘာမှပြင်ဆင်မထား။ ခိုးချင်လိုက်တာလည်း ပြာလို့။ လက်နှေးလိုက်တာ လည်း ချာလို့။

 

တိုတိုပြောကြပါစို့။ IPA letter ကျလာ။ ကျလာတော့ သူလာမယ့်ရက်ကို တိုက်ပြီး Onboarding Centre ဝင်မယ့်ရက် ဘွတ်ကင်လုပ်။ 

 

(Onboarding ဆိုသည်မှာ စင်ကာပူကိုလာမည့် ဝပ်ပါမစ် အလုပ်သမားများသည် စင်ကာပူနိုင်ငံအတွင်း မဝင်မီ SIP သင်တန်းတက်ခြင်း၊ ဆေးစစ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း စသည်တို့လုပ်ရန် Sengkang West Onboarding Centre ၌ ၃ ရက် (သို့) ၄ ရက် တရားစခန်း (ဟုတ်ပေါင်) စခန်း ဝင်ရ၏။ ဤကိစ္စများအားလုံးပြီးမှ ထိုစခန်းသို့ သက်ဆိုင်ရာ ကုမ္ပဏီများက လှည်းများ၊ လှေများ (ဟုတ်ပေါင်) ဘတ်စ်ကား၊ လော်ရီများဖြင့် သွားခေါ်ရတာ ဖြစ်၏။ ဤကား စကားချပ်)

 

မည်သည့်နိုင်ငံက လာသည်ဖြစ်စေ၊ မည်သည့်ကုမ္ပဏီသို့ သွားမည်ဖြစ်စေ Onboarding Centre ကို အရင် ဝင်ရ၏။ ဆိုတော့ စင်ကာပူနိုင်ငံအတွင်း တစ်နေ့တစ်နေ့ ဝင်လာသည့် နံနံခြားသား အလုပ်သမားများမှာ မနည်းလေရကား ကုမ္ပဏီများသည် Onboarding Centre ထဲ စူကစူက သွင်းလိုက်ထုတ်လိုက် လုပ်ချင်တိုင်းလုပ်လို့မရ။ မိမိ ဘွတ်ကင် လုပ်ထားသည့်နေ့တွင် သွင်းလာရ၏။ အစောကြီးသွင်းလာလို့မရ။ သွင်းခဲ့ပါက အရေးယူခံရမည်။ အောင်မငီးစ်

 

ဆိုကြပါစို့။ မမလေးက Onboarding Centre ဝင်မယ့်ရက်ကို ဘွတ်ကင်လုပ်ထားလိုက်၏။ ဟိုမောင်မင်းကြီးသားက ထိုနေ့ကျမှ စင်ကာပူကို လာရမည်။ ထိုနေ့မှာ Onboarding centre ကို ဝင်ကို ဝင်ရမည်။

 

အခုကျတော့ ငနဲက အနော့် ကန်မကလေးက ထိုင်းမှာဆိုတော့ ထိုင်းကိုအရင်သွားမယ်။ နောက်ပြီးမှ ရှင်ဂပူလာမယ် ဆိုပြီး သူ့ဘာသာသူ အစီအစဉ်များ လုပ်၏။ ဒီက သူ့အလုပ်ရှင်ကို အကြောင်းမကြား။ 

 

အမှန်မှာ အဲသည်အကောင်က မမလေးနှင့် တိုက်ရိုက်သိတာမဟုတ်။ သူ့သူငယ်ချင်းက သနားလှချည်ရဲ့ဟု ပြောပေးတာ ဖြစ်၏။

 

ထိုင်းသွားမည့် လေယာဉ်ပေါ်ရောက်မှ သူ့သူငယ်ချင်းကို လှမ်းပြော။ သူ့သူငယ်ချင်းက မမလေးကို ပြော။ 

ဟဲ့ - နင်တို့ အဲသလို လုပ်ချင်တိုင်းလုပ်လို့ရတာ မဟုတ်ဘူး။​ ခုချက်ချင်း အိမ်ပြန်။ ဘယ်ကိုမှ မသွားနဲ့။ 

ငင့် - တားက လိန်ဗျံပေါ် ရောက်နေပြီ။

 

သူ စင်ကာပူလာမည့်ရက်က Onboarding center ဝင်မည့်ရက်ထက် ၄ ရက် စောနေ၏။

ဆိုတော့ ဒွတ်ခနှင့် လှလှနှင့်တိုးတော့မည်ဖြစ်၍ မမလေးက MOM ကို ဖုန်းဆက်အကြောင်းကြား၏။ 

MOM ကတော့ ရှင်းပါသည်။ သူ ဘွတ်ကင်လုပ်ထားသည့်ရက်ကို မဝင်နိုင်လျှင် အရေးယူခံရမည်။ သည်တော့ အရေးယူတော့ မခံနိုင်။ သူ့ IPA letter ကို cancel လုပ်ဖို့ပဲ ရှိတော့သည်။ IPA letter ကို cancel လုပ်လိုက်၏။ တင်ထားသည့် Security deposit $၅၀၀၀ တောင် ဆုံးချင်ဆုံးဦးမည်။

 

ဤသည်မှာ ခြေနှစ်ချောင်းက ပေးသည့် ဒွတ်ခဖြစ်၏။

ဒါ ပထမဆုံးမဟုတ်။ ဟိုတစ်ခါကလည်း ဒီက အိမ်နေခွင့်တောင် approve မဖြစ်သေး။ စလုံးရောက် ဆရာကြီး တစ်ယောက် က မလိုပါဘူးကွာ၊ လာသာလာခဲ့ပါ ဆိုသည့်စကားကို နားယောင်ပြီး စင်ကာပူကို ကြိုလာခဲ့လို့ တစ်ခါ ဒုက္ခများခဲ့ဖူးပြီ။

 

သဟာနှင့်များတောင် မမလေးကလည်း အမှတ်မရှိ။

သည်မယ် မမလေးရဲ့၊ ခြေနှစ်ချောင်းများ ဘယ်တော့မှ ကယ်ဘို့ မကြိုးစားလေနဲ့။ ကိုယ့်ဒုက္ခ ကိုယ်ဝယ်သလို ဖြစ်လိမ့်မယ် ဟု ကျွန်ုပ်က ဆရာကြီးလေသံနှင့် ဩဝါဒ ပေးလေသော ဟူသတတ်။ (ကျွန်ုပ်ကိုယ်တိုင်မူကား ခြေနှစ်ချောင်းကို သနားမိ၍ အသင်တို့ထင်သည့်ပမာဏထက် အတော်ပိုများသော စင်ကာပူဒေါ်လှများ ဆုံးရှုံးခဲ့ရဖူး လေပြီ။)

 

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၂၄ ဩဂုတ်လ ၂၀၂၄

Sunday, August 11, 2024

ကျွန်ုပ် စက်ဘီးနှင့် နှာခေါင်းကျည်ပွေ့တွေ့ခြင်း အကြောင်း

(၁)

 

ကျွန်ုပ်ကား တစ်ချက်ခုတ် လေးချက်ပြတ်အနေနှင့် အလုပ်ကို စက်ဘီးစီးသွားလေသော ဟူသတတ်။

ကျွန်ုပ်သွားရသည့်နေရာမှာ အများအားဖြင့် ငါးနေရာ ဖြစ်၏။

 

Part time Safety Officer – Penjury (7.8 km – 43 min)





SIP – Soon Lee (1.85 km – 16 min)





Ever Safe – Joo Koon (4.16 km – 20 min) or Wan Lee (1.77 km – 9.5 min)




NTUC – Benoi (3.68 km – 20 min)



Fonda – Neythal Road (2.21 km – 8.5 min)




 

ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကြောင့် ပန်ဂျူးရူးတစ်နေရာမှလွဲ၍ ကျန်နေရာအားလုံးမှာ အိမ်နှင့် မလှမ်းမကမ်းတွင် ရှိသောကြောင့် သွားရလာရ အတော်အဆင်ပြေလှ၏။ ပန်ဂျူးရူးမှာလည်း ၈ ကီလိုမီတာဆိုသည့်တိုင် ကျွန်ုပ်အတွက် တော့ အညောင်းပြေ အညာပြေ စီးသလောက်သာ ရှိပါ၏။  

 

စက်ဘီးစီးခြင်းအားဖြင့် -

 

၁။ ပတ်ဝန်းကျင်နှင့် ကမ္ဘာကြီးကို မပျက်စီးရအောင် ထိန်းသိမ်းရာ ရောက်၏။ (စက်ဘီးစီးခြင်းအားဖြင့် ဓာတ်ဆီ ကုန်စရာမလို။ သည်အခါ ကမ္ဘာကြီးထဲမှ ထုတ်ယူရမည့် ရေနံကို ချွေတာရာရောက်၏။ စက်ဘီးသည် အင်ဂျင် မဟုတ်သဖြင့် ကာဘွန်ဒိုင်အောက်ဆိုဒ်မီးခိုးများ ထုတ်လွှတ်ခြင်းမရှိ၍ လေထုညစ်ညမ်းမှုကို မဖြစ်စေနိုင်။)

 

၂။ ပိုက်ဆံချွေတာရာ ရောက်၏။ ရထားစီးလျှင် ဘွန်လေးမှ ဂျူကွန်းကို $1.19, ဆိုတော့ အသွားအပြန် $2.38, တစ်လဆို အနည်းဆုံး ၅၀, ၁၀ လ ဆို ၅၀၀။ အလုပ်ကနေ့တိုင်းသွားနေရတာဆိုတော့ အလုပ်သွား အလုပ်ပြန် ရထားစီးလျှင် တစ်နှစ်စာကို ၆၀၀ လောက်ကုန်မည်။ အဲဒီခရီးကို စက်ဘီးစီးပါက ပိုက်ဆံ ၆၀၀ သက်သာမည်။ ထို ၆၀၀ နှင့် စက်ဘီး ခပ်ကောင်းကောင်း ၂ စီး ဝယ်လို့ရသည်။ ဒန်တန့်တန်

 

၃။ အချိန်ကုန်သက်သာသည်။ လူပင်ပန်း သက်သာသည်။ အကယ်၍သာ ကျွန်ုပ် ပန်ဂျူရူးကို ဘတ်စ်ကားနှင့် သွားမည် ဆိုပါက အနည်းဆုံး ၁ နာရီလောက်ကြာသည်။ နောက်ပြီး ဘတ်စ်ကားမှတ်တိုင်ကနေ ရုံးကို ၁၅ မိနစ် လမ်းလျှောက်ရ သည်။ ရုံးရောက်တော့ လျှာ ၂ လက်မလောက်ထွက်နေပြီ။ စက်ဘီးနှင့်သာ သွားပါက ဟော - မိနစ် ၄၀ ဆို ရုံးရောက်ပြီ။ အိမ်ဝကနေ ရုံးပေါက်ဝထိ စက်ဘီးစီးနိုင်၏။ ဘယ်နေရာမှ လမ်းလျှောက်စရာမလို။ 

 

၄။ စက်ဘီးစီးခြင်းဖြင့် လေ့ကျင့်ခန်း လုပ်ရာလည်း ရောက်၏။ ကျွန်ုပ် အခု အသက် ၆၃ နှစ်ရှိပြီ။ သို့ပေသိ ကီလိုမီတာ ၂၀ ကို မမောမပန်း၊ နားစရာမလိုဘဲ တောက်လျှောက် စက်ဘီးစီးနိုင်၏။ ၃ ကီလိုမီတာလောက်ကို မမောမပန်းဘဲ ပြေးနိုင်၏။ သင်တန်းမှာ ပလက်တစ်ကယ်လုပ်တော့ အသက် ၅၀ ကျော်များမှာ ချွေးတလုံးလုံးနှင့် ဟောဟဲလိုက် နေသော်လည်း ကျွန်ုပ်မှာမူ ချွေးကလေးမျှပင် ထွက်ဖော်မရဘဲ ခိုင်ထူး၏ ‘သိဟ်ရာသီ ဝါခေါင်မိုးနဲ့ လှမ်းလာခဲ့တော့ ခတ္တာရေ’ ဟု လေကလေးများပင် ချွန်နေလေသော ဟူ၏။

 

(၂)

 

အဲ . . . အဲ . . . အဲစ် ပေါ့လေ။

တခါတလေ မှားတဲ့အခါလည်း မှားပေမပေါ့။

 

ယခင်အပတ်က ပန်ဂျူးရူးသို့ စက်ဘီးနှင့်သွား၏။ ပြန်မည်ဟု စက်ဘီးကို ထုတ်လိုက်တော့ ငင့် - ဘီးမှာ ပြားချပ် နေလေ၏။ ကျွန်ုပ်လည်း အိတ်ထဲတွင် အမြဲဆောင်ထားသည့် လေထိုးတံကလေးနှင့် ထိုး၏။ မရ။ မြွေတွန်သံလို တရွှီရွှီ အသံကလေးကြားရ၍ ဘီးကို ဖြည်းဖြည်းချင်း လှည့်ကြည့်တော့ ဘီးတွင် ကျောက်စလေး စူးနေတာ တွေ့ရ၏။ ကျောက်ခဲမှ ပဲ့ထွက်လာသည့် ကျောက်စကလေးမှာ ဆူးကဲ့သို့ဖြစ်နေလျက် တာယာ၌ စူးဝင်နေ၏။ ထိုအစကလေးကို ဖယ်လိုက်တော့ လေတွေ တရှူးရှူးထွက်လာ၏။ ကျွန်ုပ်လည်း ဘာမှ မတတ်နိုင်တော့ဘဲ စက်ဘီးကို သော့ခတ် ထားခဲ့ ရ၏။

 

အရေးထဲမှ သည်ကနေ့ညနေတွင် ဂျူကွန်း၌ ညနေ ၆ နာရီတွင် Work At Height Rescue Course သင်တန်း စာမေးပွဲ ဖြေရမည်။ ပန်ဂျူးရူးနှင့် ဂျူကွန်းမှာ ၁၀ ကီလိုမီတာ ဝေး၏။ အနီးအနား လျှောက်ကြည့်လိုက်တော့ စက်ဘီးအစိမ်းလေး တွေ တန်းစီထောင်ထားတာ တွေ့ရ၏။ Anywheel share bike ဖြစ်၏။ ကျွန်ုပ်လည်း ဘာမှ စဉ်းစားမနေတော့ဘဲ Anywheel app ကို ကပျာကသီ download လုပ်၊ install လုပ်ပြီး ပိုက်ဆံ ၁၀ ထည့်ကာ စီးလာခဲ့၏။ 

 

ပထမ အိမ်ကိုပြန်ခဲ့၏။ အိမ်အောက်တွင် စက်ဘီးကိုရပ်ခဲ့ပြီး အချိန်ရသေးသည်နှင့် အဆာပြေ အနည်းငယ်စားကာ သားစက်ဘီးကိုယူလျက် ဂျူကွန်းကို ထွက်လာခဲ့၏။ စာမေးပွဲပြီးတော့ တီကနဲ မတ်စိဝင်လာလို့ကြည့်။ 

“မင်း စက်ဘီးကို တွေ့ကရာရပ်ခဲ့တဲ့အတွက် ဒဏ်ငွေ ၅ ကျပ်ရိုက်တယ်” 

ငင့် - ၅ ကျပ်ဆိုလည်း မနည်းဘူးနော့။ ဗမှားငွေနဲ့ဆို ၂ သောင်း။ အောင်မငီး

ဆက်ဖတ်ကြည့်တော့ မကျေနပ်ဘူးဆို အပီးလုပ်လို့ရတယ် ဟု ပါ၍ ကျွန်ုပ်လည်း အပီးလုပ်ချင်နေသည်နှင့် (ဟုတ်ပေါင် မွှားကုန်ပြီ) appeal လုပ်လိုက်၏။ ၅ ကျပ် ပြန်ရ၏။ ဖှူး - တော်ဘာဒေး

 

သည်ကနေ့တော့ ပန်ဂျူးရူးကိုသွားမည်ဟု ညကတည်းက စက်ဘီးပြင်ဘို့ အားလုံးပြင်ဆင်ထား၏။ Bicycle repair patch လေးခု၊ ဖိနပ်ကပ်သည့် ကော်ဘူးလေး ၂ ဘူး၊ ကော်ပတ်၊ တာယာကော်သည့်အတံ၊ လေထိုးတံ၊ နောက်ပြီး ဘီးပေါက်သည့်နေရာ စစ်ဘို့ ရေပုလင်းကလေးထဲတွင် ဆပ်ပြာမှုန့်များထည့်။

 

မနက် ပန်ဂျူးရူး ရောက်ရောက်ချင်း စက်ဘီးဖာ။ ကျွန်ုပ်အတွက် စက်ဘီးဖာတာ ငှက်ပျောသီး အခွံနွှာစားတာလောက် တောင် မခက်ပါ။ (တခါတလေ အမျိုးသမီးက ငှက်ပျောသီး သေးသေးလေးတွေ ဝယ်လာတတ်၏။ ထိုငှက်ပျောသီးလေး တွေမှည့်သည့်အခါ အခွံခွာလိုက်လျှင် အလွန်ပါးလှသည့် အခွံများမှာ ပြတ်ထွက်ကုန်၏။ ငှက်ပျောသီး ပေါက်စနလေး တစ်လုံး စားရဘို့အရေး လက်များ ပေပွနေအောင် အခွံနွှာရလေရာ ကျွန်ုပ်မှာ အလွန်ဒေါကန်လေ၏။ ဤကား စကားချပ်)

 

၁၀ မိနစ်လောက် လုပ်လိုက်လျှင်ပင် စက်ဘီးဖာခြင်းအမှုကိစ္စ ပြီးမြောက်ခြင်းသို့ ရောက်သတည်း။

ကျွန်ုပ်လည်း လေကို 50 psi ထိ ထိုးထားလိုက်၏။

ထမင်းစားချိန် စက်ဘီးကိုသွားကြည့်လိုက်တော့ ဘီးမှာ ပြားချပ်နေလေ၏။

ဘီးကို ဖြုတ်ကြည့်လိုက်တော့ ယခွမ်း - ကော်များအားလုံး ကွာနေလေ၏။ ကော်မှာ သက်တမ်းကုန်၍ မကပ်တော့ပြီ။

ကျွန်ုပ်လည်း နောက် ကော်တဘူးနှင့် ထပ်ကပ်လျက် ထပ်လေထိုးပြန်၏။

တစ်နာရီခွဲလောက်ကြာလို့ သွားကြည့်လိုက်တော့ ဘီးမှာ ပြားနေပြန်၏။ ကတောက်စ်

ဤကော်မှာလည်း သက်တမ်းကုန်နေ၍ သိပ်မကပ်တော့ပြီ။

 

ကျွန်ုပ်လည်း စတိုခန်းသွားပြီး မွှေနှောက်ရှာကြည့်တော့ ဒန့်လော့ကော်ဘူးလေး တွေ့သည်နှင့် ယူလာကာ ထပ်ကပ်ပြန်၏။ ဒီတခါတော့ သေချာပြီဆိုပြီး အသေအချာ ကော်ပတ်တိုက်။ ကော်ကို သေသေချာချာသုတ်လျက် ကပ် ကာ လေထိုးထားပြန်၏။ 

 

၃ နာရီ ကော်ဖီချိန် စက်ဘီးကို သွားကြည့်တော့ ဘီးမှာ ပြားနေသည်ကို တွေ့ရပြန်၏။ ကျွန်ုပ်လည်း အတော် စိတ်ပျက် သွားမိ၏။ ကျွန်ုပ်လည်း ဘီးဆက်မဖာတော့ဘဲ လေလုံးကိုလဲမည်ဟု ရုံးကလူတွေကို ‘ပြန်ရင် သော့မခတ်ခဲ့ကြနဲ့ဟေ့’ ဟု မှာခဲ့လျက် Anywheel ကလေးစီးကာ ပိုင်အိုးနီးယားမှ ကုန်မာဆိုင်သို့ထွက်ခဲ့၏။ ဈေးမှာ သက်သာပါသည်။ ၂၆ လက်မ လေလုံးတစ်ခု၊ ၄၈ ခုပါ bicycle repair patch တစ်ဘူး။ ကော်တစ်ဘူး။ စုစုပေါင်း $7.60

 

မိုးကလည်း မဲမှောင်နေကာ တဖွဲဖွဲကျလာသည်နှင့် အိမ်ပြန်ပြီး မိုးကာယူ။ (လဂါးပါ၊ ရွာတာလည်း မှုတ်ဘဲနဲ့) လေလုံးလဲရန် ဂွရှင်တစ်ခုယူပြီး ပြန်ခဲ့။

 

စက်ဘီးစီးရင်း ‘အင်း၊ လေလုံးကမဟုတ်ဘဲ တာယာမှာ ဆူးစူးနေရင်လည်း ဖြစ်နိုင်တာပဲ’ ဟု တွေးမိ၏။

သို့နှင့် ပန်ဂျူးရူးပြန်ရောက်တော့ လေလုံးကို မလဲသေးဘဲ စတိုသွားကာ ရေဇလုံကြီးယူ။ စမ်းကြည့်တော့ နောက် တစ်နေရာတွင် ပေါက်နေတာ တွေ့ရ၏။ 

 

တာယာအတွင်းဘက် မျက်နှာပြင်ကို လက်နှင့်လိုက်စမ်းလိုက်တော့ အပ်လိုဟာကလေးကို စမ်းမိ၏။ 0.5 mm လောက် ရှိ၏။ ကျွန်ုပ်က ကျောပိုးအိတ်ထဲတွင် လက်သည်းညှပ်၊ ကပ်ကြေး၊ ခဲတံချွန်ဓား၊ ဇာကနာ စသည်တို့ကို အိတ်ကလေး တစ်ခုနှင့်ထည့်၍ အမြဲဆောင်ထားသည်ဖြစ်ရာ ထိုအပ်ကလေးကို လက်သည်းညှပ်နှင့် ညှပ်လျှက် ဆွဲထုတ်။ ပေါက်နေသည့် အပေါက်ကို ဖာ။ လေထိုးစမ်းကြည့်တော့မှ စက်ဘီးမှာ စီးလို့ရသည့်အခြေအနေသို့ ရောက်လေတော့ သတည်း။

 

အသားကုန် သွားလာလှုပ်ရှားနေရတော့ အိမ်အပြန်လမ်းတွင် ဆီးချိုကျသဖြင့် ကော်ဖီသကြားလုံး လေးလုံးထုတ် ဝါးလိုက်ရသေး၏။

 

အိမ်ပြန်ရောက်တော့ သားကို ထိုအကြောင်းများ ပြောပြကာ ‘သား၊ စက်ဘီးဖာရင် တပြိုင်နက်တည်း တာယာ အတွင်းဘက်ကိုပါ လက်နဲ့ စမ်းကြည့်ကွ’ ဟု ထပ်ဆောင်း မှာလိုက်ရပြန်သော ဟူ၏။ ထူးဆန်းပါပေ့ ဆတွတ်ရယ်။

 

တခါတရံ အမှန်တရားသည်လည်း အမှားတရံ ဖြစ်တတ်ကြောင်း

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၁ ဩဂုတ်လ၊ ၂၀၂၄

Wednesday, August 7, 2024

စင်ကာပူက စားသောက်ကုန်ပစ္စည်း ဈေးနှုန်းများအကြောင်း

(၁)

 

ကိုယ်က ဘာအစွမ်းအစမှ မရှိလေတော့ ကံကိုပဲ ပုံချရတော့မည်။

မြန်မာပြည်ကြီးကား ကံဆိုးလှပေစွတကား။

 

အင်္ဂလိပ်တို့ထံက လွတ်လပ်ရေးရပြီးတော့ တိုင်းပြည်ကို ပြန်လည် ထူထောင်ကြစို့။ စားသောက်ကုန်၊ စက်မှုန်ကုန်ကြမ်း များ လှိုင်လှိုင်ထုတ်ကာ နိုင်ငံခြားသို့တင်ပို့လျက် ပိုက်ဆံရှာပြီး တိုင်းပြည်တိုးတက်အောင် လုပ်ကြစို့ . . . 

.

.

.

ဟု . . .

အဘယ် တစ်ဦးတစ်ယောက်ကမှ မတွေးတော မကြံစည်ကြဘဲ . . .

 

သူ့အမေ ငါဂလိမ်း။ ငါ့အမေ သူဂလိမ်းဖြင့် လက်နက်များစွဲကိုင်ကာ အချင်းချင်း သတ်ကြဖြတ်ကြလျက် အချိန်ကုန်ကြလေသတည်း။ 

 

သူ့ငါသတ်၊ ငါ့သူသတ်နှင့် မဆုံးနိုင်သော စစ်ပွဲများ ဖြစ်လိုက်ကြရသည်မှာ တခြိမ်းခြိမ်း။ သည်ကနေ့အထိ။

 

လွတ်လပ်ရေးရပြီးနောက် များမကြာမီမှာပင် ချောက်ထဲကျဘို့ လက်နှစ်လုံးလောက်လိုတော့သည့် တိုင်းပြည်ကြီးကို ကယ်တင်မည့် မဟာကယ်တင်ရှင် မေဘေးကြီးတစ်ကောင် ပေါ်ထွက်လာကာ ဗမှားပြည်ကြီးကို ကယ်တင်လိုက်ရာ နှစ်ဒကိတ်အတွင်းမှာပင် ထိပ်သီးဘဝမှ ဘိတ်ချီးဘဝသို့ ကျရောက်လေသော ဟူသတတ်။

 

ထိုအေဘေးကြီးကို အားကျလျက် ၎င်း၏ နောင်လာနောက်သား စစ်ခွေးမျိုးဆက်များကလည်း ဗမာပြည်ကြီးကို ဆက်တိုက် ကယ်တင်လာခဲ့ရာ ဗမာပြည်ကြီးမှာ ဘိတ်ချီးဘဝမှသည် ရစရာမရှိတော့သော ဓားမနောက်ပိတ်ခွေးဘဝသို့ ကျဆင်းခဲ့ရလေတော့သတည်း။ 

 

(၂)

 

ကျွန်ုပ်သည် ဈေးများသို့ ရောက်မိလေတိုင်း ကုန်ပစ္စည်းများ၏ ဈေးများကို စနည်းနာလေ့ ရှိ၏။

ထိုကုန်စည်ဈေးနှုန်းများကို တွေ့သည့်အခါတိုင်းလည်း ရင်ထုမနာ ဖြစ်ရ၏။

 

ဟိုတစ်နေ့က ရှမ်ဆောင်းရောက်တော့ အဲ့ငယ် - ဟို ဝါဝါတွေက ဘာရွက်တွေပါလိမ့် ဟု သွားရောက် စပ်စုမိ။

အလို - ဝါးရွက်တွေကို ထုပ်ပြီး ရောင်းထားတာပါကလား။

ဈေးနှုန်းဖတ်ကြည့်လိုက်တော့ ၃၈၀ ဂရမ်ကို စင်းဒေါ်လာ 5.95 ဟူ၏။ မြန်မာငွေပြောင်းလိုက်လျှင် -

ဝါးရွက် ၂၄ ကျပ်သားကို ဗမာငွေ ၂ သောင်း ၂ ထောင်ကျော်။ အောင်မငီး

ဝါးရွက်များမှာ တရုတ်ပြည်မှ တင်သွင်းလာတာ ဖြစ်၏။

 

နောက်တစ်ခုက ဗီယက်နမ် ပရောဒတ် အာလူးအချို (ဟုတ်ပေါင်) ကန်စွန်းဥ ၁ ကီလို = SGD 3.50 è မြန်မာငွေနှင့် ၆၂ ကျပ်ခွဲသားကို ၁ သောင်း ၃ ထောင်

 

ဘူးသီး လုံးပတ် ထွာဆိုင်မရှိတရှိ၊ အရှည် တစ်ထွာနှင့် လက် ၄ လုံး $2.70 - မြန်မာငွေ တစ်သောင်းနီးပါး

 

မလေးရှားပြောင်းဖူး တစ်ဖူး SGD 0.50, မြန်မာငွေ ၂၂၀၀ ကျပ်

အိန္ဒိယ သရက်သီးတစ်လုံး SGD 6.90, မြန်မာငွေ နှစ်သောင်းခွဲ

ထိုင်းအုန်းသီး တစ်လုံး SGD 2.00, မြန်မာငွေ ၇၄၀၀

ကျွန်ုပ် လက်သီးဆုပ်သာသာခန့်ရှိ ဖိလစ်ပိုင် မကောင်းမကန်းသင်္ဘောသီးတစ်လုံး $4.00 - မြန်မာငွေ တစ်သောင်းခွဲခန့်

 

ဩစတေးလျားအမဲသား တစ်ကီလိုကို SGD 49, မြန်မာငွေနှင့် ၆၂ ကျပ်ခွဲသားကို ၁ သိန်း ၈ သောင်း

ဩစတေးလျား ဝါဂူးအမဲသား ၅၀၀ ဂရမ်ကို SGD 95.50, မြန်မာငွေနှင့်တွက်လျင် ၃၀ သားကို ၃ သိန်းခွဲ။ ၁၀ သားကို ၁ သိန်းကျော် (ဖျား ဖျား)

 

ဆန်လုံးညို တစ်ကီလို - $7.40 - မြန်မာငွေ ၂၇,၀၀၀

အိန္ဒိယဘာစမာတီဆန် - ၁ ကီလို $4.50 - ဆန်နို့ဆီဘူး ၄ လုံး = တစ်သောင်းခြောက်ထောင်

အိန္ဒိယဘာစမာတီဆန် - ၅ ကီလို $24.60 - ၂ ပြည် = ကိုးသောင်း

အိန္ဒိယဆန် ၁၀ ကီလို - $32.10 - ဆန် ၄ ပြည်ခွဲ = ၁ သိန်း ၂ သောင်း

 

ကျွန်ုပ်တို့ ချက်စားနေသည့် ဂျက်စမင်းဆန်သည်ပင်လျင် ၁၀ ကီလိုကို $17.95 (၄ ပြည်ခွဲကို ၆ သောင်း ၆ ထောင်)




















 

(၃)

 

သူများတိုင်းပြည်တွေက အရည်အသွေးမြင့်ထုတ်ကုန်များကို ဈေးကောင်းကောင်းနှင့် တင်ပို့ရောင်းချနေချိန်၌ -

ကျွန်ုပ်တို့တိုင်းပြည်မှာမူ အလုပ်လုပ်နိုင်သူမှန်သမျှ နေ့စဉ် လေကြောင်း၊ ရေကြောင်း၊ ကြည်းကြောင်း။ ရှိသမျှ အကြောင်းများမှနေ၍ သူများတိုင်းပြည်၌ ကျွန်သွားခံရန် ဈေးကြီးပေးလျက် ထွက်နေကြရကုန်၏။

 

ကိုယ့်တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားရမည့်အစား မြေနိုးများသည် တချိန်လုံး အာဏာသိမ်းဘို့ပဲ တွေးနေလျက် ရှိသမျှ သယံဇာတများကို အိတ်ထဲထည့်ဘို့လောက် ကြံစည်နေလေရာ -

သည်တိုင်းပြည်မှ ဖာတိုင်းပြည်မဖြစ်လျှင် အဘယ်တိုင်းပြည်ဖြစ်ပါတော့မည်နည်း။

 

သို့မို့ကြောင့် ကျွန်ုပ်တို့သည် ထို ခွားသဒေါင်းဇေးများကို ကျူပင်ခုတ် ကျူငုတ်ပါမကျန် မြေလှန်ပစ်ကြရမည်။

 

တွေးမိတိုင်း တနုတ်နုတ်နှင့် ဒေါသဖြစ်နေသူ -

 

အေးငြိမ်း

၇ ဩဂုတ်လ၊ ၂၀၂၄