Tuesday, April 9, 2024

ဦးစားပေးခြင်း ယဉ်ကျေးမှု

သည်ကနေ့မနက် ကျွန်ုပ် အလုပ်ကိုလာတော့ Blk 656A ထောင့်၊ လူသွားလမ်းပေါ်အဆင်းတွင် အပေါ်မှတက်လာသည့် လက်တွန်းလှည်းကလေးနှင့် ဆုံ၏။ ကလေးလက်တွန်းလှည်းကလေးကို အဖိုးကြီးတစ်ဦးက တွန်း တက်လာခြင်း ဖြစ်၏။ အဲလေ တွန်းတက်လာတာမဟုတ်။ တွန်းတက်ဘို့ ပြင်နေတာ ဖြစ်၏။ ကျွန်ုပ်က စက်ဘီးနှင့် အောက်ကိုအဆင်း၊ သူက အပေါ်အတက် နှစ်ဦး ဆုံ၏။ သူလည်း ရပ်စောင့်၊ ကျွန်ုပ်လည်း ရပ်စောင့်။ သူက မင်းအရင်ဆင်းလာခဲ့ ဆိုသည့်သဘော နှင့် လက်ပြ၏။ ကျွန်ုပ်လည်း စက်ဘီးကို အရှိန်သပ်လျက် ဆင်းသွားလိုက်၏။

 

ဤကဲ့သို့ပင် လူကူးမျဉ်းကြား၌လည်း အသင်တို့ ကြုံဖူးပါလိမ့်မည်။ မိမိက လူကူးမျဉ်းကြား၌ ကူးရန် ရပ်စောင့်သည့်အခါ ကားများက ရပ်လျက် သင့်ကို လမ်းပေးပါလိမ့်မည်။ 

 

လမ်း၌ရပ်စောင့်ရသည့်အခါ၌လည်း လမ်းသွားလမ်းလာများအတွက် နေရာလုပ်ပေးထားရ၏။ လမ်းကို ပိတ်ရပ်မနေရ။ လမ်းသွားသည့်အခါ လမ်းဘေးမှ (ပလက်ဖောင်း၏ လက်ဝဲဘက်မှ) ကပ်ကာ သွားရ၏။ သို့မှ အမြန်လျှောက်လိုသူများ ကျော်သွားနိုင်မည်။

 

စက်လှေကားစီးသည့်အခါ ရပ်စီးမည်ဆိုပါက လက်ဝဲဘက်၌ ကပ်လျက် ရပ်ရ၏။ သို့မှ လှေကားပေါ် တက်သွားလိုသူများ လက်ယာဘက်မှ ကျော်တက်နိုင်မည်။

 

ဤသည်မှာ ဦးစားပေးခြင်းယဉ်ကျေးမှု ဖြစ်သတည်း။

 

ကျွန်ုပ်တို့ကျောင်းသားဘဝက ဟီးနိုးဘတ်စ်ကားကို ခေါင်းပေါင်းကြီးတပ်ပေးလျက် ၁ ကျပ်တန် အထူးကားဟု ပြေးဆွဲ ပေး၏။ တစ်ခါသော် ကျွန်ုပ်နှင့် သူငယ်ချင်းတစ်ယောက်တို့ မြို့ထဲသို့ သွားကြ၏။ ဘတ်စ်ကားဂိတ်တွင် စောင့်နေစဉ် ခေါင်းပေါင်းကြီးနှင့် ဘတ်စ်ကား ဆိုက်လာ၏။ 

 

ကားလုံးဝရပ်မသွားမီပင် ကျွန်ုပ်သူငယ်ချင်းမှာ ကားပေါ်အတင်းပြေးတက်လျက် နေရာဦးလေ၏။ အမှန်က သူ ထိုင်ဘို့ မဟုတ်။ ကျွန်ုပ်အတွက် နေရာဦးပေးခြင်းဖြစ်၏။ ကျွန်ုပ်က ဤသို့လုပ်တာကို မကြိုက်။ မကြိုက်ကြောင်းလည်း သူ့ကို ပြောပြ၏။

 

ကျွန်ုပ်တို့လို ငယ်ငယ်ရွယ်ရွယ်၊ သန်သန်မာမာ ယောက်ျားလေးများအဖို့ ဘတ်စ်ကားမှာ ထိုင်ခုံမရလို့ မတ်တပ်ရပ်လိုက်ရ လျင်ကော။ ဘယ်လောက်ပင်ပန်းသွားပါမည်နည်း။ ကျွန်ုပ်တို့ထက်ပိုပြီး ထိုင်ခုံလိုအပ်သူတွေ ရှိနေနိုင်၏။ သူတို့အတွက် ဦးစားမပေးသင့်ပါသလော။ 

 

ကျွန်ုပ်သားကမူ ကားစီးသည်ဖြစ်စေ၊ ရထားစီးသည်ဖြစ်စေ။ ထောင့်တစ်နေရာ၌ ရပ်ကာ သူ့ဘာသာသူ သီချင်းလေး နားထောင်နေလေ့ရှိ၏။ အတင်းတွန်းပြီး နေရာလုဘို့ နေနေသာ နေရာလွတ်များရှိနေသည့်တိုင် မည်သည့်အခါမှ ထိုင်ဘို့ကို မစဉ်းစား။ 

 

ဘတ်စ်ကား၊ ရထားစီးသည့်အခါ၌လည်း အသင်တို့သည် အတင်းနေရာလုထိုင်သူများကို ကြုံကြရပါလိမ့်မည်။ ဤကဲ့သို့သော လူစားမျိုးထဲ၌ သင်တို့ မပါပါစေနှင့်။

 

ကျွန်ုပ် ကျောင်းသားဘဝက ရန်ကုန်သို့လာလျှင် သာရဝေါ - ရန်ကုန် ရထားစီးကာ လာရ၏။ ပြန်သည့်အခါ၌လည်း ထိုရထားကို ကြည့်မြင်တိုင်ဘူတာ၊ သို့မဟုတ် အင်းစိန်ဘူတာကနေ စီးရ၏။

 

ကြည့်မြင်တိုင်ဘူတာမှနေ၍ ရထားစီးသည့်အခါ ရထားပေါ်၌ အိပ်နေသူများကို တွေ့ရလေ၏။ ၎င်းတို့မှာ ရထားတွဲများကို နေအိမ်လုပ်နေသူများ ဖြစ်၏။ ထိုသူတို့သည် ရထားပေါ်၌အိပ်လျက် ထိုင်ခုံနေရာများ ဦး၏။ အိပ်လည်းအိပ်ရ၊ ထိုင်ခုံ နေရာဦးပြီး နေရာကို ရောင်းစားလို့လည်းရ။ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်၏။

 

ဤသည်ကို အကြိမ်ပေါင်းများစွာ ကျွန်ုပ်ကြုံဖူး၏။ ရင်ထဲကပင် မကျေနပ်သော်လည်း ကျွန်ုပ် ဘာမှ မလုပ်ဖြစ်ခဲ့။

တစ်နေ့သောအခါ ကျွန်ုပ် ကျောင်းပိတ်၍ အိမ်အပြန် ရထားပေါ်၌ ဤကဲ့သို့ပင် ကြုံပြန်၏။ 

ခုံများပေါ်၌ အိပ်နေသူများ ရှိနေသဖြင့် ခရီးသည်များမှာ ထိုင်ခုံများအကြား လမ်းပေါ်၌ ထိုင်သူထိုင်၊ ထသူထ။

 

ကျွန်ုပ်ရောက်ပြီး များမကြာမီ ခပ်ပိန်ပိန်ပါးပါး၊ အသားခပ်ဖြူဖြူ၊ ကျောင်းသားနှင့်တူသူတစ်ယောက် တက်လာ၏။ ကျွန်ုပ် အသက်အရွယ် (၂၂/၂၃) လောက်ပင် ရှိပါလိမ့်မည်။ 

 

၎င်းက အသံကိုမြှင့်လျှက် -

 

‘ဟိတ်၊ အကုန်ထစမ်း၊ အကုန်ထ။ ထဆိုထလေ။ ဘာလုပ်နေတာတုံး။ အကုန်ထ။ အကုန် အောက်ကိုဆင်း။ ဘာလဲ ဒီရထားပေါ်မှာ ခင်ဗျားတို့က အကျအနလာအိပ်နေရအောင် ဒီရထားက ခင်ဗျားတို့ ပထွေးဆီက အမွေရထားတာလား။ ဟို့နောက်က တစ်ယောက် ထဆိုထလေ။ ဘာပေနေတာလဲ။ အကုန်အောက်ကိုဆင်း။ ခရီးသည်တွေ ခုံတွေမှာ အားလုံးဝင်ထိုင်။ တစ်ယောက်မှ ပိုက်ဆံပေးစရာမလိုဘူး။ ဒါ ပြည်သူပိုင်ရထား။ ဘယ်ကောင်မှ မပိုင်ဘူး။ 

 

ထိုနံရောအခါကျမှ ရထားတွဲခုံများပေါ် အိပ်နေသူများမှာ ကုပ်ချောင်းကုပ်ချောင်းနှင့် ဆင်းသွားကြလေ၏။ ခရီးသည်များ လည်း မိမိတို့နီးရာခုံများတွင် ဝင်ထိုင်ကြလေ၏။

 

ဤအဖြစ်အပျက်ကိုကြည့်ပြီး ကျွန်ုပ်သည် ကိုယ့်ကိုယ်ကိုယ် အလွန် အားမရဖြစ်မိလေ၏။ ကျိန်လည်း ကျိန်ဆဲမိ၏။ 

“ငါရော ဘာကြောင့် အဲသလို မလုပ်နိုင်ရသလဲ။ ဘာကိစ္စ အဲသလောက် သရဲဘောကြောင်ရသလဲ။ ကိုယ့်မျက်စိရှေ့မှာ မဟုတ်တာလုပ်နေတာကို ဘာကြောင့် မျက်စိမှိတ် နေရသလဲ။

 

လက်မှတ်ဝယ်ပြီး ရထားစီးသည့်သူများကို ဦးစားမပေးဘဲ ထိုင်ခုံနေရာများကို ဦးကာ ရောင်းစားခြင်းသည် အင်မတန် အောက်တန်းကျပြီး ရိုင်းလှ၏။ ဤကဲ့သို့သောသူများကို ကျွန်ုပ်တို့သည် ဖြစ်နိုင်သမျှနည်းလမ်းအားလုံးသုံးကာ တားမြစ် ကြရမည်။ 

 

အိမ်သာတွင်ဖြစ်စေ၊ ငွေထုတ်စက်တွင်ဖြစ်စေ၊ စားသောက်ဆိုင်တွင် ဈေးဝယ်သည့်အခါဖြစ်စေ၊ ကားရထားစီးသည့် အခါတွင်ဖြစ်စေ၊ မည်သည့်အခါတွင်မဆို အသင်သည် တန်းစီရသည် ဆိုပါစို့။ အကယ်၍ အဖိုးကြီး/အဖွားကြီးများ၊ မသန်မစွမ်းများ၊ ကလေးသူငယ်များ သင့်နောက်က လာ တန်းစီလျှင် သူတို့ကို နေရာဖယ်ပေးလိုက်ပါ။

 

မြန်မာစကားတွင် “ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကိုသနား” ဟုရှိ၏။

 

ဦးစားပေးခြင်းတွင်လည်း ဤသည့် ယဉ်ကျေးမှုကို လိုက်နာသင့်လှ၏။

 

မိမိထက် အသက်ကြီးသူကို ဦးစားပေးခြင်း၊

မိမိထက် အသက်ငယ်သူများကို ဦးစားပေးခြင်း၊

မသန်မစွမ်းများကို ဦးစားပေးခြင်း၊

ကိုယ်ဝန်ဆောင်များ/ကလေးအမေများကို ဦးစားပေးခြင်းဖြင့် -

သင်တို့သည် နိုင်ငံကြီးသားပီသကြောင်းကို ပြသကြပါကုန်လော့။

 

သင်တို့သည် နေရာလုထိုင်ခြင်းအားဖြင့် မည်မျှအကျိုးရှိသွားပါသနည်း။

မိမိနေရာကို ပေးထိုင်လိုက်ခြင်းနှင့် -

အတင်းနေရာလုခြင်း နှစ်မျိုးအပေါ် ပတ်ဝန်းကျင်က သင့်ကို မည်ကဲ့သို့ သဘောထားပါမည်နည်း။

အသင်သည် ပတ်ဝန်းကျင်က သင့်အပေါ် မည်ကဲ့သို့ ထင်မြင်စေလိုပါသနည်း။

 

နေရာလုထိုင်လိုက်သည့်အခါ ဖြစ်ပေါ်လာသည့် စိတ် နှင့် -

အခြားတစ်ယောက်ကို နေရာပေးလိုက်သည့်အခါ ဖြစ်ပေါ်လာသည့် စိတ် နှစ်မျိုးတွင် မည်သည့်စိတ်သည် ပို၍ ချမ်းသာ မည် အသင်ထင်ပါသနည်း။

 

ရယူခြင်းကြောင့် ရလာသည့် စိတ်ချမ်းသာမှုနှင့် -

ပေးဆပ်လိုက်ရခြင်းကြောင့် ရလာသည့် ပီတိသည် မည်ကဲ့သို့မှ မနှိုင်းသာ/မယှဉ်အပ်။

 

ဤသည်မှာ ဦးစားပေးခြင်းယဉ်ကျေးမှုဖြစ်၏။

 

အသင်တို့သည် ဦးစားပေးတတ်သူများ ဖြစ်ကြပါစေကုန်သတည်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၈ ဧပြီလ၊ ၂၀၂၄

No comments: