Wednesday, April 17, 2024

နှစ်ဆန်းတစ်ရက် သို့မဟုတ် မြန်မာနှစ်တစ်နှစ်၏ အစ

သည်ကနေ့သည် မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်၏။

အင်္ဂလိပ်နှစ် တစ်နှစ်သည် ဇန္နဝါရီလ ၁ ရက်နေ့ ၀၀ နာရီ ၀၀ မိနစ် ၀၀ စက္ကန့်တွင်စ၏။

မြန်မာနှစ်တစ်နှစ်သည် မည်သည့်ရက်တွင် စပါသနည်း

မြန်မာနှစ်တစ်နှစ်၏ အစရက်သည် ပုံသေမရှိ။ သူစရမည့်ရက်အတိုင်း စပါသည်ဟု ဖြေရပါမည်။ နှစ်ဆန်းရက်သည်ပင် နှစ်၏အစရက် ဖြစ်တော့၏။ 

 

ကျွန်ုပ်တွက်ပြပါမည်။ သို့သော် အသင်တို့ နားလည်လိမ့်မည်ဟု မယူဆပါ။

 

သည်နှစ် နှစ်ဆန်းရက်သိဘို့ ယမန်နှစ်က နှစ်ဆန်းရက်ကို သိဘို့လိုသည်။ ထိုနှစ်ဆန်းရက်ကို ၃၆၅ ရက် ထည့်ပေါင်း လိုက်ပါ။ ယခုနှစ်ဆန်းရက် ရမည်။ သို့သော် ယခုနှစ်သည် သာမန်နှစ်၊ ဝါငယ်ထပ်၊ ဝါကြီးထပ် ဆိုတာလည်း သိရန် လို

၁၃၈၅ ခုနှစ် (၂၀၂၃ ခုနှစ်) နှစ်ကို ဥပမာထား၍ တွက်ပြပါမည်။

 

၁၃၈၅ ခုနှစ် (၂၀၂၃ ခုနှစ်) ၏ နှစ်ဆန်းတစ်ရက်နေ့မှာ တန်ခူးလပြည့်ကျော်  ရက်၊ တနင်္လာနေ့ ဖြစ်၏။ သို့ဆိုလျှင် ၁၃၈၆ (၂၀၂၄) ခုနှစ်၏ နှစ်ဆန်း ၁ ရက်နေ့သည် မည်သည့်နေ့ဖြစ်မည်နည်း။ 

 

၁၃၈၅ ခုနှစ်သည် ဝါကြီးထပ်နှစ်ဖြစ်၏။ ဝါကြီးထပ်နှစ်တွင် နယုန်လ၌ ရက် ၃၀၊ ပ-ဝါဆို ရက် ၃၀၊ ဒု-ဝါဆို ရက် ၃၀ ရှိ၏။

၁၃၈၅ တွင် တန်ခူးလပြည့်ကျော်  ရက်၌ နှစ်ဆန်းသည်ဖြစ်ရာ ၁၃၈၅ နှစ်အစပိုင်း၌ တန်ခူးလတွင် လပြည့်ကျော် ၁၃၊ ၁၄ ရက် နှစ်ရက်သာ ပါတော့၏။

 

တန်ခူး - ၂ ရက်

ကဆုန် - ၃၀ ရက်

နယုန် - ၃၀ ရက်

ပ-ဝါဆို - ၃၀ ရက်

ဒု-ဝါဆို - ၃၀ ရက်

ဝါခေါင် - ၂၉ ရက်

တော်သလင်း - ၃၀ ရက်

သီတင်းကျွတ် - ၂၉ ရက်

တန်ဆောင်မုန်း - ၃၀ ရက်

နတ္တော် - ၂၉ ရက်

ပြာသို - ၃၀ ရက်

တပို့တွဲ - ၂၉ ရက်

တပေါင်း - ၃၀ ရက်

နောက်တန်ခူး - ၇ ရက်

--------------------------

ပေါင်း - ၂ + ၂၄၀ + ၁၁၆ + ၇ = ၃၆၅ ရက်

 

ထို့ကြောင့် တန်ခူးလဆန်း ၇ ရက်နေ့တွင် တစ်နှစ်ပြည့်မည်။ နှစ်ကုန်မည်။

သို့မို့ကြောင့် ၁၃၈၆ ခုနှစ်တွင် တန်ခူးလဆန်း ၈ ရက်နေ့၌ နှစ်ဆန်းမည်။

သို့သော် ၁၃၈၆ တွင် တန်ခူးလဆန်း ၉ ရက်ကို နှစ်ဆန်း (၁) ရက်နေ့အဖြစ် သတ်မှတ်၏။

အဘယ်ကြောင့် ကွဲလွဲရသနည်း။

 

သင်္ကြန်တက်ချိန်သည် နှစ်ကူးချိန်ဖြစ်၏။ 

နှစ်ကူးချိန်သည် ၁၃၈၅ - ခုနှစ် နှောင်းတန်ခူးလဆန်း (၈) ရက်၊ နံနက် ၄ နာရီ ၂၉ မိနစ် ၂၆ စက္ကန့် ဖြစ်၏။ 

ထို့ကြောင့် တန်ခူးလဆန်း (၈) ရက်နေ့၌ (၂) နှစ် ရောပါနေ၏။

 

တန်ခူးလဆန်း (၈) ရက်နေ့ မနက် ၄ နာရီ ၂၉ မိနစ် ၂၆ စက္ကန့်ထိသည် ၁၃၈၅ ခုနှစ်ဖြစ်ပြီး -

မနက် ၄ နာရီ ၂၉ မိနစ် ၂၇ စက္ကန့်မှစကာ ၁၃၈၆ ခုနှစ် စတင်၏။

 

တကယ်သာဆို  တန်ခူးလဆန်း (၈) ရက်နေ့တွင် ၁၃၈၅ သည် ၄ နာရီခွဲမျှသာပါ၍ ကျန် ၁၉ နာရီခွဲသည် ၁၃၈၆ ခုနှစ် ဖြစ်၏။ 

 

သို့သော် ရှေးပညာရှိကြီးများက မည်သည့်အချိန်တွင် သင်္ကြန်တက်သည်ဖြစ်ပါစေ ထိုနေ့ကို နှစ်ဟောင်းထဲ၌ ထည့်သွင်း ရေတွက်ကြသဖြင့်သာ တန်ခူးလဆန်း (၈)ရက်နေ့သည် ၁၃၈၅ ထဲ ပါသွားရခြင်းဖြစ်သတည်း။

 

ကျွန်ုပ်အလိုအရမူ တန်ခူးလဆန်း (၈) ရက်နေ့တွင် နှစ်ကူးသဖြင့် ထိုနေ့ကို ၁၃၈၆ ခုနှစ်ထဲ ထည့်သွင်းရေတွက်ချင်ပါ၏။ သဘာဝလည်း မကျပါသလော။ 

ယခုတော့ (၈) ရက်နေ့ကို ၁၃၈၅ ထဲ ထည့်ထားသဖြင့် ၁၃၈၅ ခုနှစ်က ၁၃၈၆ ခုနှစ်မှ ၁၉ နာရီခွဲကို အလီဘာဘာ လုပ်သွားသည်နှင့် တူလေ၏။

 

နှစ်တစ်ခုတွင် နှစ်ဦး၌ တန်ခူးတစ်ခါ၊ နှစ်နှောင်းပိုင်း၌ တန်ခူးတစ်ခါ နှစ်ခါပါ၏။

 

၁၃၈၅ ခုနှစ်တွင် နှစ်ဦး၌ တန်ခူးလပြည့်ကျော် ၁၃၊ ၁၄ နှစ်ရက်သာပါ၏။ နှောင်းပိုင်း၌ တန်းခူးလဆန်း ၁ ရက်နေ့မှ တန်းခူးလဆန်း ၈ ရက်နေ့ထိပါ၏။ 

 

နှစ်ဦးပိုင်းမှ တန်ခူးကို ဦးတန်ခူး၊ နှစ်နှောင်းပိုင်းမှ တန်ခူးကို နှောင်းတန်ခူး ဟု ခေါ်။ တန်ခူးဆိုရုံမျှနှင့် မပြည့်စုံနိုင်။

 

ဤသည်တို့ကို ခညားတို့ အပြည့်အဝ နားလည်လိမ့်မည်ဟု မယူဆပါ။ ကျွန်ုပ်က မနေနိုင်၍ လျှာရှည်ခြင်းမျှ ဖြစ်ပါ၏။

 

တူနယ်တဲ့နယ် လဗျောင်

 

အဲ အဲစ် မေ့တော့မလို့ - - -

 

စင်ကာပူက လူများကတော့ ဒီဇင်ဘာလ ၃၁ ရက်နေ့ သန်းခေါင်ချိန်ကိုစောင့်ကာ ၁၂ နာရီတီးသည်နှင့် ဟက်ပီး နျူးယီးယား ဟု အော်ကြကုန်၏။

 

အသင်တို့သည် မြန်မာနှစ်ကူးချိန်၌ ဟက်ပီးနျူးယီးယားဟု အော်ချင်လျှင် မည်သည့်အချိန်၌ အော်မည်နည်း။

 

၂၀၂၄ ခုနှစ် ဧပြီလ ၁၆ ရက်နေ့ နံနက် ၄ နာရီ ၂၉ မိနစ် ၂၆ စက္ကန့်တွင် သင်္ကြန်တက်သည် ဆို၏။

ထိုအချိန်သည်ပင် နှစ်ကူးချိန်ဖြစ်သတည်း။

 

အသင် လုံကလေး၊ လုံမကလေးတို့ ဟက်ပီးနျူးယီးယားဟု အော်ချင်လျှင် အနှီ ဧပြီလ ၁၆ ရက်နေ့ နံနက် ၄ နာရီ ၂၉ မိနစ် ၂၆ စက္ကန့်တွင် အိပ်ယာမှ စောစောထကာ အော်ရမည်ဖြစ်၏။

 

အကယ်၍ သင်တို့သည် ဧပြီလ ၁၇ ရက်နေ့ကို နှစ်ကူးရက်မှတ်ကာ ဧပြီလ ၁၆ ရက် ည သန်းခေါင်တွင် ဟက်ပီးနျူးယီးယားကြမည်ဆိုပါက သင်တို့သည် နှစ်ကူးချိန်ကို ၁၉ နာရီခွဲကျော်လာပြီးမှ နျူးယီးယားသဖြင့် -

 

ဘာနှင့်တူသနည်းဆိုလျှင် -

ပန်းတိုင်ကိုရောက်ပြီး ခြေလှမ်း ၁၉ လှမ်းကျော်လာမှ ငါ ပန်းဝင်ပြီကွ ဟု ဂယောင်ကတမ်းအော်သူကဲ့သို့ ဖြစ်လိမ့်မည် သာတည်း။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၇ ဧပြီလ၊ ၂၀၂၄ 

No comments: