Tuesday, May 9, 2023

စင်ကာပူမှ သာလာယံဇရပ်ကလေးများ အကြောင်း

စင်ကာပူမှ တိုက်ကြိုတိုက်ကြားများတွင် သာလာယံဇရပ်ကလေးများရှိ၏။

ထိုသာလာယံဇရပ်ကလေးများကို မျိုးစုံ အသုံးချ၏။

ထို့ကြောင့်ပင်လျှင် ၎င်းတို့ကို multi-purpose hall ဟု ခေါ်၏။ ဘက်စုံသုံးခန်းမ ဟု ဆိုရမည်လားမသိ။


ကျွန်ုပ်တို့ တိုက်အောက်တွင်လည်း ဤဇရပ်ကလေးမျိုး တစ်ခု ရှိ၏။

ထိုင်ခုံများကို သေသေချာချာစီလျှင် လူ (၁၀၀) ခန့် ဆန့်၏။

ထို့ထက်လူများလျှင်လည်း ပြဿနာမရှိပါ။ ဤဇရပ်ကလေးဘေးမှ ကွက်လပ်ကို ရွက်ဖျင်တဲများထိုးလျက် စားပွဲ၊ ထိုင်ခုံများ ချနိုင်သေး၏။

 

ကျွန်ုပ်တစ်ခု သတိထားမိသည်မှာ ဤဇရပ်ကလေးများတွင် -

တရုတ်လူမျိုးတို့သည် အသုဘအခမ်းအနားကို ကျင်းပကြ၏။

မလေးလူမျိုးတို့သည် အာဝါဟ ဝိဝါဟ မင်္ဂလာဆောင်ခြင်းအမှုကို ပြုကြကုန်၏။

အိန္ဒိယလူမျိုးတို့သည် ဒီပါဝလီစသည့် အခါကြီးရက်ကြီးများတွင် ဘာသာရေးဆိုင်ရာ အခမ်းအနားများ ပြုလုပ်ကြ၏။

 

နေ့ခင်းနေ့လယ်များတွင် မူကြိုကျောင်းမှ ကလေးငယ်များ ကစားခုန်စားနေတာ တွေ့ရ၏။

သောကြာနေ့ ညနေပိုင်း ၆ နာရီလောက်ဆိုလျှင် အဖွားကြီးများ၊ အသက်ကြီးပိုင်း အမျိုးသမီးကြီးများ၊ သက်လတ်ပိုင်း တချို့တို့ ဆောင်းဘောက်နှင့် သီချင်းများဖွင့်ကာ အေရိုးဗစ်ကစားကြ၏။ ၎င်းတို့ထံမှထွက်ပေါ်လာသည့် “ဟေး” ကနဲ အော်သံမှာ ဆွဲဆောင်မှုရှိလှ၏။

ကိုဗစ်ကာလ အစိုးရက ပြည်သူများကို နှာခေါင်းစည်းများ ဝေပေးသည့်အခါ ဤဇရပ်ကလေးများတွင် ဝေပေး၏။

 

ဤနေရာတွင်ပင် ကလေးများသည် စကိတ်စီးကြ၏။

ကန်မကလေးများသည် ကြက်တောင်ရိုက်ကြ၏။

နေ့ခင်းပိုင်းများတွင် အဖိုးကြီး အဖွားကြီးတို့သည် အတင်းတုတ်ကြ၏။

အဖွားကြီး လေးငါးဦးစုလျက် တိုက်ချိချွမ်ကစားနေသည်ကိုလည်း တွေ့နိုင်၏။

 

ထူးဆန်းသည်မှာ ဤဇရပ်ကလေးများတွင် -

တရုတ်လူမျိုးတို့ မင်္ဂလာအခမ်းအနား ကျင်းပသည်ကို မတွေ့ရ။

မလေးလူမျိုးတို့ အသုဘအခမ်းအနား ကျင်းပသည်ကို မတွေ့ရ။

အိန္ဒိယလူမျိုးတို့မူ မင်္ဂလာအခမ်းအနားရော၊ အသုဘအခမ်းအနားပါ ကျင်းပသည်ကို မတွေ့ရခြင်း ဖြစ်၏။

 

ကြေးမောင်းကလေး နောင် နောင် နောင် နောင် နှင့် ဗုံသံကလေး တဗုံဗုံတီးပြီး ယောမိသောဘော စသည့် တရုတ်ဘုန်းကြီးများ ရွတ်ဖတ်သံကြားရပြီဆိုလျှင် တရုတ်အသုဘ ဖြစ်ကြောင်း သိရ၏။

 

ဆောင်းဘောက်ကြီးများနှင့် သီချင်းများ ဖွင့်ထားလျှင် မလေးမင်္ဂလာဆောင် ဖြစ်ကြောင်း သိနိုင်၏။

 

တရုတ်အသုဘချရာတွင် အချို့မှာ ခမ်းခမ်းနားနား ချ၏။ သေပြီးနောက် နောက်ဘဝတွင် စည်းစိမ်ဥစ္စာများ ခံစားရစေနိုင်ရန် ရည်ရွယ်ချက်ဖြင့် အိမ်၊ ကား၊ အစေခံ နှင့် လူ့အသုံးအဆောင်ပစ္စည်း အရုပ်ကလေးများကို တည်ခင်းပြသထား၏။ ပိုက်ဆံသိပ်မရှိသူများ၏ အရုပ်ကလေးများမှာ သိပ်မများလှ။ ပိုက်ဆံချမ်းသာသူများကမူ ထိုအရုပ်များကို အမျိုးစုံအောင် တခမ်းတနား၊ ကြီးကြီးကျယ်ကျယ် ပြသကြလေ၏။

 

ပိုက်ဆံသိပ်မရှိသူများက ရွှေစက္ကူ၊ ငွေစက္ကူများကို စည်ပိုင်းပြတ်များအတွင်းထည့်ကာ မီးရှို့ကြ၏။ ပိုက်ဆံရှိသူများကမူ သံဇကာဖြင့် ယက်လုပ်ထားသော ခြင်းကြီးအတွင်း များလှစွာသော စက္ကူများထည့်ကာ ဟုန်းဟုန်းထနေအောင် မီးရှို့ကြ၏။

 

မလေးမင်္ဂလာဆောင်မှာ တမျိုးဆန်း၏။

စင်မြင့်ပေါ်တွင် သတို့သား၊ သတို့သမီးတို့ထိုင်နေပြီး အောက်တွင် ဧည့်ခံပွဲကြွလာသူတို့ကို အကျွေးအမွေးဖြင့် ဧည့်ခံ၏။ သတို့သား၊ သတို့သမီးတို့ထိုင်နေရာ ရှေ့တည့်တည့် အလယ်၌ လမ်းတစ်ခုလုပ်ထားပြီး သိုင်းကသကဲ့သို့ တစ်ယောက်ပြီး တစ်ယောက် ကပြအသုံးတော် ခံကြ၏။ ညနေပိုင်းတွင်မူ ကာရာအိုကေ ဆိုကြ၏။ ၎င်းတို့ဝတ်သော အဝတ်များမှာ ပိုးဖဲ ကဲ့သို့ အပြာတောက်တောက်၊ အနီတောက်တောက်၊ အစိမ်းတောက်တောက်၊ မရမ်းရောင် တောက်တောက် အရောင်များ ဖြစ်၏။

 

ကျွန်ုပ် စောကြောမိသည်မှာ -

တရုတ်တို့သည် ဤနေရာတွင် အသုဘချ၏။

မလေးတို့သည် ဤနေရာတွင်ပင် မင်္ဂလာဆောင် အခမ်းအနား ကျင်းပ၏။

ကျွန်ုပ်တို့ မြန်မာများအနေနှင့် အသုဘချထားခဲ့သည့်၊ အလောင်းပြင်ထားခဲ့သည့် မဏ္ဍပ်ထဲ၌ မင်္ဂလာဆောင် အခမ်းအနား ပြုရဲကြပါမည်လော ဆိုသည်ကို ဖြစ်၏။

 

ဥပမာ - ဆိုကြပါစို့။

ရွာတစ်ရွာတွင် မဏ္ဍပ်တစ်ခု ထိုးထားလျက် ထိုမဏ္ဍပ်အတွင်း၌ပင် အသုဘလည်းချ၊ မင်္ဂလာလည်းဆောင်ခြင်းကို ပြုရဲကြပါမည်လော။ ပြုဘို့ စိတ်သန့်ကြပါမည်လော။

ကျွန်ုပ်ကတော့ သိပ်မထင်ပါ။

မြန်မာတို့သည် အယူသီး၏။ (အားလုံးတော့လည်း ဟုတ်ချင်မှ ဟုတ်ပါမည်။)

သို့သော် ထိုအယူသီးသည့် လူတန်းစားထဲ၌ လူ့ဂွစာကျွန်ုပ် မပါပါ။

 

ဘုရားပေါ် မိန်းမ မတက်ရ ဆိုတာတို့ -

မိန်းမဝတ်သည့် ထမိန်ကိုင်မိရင်ပဲ ဘုန်းနိမ့်တယ်တို့ -

လူမိန်းမထက် ခွေးထီးက ပိုမြတ်တယ်တို့ -

လှေကားအောက်၊ ကြိုးတန်းအောက်ကို မဝင်ရဆိုတာတို့ -

 

စသည့်စကားလုံးများကို အမေမွေးကတည်းက ကျွန်ုပ်အဘိဓာန်မှ အပြီးတိုင် ဖယ်ရှားထားခဲ့တာ ဖြစ်၏။

 

သူတို့က အသုဘဆိုသည့် အခမ်းအနားကို မယူ။ အဆောက်အဦကိုပဲ ယူတာဖြစ်၏။ မင်္ဂလာဆောင်ရာနေရာ ဆိုတာကို ယူတာမဟုတ်။ အဆောက်အဦကိုပဲ ယူတာဖြစ်၏။

 

အသုဘချရာနေရာအဖြစ်သုံးလိုက်ခြင်းဖြင့် ထိုနေရာသည် ယုတ်နိမ့်မသွား။

ဘာမင်္ဂလာအခမ်းအနားကြီး ကျင်းပလိုက်ခြင်းအားဖြင့် ထိုနေရာသည် ဘုန်းကံကြီးမား မသွား။

နေရာသည် နေရာသာဖြစ်လျက် ဘုန်းနိမ့်သည် ဘုန်းမြင့်သည်ဆိုသည်မှာ လူတို့က သတ်မှတ်ထားတာသာ ဖြစ်၏။

အကယ်၍ ဘုန်းနိမ့်တယ် ဆိုပါစို့။

ဘုန်းနိမ့်တယ် ဆိုတာ ဘာပါနည်း။

ဘုန်းနိမ့်ခြင်းအားဖြင့် မည်ကဲ့သို့သော မကောင်းမှုများ ဖြစ်လာပါသနည်း။

 

အကယ်၍ ဘုန်းမြင့်တယ် ဆိုပါစို့။

ဘုန်းမြင့်တယ် ဆိုတာ ဘာပါနည်း။

ဘုန်းမြင့်ခြင်းအားဖြင့် မည်ကဲ့သို့သော ကောင်းကျိုးများ ဖြစ်လာပါသနည်း။ အများပြည်သူကို မည်ကဲ့သို့ အကျိုးပြုသွား ပါသနည်း။

 

ဤသည်မှာ ကျွန်ုပ်၏ အလွန်ဂွကျလှသော အယူအဆဖြစ်လျက် သင်တို့ ကြိုက်ရမည်ဟု မဆိုလို။

လူတိုင်း ကိုယ်ယုံကြည်ရာကို လွတ်လပ်စွာ ကြိုက်နိုင်ခွင့်ရှိ၏။

 

မိတ်ဆွေတို့သည် မဟုတ်က၊ မဟတ်က အစွဲအလမ်းများကို ဖယ်ရှားပစ်နိုင်သူများ ဖြစ်ပါစေသောဝ်။

 

အေးငြိမ်း

၉ မေလ၊ ၂၀၂၃


No comments: