Thursday, August 4, 2022

မျက်ဖြူဆိုက်၍ ဆရာကြိုက်ခြင်းအကြောင်း

အခုလောလောဆယ် ကျွန်ုပ် စာရွက်စာတမ်းတချို့ ဘာသာပြန်ပေးနေရ၍ အလွန်အလုပ်ရှုပ်လျက်ရှိ၏။

ထို့ကြောင့် ခပ်တိုတို ရေးပါမည်။

နောက်မှ အပြည့်အစုံ ရှင်းပြပါမည်။

 

ပြည်တွင်း၌ ခွေးရူးများ သောင်းကျန်းနေ၍ များစွာသော မြန်မာနိုင်ငံသား အပေါင်းတို့သည် ပြည်ပအခွင့်အလမ်းများ ရှာဖွေကာ နည်းမျိုးစုံဖြင့် မိမိတို့နေရပ်ကို စွန့်ခွာလျက်ရှိ၏။

 

နိုင်ငံရေးခိုလှုံမှုကို ဘေးဖယ်ထားလိုက်ပါက အဓိကအားဖြင့် အောက်ပါ အကြောင်းနှစ်ချက်တို့ဖြင့် ထွက်ခွာကုန်ကြ၏။

 

၁။ အလုပ်လုပ်ခြင်း

၂။ ပညာသင်ကြားခြင်း

 

ဤ နှစ်ကြောင်း၌လည်း ပညာသင်ကြားခြင်းဖြင့်ထွက်ခွာသော ဦးရေထက် အလုပ်လုပ်ခြင်းဖြင့် ထွက်ခွာသော ဦးရေက များစွာ ပိုလွန်၏။ 

စင်ကာပူသို့ တစ်နေ့လျှင် မြန်မာလုပ်သားဦးရေ ပျမ်းမျှ (၁၅၀) ခန့် ဝင်ရောက်လျှက် ရှိ၏။ မြန်မာနိုင်ငံ ဒေသပေါင်းစုံမှ ဖြစ်၏။ အသက် ၂၀ မှ ၄၀ အကြား များ၏။

 

ဤသည်ပင်လျှင် လူအများ၏ မသိနားမလည်မှုကို အခွင့်ကောင်းယူကာ လုပ်စားနေသူတို့အဖို့ ခွင်ကောင်းကြီးတစ်ခု ဖြစ်တော့၏။ 

 

မနေ့က (၂၀၂၂ ဩဂုတ်လ ၂ ရက်နေ့) သင်တန်းလာတက်သူ သကောင့်သားကလေးများကို မင်းတို့ အေးဂျင့်ခ ဘယ်လောက်ပေးရသလဲ မေးလေသော် သူတို့ ပြန်ဖြေသည့် အသံကို ကြားရသော် ကျွန်ုပ်သည် -

အံ့လည်းအံ့ဩမိ၏။

ဝမ်းလည်းနည်းမိ၏။

စိတ်လည်းပျက်မိ၏။

အနှီ အခွင့်အရေးသမားများကိုလည်း ဖနောင့်နှင့် ပေါက်ချင်၏။

သည်အခြေအနေရောက်အောင်ဖန်တီးသည့် ဟို ခွေးမသားတစ်စုကိုလည်း အမြန်မသာပေါ်စေချင်မိ၏။

 

တစ်ဦးက ဗမှားပြည်မှာ ၃၂၀၀ ပေးရတယ်။ ဒီမှာ တစ်လ ၁၀၀ နဲ့ တစ်နှစ်စာ ထပ်ဖြတ်မယ် ဆို၏။ ထို တစ်နှစ်စာ ဖြတ်မည့်ပိုက်ဆံမှာ CITI သင်တန်းအတွက် ဆို၏။

နောက်တစ်ဦးက ဟိုမှာ ၄၀၀၀ ပေးရတယ်။ ဒီမှာ ၁၀၀၀ ထပ်ပေးရမယ် ဆို၏။

 

တစ်နေ့ ၁၈ ကျပ်၊ ၂၀ လောက်ရမည့် အလုပ်အတွက် ၅၀၀၀ လောက်ရင်းရမည်ကတော့ ကျွန်ုပ်အနေနှင့် ဘယ်လိုမှ မတန်ပါလို့ သည်လိုပဲ မြင်မိ၏။

 

နောက်တစ်ကြောင်းမှာ ကျောင်းတက်ဘို့အတွက် နည်းမျိုးစုံဖြင့် ဆွယ်ကြခြင်းဖြစ်၏။

ကျွန်ုပ်က အလုပ်ရှုပ်လှသဖြင့် ဖေ့စ်ဘုတ်ကို မကြာခဏ ဝင်မကြည့်ဖြစ်ပါ။

ထိုအကြောင်းများကို တခြားသူများ မေးလာမှ သိရတာဖြစ်၏။

 

ကောင်မလေး ချောတောပေါတောနဲ့ ၆ကျင့်ကလည်း တန်လှချည်လားခင်ဗျာ။

အဲလေ - ပရိုဖိုင်းကဟာ သူ့ပုံလည်း ဟုတ်ချင်မှ​ဟုတ်ပေမပေါ့။

သူတို့က close group လုပ်ထားလို့ ကျွန်တော် ဝင်ကြည့်လို့မရပါ။

မိတ်ဆွေကို screen shot ရိုက်ခိုင်းကာ ဖတ်ရ၏။

 

အခြားမဟုတ်ပါ။

စင်ကာပူက ဘယ်ကျောင်းမှာ ကျောင်းလခ ဘယ်လောက်ကလေးနဲ့ တက်လို့ရတယ်။

အဲဒီလခကိုလည်း အလုပ်လုပ်ပြီး ရှာနိုင်ကြောင်း၊ တစ်လ ဘယ်လောက်ရမှာဖြစ်တဲ့အကြောင်း။

ဘယ်လောက်ကလေးတက်ရုံနဲ့ ဒစ်ပလို့စ်မာ လက်မှတ်ရမှာဖြစ်ပြီး လခကောင်းတဲ့ အလုပ်ကို ရမှာဖြစ်ကြောင်း။

(ကိုယ်တောင်ဖတ်နေရင်း တောက်ကနဲ သားရေနှစ်စက်ကျလာလို့ တစ်ရှူးနဲ့ ကောက်သုတ်လိုက်ရပါသေး)

 

မိတ်ဆွေများ ခင်ဗျား

အသင်တို့လက်ထဲမှာ very powerful device ရှိပါသည်။

လက်ညှိုးလေး ၄-၅ ချက်လောက် တောက်လိုက်ရုံနဲ့ သင်တို့သိချင်တာတွေ အားလုံးသိနိုင်ပါသည်။

အဲလေ ယင်းဂလစ်ရှ်လိုတော့ တတ်ရပေမပေါ့။

အဲလေ ကျောင်းတက်ဘို့ စုံစမ်းပါတယ်ဆိုမှတော့ ယင်းဂလစ်ရှ်မတတ်လို့ ရပါမလားခင်ဗျာ။

 

သွပ်ပြား ဂျင်းထည့်တိုင်း မခံပါနှင့်။

ကျောင်းတက်လိုသူတို့ ကျောင်း Website တွေမှာ ဖတ်နိုင်ပါသည်။

အလုပ်လုပ်ချင်သူတွေအတွက် စည်းမျဉ်းစည်းကမ်းတွေကို MOM website မှာ ဖတ်နိုင်ပါသည်။

ကျွန်တော် ပြောပြထားတာတွေ၊ ရေးပြထားတာတွေလည်း အများကြီးရှိပါသည်။

 

သူများပြောတဲ့ မဟုတ်က မဟတ်ကတွေအစား မူရင်း အစိုးရအင်တာနက်စာမျက်နှာတွေမှာ ဖတ်ကြည့်ကြဘို့ အလေးအနက် တိုက်တွန်းအပ်ပါကြောင်း။

 

လူအချင်းချင်း ဂျင်းထည့်ခြင်း၊ ကင်းရှင်းကြပါစေ

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၄ ဩဂုတ်၊ ၂၀၂၂

No comments: