Saturday, October 30, 2021

OWIC ဘာလဲ၊ ဘယ်လဲ

(၁) Overseas Worker Identity Card

 

မနေ့က သင်တန်းအပြီး ကိုနွယ်ဝင်းက သတင်းတစ်ခုပေးလှာ၏။

“အစ်ကို့၊ အခု ဟောဒီကဒ်မရှိရင် ပီအာဖြစ်ဖြစ်၊ ဘာ pass ဖြစ်ဖြစ် နိုင်ငံခြားကို ထွက်လို့မရတော့ဘူး တဲ့။”

“ငမ်၊ ဘာကဒ်တုံး၊ ပြစမ်းပါအုံး ကိုယ့်လူရဲ့” ဆိုလေသော် သူက ကျွန်ုပ်တို့မိတ်ဆွေတစ်ဦး၏ကဒ်ကို ယူပြလေ၏။

ဘာတဲ့။ Overseas Worker Identity Card ဆိုပါလား။

“အနို့၊ ကျွန်ုပ်လည်း ဘာမှ မသိရပါလား၊ နည်းနည်းပါးပါးလောက် လင်းစမ်းပါအုံးကိုယ့်လူရဲ့” ဆိုလေသော် “နေအုံး၊ ကျွန်တော် link ပေးမယ်” ဆိုကာ ဖွဘုတ် link တစ်ခုပေးလို့ ဖတ်ကြည့်၊ သည်ကဒ်နှင့် ပတ်သက်၍ ပြဿနာပေါင်း 16,000 တက်နေသော ဖွဘုတ်သတင်းများ တွေ့ရ။ 

 

သို့နှင့် ကျွန်ုပ်လည်း မနေနိုင်သည်နှင့် သည်ကဒ်အကြောင်း လိုက်ရှာဖတ်တော့မှ အနည်းငယ်သိလာရ။

ယခု ကျွန်ုပ် လေ့လာလို့ရသမျှ ဖောက်သည်ချပါအံ့။ 

 

(၂) ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေ

 

သည် OWIC ကဒ်ကို ၁၉၉၉ ခုနှစ်၌ နအဖက ထုတ်ပြန်သည့် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ထုတ်ပေးခြင်း ဖြစ်၏။ (ထိုဥပဒေကို ဖတ်လိုသူများ ကျွန်ုပ်ထံ၌ တောင်းယူနိုင်ပါ၏။)

 

ကျွန်ုပ်တို့နှင့် တိုက်ရိုက်ပတ်သက်နေသည့်အပိုင်းကို လိုက်ရှာကြည့်ရာ အခန်း (၅) မှတ်ပုံတင်ခြင်း၌ အောက်ပါအတိုင်း တွေ့ရ၏။ 



ပုဒ်မ (၉) ၌ -

“ပြည်ပအလုပ်အကိုင်ရှာဖွေသူသည် ဦးစီးဌာနကမှတ်ပုံတင်ရမည်ဟုသတ်မှတ်ထားသော ပြည်ပအလုပ်အကိုင် အမျိုးအစားတစ်ခုခုကိုရှာဖွေခြင်းဖြစ်ပါက ပြည်ပအလုပ်အကိုင် ရှာဖွေသူအဖြစ် ဦးစီးဌာနတွင် မှတ်ပုံတင်ရမည်။” ဟု ဖော်ပြထားသည်ဖြစ်ရာ ဤစာပိုဒ်က ရည်ညွှန်းသည့် “ဦးစီးဌာနကမှတ်ပုံတင်ရမည်ဟုသတ်မှတ်ထားသော ပြည်ပ အလုပ်အကိုင် အမျိုးအစားတစ်ခုခု” ဆိုသည်မှာ မည်သည့် အလုပ်အမျိုးအစားများနည်း။ ၎င်းကို နည်းဥပဒေတွင် ဖော်ပြရမည်။ သို့ဆိုလျှင် ဤ ‘ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေ’ ၏ နည်းဥပဒေသည် အဘယ်မှာနည်း။ ကျွန်ုပ် အင်တာနက်တွင် လိုက်ရှာကြည့်တာတော့ မတွေ့ပါ။ သိသူများ/ထိုနည်းဥပဒေရှိသူများ ပြန်လည် ဝေမျှကြပါဘိ။

 

ပုဒ်မ (၉)(ခ) -

‘ဦးစီးဌာနသည် ပြည်ပအလုပ်အကိုင် ရှာဖွေသူအဖြစ် မှတ်ပုံတင်ထားသူအား ပြည်ပ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် ပြည်တွင်း၊ ပြည်ပရှိ အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ၊ အကျိုးဆောင်များနှင့် ဆက်သွယ် ဆောင်ရွက်ပေးရမည်။’ 

 

ဥပဒေက ထိုကဲ့သို့ဆိုထားလေရာ ၎င်းတို့ပြောသည့် ဦးစီးဌာန (အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်သမား ဝန်ကြီးဌာန) သည် ထိုလက်မှတ်ကိုင်ဆောင်ထားသူများအား ထိုအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ် ပေးပါ သလား။ (အဲသဟာတော့ သူတို့မှ သိမည်။)(ထိုလက်မှတ်ကိုင်ဆောင်ထားသူ မိတ်ဆွေကို မေးကြည့်ရာ ကဒ်ထုတ်ပေးရုံ က လွဲပြီး တခြား ဘာမှလုပ်မပေးပါ ဟုဆို၏။)

 

နောက်ပြီးတော့ -

 

(ဂ) ပြည်ပအလုပ်အကိုင် ရှာဖွေသူအဖြစ်မှတ်ပုံတင်ထားသူသည် ပြည်ပအလုပ်အကိုင်ကို လုပ်ကိုင်ခွင့်ရရှိပါက ဦးစီးဌာနတွင် အလုပ်သမားအဖြစ်မှတ်ပုံတင်ရမည်။

 

၁၀။ ပြည်ပအလုပ်အကိုင်ရှာဖွေသူအဖြစ်ဦးစီးဌာနက မှတ်ပုံတင်ရမည်ဟု သတ်မှတ်ထားသော ပြည်ပ အလုပ်အကိုင် တစ်ခုခုကို လုပ်ကိုင်ခွင့်ရရှိသူသည် ဦးစီးဌာနတွင် အလုပ်သမားအဖြစ် မှတ်ပုံတင်ရမည်။

 

၁၁။ ဤဥပဒေအာဏာမတည်မီက ပြည်ပအလုပ်အကိုင်တစ်ခုခုကိုလုပ်ကိုင်လျက်ရှိသူသည် ပြည်တွင်းသို့ ပြန်လည် ရောက်ရှိပြီး ပြည်ပအလုပ်အကိုင်တစ်ခုခုကို ဆက်လက်လုပ်ကိုင်ပါက သတ်မှတ်ချက်နှင့်အညီ ဦးစီးဌာနတွင် အလုပ်သမားအဖြစ်မှတ်ပုံတင်ရမည်။ 

 

၁၂။ ဦးစီးဌာနသည် -

(က) ပြည်ပအလုပ်အကိုင် ရှာဖွေသူမှတ်ပုံတင်စာအုပ်ကိုလည်းကောင်း၊ အလုပ်သမားမှတ်ပုံတင် စာအုပ်ကို လည်းကောင်း သီးခြားဖွင့်၍သတ်မှတ်ချက်များနှင့် အညီမှတ်ပုံတင်ပေးရမည်။ 

(ခ) အလုပ်သမားအား ပြည်ပသို့မထွက်ခွာမီ မှတ်ပုံတင်ပေးပြီးကြောင်းအထောက်အထား သက်သေခံလက်မှတ်

ထုတ်ပေးရမည်။

 

(မိတ်ဆွေတို့ မှတ်ပုံတင်ကြပါသလား။ ကျွန်တော်တော့ မတင်မိပါ။ အဲလေ၊ အဲသလိုလုပ်ရမည်မှန်းပင် ခုမှ သိရတာ ဖြစ်၏။)

 

ဤဥပဒေပေါ်ခဲ့သည်မှာ အယ်လ်ခွန်းရီ၏ သီချင်းအတိုင်း နိုင်တီနိုင်းတီနိုင်း (ကိုကိုရေအတူတူနေမယ်) ဖြစ်၏။ အခုဆို အနှစ် (၂၀) တောင်ကျော်ခဲ့ပြီ။ ထိုအနှစ် (၂၀) အတွင်း ပြည်ပသို့ထွက်လာသူများမှာ သိန်းဂဏန်း အတော်များများ ရှိပါ လိမ့်မည်။ ထိုသူများထဲမှ ဘယ်နှစ်ယောက်သည် အနှီလက်မှတ်လျှောက်ပါသနည်း။ ထိုဌာနကရော ဘာတွေများ လုပ်ပေးခဲ့ပါသနည်း။ 



အခန်း (၂) ရည်ရွယ်ချက်များ . . ကတော့ ကောင်းပါသည်။ 

(က) လူ့စွမ်းအားကို စနစ်တကျ အသုံးချနိုင်ဘို့

(ခ) ပြည်ပအလုပ်အကိုင် အခွင့်အလမ်းတွေရပြီး စနစ်တကျသွားလုပ်နိုင်ဘို့

(ဂ) အလုပ်သမားတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရရှိခံစားနိုင်စေဘို့

(ဃ) ပြည်ပကရလာတဲ့ တတ်/သိပညာတွေကို ပြည်တွင်းမှာ ပြန်လည် အသုံးချနိုင်စေဘို့

 

သို့ဆိုလျှင် အနှီရည်ရွယ်ချက်တွေထဲက ဘယ်နှစ်ချက်များ အကောင်အထည် ဖော်ပြီးပါပြီနည်း။

 



အခန်း (၈) ၌ အလုပ်သမားများ၏ တာဝန်နှင့် အခွင့်အရေးများ ဆိုပြီး ဖော်ပြထားသေးသည်။ ထားပါ။

 

(၃) The Emigration Act: India Act VII: 1922




 အမှန်က သည် ဥပဒေဆိုတာ အခုမှ ပေါ်တာမဟုတ်။ ဗြိတိသျှတွေလက်ထက်ကတည်းက The Emigration Act: India Act VII: 1922 ဆိုပြီး ရှိခဲ့တာဖြစ်၏။ ပုဒ်မ (၃၁) ခုပါ၏။ ဤသည့်နောက်ပိုင်း ထိုဥပဒေကို ပြန်ပြင်သည်ဟု မတွေ့မိ။ ၁၉၉၉ ကျမှ ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေ ဆိုပြီး ထလုပ်တာဖြစ်၏။ 


ဥပဒေဆိုတာ ပြဌာန်းပြီး လူတွေ လေးစားလိုက်နာမှ ဥပဒေမည်၏။ ဥပဒေသာရှိနေသည်။ ထိုဥပဒေကို မည်သူမှလည်း မသိ။ မည်သူကမှလည်း မလိုက်နာ။ မလိုက်နာလို့လည်း ဘာမှမဖြစ် ဆိုလျှင် ထိုဥပဒေကို ဘာဥပဒေဟု ခေါ်ပါမည်နည်း။

 

မြန်မာပြည်က ဥပဒေများကတော့ အကျိုးရှိသူရှိ၍ အကျိုးယုတ်သူ ယုတ်လေ၏။ သိုးဆောင်းစကားပုံ -

“All citizen are equal before the law.” ဆိုသည်မှာ မြန်မာပြည်အတွက် မဟုတ်။ 

မြန်မာပြည်၌ မရှိဆင်းရဲသားများအဖို့ လူကြားထဲ လေလည်လျှင်တောင် လူဂျီးကို မထေမဲ့မြင်လုပ်မှုဖြင့် အရေးယူလို့ ရ၏။ သို့သော် ဟိုဒဒေါင်းဇားများကျတော့ လူ (၅) ယောက်လောက် သတ်တာတောင် ဘာမှမဖြစ်။ 


(၄) သောက်ရေးမပါသည့် OWIC ကဒ်




သူတို့ဥပဒေကို ကိုးကားပြီး ပြောရပါမူ ထို OWIC ကဒ်ဟူသည် အလုပ်သမားများ၏ ရပိုင်ခွင့်များကို ဖော်ဆောင်ပေးမည့် ကဒ်၊ အလုပ်သမားများ၏ အခွင့်အရေးများကို ကာကွယ်ပေးမည့် ကဒ် ဖြစ်၏။ သို့သော် ထိုကဒ်ကိုင်ဆောင်သူများအား အဘယ် သကောင့်သားသည် အဘယ် သောက်ဂရုစိုက်ပါသနည်း။

 

ကျွန်ုပ် နည်းနည်းလောက် ပြောပါရစေ။

မနေ့ညက မိတ်ဆွေတစ်ယောက် ဖုံးဆက်လာ၏။

ငါးမွေးသည့် ပင်လယ်ထဲ၌ အလုပ်လုပ်နေသူ မြန်မာလုပ်သားတစ်ဦး ပင်လယ်ထဲ ပြုတ်ကျကာ သေ၏။

မနေ့ည (29/10/2021) က သင်္ဂြိုဟ်၏။

သူက သေဆုံးသူအတွက် လျော်ကြေးကိစ္စမေးတာ ဖြစ်၏။

သေသူမှာ လုပ်ငန်းခွင်ထဲ၌ (ပင်လယ်ထဲ၌ ဘောပေါ်တင်ဆောက်ထားသည့်တဲ) တစ်ဦးတည်း နေရ၏။

ဆိုတော့ သူဘယ်လိုသေမှန်း ဘယ်သူမှ​မသိ။ အလုပ်လုပ်နေတုံး သေတာလား။ ဘယ်လိုဖြစ်လို့ ပြုတ်ကျ သေသတုံး။

သည့်အတွက် လျော်ကြေးကိစ္စ ဘယ်လိုမှ ပြောဘို့ရာမလွယ်။

သည်အလုပ်သမား သေသည့်ကိစ္စ၊ လျော်ကြေးရဘို့ သံရုံးသည် လိုက်ပါဆောင်ရွက်ပေးပါမည်လား။

 

သူတို့လုပ်ပေးရမှာတွေတော့ ဘာ သောက်တစ်ခုမှ​ လုပ်မပေးပါဘဲလျက် မြန်မာပြည်မှာ အဆင်မပြေလို့ ကိုယ့်ဘာသာ အဆက်အသွယ်ရှာ၊ ကိုယ့်ပိုက်ဆံနှင့်ကိုယ် ပြည်ပထွက် အလုပ်လုပ်ပါတယ်ဆိုမှ ထိုကဒ်မပါလို့ ထွက်ခွင့်မပေးဆိုတာ တမင်သက်သက် ယ ပက်လက်နှင့် Yoke တာဖြစ်၏။ (ဟို ခွေးမသား ဇူဇကာက ဘမ်းမှာစိုးလို့ Yoke တောင် ဗမှားလို ရေးလို့မရ။ ငါတို့ဘဝ)

 

နိဂုံးချုပ်ရပါမူ အနှီ ဒေါင်းဇားများ အဝီစိသို့ရောက်ကုန်မှသာ ကျွန်ုပ်တို့ မြန်မာပြည်သူပြည်သားများ စိတ်အေးချမ်းသာ နေရမည်။ ထိုခွားမသေးများအား အသားကုန် တိုက်ထုတ်ကြကုန်လော့။ 

 

အရေးတော်ပုံ အောင်ရမည်။

 

အေးငြိမ်း

၃၀ အောက်တိုဘာလ၊ ၂၀၂၁

 

နောက်ထပ် ဆက်စပ်ဖတ်ရှုရန် link များ

 

https://burma.irrawaddy.com/news/2013/12/30/52800.html

https://www.youtube.com/watch?v=CXYBSWtSQ8E




 




No comments: