Thursday, May 6, 2021

အရှုံးကြီး ရှုံးလေပြီဖြစ်သည့် စစ်တပ်နှင့် ရဲ

(၁)

 

နိုင်ငံတော်အာဏာကို ဓားပြတိုက် ရယူသွားသည့် မြန်မာနိုင်ငံမှ စစ်တပ်နှင့် ၎င်း၏ မယားပါသား ရဲ တို့ကား အရှုံးကြီး ရှုံးလေပြီ ဖြစ်သတည်း။

 

(၂)

 

ကျွန်ုပ် ဤစကားကို ငါ့စကား နွားရ ပြောခြင်းမဟုတ်။

မနက်မိုးလင်းလာလို့ ဖေ့စ်ဘုတ်ဖွင့်လိုက်သည်နှင့် ဘယ်စခန်းကိုဖြင့် KNU တိုက်လို့ စစ်ခွေးဘယ်နှစ်ကောင် သေချင်းဆိုး ဖြင့် သေပြီ၊ ဘယ်စခန်းတော့ ကျသွားပြန်ပြီ။ KIA တိုက်လို့ ရဟတ်ယာဉ်ပျက်ကျပြီ။ စစ်ခွေးကားတွေ ဗုံးပေါက်ပြီး စစ်ခွေးဘယ်နှစ်ကောင် မာလကီးယားသွားပြန်ပြီ စသည့် သတင်းများကို ဖတ်ရသည့်အခါ ကျွန်ုပ်မှာ သာဓု၊ သာဓု၊ သာဓု။ ကောင်းလေစွ၊ ကျက်သရေမင်္ဂလာရှိပေစွ ဟု မြည်တမ်းမိလေ၏။ နောက်ထပ်လည်း ဤသတင်းမျိုးကို မကြာခဏ ဖတ်ရပါစေ၊ စစ်ခွေးများ အစုလိုက်အပြုံလိုက် မသာပေါ်ကြပါစေ ဟုလည်း လှိုက်လှဲစွာ ဆုတောင်းမိ၏။

 

ဤသည်မှာ ကျွန်ုပ်တစ်ယောက်တည်းမဟုတ်။ စစ်ခွေးများ၏ မယားပါသားများနှင့် စစ်ဘောလျက် လက်တစ်ဆုပ်စာ လူ့ဘူးတောင်းတစ်စုမှလွဲ၍ ယခု စာဖတ်နေသူ အသင်အပါအဝင် မြန်မာတစ်နိုင်ငံလုံးပင် ဤနည်းအတိုင်း ခံစားကြရ သည်သာ ဖြစ်၏။

 

စစ်တပ်က မတရားသတင်းလွှင့်ကာ ပရိုပဂန်ဒါများ အသားကုန် လုပ်ထားသည့်အတွက် ကျွန်ုပ်တို့မှာ ယခင်က KIA, KNU ဆိုသည်တို့ကို အကြမ်းဖက် သောင်းကျန်းသူများဟု လွဲမှားစွာ မှတ်ယူထားကြကုန်၏။ ယခု မင်းအောင်လှိုင်ကောင်းမှု ကြောင့် မင်းသားမျက်နှာဖုံးစွပ်ထားသည့် စစ်တပ်၏ သောက်ခွက်အစစ်အမှန်ကို ကျွန်ုပ်တို့ မြင်ခွင့်ရသည့်အခါကျမှ မည်သူသည်ကား လူဖြစ်ပြီး မည်သူသည်ကား ဘီလူးဖြစ်သည်ကို သေချာ ဂဏစွာ သိခွင့်ရလေတော့၏။ (အခုလို လူမှန်း ဘီလူးမှန်း ခွဲခြားသိအောင် လုပ်ပေးနိုင်ခြင်းအတွက်ကား ကျေးဇူးတင်ပါသည် ဂန်းမသား မင်းအောင်လှိုင်)

 

လူတစ်ယောက်သေသည်ကို ဝမ်းမသာစကောင်း။ 

သို့ဆိုလျှင် ထိုစစ်ခွေးများ မသာပေါ်သည်ကို အဘယ်ကြောင့် ကျွန်ုပ်တို့ ဝမ်းသာဘိရသနည်း။

အဖြေကား ရှင်းလှပါသည်။

ကျွန်ုပ်တို့သည် ထိုစစ်ခွေးများအပေါ် မေတ္တာတရား လုံးဝ ခြောက်ခမ်းသွားလျက် အမုန်းကြီး မုန်းတီးနေကြသောကြောင့် ဖြစ်သတည်း။

 

ကျွန်ုပ်တို့ မုန်းတီးရခြင်းမှာလည်း အကြောင်းမဲ့ မဟုတ်။ ၎င်းတို့ကို ခါးခါးသီးသီး မုန်းတီးလာစေရန် ၎င်းတို့ကိုယ်နှိုက်က ပင် အပူတပြင်း ကြိုးစား လုပ်ဆောင်နေကြသောကြောင့် ဖြစ်၏။ အပြစ်မဲ့ပြည်သူများကို ဘာအကြောင်းပြချက်မှမရှိဘဲ ရမယ်ရှာကာ ဖမ်းသည်။ နှိပ်စက်သည်။ သတ်သည်။ ပစ္စည်းများကို လုသည်၊ ခိုးသည်၊ ပြောင်နှိုက်သည်။ ပြည်သူတို့၏ ပစ္စည်းများကို အကြောင်းမဲ့ ဖျက်ဆီးသည်။ ဤကဲ့သို့သော လူသတ်သမား၊ လူရမ်းကား၊ သူခိုး၊ ဓားပြ၊ ပြန်ပေး တို့ကို အဘယ်သူသည် မေတ္တာထားနိုင်အံ့နည်း။ ဝေးစွ။

 

ထိုမျှသာမကသေး။ ထိုသတ္တဝါများသည် ဤကမ္ဘာပေါ်၌ မည်သူမှ ကျူးလွန်လိမ့်မည် မဟုတ်သော မိုက်မဲမှုမျိုးကို ယခုတိုင် မိုက်မိုက်မဲမဲ နေ့စဉ် ကျူးလွန်နေကြပေချေလေသေး၏။ ဤသည်ကား မြဝတီ၊ မြန်မာ့အသံ၊ ကြေးမုံတို့မှ မဟုတ်က မဟတ်က လိမ်ဆင်သတင်းများကို ဆက်တိုက် ထုတ်လွှင့်နေခြင်းဖြစ်၏။

 

ယခုအခါ ဤကမ္ဘာပေါ်ရှိ စဉ်းစားဆင်ခြင်တတ်သူ မည်သူကမှ စစ်အာဏာရူးများအပေါ် အယုံအကြည်မရှိကြတော့။ ဤကဲ့သို့ အယုံအကြည်မရှိကြရန်လည်း ၎င်းတို့ကိုယ်တိုင်ပင် မိုက်မိုက်မဲမဲ ကြိုးစားပမ်းစား တင်ဆက်နေကြလေ သတည်း။

 

အသင်တို့တွင် ပစ္စည်းဥစ္စာ၊ ရတနာများ ပျက်စီး ပျောက်ဆုံးသွားသည်ဆိုလျှင် သင်တို့ ကြိုးစားအားထုတ်မှုဖြင့် ပြန်ရ နိုင်သေး၏။ သို့သော် မေတ္တာတရားနှင့် ယုံကြည်မှုတို့ပျောက်ဆုံးသွားပြီဆိုလျှင် ဘာနှင့်မှ ပြန်လုပ်လို့ မရနိုင်တော့။ အပြီးတိုင် ပျက်စီးခြင်းသို့ ဆိုက်ရောက်သွားချေပြီ။

 

မေတ္တာတရားနှင့် ယုံကြည်မှုတို့ဟူသည် ပိုက်ဆံပေးဝယ်လို့ ရစကောင်းသောအရာမဟုတ်။ သေနတ်ပြကာ ခြိမ်းခြောက် ယူလို့ မရစကောင်း။ ဤသည်တို့မှာ လူတို့၏တန်ဘိုး။ လူ့သိက္ခာနှင့်ဆိုင်သည်။ 

 

ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်းကို အဘယ်ကြောင့် ရင်ထဲအသည်းထဲ၊ နှလုံးထဲ၊ ကျောက်ကပ်ထဲ။ အူသိမ်အူမထဲ၌ ယနေ့တိုင် အမြတ်တနိုး သိမ်းဆည်းထားကြ၊ ချစ်ခင်မြတ်နိုးနေကြသေးသနည်း။ 

 

အဖြေကားရှင်းပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လူပီသသည်။ သူ့မှာ လူ့တန်ဘိုးအပြည့်ရှိသည်။ သူ့မှာ သိက္ခာ အပြည့်ရှိသည်။ သို့အတွက် ကျွန်ုပ်တို့ ချစ်ကြသည်။ ယခုစာဖတ်နေသူ အသင်သည် ဗိုလ်ချုပ်အောင်ဆန်းဆိုတာ နာမည်သာ ကြားဖူးသည်။ မြင်ဖူးတွေ့ဖူးခဲ့တာမဟုတ်။ သို့သော် အသင် သူ့ကို မချစ်ပါသလော။

 

(၃)

 

မြန်မာ့စစ်တပ်နှင့် ရဲကား အဆုံးရှုံးကြီး ဆုံးရှုံးခဲ့ပြီဖြစ်၏။

၎င်းတို့သည် မြန်မာပြည်သူတို့၏ မေတ္တာတရားကို ဆုံးရှုံးခဲ့ပြီ။ 

၎င်းတို့သည် မြန်မာပြည်သူတို့၏ ယုံကြည်မှုကို ဆုံးရှုံးခဲ့ပြီ။

နောင်လည်း မည်သည့်အခါမှ ပြန်ရနိုင်ဖွယ်ရာ မရှိတော့။

ဤသည့်ဆုံးရှုံးမှုမှာ မည်သည့်အရာနှင့်မှ အစားထိုးမလဲလှယ်နိုင်သော ဆုံးရှုံးမှုကြီးဖြစ်သတည်း။

 

သို့တိုင် မိုက်လုံးအလွန်ကြီးလှသော၊ အဝီစိရောက်အောင် မိုက်တွင်းနက်လှသော ထိုစစ်ဗိုလ်ချုပ်ကြီးများမှာ ဆုံးရှုံးလို့လည်း ဆုံးရှုံးမှန်းသိမည်မဟုတ်ပါ။ ၎င်းတို့၏ အသိစိတ်ကို ငါကောင်းစားဘို့၊ ငါအာဏာရဘို့တည်းဟူသော မသိမှု အဝိဇ္ဇာတရားက အမှောင်ချထားခဲ့ပြီ ဖြစ်၏။

 

အကယ်၍သာ မင်းအောင်လှိုင်၏ အဖေသည် သက်ရှိထင်ရှားရှိနေသေးလျက် ယခု မြန်မာနိုင်ငံမှ အဖြစ်အပျက်များကို မျက်ဝါးထင်ထင် တွေ့မြင်နေရသည်ဖြစ်အံ့။

 

အနှီသူသည် ကိုယ့်ကိုယ်ကိုယ် ကျိန်ဆဲကာ ကိုယ့်ပါးကိုယ် သုံးချက်လောက် ချနေမည်မှာ မြေကြီးလက်ခတ် မလွဲပါ။

ကိုင်းကွာ . . . ကိုင်းကွာ . . . အဲဒီညက ဘာဖြစ်လို့ ငါ ကွန်ဒုံးမသုံးခဲ့ရသလဲကွ။ 

သေဇမ်းကွာ . . . လူမိုက် . . . သေဇမ်း . . . သေဇမ်း။ 

အဲဒီလောက်မိုက်လုံးကြီးလှတဲ့ ခွေးသားကိုမှ မွေးထုတ်ခဲ့ရသား . . . လူမိုက် . . . မသာ . . . သေချင်းဇိုး . . . ဟု အဖန်တလဲလဲ ရေရွတ်လျက် . . . .

ကိုယ့်ပါးကိုယ် မကျေနိုင်မချမ်းနိုင် ထပ်ခါ ထပ်ခါ ချနေမည်ကို ကျွန်ုပ် မြင်ယောင်မိပါတော့သတည်း။

 

အဓမ္မသမားတို့ ကျဆုံးရမည်။

 

အရေးတော်ပုံ အောင်ရမည်။

 

အေးငြိမ်း

၆ မေလ၊ ၂၀၂၁

No comments: