Saturday, January 16, 2021

ကျွန်ုပ်နှင့် Intertooth အကြောင်း

တစ်နေ့သ၌ ကျွန်ုပ်၏ညာဘက်အံသွားတစ်ချောင်းသည် အလွန်နာလျက်ရှိလေ၏။ သွားမှာနဲ့နေကာ ကျိုးတော့မည်ကဲ့သို့ ရှိ၏။ သို့တိုင် လက်နှင့်လည်း ချိုးလို့ကမရပြန်။

 

သို့နှင့် သွားချိုးမည်ဆိုကာ ပိုလီကလစ်နစ်သို့ လာခဲ့၏။ 

ဒီမယ် ဘကြီးရဲ့။ သွားက ခုလာ၊ ခုချိုးလုပ်လို့မရဘူး။ ဘွတ်ကင်လုပ်ခဲ့ရမယ်။ 

ဒါဆို ဘယ်တော့လောက် ဖြစ်မလဲ ခလေးမ။

အင်း . . ခန။ ဟိုလေ . . နောက်နှစ် ဖေဖော်ဝါရီလကျမှ ရမယ်။

 

နင့်မေဂလွှား။ အခုမှ ဩဂုတ်လ ရှိသေးတယ်။

ဟင်၊ နင်တို့ဟာက သေမယ့်လူဆို မသာပေါ်ပြီး သင်္ချိုင်းကုန်းကနေ ထလာရယ့်ကိန်းပဲ။

 

ကျွန်ုပ်လည်း ဘာမှ မတတ်နိုင်သည့်အဆုံး စိတ်တိုတိုနှင့် ဘုတောလျက် သူတို့ပေးသည့် ရက်ကို ဘွတ်ကင်လုပ်ခါ ပြန်ခဲ့ရလေ၏။

လစ်စ်ထရင်းငုံသော်လည်း သွားနာတာက မသက်သာ။

စိတ်တိုလှသည်နှင့် နောက်နှစ်ရက်လောက်အကြာတွင် ဖုန်းဆက်၍ သူတို့ပေးထားသည့် ဘွတ်ကင်ရက်ကို cancel လုပ်လိုက်လေ၏။

 

အတိုချုံးရလျှင် ဘွတ်ကင်လုပ်ထားသည့် ဖေဖော်ဝါရီလ နီးလေသော် မစ္စတာဦးအေးငြိမ်းရှင့် - လူကြီးမင်း၏ သွားဘွတ်ကင်မှာ ဘယ်နေ့ဖြစ်ပါသည်။ နောက်မကျပါစေနှင့် စသဖြင့် မတ်စိရောက်လာ၏။

ငှယ် - ငါ cancel လုပ်ထားတာ၊ ဘယ့်နှာကြောင့် မတ်စိက ရောက်လာရတာတုံး။

ခုမှတော့ ထူးတော့ဘူး။ အခွင့်အရေးရတုံး သွားနှုတ်လိုက်မယ်။ နောက်တစ်ခါသွားရင် ၆ လ ထပ်စောင့်နေရဦးမယ် . . ဟု တွေးလျက် ထိုနေ့တွင် ဆေးခန်းသို့ ထွက်လာခဲ့၏။

 

ဒီမယ် ခလေးမ . . 

ဟုတ်ကဲ့ဆင့် . . 

သွားရက်ချိန်းလာပြတာ . . 

IC လေးပြောပါ . . 

ဘလာ . . ဘလာ . . ဘလာ . . 

ငှယ် . . ဘကြီးက ဘွတ်ကင်ကို cancel လုပ်ထားတာ။ ဟောဒီမှာကြည့် . . 

ဒီမယ်ကြည့် . . နင်ရို့ဆီက မတ်စိပို့ထားတာ . . (မဟုတ်မှန်းသိလျက် အတင်းငြင်းခြင်းဖြစ်၏။)

ဒါက system ထဲမှာ update လုပ်မထားလို့ ဖြစ်ပါလိမ့်မယ် . . 

ကိုင်းကွယ် . . စကားရှည်မနေနဲ့။ နင်တို့ မတ်စိပို့လို့ ငါရောက်လာတာ။ သွားနှုတ်ပေးဘို့သာ လုပ်တော့။

 

ကောင်မလေးလည်း ခေါင်းကုတ်ကာ အာ့ဆို ခဏနေအုံး . . ဆိုကာ ထွက်သွား။ အတန်ကြာသော် ပြန်ရောက်လာလျက် တိုကင်နံပတ်ပေးလေ၏။

 

ဒီတစ်ခါတော့ လုပ်ပေးလိုက်မယ် ဘကြီး။ နောက်တစ်ခါဆို မရတော့ဘူး။

အောင်မယ်လေးကွယ်။ သွားလေးတစ်ချောင်းနုတ်ရဘို့အရေး ၆ လလောက်စောင့်ခိုင်းတဲ့ နင်ရို့ဆီလည်း လာပါဆိုတောင် မလာဘူး။ စိတ်သာချ . . ဟု ဘုတောပြန်လေ၏။

 

သို့နှင့် ကျွန်ုပ်အလှည့်ရောက်သော် ခုံပေါ် ပက်လက်လှန်တင်လျက် ပါးစပ်ကို အသားကုန် ဖြဲကြည့်လေ၏။

 

ထို့နောက် သွားများကို တူသေးသေးလေးနှင့် တစ်ချောင်းပြီးတစ်ချောင်း ခေါက်သွားလျက် ၁၂ - ၆။ ၁၅ - ၄။ ၁၃ - ၃။ ၁၁ - ၉ စသဖြင့် ကျွန်ုပ်နားမလည်သည့် ဂဏန်းများကို ရွတ်လေ၏။

 

အားလုံးပြီးသော် ဘဘသွားတွေက (တယ်၊ ငါလေ။ လူကိုများ ဘဘလို့။ ငွှင်းငွှင်း) အတော်အခြေအနေဆိုးနေပြီ။ အနည်းဆုံး ၅ ချောင်းနုတ်ရမယ်။

 

ဟိုက် ပေါများစ်။

 

ဒီမယ် ခေးမရယ်။ လျှာမရှည်နဲ့ကွယ်။ ဒီနာနေတဲ့သွားပဲ နုတ်ပေးပါကွယ်။ တခြားသွားတွေကို သူ့ထိုက်နဲ့သူ့ကံသာ ထားလိုက်ပါ။ 

 

မရဘူး ဘကြီးရဲ့။ ဒီလောက်အခြေအနေဆိုးနေတဲ့သွားတွေကို မီးတို့ဆီမှာ နုတ်ပေးလို့မဖြစ်ဘူး။ NUH ကို သွားရမယ်။

 

မြတ်ချွာဖျား။

 

ကျွန်ုပ်စိတ်တိုပြန်၏။ သို့သော် ဘာမှမတတ်နိုင်သဖြင့် ကိုင်းကိုင်း မယ်မင်းကြီးမတို့ သဘောသာလုပ်ပေရော့ ဟု စိတ်နှလုံးကို ဒုံးဒုံးချလျက် ‘သေစေညွှန်းထားခဲ့လေသလား . . သေအောင်ပဲ သတ်လိုက်ပါတော့လား . . ဟု သီချင်းညည်းကာ ပြန်ခဲ့။ (လက်ညှိုးပေါင်းတစ်ထောင် . မျက်လုံးပေါင်းတစ်သိန်း သီချင်းထဲမှ)

 

နောက်နှစ်ရက်လောက်ကြာသော် NUH က ဖုန်းခေါ်လျက် ရက်ချိန်းပေး၏။ ၂ ပတ်ထပ်စောင့်လျက် ချိန်းထားသည့် ရက်တွင်လာခဲ့ရပြန်၏။

 

ထုံးစံအတိုင်း ကုတင်ပေါ်တက် ပက်လက်လှန်ရပြန်၏။ ပါးစပ်ကို အသားကုန်ဖြဲလျက် တူဖြင့် ခေါက်ပြန်၏။ ၁၃ - ၄။ ၁၅ - ၂။ ၁၈ - ၆ စသဖြင့် ချဲဂဏန်းများကို ရေရွတ်ကာ ဘကြီး . . သွား (၅) ချောင်းနှုတ်ရမယ် ဆိုပြန်၏။ ကိုင်း . . ဘယ်လောက်ကျမလဲ ဆိုသော် တစ်ချောင်းမှ ၁၀၀ လေးရယ်ပါ ဒဲ့။ 

 

ငမ် . . သေဗျဇီ။

 

ကိုင်း မမ (ဆရာဝန်မကလေးမှာ ငယ်ငယ်ချောချောလေး ဖြစ်၏။)

ဘာမှ ထွေလီကာလီတွေလုပ်မနေနဲ့။ ဟောဒီ နဲ့နေတဲ့သွားသာ နုတ်ပေး။ ကျန်တာတွေ နောက်မှ​ ဆက်စဉ်းစားတာပေါ့။

 

ရပါတယ်။ အခု ဒီသွားနုတ်သွားလိုက်။ ကျန်တဲ့သွားတွေအတွက် ရက်ချိန်းထပ်ပေးလိုက်မယ် ဆိုကာ နဲ့နေသည့်သွားကို နုတ်ပေးလိုက်၏။

 

သွားနုတ်ပြီးသော် သွားကို ဘယ်သို့ဘယ်ပုံ မိန်းတိန်းလုပ်ရမည့်အကြောင်း သေသေချာချာ ရှင်းပြလေ၏။

သူက သွားတိုက်တံသေးသေးကလေးကို ပြကာ ဟောဒါကို inter tooth လို့ခေါ်တယ်။ အစာစားပြီးတိုင်း သွားကြားတွေ ထဲကို အဲဒါလေးနဲ့ အတွင်းအပြင် သေသေချာချာ တိုက်ပါ ဟု ဆို၏။

 

 

ကျွန်ုပ်လည်း Watson တွင် ၎င်းပြသည့် Intertooth ကို သွားဝယ်ကာ ထမင်းစားပြီးတိုင်း တိုက်၏။

အောင်မယ် မဆိုးဘူးခင်ဗျ။

အဲသဟာကလေးနှင့် တိုက်ပြီးသည့်အခါ ပါးစပ်ထဲမှာ အတော်ရှင်းသွားလေသည်။

ထို့နောက် ကျွန်ုပ်လည်း အဲသဟာကလေးကို ဆက်တိုက် သုံးဖြစ်လေတော့၏။

သုံးနေကျသွားတော့ ထမင်းစားပြီးလို့ အဲသဟာကလေးနှင့် မထိုးလိုက်ရလျှင် ပါးစပ်ထဲမှာ ခိုးလို့ခုလုနှင့် နေမထိထိုင်မသာ ဖြစ်လေတော့၏။

 

Intertooth ၏ နာမည်အမှန်မှာ Interdental brush ဖြစ်၏။ 0.6 mm, 0.7 mm, 0.8 mm, 0.9 mm, 1.0 mm, 1.2 mm, 1.5 mm စသဖြင့် အရွယ်အစား အမျိုးမျိုးဖြစ်၏။ ကျွန်ုပ် သုံးခါစက 0.6 mm ကို သုံးသော်လည်း သေးလွန်းသဖြင့် 0.7 mm ကို ပြောင်းသုံးသည်။ သို့သော်လည်း သေးပါသေးသည်။ 1.0 mm လောက်မှ အနေတော်ဖြစ်၏။ 

 

သွားတိုက်တံလေးများမှာ အဖြောင့်လည်းရှိသလို လက်ကိုင်အကောက်လည်း ရှိ၏။ ကျွန်ုပ်အဖို့မူ လက်ကိုင် အကောက်က ပိုအဆင်ပြေ၏။

 

ထိုသွားတိုက်တံကလေးနှင့် အစားစားပြီးတိုင်းတိုက်ပါ။ တိုက်သည့်အခါ အတွင်းမှ အပြင်သို့လည်းကောင်း၊ အပြင်မှ အတွင်းသို့လည်းကောင်း တိုက်ပါ။ 

တိုက်ပြီးလျှင် သေသေချာချာ ဆေးပြီး ခြောက်အောင်ထားပါ။ ခြောက်ပြီဆိုမှ အိမ်ထဲတွင်ထည့်သိမ်းပါ။

 

ကျွန်ုပ်၏ အောက်သွားအားလုံးလိုလိုမှာ စိုက်သွားချည်းဖြစ်၏။ စိုက်သွားသည် စိုက်သွားသာဖြစ်ပြီး မွေးသမိခင် ပေးသည့်သွားကို မမီပါ။ ထို့ကြောင့် မိတ်ဆွေတို့ကို အမေပေးထားသည့် သွားကလေးများ မပျက်စီးမီ ထိန်းသိန်းနိုင်ကြစေရန် Interdental brush သုံးကြပါမည့်အကြောင်း စေတနာအပေါင်းနှင့် ကြေငြာမောင်း ခတ်လိုက်ရပြန်ပါကြောင်း။

 

မိတ်ဆွေတသင်း သွားခံတွင်း၊ ရှင်းလင်းကြပါစေ။

 

ကျေးဇူးတင်ပါသည်။

 

အေးငြိမ်း

၁၆ ဇန္နဝါရီလ၊ ၂၀၂၁

No comments: