Monday, August 17, 2020

စဉ်ဆက်မပြတ် တိုးတက်ရေး သို့

(၁) လူသည် အမှားနှင့် မကင်းနိုင်

အခါတစ်ပါးသော် မြတ်စွာဘုရား၏ လက်ယာရံ အဂ္ဂသာဝကကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာကို ရှင်သာမဏေငယ်လေး တစ်ပါးက သင်္ကန်းရုံတာ မညီသည့်အကြောင်း ထောက်ပြ ပြောဆိုလေ၏။
ထိုအခါ ရှင်သာရိပုတ္တရာကိုယ်တော်မြတ်ကြီးသည် သာမဏေငယ်ကလေး၏ စကားကို ကောင်းစွာနာယူလျက် သင်္ကန်းကို ပြင်ရုံလေ၏။ သင်္ကန်းကို ပြင်ရုံသည်သာ မဟုတ်သေး။ သင်္ကန်းကို ပြင်ရုံပြီးသည့်အခါ သာမဏေငယ်ကလေး ရှေ့သို့သွားကာ ညီပါပြီလား ငါ့ရှင်ဟု ရိုသေစွာလျှောက်ထားလျှက် သာမဏေငယ်ကလေးက ညီပါပြီဆိုမှ လိုရာခရီးကို ဆက်လေ၏။
ရှင်သာရိပုတ္တရာဆိုသည်မှာ ဘုရားရှင်သာသနာ၌ ဘုရားရှင်ပြီးလျှင် ဉာဏ်ပညာအကြီးမားဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်၏။ ထိုကဲ့သို့သော ပုဂ္ဂိုလ်ကြီးပင်လျှင် မိမိအမှားကို ထောက်ပြလာသော သာမဏေငယ်ကလေးအား မင်းဘာကောင်လဲ၊ ငါဘာကောင်လဲ မလုပ်။ မိမိအမှားကို ကောင်းစွာနာခံကာ ပြင်ဆင်လေ၏။
ဤသည့်အဖြစ်အပျက်ကလေးကို ကျွန်ုပ်တို့ လွန်စွာ နမူနာယူစရာ ကောင်းလှ၏။
ISO Standard ဖြစ်သော ISO 45001 သည်လည်း PDCA Cycle ကို အခြေခံ၏။ ဤ cycle ၏ အခြေခံမှာ မိမိအမှားကို ရှာဖွေကာ ပြန်လည်ပြင်ဆင်ခြင်းဖြင့် စဉ်ဆက်မပြတ် တိုးတက်မှုကို ရစေရန် ဖြစ်၏။
လူသည် အမှားနှင့်မကင်းနိုင်။ တစ်ခုမဟုတ်တစ်ခု မှားနိုင်သည်သာ ဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်က  မိမိအမှားကို ထောက်ပြပြောဆိုလာသည်ဖြစ်အံ့။ ထိုသူကို ရန်လိုစရာ၊ အမုန်းပွားစရာ၊ ဒေါသ ဖြစ်စရာမလို။ အကယ်စင်စစ် ကျေးဇူးပင် တင်ရဦးမည်ဖြစ်၏။ မိမိအမှားကိုသိပြီး ပြင်နိုင်လျှင် အမှန်ကို ရောက်နိုင်လေသည်။ အမှန်ကိုရောက်မှ တိုးတက်မည်။
အမှားကို ထောက်ပြမည့်သူ မရှိဘဲ ဟုတ်ပါ့ဘုရား၊ မှန်ပါ့ဘုရား၊ အားလုံးကောင်းပါသည်ဘုရားဟု ဝိုင်းညာနေကြမည်ဆိုလျှင် တစ်သက်လုံး အမှားကြီးကို အမှန်ထင်နေကာ ရေစုန်မျောဘွယ်ရာ၊ ဇောက်ထိုးမိုးမျှော် ကျသွားဘွယ်ရာ ရှိလေသည်။

(၂) WSH ဂျာနယ်

WSH ဂျာနယ်ကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလက စတင်ထုတ်ဝေခဲ့သည်ဖြစ်ရာ ယခုဆိုလျှင် ၂ နှစ်ခွဲရှိပြီဖြစ်၏။ ဂျာနယ်ထုတ်ဝေရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာပြည်သား လူအများတို့ကို အန္တရာယ်ကင်းရေးနှင့် ပတ်သက်၍ ဗဟုသုတများ ရစေလိုခြင်းဖြစ်၏။ 
အမှန်တကယ်ဆိုရပါမူ မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အန္တရာယ်ကင်းရေးနှင့်ပတ်သက်သည့် စာအုပ်စာတမ်း များမှာ လက်ချိုးရေ၍ ရသည့်အခြေအနေတွင်ပင် ရှိပါသေးသည်။ ဤကြီးမားလှသော ကွက်လပ်ကြီးကို ဖြည့်ဆည်း ဘို့ရန် WSH ဂျာနယ်က ကြိုးပမ်းနေခြင်းဖြစ်ကြောင်း စာဖတ်ပရိသတ်များကို သိစေလိုပါသည်။
ထိုမျှမက ဂျာနယ်ဟူသည် လစဉ်ထွက်နေခြင်းဖြစ်သဖြင့် နောက်ဆုံးရ သတင်းအချက်အလက်များကိုလည်း ဖော်ပြနိုင်သေးသည်ဖြစ်ရာ မြန်မာနိုင်ငံသား စာဖတ်ပရိသတ်များအနေနှင့် ခေတ်နှင့် မျက်ချည်မပြတ်တော့ချေ။ လုပ်ငန်းခွင် အန္တရာယ်ကင်းရေးနှင့် ပတ်သက်၍ မိမိတို့၏ အတွေ့အကြုံဗဟုသုတများကိုလည်း WSH ဂျာနယ်တွင် မျှဝေနိုင်ပါသေး၏။ 
လုပ်ငန်းခွင် အန္တရာယ်ကင်းရေးနယ်ပယ်မှာ လွန်စွာကျယ်ဝန်းလှသည်ဖြစ်ရာ တစ်ဦးတစ်ယောက်တည်းနှင့် နယ်အားလုံးကျွမ်းကျင်ဘို့ရာ မဖြစ်နိုင်။ Specialist ဟူသည် နယ်ပယ်တစ်ခု၌သာ ကျွမ်းကျင်လိမ္မာနိုင်မည်။ နယ်စုံသွားပြီဆိုလျှင် Specialist မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် နယ်ပယ်စုံမှ ကျွမ်းကျင်သူများ ရေးသားထားသည့် ဆောင်းပါးများကို WSH ဂျာနယ်မှ ကြိုဆိုပါသည်။
သို့သော် ရေးသားထားသည့်အချက်အလက်များကိုမူ ခိုင်မာသည့် ရင်းမြစ်များမှ ရယူရန်နှင့် ထိုသတင်း အချက်အလက်ကို မည်သည့်နေရာမှ ရယူထားကြောင်း ရည်ညွှန်းစာရင်းကိုလည်း ဆောင်းပါးအဆုံး၌ ထည့်ပေးရန် လိုပါသည်။ သို့မှသာ အကယ်၍ တစ်စုံတစ်ယောက်က မေးလာခဲ့ပါက မည်သည့်စာအုပ်ထဲမှ ရယူထားကြောင်း ပြန်လည် ဖြေရှင်းနိုင်မည်ဖြစ်၏။ ထို့ကြောင့် WSH ဂျာနယ်သို့ ဆောင်းပါးပေးပို့သူအားလုံးကို ဆောင်းပါးအဆုံး၌ ရည်ညွှန်း စာအုပ်စာတမ်းစာရင်း ထည့်ပေးပါရန် မေတ္တာရပ်ခံပါ၏။
မြန်မာနိုင်ငံတွင် ဂျာနယ်တစ်စောင်အနေနှင့် ရပ်တည်ရေးမှာ မည်မျှခက်ခဲကြောင်း ထုတ်ဝေသူများသာ သိပါသည်။ WSH ဂျာနယ်သည်လည်း ဂျာနယ်လေးအသက်ဆက်နေရေးကို မနည်းရုန်းကန်ရပါသည်။ ယခုဆိုလျှင် ထုတ်ဝေစကာလများကထက် စောင်ရေရော၊ စာမျက်နှာကိုပါ လျှော့ချလိုက်ရပါသည်။ အရှုံးများပါက ကြာကြာ ရပ်တည်နိုင်ရန် မလွယ်ပါ။ 

(၃) စဉ်ဆက်မပြတ် တိုးတက်ရေး

ကျွန်ုပ်တို့သည် မိမိတို့သိထားသမျှကို မြန်မာနိုင်ငံသားတို့ အကျိုးစီးပွားအလို့ငှာ WSH ဂျာနယ်မှနေ၍ ပြန်လည် ဝေငှပေးနေခြင်းမျှသာ ဖြစ်ပြီး မည်သူမျှ ပါမောက္ခကြီးများ မဟုတ်ကြပါ။ ကျွန်ုပ်တို့သည် အကောင်းဆုံးဖြစ်အောင် ကြိုးစား ရေးသားကြပါ၏။ သို့တိုင် ကျွန်ုပ်တို့ရေးသားထားသည့် ဆောင်းပါးများထဲတွင် ပမာဒလေခ အမှားများ ပါနိုင် သေးသည်သာ ဖြစ်၏။ 
အကယ်၍ စာဖတ်သူများအနေနှင့် ကျွန်ုပ်တို့ စာများထဲတွင် သံသယရှိစရာများ၊ မှားနေသည်ဟု ယူဆစရာများ ပါလာပါက WSH ဂျာနယ် အယ်ဒီတာအဖွဲ့ (ဖုန်းနံပါတ် - ၀၉ ၈၉၄၁၇ ၄၅၉၀ / ၀၉ ၇၉၀၉၈ ၅၄၆၄၊ email: publication@wshmyanmar.com) ထံသို့လည်းကောင်း၊ WSH ဂျာနယ် ဖေ့စ်ဘုတ်၊ messenger မှ တဆင့် လည်းကောင်း ဆက်သွယ်အကြံပြုနိုင်ကြပါ၏။ 
ဤသို့ပေးပို့ရာတွင် ထုတ်ဝေသည့်လ၊ ခုနှစ် သို့မဟုတ် အတွဲ၊ အမှတ်။ စာရေးဆရာအမည်၊ ဆောင်းပါးနာမည်။ စာမျက်နှာနံပါတ်နှင့်တကွ မှားနေသည့် အကြောင်းအရာ။ အဘယ်ကြောင့်မှားနေသည်။ အမှန်က မည်သည်ဖြစ်၍ မည်သည့်စာအုပ်ထဲတွင် မည်ကဲ့သို့ ရေးသားထားကြောင်း စသဖြင့် အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနှင့် တင်ပြလာလျှင် ကျွန်ုပ်တို့က WSH ဂျာနယ်တွင် လေးစားစွာဖြင့် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။ ဤနည်းအားဖြင့် ကျွန်ုပ်တို့ ဂျာနယ်လည်း အမှားကင်းစင်ပြီး အရည်အသွေးပိုမိုပြည့်ဝသည့် ဂျာနယ်တစ်ခုဖြစ်လာနိုင်မည် ဖြစ်ပါသည်။
ထိုမျှသာမက ဂျာနယ်ပိုမိုတိုးတက်ကောင်းမွန်လာစေရေးအတွက် အကြံကောင်း၊ ဉာဏ်ကောင်းများလည်း ပေးကြစေလိုပါသည်။ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့်လည်း မိမိတို့၏ စီးပွားရေး ကြော်ငြာများ ထည့်ခြင်းဖြင့် WSH ဂျာနယ်ကို ချီးမြှောက်စေလိုပါသည်။ 
ကျေးဇူးတင်ပါသည်။

No comments: