Wednesday, April 8, 2020

MOM Circular_Suspension of WSH Training

ခုနစ်ရက် သားသမီးအပေါင်းတို့ သိသာစေနိုင်ရန် MOM ၏ ထုတ်ပြန်ကြေငြာချက်ကို ဘာသာပြန်ဆို တင်ပြလိုက်ရ ပြန်ပေသည် တမုံ့။ (အပြည့်အစုံမဟုတ်ပါ။ သိသင့်သိထိုက်သော အရေးကြီးသည့်အချက်များကိုသာ ထုတ်နုတ်ပြန်ဆို ထားခြင်းဖြစ်ပါသည်။ မူရင်းမှာ ၅ မျက်နှာရှိပြီး မူရင်းကို ရယူလိုသူများ ဖော်ပြပါ link ၌ download လုပ်ယူကြပါကုန်)

Ref: MOM/OSHD/2020-04: 6 Apr 2020

လူကိုယ်တိုင်တက်ရောက် သင်ကြားရသော လုပ်ငန်းခွင် အန္တရာယ်ကင်းရေး သင်တန်းများကို ဧပြီလ ၇ ရက်၊ ၂၀၂၀ မှ စတင်ကာ ရပ်ဆိုင်းမည့်ကိစ္စ

၁။ အစိုးရ၏ ‘circuit breaker’ ကြိုးပမ်းမှု အစိတ်အပိုင်းတစ်ခုအဖြစ် လူအချင်းချင်းထိတွေ့မှုကို အတတ်နိုင်ဆုံး လျှော့ချရန် ၇ ဧပြီ၊ ၂၀၂၀ နေ့မှ ၄ မေလ၊ ၂၀၂၀ အထိ လူကိုယ်တိုင်တက်ရောက် သင်ကြားရသော လုပ်ငန်းခွင် အန္တရာယ် ကင်းရေး သင်တန်းများကို ရပ်ဆိုင်းထားလိုက်သည်။

ဝပ်ပါမစ်အလုပ်သမားများ မဖြစ်မနေတက်ရောက်ရန် လိုအပ်သည့် လုပ်ငန်းခွင် အန္တရာယ်ကင်းရေး သင်တန်းများ

၂။ ဝပ်ပါမစ်အလုပ်သမားများ မဖြစ်မနေတက်ရောက်ရန် လိုအပ်သည့် လုပ်ငန်းခွင် အန္တရာယ်ကင်းရေး သင်တန်းများကို လည်း နောက်တစ်ကြိမ် သတင်းမထုတ်ပြန်မချင်း ရပ်နားထားလိုက်သည်။

ဆိုလိုသည်မှာ စင်ကာပူသို့ အလုပ်လုပ်ရန် IPA (In-Principal Approval) letter ဖြင့် ဝင်ရောက်လာသည့် အလုပ်သမား များကို (ယခင်က မဖြစ်မနေတက်ရမည်ဟု သတ်မှတ်ထားသော) လုပ်ငန်းခွင် အန္တရာယ်ကင်းရေး သင်တန်းများကို တက်စရာမလိုဘဲ ဝပ်ပါမစ်ကဒ်ပြားများ ထုတ်ပေးမည်။

၃။ ထိုအလုပ်သမားများအား အလွန်လိုအပ်သည့် လုပ်ငန်းများ၌ အန္တရာယ်နည်းသည့်လုပ်ငန်းများကိုသာ အောက်ပါ အခြေအနေများအားလိုက်နာစေလျက် လုပ်ခွင့်ပြုရမည်။

၁) လုပ်ငန်းခွင်အန္တရာယ်ကင်းရေး သင်တန်းများကိုတက်ခဲ့ပြီးသော ကျွမ်းကျင်လုပ်သားတစ်ဦးနှင့်အတူ ပူးတွဲလျက် လုပ်စေခြင်း
၂) ၎င်းအား အလုပ်သမားသစ် ဟူသော အမှတ်အသားပြုထားခြင်း (ဥပမာ - ရောင်ပြန်အင်္ကျီ ဝတ်စေခြင်း)

၄။ ထို့အတူ လက်ရှိ ဝပ်ပါမစ်ဖြင့်လုပ်ကိုင်နေသူ အလုပ်သမားများအားလည်း ဝပ်ပါမစ် သက်တမ်းကုန်ပါက လိုအပ်သော လုပ်ငန်းခွင် အန္တရာယ်ကင်းရေး သင်တန်းများကို တက်ရောက်ရန် မလိုဘဲ သက်တမ်းတိုးပေးမည်။ သို့သော် ဤသည်မှာ သင်တန်းများ ပိတ်ထားစဉ် ကာလအတွက်သာဖြစ်ပြီး သင်တန်းများပြန်ဖွင့်သည်နှင့် တပြိုင်နက် တစ်လအတွင်း လိုအပ်သော သင်တန်းများကို ပြန်လည်တက်ရောက် ပြီးစီးထားရမည်။

လိုင်စင်သက်တမ်းတိုးရန်လိုသော Continuing Development Training သင်တန်းများ

၅။ ထို့အတူပင် လိုင်စင်သက်တမ်းတိုးရန်လိုသော Safety Officer, Crane operator များသည်လည်း သင်တန်းတက်ရန် မလိုဘဲ သက်တမ်းတိုးရန် ခွင့်ပြုသည်။

၆။ သို့သော် လိုင်စင်အသစ်လျှောက်မည့် Safety Officer, Crane operator များအနေနှင့် မူလလိုအပ်ချက်အတိုင်း ဖြစ်သည်။

မကြာခဏ မေးလေ့ရှိသော မေးခွန်းများ

၂။ သင်တန်းမတက်ဘဲ စက်မောင်းခြင်း၊ အန္တရာယ်များသော အလုပ်များကို ခိုင်းစေခြင်း ပြုနိုင်ပါလား။

အလုပ်ရှင်များသည် စက်မောင်းခြင်း၊ အန္တရာယ်များသော အလုပ်များကို ခိုင်းစေခြင်းအတွက် အန္တရာယ်ကင်းစွာ လုပ်ကိုင်နိုင်စေရန် လုံလောက်သော သင်တန်းများ ပေးခြင်း၊ အနီးကပ်ကြီးကြပ်ခြင်းများ ပံ့ပိုးပေးရမည်။ ထိုသင်တန်း မတက်ထားသူများကို ထိုလုပ်ငန်းများ မခိုင်းရ။

၃။ ဝပ်ပါမစ် သက်တမ်းတိုးဘို့ လိုအပ်တဲ့ safety သင်တန်းမတက်ရင် ပါမစ် cancel လုပ်မလား။

မလုပ်ပါ။
IPA letter ဖြင့်ဝင်လာသူ အလုပ်သမားများကိုလည်း သင်တန်းမတက်ဘဲ ဝပ်ပါမစ်ထုတ်ပေးမည်။ သင်တန်းများ ပြန်ဖွင့်ပြီး တစ်လအတွင်း သင်တန်းကို အပြီးတက်ထားစေရမည်။

၄။ ငါ့ လက်ရှိအလုပ်သမားဟာ သူ့လက်မှတ်သက်တမ်းကုန်သွားရင်ကော သင်တန်းဆက်မတက်ဘဲ အလုပ်လုပ်လို့ ရမလား။

ရပါတယ်။ တက်ဘို့လိုအပ်တဲ့သင်တန်းတွေ ပြန်မဖွင့်မချင်းပေါ့။ (သင်တန်းတွေပြန်ဖွင့်တာနဲ့ ပြန်တက်ရမယ်)

၅။ ငါ့ ရှေးဦးသူနာပြုလုပ်သားဟာ လိုင်စင်သက်တမ်းကုန်သွားပြီ။ သူ့အနေနဲ့ ရှေးဦးသူနာပြုလုပ်ငန်း ဆက်လုပ်လို့ ရဦးမလား။

ရပါတယ်။ ဘယ်လို အရေးယူမှုမျိုးမှ လုပ်မည် မဟုတ်ပါ။

၆။ ငါ့အလုပ်သမားအသစ်ကို သင်တန်းမတက်ရသေးဘဲ အလုပ်ခိုင်းလို့ရသလား။

ရပါတယ်။ အန္တရာယ်များတဲ့အလုပ်တွေ မခိုင်းနဲ့ပေါ့။
၁) အလုပ်သမားအသစ်မှန်းသိအောင် လက်ပတ် ပတ်ပေးထားပါ။
၂) အတွေ့အကြုံရှိပြီးသား အလုပ်သမားဟောင်းနဲ့ တွဲလုပ်ခိုင်းပါ။

သင်တန်းတွေပြန်ဖွင့်တဲ့အခါမတော့ ၁ လအတွင်း သင်တန်းတက်ခိုင်းပါ။

၇။ Safety လိုင်စင်အသစ်လျှောက်ဘို့ သင်တန်းတက်စရာ မလိုတော့ဘူးလား။

No . . No . . No . . တက်ရမယ်။ အရင်အတိုင်းပဲ။ အဲသဟာကိုတော့ မပြောင်းပါ။

၉။ တက်ဆဲသင်တန်းတွေ ဘယ့်နှာလုပ်မတုံးဗျ။

ပြန်ဖွင့်တဲ့အခါ ဆက်တက်ပေါ့လဗျာ။

၁၀။ သင်တန်းမတက်ဘဲ ကရိန်းမောင်းခွင့်လိုင်စင် သက်တမ်းတိုးလို့ရသလား။

ရပါတယ်။
အသက် ၅၀ ကျော်တဲ့သူတွေ ကရိန်းမောင်းလိုင်စင် လျှောက်တဲ့အခါ လိုအပ်တဲ့ ဆေးစစ်ချက်ကိုလည်း ခဏနားထားပါတယ်။

၁၁။ အခု SDU point သင်တန်းတွေ နားထားတယ်ဆိုတော့ Safety Officer လိုင်စင်ကို သင်တန်းမတက်ဘဲ သက်တမ်းတိုးလို့ရပါသလား။

ရပါတယ်။

၁၂။ ကျော်တို့ သင်တန်းတွေ online သင်လို့ရပါသလား။

ရပါတယ်။ ဒါပေမယ့် လက်တွေ့လုပ်ရမယ့်သင်တန်းတွေကိုတော့ ဘယ့်နှာလုပ် အွန်လိုင်းသင်မလဲ ကွယ်ရို့။ အဲသဟာကိုတော့ဖြင့် ခွင့်မပြုပါ။

၁၃။ သဟာဆို အွန်လိုင်းသင်ဘို့ ခွင့်ပြုမိန့်တင်ရပါသလားခညာ။

တင်ရမှာပေါ့မောင်ရဲ့။ wsh_traninig@wshc.sg ကို မောင်ရင်တို့ ပရိုပိုဆယ်ကို အီးမေးပို့ပါ။

၁၄။ ငှယ်၊ တချို့သင်တန်းတွေက ဖွင့်မယ်လို့ လက်ခံပြီးပြီ။ တစ်ယောက် ၁ မီတာခွာပြီးသင်လို့ ဖြစ်မလားခည။

No . . No . . No . . မရပါ မောင်။ လက်ရှိသင်နေတဲ့ သင်တန်းအားလုံးအပါအဝင် အကုန်ရပ်စေ။ သင်တန်းပြန်ဖွင့်လို့ရပြီ ဆိုမှ ဆက်ပါလေ။

၁၅။ ဟိုလေ၊ သင်တန်းတွေရပ်ထားရတယ်ဆိုတော့ ဆိုပါတော့ဗျာ။ အခု တစ်လ ရပ်ထားရတယ်။ ဆိုတော့ ကျုပ်တို့ သင်တန်းကျောင်းလိုင်စင်သက်တမ်းကို တစ်လတိုးပေးမလားဗျာ။

No . . No . . No . . မတိုးပါ မောင်။ လိုင်စင်သက်တမ်းကုန်မယ့်ရက်ကို သက်တမ်းကတော့ ကုန်မှာပါဘဲကွယ်။

၁၆။ အခု အလုပ်တွေပိတ်ထားတဲ့အတောအတွင်း ကျုပ်တို့ သင်တန်းကျောင်းတွေမှာ အောဒစ်လုပ်ရင်ရော လုပ်လို့ ရမလားဗျာ။

မရပါခညာ။

၁၇။ အခု သင်တန်းတွေရပ်လိုက်ရပြီဆိုတော့ ဘယ့်နှာလုပ်ကြမတုံး ကွယ်ရို့။

လွယ်ပါတယ်ဗျာ။ သင်တန်းသားတွေအကုန်လုံးကို သင်တန်းပိတ်လိုက်တဲ့အကြောင်း အကြောင်းကြားလိုက်ပေါ့။

၁၈။ သင်တန်းတွေ ဘယ်တော့ ပြန်ဖွင့်ရမတုံးဗျ။

အခြေအနေ စောင့်ကြည့်မယ်။ ပြန်ဖွင့်လို့ရပြီဆို ပြန်ပြောမယ်။

၁၉။ ဟွာလေ၊ ကျော်တို့ သင်တန်းကျောင်းတွေ ပိတ်ထားရပြီဆိုတော့ ဝင်ငွေလျော့သွားသပေါ့ဗျာ။ အဲ . . အဲဒါ အစိုးရက ထောက်ပံ့ကြေးလေးများ ပေးဘို့ အစီအစဉ် ရှိမရှိ . . .

ဘဒူတွေကို ထောက်ပံ့ကြေးပေးမယ်ဆိုတာ ကြေငြာပြီးပါပြီမောင်၊ အဲသဟာထက်တော့ နောက်ထပ် ထပ်မံ ပံ့ပိုးဘို့ အစီအစဉ် မရှိသေးပါ။

၂၀။ ဒါထက် လက်မှတ်ထုတ်ပေးဘို့လို့ အောဒစ်ကလေး ဘာလေးများ လုပ်လို့ရမလားဗျာ။

မရပါခင်ဗျား။

၂၁။ အခုလို ပိတ်ထားတဲ့ကာလမှာ သင်တန်းကျောင်းအသစ်ဖွင့်ဘို့လို့ လိုင်စင်လေးများ ချပေးမယ်လို့များ မျှော်လင့်ချက် ကလေးများ ရှိမရှိ။

မရှိပါ။
ဝေးဝေးကသာ လွမ်းပါတော့။

+++++++

တော်ပြီဗျာ။
(အနို့ နောက်ထပ်လည်းမှ မရှိတော့တဲ့ဟာကိုး။)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၈ ဧပြီ၊ ၂၀၂၀
(လူများတွေကတော့ သည်ကနေ့ဟာ ကျွန်ုပ်မွေးနေ့ဟု ပြောပါသည်။ ကျွန်ုပ်ကိုယ်တိုင်ကမူ မသေချာပါ။)

No comments: