Monday, February 3, 2020

ကျွန်ုပ် အလွန် ဝမ်းနည်းမိရခြင်း အကြောင်း


ထူးထူးဆန်းဆန်းပင် ကျွန်ုပ် ညက ဒေါ်အောင်ဆန်းစုကြည်ကို အိပ်မက် မက်၏။
ကောင်းသည့်ဘက်ကတော့မဟုတ်။

ကျွန်ုပ်တို့သူငယ်ချင်းတစ်သိုက် ကားပါမစ်ကိစ္စနှင့်ပတ်သက်ပြီး လှောင်ပြောင်ရယ်မောနေကြသည်ကို ဘယ်အချိန် နောက်မှာ ရောက်နေမှန်းမသိသော သူက ဒေါနှင့်မောနှင့် လာဟောက်တာ ဖြစ်၏။

ညက ကျွန်ုပ် သူမိန့်ခွန်းပြောနေတုံး ကျောင်းသားတွေ နောက်ဘက်ကနေ ဆိုင်းဘုတ်တွေထောင်ကာ ဆန္ဒပြသည့် ဗီဒီယိုကို ကြည့်မိသည့် အစွဲဖြစ်ပါလိမ့်မည်။

ဖေ့စ်ဘုတ်ပေါ်တွင် ထိုကျောင်းသားကလေးများကို အ,မနာပ ဆဲဆိုနေကြသည်များမှာ မမြင်ချင်မှ အဆုံးဖြစ်၏။
သို့သော် ကျွန်တော့်အမြင်ကတော့ တခြားသူများနှင့် မတူပါ။

ဘကြီးတော်ဘုရားလက်ထက်က မဟာဗန္ဓုလဖြစ်လာမည့် မောင်ရစ်သည် မည်မျှပင် အမှုတော်ကို ကြိုးစားထမ်းရွက်သည် ဖြစ်စေ။ အသိအမှတ်ပြုခြင်းကို မခံရ။ သူကောင်းပြုခြင်း မခံရ။

သည်တော့ သည်လောက်စစ်သားအများကြီးကြားထဲ သူ့ကို ရှင်ဘုရင်သိအောင် ဘယ်လိုလုပ်ရကောင်းမလဲ စဉ်းစားလေ၏။

အခါတစ်ပါး ဘုရင်ကြီး ညီလာခံကျင်းပနေစဉ် မောင်ရစ်သည် မပြောမဆို အနီးတွင်ရှိသော ရဲမက်တစ်ဦးကို အသားလွတ် ထ,ထောင်းသည်ဆို၏။

ရုတ်ရုတ် ရုတ်ရုတ်ဖြစ်လို့ ဘုရင်ကြီးက ဟဲ့၊ ဘာဖြစ်သတုံး ဆိုတော့မှ မောင်ရစ်က -
မှန်လှပါ အရှင်မင်းကြီး။ အကျွန်ုပ် အမှုတော်ကို မည်မျှရွပ်ရွပ်ချွံချွံ ထမ်းဆောင်ပါသော်လည်း မည်သူကမှ အသိအမှတ်မပြုသော ကြောင့် အရှင်မင်းကြီးသိအောင် လုပ်ရခြင်းဖြစ်ပါသည် . . ဟု ဆိုလေသည်။

အခုကျောင်းသားလေးတွေလုပ်တာလည်း ဤသဘောပင် ဖြစ်ပါလိမ့်မည်။
သူတို့လို ငချွတ်ကလေးတွေပြောတာကို အဘယ်သကောင့်သားကမှ ဂရုစိုက်ဖော်မရသောကြောင့် နောက်ဆုံး အာဏာအရှိဆုံးသူ ဆီ လာဆန္ဒပြတာ ဖြစ်ပါသည်။

တကယ်လို့ တင်ပြချင်တယ်ဆိုရင် ကိုယ့်နာမည်ထိုးပြီး တင်ပြလို့ရနေတာပဲ . . ဆိုတာကိုလည်း ကြားမိလိုက်ပါသည်။

သူပြောတော့ လွယ်လွယ်လေးခင်ဗျာ။
သို့သော် လက်တွေ့မှာ ထိပ်ပိုင်းခေါင်းဆောင်ကြီးကို တွေ့ဘို့မဆိုထားပါနှင့်။
ခြံစည်းရိုးနားကပ်လာလျှင်တောင် မောင်းထုတ်ခံရမှာ ၃၀၀% လောက် သေချာလှပါသည်။

အဲလေ ဆရာဆရာမများ သမဂ္ဂက သွားဆွေးနွေးလို့ရော သူတို့ပြောစကားတွေ၊ သူရို့ဆန္ဒတွေကို အဖက်လုပ်ဖော်၊ ထည့်စဉ်းစားဖော်ရပါသလား။ ဝေးစွခြောက်ပါး။

ဟိုတစ်နေ့ကပဲ တာဝန်ရှိသူများနှင့် ဆရာဆရာမများ သမဂ္ဂတို့ ထပ်တွေ့သေးသည်။ ပျားရည်နှင့်ဝမ်းချတာခံရပြီး ပြန်ခဲ့ရတာသာ ဖြစ်၏။

ကျောင်းသား ကျောင်းသူတွေ စီတန်းလှည့်လည်နေတာ၊ ဆရာဆရာမတွေ လှည့်လည် ဆန္ဒပြနေတာတွေတွေ့ရတာ ကျွန်ုပ် စိတ်မချမ်းသာပါ။ အောက်မှာ ဘယ်လိုအခြေအနေရှိတယ်ဆိုတာ၊ သူတို့တွေ ဘာလို့ဆန္ဒပြတယ် ဆိုတာတွေ ထည့်မတွက်ဘဲ ငါလုပ်ချင်တာသာ ဇွတ်လုပ်နေခြင်းကို ကျွန်တော့်အနေနှင့် နှစ်မြို့စရာအကြောင်း တစ်ပြားသားမှ မရှိပါ။

နောက်ပြီး ပညာရေးဝန်ကြီးပြောပုံအရ မတ်လကုန်ထိ ကျောင်းဖွင့်ထားတာသည် စနစ်တကျ ဘာကို ဘယ်လိုလုပ်မည်ဟု ကြိုတင်စီမံထားတာမဟုတ်ဘဲ မတ်လကုန်ထိ ကျောင်းဖွင့်ရင် ကောင်းမယ်ဟု တစ်ယောက်ယောက်က ပြောလိုက်သဖြင့် ဖြစ်သလို ကောက်ကက်လုပ်လိုက်ပုံမျိုးဖြစ်ပါသည်။ သူတို့ဘာတွေမျှော်မှန်းပြီး ဘယ်လိုလုပ်နေကြသည်ကို ကျွန်ုပ်မသိပါ။ သို့သော် လုပ်ပုံကတော့ ဟုတ်ကိုမဟုတ်ပါ။ ဤကဲ့သို့ ကျောင်းတွင်းစာမေးပွဲတွေကို အစိုးရစစ်စာမေးပွဲတွေ နောက်ကို ပို့လိုက် ခြင်းအားဖြင့် အဲသည် ကလေးတွေ စာပိုတတ်လာမည်ဟု ယူဆပြီးလုပ်သည်ဆိုလျှင်ဖြင့် အံ့ဩကုန်နိုင်ဘွယ်ပင် ဖြစ်ပါတော့သည်။

ကျောင်းသင်ပြဋ္ဌာန်းစာအုပ်တွေမှာ အမှားတွေ သောက်သောက်လဲပါနေတာကို ကျွန်ုပ် စေ့စေ့စပ်စပ် ဖတ်ရှုပြီး ဆောင်းပါးပြုစု ထားတာ A4 နှင့် စာမျက်နှာ ၄၀ ကျော်ပါသည်။ နောက်ပြီး သက်ဆိုင်သူ လူကြီးမင်းများထံသို့ ဝန်ကြီးဌာန website, feedback နေရာမှနေ၍ ပို့ပါသည်။ ဘာမှ အကြောင်းမပြန်ပါ။ အတိုင်ပင်ခံရုံး website မှလည်း ပို့ပါသည်။​ လူကြီးမင်း၏စာကို လက်ခံရရှိပါသည် ဆိုသည့်စာတစ်ကြောင်းမျှနှင့် ကျေနပ်လိုက်ရပါသည်။ The Voice နှင့် 7 Days အပါအဝင် ဂျာနယ် ၃ - ၄ စောင်သို့ပို့ပါသည်။ မည်သည့်ဂျာနယ်ကမှ မထည့်ပါ။

ဝန်ကြီးဌာနများသို့ လူကိုယ်တိုင်သွားပို့မည် ဆိုလျှင်ပင် ကျွန်တော့်လို ငချွတ်၊ ပါမွှားတစ်ကောင်အနေနှင့် ဝန်ကြီး မပြောပါနှင့်။ ဝန်ကြီး၏ပီအေနားတောင် ကပ်ရဘို့မလွယ်ပါ။

ပထမတော့ ကျွန်ုပ် အတော် ဒေါသထွက်မိပါသည်။ နောက်မှ ငယ်ငယ်တုံးက ဦးကြီးငချစ်ပြောတာ သွားသတိရမိ၏။  

ဟကောင် - အဲသဟာ မင်းကိုဘယ်သူက ခိုင်းနေလို့ လုပ်တာတုံး။ မင်းဘာသာမင်း မနေနိုင်မထိုင်နိုင် လုပ်တာမဟုတ်လား။ ကိုယ်ကသွားစတဲ့ကိစ္စ သူတို့က အရေးပြန်မလုပ်တာနဲ့ ဒေါသထွက်ရမလားကွ။ သူတို့ဘာသာသူတို့ စိတ်ဝင်စားချင်စားမယ်။ စိတ်မဝင်စားဘဲနေမယ်။ အဲဒါ သူတို့အပြစ်လား မင်းအပြစ်လား၊ ပြောစမ်း။

ဟိုက်ရော။

ဦးကြီးငချစ်ဆုံးပါးသွားသည်မှာ ကြာပါပြီ။
သို့သော် ဦးကြီး၏ အဖိုးတန်လှသော ဆုံးမစကားများကို ကျွန်ုပ် ယနေ့ထိတိုင် မမေ့နိုင်သေးပါ။
ဦးကြီးပြောတာတွေ နားဝမှာ အသစ်တစ်ဖန် ပြန်ကြားယောင်လာမိတော့မှ -
ဟုတ်ပေတာပဲ။ ငါ့အပြစ်နဲ့ငါ။ သူတို့မယူတော့လဲ ဘာတတ်နိုင်မလဲကွာ . . ဟု စိတ်ဖြေနိုင်ပါတော့သည်။

သို့သော်လည်း ကျောင်းသားလေးများမှာ လူငယ်များဖြစ်၍ ကျွန်တော့်လို စိတ်မဖြေနိုင်သောကြောင့် ကောက်ရိုးတစ်မျှင်ဖြစ်ဖြစ် ရရာဆွဲကိုင်ပြီး အခွင့်အရေးရသခိုက် အတိုင်ပင်ခံ စကားပြောနေတုံး ဆန္ဒပြတာဖြစ်၏။ သည်လို ဆန္ဒပြမှလည်း သူတို့ကို သတိထားမိမည် မဟုတ်လော။

သို့သော် လူငယ်လေးတွေ မရိုင်းပါ။ သူတို့ကို လာပြောတော့ ကြွေးကြော်သံစာရွက်တွေ ပြန်လိပ်၊ အသာပြန်ထိုင်သွားတာ တွေ့ရပါသည်။ ကျွန်ုပ် သူတို့ကို ကြည့်ပြီး စိတ်မကောင်းပါ။ သူတို့ကို အဘယ်သူသည် အရေးတယူလုပ် ခေါ်ဆွေးနွေးပါမည် နည်း။ သူတို့အသံကို အဘယ်သူသည် အရေးစိုက် နားထောင်ပါမည်နည်း။

အတိုင်ပင်ခံပုဂ္ဂိုလ်ပြောတာကိုလည်း ကျွန်ုပ် သဘောမကျပါ။
“အခမ်းအနားတွေကို ကိုယ့်အတွက်၊ ကိုယ့်အဖွဲ့အတွက်၊ ကိုယ်တစ်ယောက်ထဲရဲ့အမြင်အတွက် အသုံးမချပါနဲ့၊
ကိုယ့်နာမည်ကိုယ်ထိုးပြီး ကိုယ့်အမြင်တွေကို တင်ပြနိုင်ပါတယ်” ဟု သူက ဆိုပါသည်။

ယခုပွဲကို လာဆန္ဒပြတာ ထိုကျောင်းသားကလေးများသည် “ကိုယ့်အတွက်၊ ကိုယ့်အဖွဲ့အတွက်၊ ကိုယ်တစ်ယောက်ထဲရဲ့ အမြင်အတွက် အသုံးချကြခြင်း” မဟုတ်ပါ။ ၎င်းတို့ဘယ့်အတွက်လာကြသည်ကို အားလုံးသိကြပါသည်။

သူက ‘ကိုယ့်အမြင်တွေကို ကိုယ့်နာမည်ထိုးပြီး တင်ပြလို့ရတယ်’ ဟု ဆိုပါသည်။
သူပြောသလိုတင်ပြကြပါသည်။ သို့သော် ထိုစာများမှာ သူ့ဆီမရောက်ပါ။
ယခုပွဲ၌ ကျောင်းသားများလာပြီး ဆန္ဒပြတာ တွေ့ရသည့်တိုင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရခဲ့ပါသလား။ ဝေးစွခြောက်ပါး။

သည်အခြေအနေများကိုကြည့်ပြီး ကျွန်ုပ် အလွန်ဝမ်းနည်းမိပါသည်။
ယခင်က ကျွန်ုပ်တို့မှာ ခေါ်စရာ အဖေမရှိခဲ့၍ ဝမ်းနည်းမိခဲ့ပါသည်။
ယခုရော ကျွန်ုပ်တို့မှာ ခေါ်စရာအဖေ ရပါပြီလား။

မုဒိန်းကျင့်သွားတာ ဘယ်သူဆိုတာမှန်း အတိုင်းသားမြင်နေရပါလျက် -
တစ်တိုင်းပြည်လုံး အုံးအုံးကျွက်ကျွက် ဆန္ဒပြနေပါလျက် -
မုဒိန်းကောင်ကို မဖော်ထုတ်နိုင်ခဲ့။

ယခုလည်း တစ်တိုင်းပြည်လုံး အုံးအုံးကျွက်ကျွက် ဆန္ဒပြနေပါလျက် -
ပြည်သူအပေါင်း၏ ဆန္ဒကို လျစ်လျူရှုကာ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက် လုပ်နေသည့်အတွက် -
ကျွန်ုပ်မှာ အလွန်ဝမ်းနည်းမိလေသည်။

အဆိုးဆုံးမှာကား -
ယခင်က ကိုယ်မကြိုက်လျှင် ကိုင်တုတ်စရာ မယ်မယ်ရရ ပြစရာရှိသေးသည်။
ယခုတော့ ဘယ်သူ့ကို ကိုင်တုတ်ရမှန်းမသိတော့။
ကျွန်ုပ်မှာ ကိုယ့်ကိုယ်ကိုယ်သာ အသားကုန်ကျိန်ဆဲမိပါတော့သတည်း။

ဝမ်းနည်းခြင်းများစွာဖြင့် -

အေးငြိမ်း
၃ ဖေဖော်ဝါရီလ၊ ၂၀၂၀။ ၀၀:၀၁ နာရီ

No comments: