Tuesday, September 24, 2019

ကျွန်ုပ်နှင့် ဒဘဲ့ (၅) ယောက်အကြောင်း

ပုံမှန်အားဖြင့် ACS (Apply Workplace Safety and Health in Construction Worksites) (ယခင်က CSOC) သင်တန်းကို ဘန်းဂလား၊ အိန္ဒိယ၊ မြန်မာစသည့် အလုပ်သမားများသာ လာတက်တာ များ၏။ သို့သော် ခြွင်းချက်အနေနှင့် တခါတရံတွင် ဂျာမဏီ၊ အီတလီ၊ ပြင်သစ်၊ ဂျပန် စသည့်နိုင်ငံသားများလည်း လာတက်တာ ရှိပါသည်။

သည်ကနေ့အတန်းတွင်လည်း ဂျာမဏီနိုင်ငံသား တစ်ယောက်ပါလာ၏။ သူတို့က အဖွဲ့လိုက်လာတာ ဖြစ်၏။ စုစုပေါင်း (၅) ယောက်။ စင်ကာပူနိုင်ငံသား (၃) ယောက်၊ အိန္ဒိယအင်ဂျင်နီယာတစ်ယောက်။ စင်ကာပူ နိုင်ငံသားများမှာ မန်နေဂျာ အဖိုးကြီးများ ဖြစ်၏။ ဂျာမန်က technician ထင်ပါသည်။ သေသေချာချာ မသိ။

ကျွန်ုပ်သင်ရတာ ဒုတိယနေ့။ ဆိုတော့ စာမသင်ရ။ အားလုံးလက်တွေ့ချည်းဖြစ်၏။
ပထမဆုံးလုပ်ရသည်မှာ PPE များဝတ်ရခြင်းဖြစ်၏။ PPE မဝတ်မီ သိသင့်သိထိုက်တာများကို အရင်ရှင်းပြ၏။

ဦးထုပ်ကို ဟောသလိုစစ်ရတယ်။ ဒါက ထုတ်လုပ်တဲ့ခုနှစ်။ သက်တမ်းက ဘယ်ပုံ။ သည်အထိ ပြဿနာမရှိ။
PPE တွေကို ထိန်းသိမ်းတဲ့အခါ ဒါတွေလုပ်ရမယ်၊ ဒါတွေမလုပ်ရဘူး။ သိမ်းတဲ့အခါ -
၁။ နေရောင်တိုက်ရိုက်ကျတဲ့ နေရာတွေမှာ မထားရဘူး

ဟိုး -
ဂျာမန်ဆရာက လှမ်းအော်၏။
မင်းပြောသလို နေပူထဲမထားရဘူးဆိုရင် တစ်နေ့လုံး နေပူထဲအလုပ်လုပ်နေရတဲ့ အလုပ်သမားတွေ ဘယ်လိုလုပ်မတုံးကွာ။ (အဲဗျ)

အဲ့လယ်၊ ငါက နေပူထဲမဆောင်းရဘူးလို့လည်း မပြောရပါလားကွယ်။ ထားတဲ့အခါ နေရောင်တိုက်ရိုက်ကျတဲ့ နေရာမယ်မထားနဲ့လို့ ပြောတာကွဲ့။
အာ၊ နေပူထဲဆောင်းတာနဲ့ နေပူထဲထားတာ ဘာကွာကလဲကွာ။ နေပူတာကတော့ ပူတာပဲ မဟုတ်လား။

ဒီမယ်ကိုယ့်လူရဲ့၊ အလုပ်သမားတွေဆိုတာ နေပူထဲ တချိန်လုံး ဒီအတိုင်း မတ်တပ်ရပ်နေတာမဟုတ်ဘူး။ ဟိုဟိုသည်သည် သွားလာနေမယ်။ အရိပ်ထဲလဲ လာမယ်။ ထမင်းစားချိန်ဆို အရိပ်ထဲမစားလို့ နင့်ဂျီးဒေါ်ဆီ သွားစားမလား။ နေရောင်ကျတဲ့နေရာမှာ ထားတယ်ဆိုတာ နေရောင်ကို အဆက်မပြတ် တောက်လျှောက် ရနေတာလေကွာ။ မင့်နှယ်။

မင်းပြောပုံအရဆို နေရောင်ထိတဲ့ ဦးထုပ်တွေဆို သက်တမ်းပိုတိုမယ့်သဘောပဲ။
ဦးထုပ်ဆိုတာ နေပူထဲဆောင်းဘို့ဒီဇိုင်းလုပ်ထားတာ။ ဟောဒီအခန်းထဲနေရင်း ဟဲလမက်ဆောင်းဘို့လိုမယ်လို့ မင်းထင်သလား။

သူက သူယူလာသည့် helmet ကိုပြကာ ဟောဒီမှာကြည့်၊ ငါ့ helmet မှာ UV အမှတ်အသားပါတယ်။ ဒီအရောင်ပြောင်းသွားရင် သုံးလို့မရတော့ဘူး။ မင်းတို့ helmet မှာ UV စားမစား ဘယ်လိုသိနိုင်မလဲ။

ကိုယ့်လူ ဒါဟာ ဥရောပမဟုတ်ဘူး။ အရှေ့တောင်အာရှဆိုတာ မေ့နေပြီထင်တယ်။

သူကလည်း မလျှော့၊ ကိုယ်ကလည်း မလျှော့နှင့် အချေအတင် ငြင်းခုံနေတာ အတော်ကြာသွားပါသည်။ နောက်တော့ ကိုင်း၊ ကိုယ့်လူ မင်းမယုံရင် manufacture’s guideline ထဲမှာ ငါရှာပြမယ်။ ငါတို့ တခြားလုပ်စရာတွေ အများကြီးရှိသေးတယ် ဟု အတင်းဖြတ်ရ၏။

ဦးထုပ်ကိစ္စပြတ်တော့ တခြားဟာတွေဆက်ရှင်းပြသည်။ လက်အိတ်အလှည့် ရောက်လာ၏။
ကျွန်ုပ်လက်အိတ်များကို တစ်ခုပြီးတစ်ခု ရှင်းပြနေစဉ် -

မင်းလက်အိတ်က ဘယ်နှခုနှစ်က ထုတ်တယ်၊ ဘယ် standard တွေနဲ့ထုတ်တယ်ဆိုတာ ဘယ်လိုသိနိုင်မလဲ။
ဟိုက် ရှားဘားစ်စ်စ်စ်။
(ချည်လက်အိတ်၊ ရာဘာလက်အိတ်၊ သားရေလက်အိတ်၊ ဘယ်လက်အိတ်မှာမှ ဘာမှရေးမထား)

ဒီကောင်နဲ့တော့ ဒိုးခပါပဲ။
ကျွန်ုပ်လည်း ဘယ်လွယ်လွယ်နဲ့ အလျှော့ပေးပါလိမ့်မတုံး။

စင်ကာပူမှာရှိတဲ့ ဆိုင်မှန်သမျှ ဘယ်ဆိုင်မှ approve လုပ်မထားတဲ့ပစ္စည်း မရောင်းရဲဘူးလကွ။ ရောင်းလို့ အဖမ်းခံရရင် သူတို့ ထမင်းအိုးကွဲလိမ့်မကွ။ အဲဒီပစ္စည်းတွေအားလုံးကို Setsco ပို့ပြီးစစ်ပြီးသား။ PPE တစ်ခုချင်းစီအတွက် standard နှစ်ခုစီရှိတယ်။ တစ်ခုက ထုတ်လုပ်ဘို့။ နောက်တစ်ခုက စမ်းသပ်ဘို့။

သူက သူယူလာသည့်လက်အိတ်ပြပြီး ဟောဒီမှာကြည့်၊ ငါ့လက်အိတ်မှာ ဘယ် standard နဲ့ထုတ်တယ်။ ဘယ်တုံးက ထုတ်တယ် အကုန်ပါတယ်။ အဲဒါတွေကို တရုတ်က သွင်းလာရင် ဘယ့်နှယ်လုပ်မလဲ။

အဲဒါ အစိုးရအလုပ်ပါကွာ။ သူတို့ ကျုပ်ကျက်လိပါလိမ့်မယ်။

အောင်မငီး၊ ဒီကောင်နဲ့တော့ မလွယ်။

နောက်တစ်ခုကျတော့ ပညာစမ်းတာ ဖြစ်၏။

အီးယားပလပ်ဆိုတာ ဘယ်သို့ ဘယ်ပုံ၊ ဘယ်လိုဝတ်ရတယ် ဘလာ ဘလာ ဘလာ . .

သူက ear plug အိတ်ပေါ်မှ စာသားများကို ပြကာ . .
ဟောဒီမှာကွာ။ NRR33 လို့ရေးထားတယ်။ အဲသဟာက ဘာတုံး။
ဟားဟား၊ ဘယ်ရလိမ့်မတုံးကွာ။ PPE စာအုပ်ရေးထားတာ သိပ်ကြာသေးတာမှ မဟုတ်ဘဲ။

NRR ဆိုတာ Noise Reduction Rating ခေါ်သကွ။
NRR33 ဆိုတာ ၃၃ ထဲက ၇ ကိုနှုတ်၊ ၂ နဲ့စား။ ၁၃ ရမယ်။ ရတဲ့အဖြေက အဲဒီ အီးယားပလပ်က လျှော့ချ ပေးနိုင်တဲ့ ဒက်ဆီဘယ်ပဲ။ ဆိုတော့ အပြင်မှာ မင်းကြားနေရတဲ့ ဆူညံသံဟာ ၁၀၀ ဒက်ဆီဘယ်ဆိုရင် အဲဒီ အီးယားပလပ်ကိုသာ ကျကျနန ဝတ်ထားလိုက်ရင် နားဆီရောက်လာတဲ့ အသံဟာ ၈၇ ဒက်ဆီဘယ်ပဲ ရှိတော့မယ်။

အယ်မယ်လေး၊ ဒီကောင်နဲ့ မလွယ်။

ပီပီအီးမှာတင် အချိန်အတော်စားသွားသည်။

နောက်တစ်ယောက်က စင်ကာပူနိုင်ငံသား မန်နေဂျာ။ သူကတော့ သိချင်လို့ ရိုးရိုးသားသား မေးတာ ဖြစ်ပါသည်။

ကျွန်ုပ် ABC မီးသတ်ဘူးအကြောင်းရှင်းပြတော့ “အဲဒီမီးသတ်ဘူးထဲမှာ ထည့်ထားတာ ဘာဆေးလဲ။”
အောင်မငီးဗျ။

အမှန်က သည် chemical နာမည် ကျွန်ုပ်သိပါသည်။ Building fire control officer သင်တန်းတက်တုံးက မှတ်ဖူးသည်။ သို့သော် ဓာတုနာမည်ဆိုတော့ ယခု မမှတ်မိတော့။ ငါ သိပါသကွာ။ ဒါပေမယ့် ကြာသွားပြီမို့ အခုမမှတ်မိတော့ဘူး။ ကော်ဖီချိန်မှာ မင်းကိုပြောမယ် ဟု နှစ်သိမ့်လိုက်ရပါသည်။

ဘာမှ မခဲယဉ်းပါ။ Google ခေါက်ကာ ပြန်မှတ်လိုက်ရုံ ဖြစ်ပါသည်။ ဆေးနာမည်မှာ မိုနိုအမိုနီယမ် ဖော့စဖိတ် (Monoammonium Phosphate) ဖြစ်၏။ ကော်ဖီချိန်နားတော့ ပြောပြလိုက်၏။

ကျန်တာတွေကတော့ ဘာမှ မခဲယဉ်းပါ။ PEL ဆိုတာဘာလဲ၊ ppm ဆိုတာ ဘာအဓိပ္ပာယ်လဲ၊ LEL ဆိုတာကရော စသဖြင့် ဖြစ်၏။

ကျန်သုံးယောက်မှာမူ ဘာမှ သိပ်မပြော။

ဟို ထလိန်နာလုပ်မယ့်သူတွေ စာသေသေချာချာ ဖတ်ထားနော့။
တော်ကြာ လူကြားထဲ အရှက်ကွဲနေအုံးမယ်။

အဲဒါပါပဲ ခင်ဗျား

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၇ စက်တင်ဘာ၊ ၂၀၁၉

No comments: