Tuesday, September 24, 2019

မီးသတ်ဆေးဘူးအကြောင်း သိကောင်းစရာ-၁

အမှာ

ဤဆောင်းပါးကို စင်ကာပူစံနှုန်း CP 55 : 1991 – Code of Practice for Use And Maintenance Of Portable Fire Extinguishers စာအုပ်ကို အခြေခံကာ ရည်ညွှန်းပါ အခြားစာစောင်များနှင့် website ပါ အချက်အလက်များကို စုပေါင်း၍ ရေးသားပါသည်။ CP 55 : 1991 ကို ယခုအခါ SS 578: 2012 ဖြင့် အစားထိုးပြီး ဖြစ်ပါသည်။

မီးဆိုသည်မှာ မလောင်ခင်က ကြိုတင်တားရမည့်အရာ ဖြစ်သော်လည်း လောင်သည့်အခါတွင် အချိန်မီ ထိန်းသိမ်း နိုင်ရန် အရေးကြီးပါသည်။ မီးလောင်ခြင်းကို ထိန်းနိုင်မည့် အထိရောက်ဆုံးနှင့် အလွယ်ကူဆုံးအရာမှာ မီးသတ်ဆေးဘူး ဖြစ်၏။

ယခုအခါ ဈေးကွက်ထဲတွင် မီးအမျိုးမျိုးကို သတ်နိုင်သည့် မီးသတ်ဆေးဘူးများ ရနိုင်နေပြီ ဖြစ်ပါသည်။ မီးသတ် ဆေးဘူး သေးသေးကလေးသည်ပင် အတော်အတန်ကြီးမားသည့် မီးကို သတ်နိုင်၏။ မီးသတ်ဆေးဘူးများကို မီးသတ်ရာ တွင်သာမက မီးလောင်နေသည့်နေရာမှ ဖောက်ထွက်ပြေးရန် အတွက်လည်း သုံးနိုင်ပါသေးသည်။

မီးသတ်ဆေးဘူးမှာ -
ထားရသိုရ ဝန်ကျဉ်းသည်။
သုံးရလွယ်သည်။
အရင်းအနှီးမများလှ။
မည်သူမဆို ကိုင်တွယ်သုံးစွဲနိုင်သည်။
စစ်ဆေးရန်၊ ပြုပြင်ထိန်းသိမ်းရန်မခဲယဉ်း။
မကြာခဏ ဝယ်ရန်မလို။

အဆောက်အဦကြီးများ၊ စူပါမားကက်၊ ဟော်တယ်၊ ရုံးဌာနများမှလွဲ၍ အိမ်များတွင် smoke detector, heat detector, sprinkler system စသည်တို့ တပ်ဆင်ရန် လက်တွေ့မကျ။ ဝန်ကျဉ်းပြီး ခရီးရောက်သော မီးသတ်ဆေးဘူး ကိုသာ အားကိုးရပေမည်။ ထို့အတူ ဆောက်လုပ်ဆဲ လုပ်ငန်းများ၊ အချို့စက်ရုံ၊ အလုပ်ရုံများတွင်လည်း မီးသတ်ဆေးဘူး မရှိမဖြစ်လိုပါလိမ့်မည်။

အိမ်များ၊ ကျောင်းများ၊ ဆေးရုံများတွင် မီးသတ်ဆေးဘူးဆောင်ထားတာ ကောင်းပါသည်။ သို့သော် ထိုမီးသတ် ဆေးဘူးအား မည်ကဲ့သို့သုံးရမည်ကို ထိုအိမ်၊ ကျောင်း၊ ဆေးရုံများတွင် ရှိသူအားလုံး သိထားရန်လို၏။ သို့မှ မီးလောင်သည့် အခါ မီးကို ချက်ချင်း ငြိမ်းသတ်နိုင်မည် ဖြစ်၏။

၁။ အထွေထွေ

သယ်ရလွယ်သော မီးသတ်ဆေးဘူးဆိုသည်မှာ လူတစ်ယောက် နိုင်နိုင်နင်းနင်း ကိုင်တွယ်၍ မီးသတ်နိုင်သော၊ အလေးချိန် ကီလို ၂၀ ထက်မပိုသည့် မီးသတ်ဆေးဘူးကို ဆိုလိုသည်။
မီးသတ်ဆေးဘူးကို မီးလောင်သည့်အခါ အလွယ်တကူ ရနိုင်မည့်နေရာများတွင် ထားရမည်။ အခန်း ဝင်ပေါက်၊ ထွက်ပေါက်များ၊ စင်္ကြန်လမ်းများ၊ လှေခါးအတက်အဆင်း နေရာများ စသည့်နေရာများတွင်ထားရန် သင့်တော်သည်။ အခန်းကျယ်ကြီးများ၌ မီးသတ်ဆေးဘူးကို မြင်သာထင်သာထားရန် ခက်ခဲသည့်အခါ မည်သည့်နေရာတွင် မီးသတ်ဆေးဘူး ရှိသည်ကို သိသာစေရန် ဆိုင်းဘုတ်များဖြင့် ညွှန်ပြထားရမည်။
မီးသတ်ဆေးဘူးကို မီးလောင်စေတတ်သည့် အနီးအနား၌ ထားရမည်ဆိုစေ၊ မီးလောင်သည့်အခါ မီးသတ်ဆေးဘူးကို ယူငင်ရန် ခက်ခဲလောက်သည်ထိမူ မနီးကပ်စေရ။ အကယ်၍ ကွန်ဖိုင်းစပေ့စ် ဖြစ်နေပါက မီးသတ်ဆေးဘူး ထားရမည့် နေရာသည် ကွန်ဖိုင်းစပေ့စ်၏ ပြင်ပတွင်သာ ဖြစ်ရမည်။
ကွန်ဖိုင်းစပေ့စ်ကဲ့သို့ အလုံပိတ်အခန်းတွင် ပေါင်ဒါမှုန့်သုံး မီးသတ်ဆေးဘူးဖြင့် မီးငြိမ်းသတ်ပါက မြင်ကွင်းကို ကွယ်စေပြီး ထွက်ပေါက်ကိုရှာမရ ဖြစ်တတ်သဖြင့် အထူးသတိထားရမည်။
မီးသတ်ဆေးဘူးကို စားစေတတ်သော ပတ်ဝန်းကျင်၊ စားစေတတ်သည့် အရည်များ စဉ်နိုင်သည့်နေရာတို့တွင် မထားရ။
မီးသတ်ဆေးဘူးကို နံရံတွင် ချိတ်ဖြင့် ချိတ်ထားရမည်။ အကယ်၍ မီးသတ်ဆေးဘူးကို အိမ်၊ သေတ္တာ၊ နံရံကပ်ဘီရို စသည်တို့ အထဲတွင် ထည့်ထားရမည် ဆိုပါက ထိုဘီရို စသည်တို့ကို သော့ခတ်မထားရ။ အကယ်၍ ပျောက်မည့် အန္တရာယ်ကြောင့် သော့ခတ်ထားရမည်ဆိုပါက သော့ကို အလွယ်တကူတွေ့နိုင်မည့် ထိုသေတ္တာ စသည်တို့အနား၌ ထားရမည်။
မတ်ရပ်ထောင်ထားရန် ဒီဇိုင်းပြုလုပ်ထားသည့် မီးသတ်ဘူးများကိုသာ စင်ပေါ်တွင်လည်းကောင်း၊ ကြမ်းပြင်ပေါ်တွင် လည်းကောင်း၊ မတ်ရပ်ထောင်ထားနိုင်သည်။
မီးသတ်ဆေးဘူးများကို အရာတစ်ခုခုဖြင့် ထိခိုက်ပြီး ပျက်စီးမည့် အန္တရာယ်မှ ကာကွယ်ပေးထားရမည်။
မီးသတ်ဆေးဘူး၏လက်ကိုင်သည် ကြမ်းပြင်မှ ၁.၅ မီတာထက် ပိုမမြင့်စေရ။
မီးသတ်ဆေးဘူးပေါ်တွင် ဤမီးသတ်ဆေးဘူးအား မည်ကဲ့သို့ အသုံးပြုရမည်ကို ရှင်းလင်းပြတ်သားစွာ ဖော်ပြ ထားရမည်။
မီးသတ်ဆေးဘူးကိုယ်ထည်၏ ၉၀ ရာခိုင်နှုန်းမှာ အနီရောင်ဖြစ်ရမည်။
မီးသတ်ဆေးဘူးထဲတွင် ပါဝင်သည့် ပစ္စည်းအမျိုးအစားကိုမူ သက်ဆိုင်ရာ အရောင်ဖြင့် ဖော်ပြနိုင်သည်။ ထို အရောင်ဧရိယာသည် မီးသတ်ဆေးဘူးကိုယ်ထည် မျက်နှာပြင်ဧရိယာ၏  အနည်းဆုံး ၃% မှ အများဆုံး ၁၀% ထိ ရှိနိုင်သည်။ ထိုနေရာမှာ မီးသတ်ဆေးဘူးကိုယ်ထည် အထက်ပိုင်းတွင်ရှိရမည်။ မီးသတ်ဆေးဘူးကို ၁၈၀ ဒီဂရီ (ကိုယ်ထည်လုံးပတ်ကို ထက်ခြမ်းပတ်မိသည်ထိ) ရှိရမည်။ မီးသတ်ဆေးဘူးကို နံရံတွင် ချိတ်ဖြင့်ချိတ်ထားပါက မြင်သာသည့် ဘက်ခြမ်း၌ ရှိရမည်။
မီးသတ်ဆေးဘူးမှ အမှတ်အသားများသည် စံနှုန်းတွင် ဖော်ပြထားသည့်အတိုင်းသာ ဖြစ်ရမည်။
မည်သည့်မီးအမျိုးအစားကို သတ်နိုင်ကြောင်း ရုပ်ပုံနှင့်တကွ ဖော်ပြရမည်။
မီးသတ်ဆေးဘူး၏ ကိုယ်ထည်အထူမှာ စံနှုန်းတွင် သတ်မှတ်ထားသည့်အတိုင်း ဖြစ်ရမည်။
မီးသတ်ဆေးဘူးသည် သတ်မှတ်ထားသည့် စံနှုန်းအတိုင်း ထုတ်လုပ်ထားသည့် မီးသတ်ဆေးဘူး ဖြစ်ရမည်။

British Standard BS 7863 စနစ်အရ မီးသတ်ဆေးဘူးအမျိုးအစားအလိုက် အရောင်ကို အောက်ပါအတိုင်း ခွဲခြား သတ်မှတ်ပေးရမည်။



၂။ မီးအမျိုးအစား အမျိုးမျိုး

မီးအမျိုးအစား (၅) မျိုးရှိ၏။

၁။ အတန်းအစား - က (Class A)
သစ်သား၊ စက္ကူ၊ ပလတ်စတစ်၊ အဝတ်အထည် စသည့် မီးလောင်နိုင်သည့် ပစ္စည်းများကို လောင်သောမီး

၂။ အတန်းအစား - ခ (Class B)
မီးလောင်နိုင်သောအရည်၊ ဓာတ်ငွေ့၊ ချွတ်ဆေး၊ သုတ်ဆေး၊ ဆီ စသည်တို့ကို လောင်သောမီး
ဥပမာ - ဓာတ်ဆီ၊ ဒီဇယ်၊ ရေနံ၊ သင်နာ၊ LPG၊ အက်ဆီတလင်း

၃။ အတန်းအစား - ဂ (Class C)
လျှပ်စစ်နှင့်ပတ်သက်သော ပစ္စည်းများကို လောင်သောမီး
ဥပမာ - ထရန်စဖော်မာ၊ မီးခလုတ်ခုံ၊ ဓာတ်ကြိုး များ ရှော့ဖြစ်၍လောင်သောမီး စသည် (အကယ်၍ လျှပ်စစ် ပစ္စည်းကို မီးဖြတ်ထားလိုက်ပြီဆိုပါက မီးအမျိုးအစား က နှင့် ခ တို့ကိုသတ်ရာတွင်သုံးသည့် မီးသတ်ပစ္စည်းကိုပင်သုံးကာ သတ်နိုင်ပါသည်။)

၎။ အတန်းအစား - ဃ (Class D)
ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ တိုက်တေနီယမ်၊ လစ်သီယမ် စသည့် မီးလောင်နိုင်သည့် သတ္တုများကို လောင်သည့်မီး

ယခင်က Class K ဆိုကာ ဟင်းချက်ဆီကိုလောင်သည့်မီး ဟူ၍ မီးအမျိုးအစားတစ်ခု ထည့်သွင်းထား၏။ သို့သော် ၎င်းကို အမျိုးအစား ခ တွင်ပေါင်းလိုက်ပြီး Class K ကို ဖြုတ်လိုက်ပါသည်။

၃။ မီးသတ်ဆေးဘူး အမျိုးအစား

မီးသတ်ဆေးဘူး အမျိုးအစား ခွဲခြားရာတွင် မည်သည့်အမျိုးအစားမီးကို ပတ်ဝန်းကျင် အပူချိန်တွင် မည်မျှ ထိထိ ရောက်ရောက် သတ်နိုင်သနည်း ဆိုသည့်အပေါ် မူတည် ခွဲပါသည်။ မီးသတ်ဆေးဘူးကို စင်္ကာပူစံနှုန်း SS232 အရ လက်တွေ့ စမ်းသပ်ပြီး မီးငြိမ်းကာ အောက်ပါအတိုင်း အမျိုးအစား (၄) မျိုးခွဲ၏။

အမျိုးအစား (က) - သစ်သား၊ ပလတ်စတစ်၊ အဝတ်အထည်များအား လောင်သည့်မီးကို ငြှိမ်းသတ်သည့် မီးသတ်ဆေးဘူး
အမျိုးအစား (ခ) - ဓာတ်ဆီ၊ ဒီဇယ် စသည့် အရည်များ၊ မီးလောင်နိုင်သည့် ဓာတ်ငွေ့များကို လောင်သည့်မီးကို ငြှိမ်းသတ် သည့် မီးသတ်ဆေးဘူး
အမျိုးအစား (ဂ) - လျှပ်စစ်ကြောင့်လောင်သည့်မီးကို ငြှိမ်းသတ်သည့် မီးသတ်ဆေးဘူး
အမျိုးအစား (ဃ) - သတ္တုများကို လောင်သည့်မီးကို ငြှိမ်းသတ်သည့် မီးသတ်ဆေးဘူး

မှတ်ချက်။       ။ အချို့နိုင်ငံများတွင် water, foam, dry chemical powder, wet chemical, vaporising liquid, carbon dioxide ဟု မီးသတ်ဆေးဘူးအမျိုးအစား (၆) မျိုးရှိသည်ဟု ဖော်ပြထားသည်ကို တွေ့ရပါ သည်။





၎။ မီးအမျိုးအစားအလိုက် သုံးနိုင်သော မီးသတ်ဆေးများ


*   AFFF = Aqueous Film Forming Foam
**  ပြင်ပတွင် မီးသတ်ရမည်ဆိုပါက ABC powder ကပိုကောင်းပါသည်။ ကာဘွန်ဒိုင်အောက်ဆိုဒ်နှင့် ဟေလွန်တို့မှာ ပြင်ပတွင် ထိရောက်မှု နည်းပါသည်။ 
*** သတ္တုဟွန်းတပ်ထားသည့် ကာဘွန်ဒိုင်အောက်ဆိုဒ်မီးသတ်ဘူးမှာ အမျိုးအစား (ဂ) မီးအတွက် မသင့်တော်ပါ။ မီးသတ်သည့် ပစ္စည်းသည် လျှပ်မကူးနိုင်သည့် ပစ္စည်းဖြစ်ရမည်။ သို့မဟုတ် အငွေ့ပျံနိုင်သည့် အရည်ဖြင့် ငြိမ်းသတ်နိုင်သည်။ 


ရေတွင်ပျော်ဝင်နိုင်သည့် မီးလောင်နိုင်သည့်အရည်များ (ဥပမာ - အယ်လ်ကိုဟော၊ အက်ဆီတုန်း၊ အက်စ်တာ၊ ကီတုန်း စသည်) ကို လောင်သည့်မီးအား ရေမြှုပ်၊ AFFF အမျိုးအစား မီးသတ်ဆေးဘူးများ မသုံးရ။ 
အီလက်ထရောနစ်ပစ္စည်းများအား လောင်သည့်မီးကို Halon 1211, Halon 1301, ကာဘွန်ဒိုင်အောက်ဆိုဒ် မီးသတ်ဆေးဘူးများဖြင့် သတ်နိုင်သည်။ 
ABC မီးသတ်ဆေးဘူးကို လျှပ်စစ်ကြောင့် လောင်သောမီးအား သတ်နိုင်သည်မှာ မှန်၏။ သို့သော် ထိုပေါင်ဒါမှုန့် များကို လုံးဝစင်သွားအောင် သန့်ရှင်းရေးလုပ်ဖို့ရာ မလွယ်ကူသောကြောင့် လျှပ်စစ်ပစ္စည်းများကို ပျက်စီးစေနိုင်သည်။ ထို့ပြင် အပူချိန် ၂၅၀ ဒီဂရီဖာရင်ဟိုက် (၁၂၁ ဒီဂရီစင်တီဂရိတ်) ထက်ပိုများ သည့် (သို့မဟုတ်) ရေငွေ့ပါဝင်မှု Relative Humidity 50% ထက်ပိုများသည့် ပတ်ဝန်းကျင်တွင် စားစေတတ်၏။

၅။ မီးသတ်ဆေးဘူး အမျိုးအစားအလိုက် အသုံးပြုသင့်သည့် နေရာများ


၆။ မီးသတ်ဆေးဘူးများ၏ အားသာချက် အားနည်းချက်များ





၇။ မီးသတ်ဆေးဘူးကို ဖြန့်ကျက် ထားသိုခြင်း


အဆောက်အအုံများ၌ မီးသတ်ဆေးဘူးထားရာတွင် မည်သည့် မီးသတ်ဆေးဘူးအမျိုးအစား ထားရမည် ဆိုသည်မှာ ထိုအဆောက်အအုံ၌ မည်သည့်ပစ္စည်းများ ထားသိုသည်ဆိုခြင်းအပေါ်မူတည်သည်။ လူနေအိမ်ခြေများ၌ အများဆုံးရှိသည့်ပစ္စည်းများမှာ မီးအတန်းအစား (က) ပစ္စည်းများ ဖြစ်၏။ ထို့ပြင် လျှပ်စစ်ဝိုင်ယာကြိုး ရှော့ဖြစ်၍ လောင်သောမီးနှင့် ထမင်းချက်သည့် ဓာတ်ငွေ့ကို လောင်သောမီးလည်း ရှိနိုင်သေးသဖြင့် မီးအတန်းအစား (ခ) နှင့် (ဂ) တို့လည်း ရှိနိုင်ပါသေးသည်။ ထို့အတူ ဈေးကြီးများနှင့် ရုံးအဆောက်အအုံများတွင်လည်း မီးအတန်းအစား (က) (ခ) နှင့် (ဂ) ပစ္စည်းတို့သာ အရှိများ၏။ ထို့ကြောင့် ထိုနေရာများအတွက် ABC မီးသတ်ဆေးဘူးထားရှိရန် သင့်တော်သည်ဟု ယေဘူယျ အားဖြင့် ဆိုနိုင်ပါသည်။ 
မီးအတန်းအစား (က) အတွက် မီးသတ်ဆေးဘူးတစ်ခုနှင့်တစ်ခု အကွာအဝေးသည် ၁၅ မီတာထက်မပိုစေရ။ မီး အတန်းအစား (ခ) အတွက် မီးသတ်ဘူးတစ်ခုနှင့်တစ်ခု အကွာအဝေးသည် ၇ မီတာထက်မပိုစေရ။
မီးလောင်နိုင်သည့် အရည်များအတွက် မီးသတ်ဆေးဘူး တပ်ဆင်ရာတွင် မီးလောင်သည့်အခါ မီးသတ်ဆေးဘူးကို အန္တရာယ်ကင်း၊ ဘေးကင်း ရယူစေနိုင်ရန် အထူးသတိထား တပ်ဆင်ရမည်။ 
မီးအတန်းအစား (ဃ) အတွက် မီးသတ်ဆေးဘူးကို မီးလောင်ချေရှိနိုင်သည့် နေရာအနီးတွင် ထားရမည်။ 

မီးအတန်းအစား (က) အတွက် ထားရမည့် မီးသတ်ဆေးဘူး အရွယ်အစား


ဤတွင်ဖော်ပြထားသည့် A တစ်ယူနစ်သည် အန္တရာယ်နည်းသည့် နေရာများအတွက် စတုရန်းမီတာ ၄၀၊ အန္တရာယ်အတန်အသင့်များသည့် နေရာများအတွက် စတုရန်းမီတာ ၂၀၊  အန္တရာယ်များသည့် နေရာများအတွက် ၁၅ စတုရန်းမီတာ ကြမ်းခင်းဧရိယာကို ကာမိပါသည်။ 
A တစ်ယူနစ်သည် ရေ ၁.၂၅ ဂါလံ နှင့်ညီမျှ၏။ ထို့ကြောင့် 3A သည် ရေ ၃.၇၅ ဂါလံနှင့် ညီမျှ၏။


No comments: