Thursday, August 22, 2019

Line Walker 2


မဟေသီလုပ်သူက ရုပ်ရှင်ကြည့်ချင်လှချည်ရဲ့ ဂဒီးဂဒီးလုပ်နေသဖြင့် ကျွန်ုပ်လည်း စိတ်မရှည်တော့ဘဲ ကိုင်း၊ ဒါလောက်တောင်မှ ကြည့်ချင်နေရင်လဲ သွားပေါ့လကွ ဟု GV မှ ကားများလိုက်ကြည့်ရာ ကျွန်ုပ်ကြိုက်သည့် Fast and Furious ကို တွေ့၏။ သို့သော် မိနစ် ၂၀ အချိန်ကျော်သွားပြီဖြစ်၍ ကြည့်လို့မရတော့။ သည်ကနေ့အဖို့ နောက်ပွဲစဉ်လည်း မရှိတော့သဖြင့် နောက်တစ်ကား လိုက်ရှာရာ Line Walker 2 တွေ့၏။

ပထမ တရုတ်စာတန်းကြီး အပြူးသားနှင့်ဆိုတော့ သိပ်စိတ်မဝင်စားမိ။ သို့သော် ဒီကားနာမည် ကြားဖူးပါတယ် ဟု ထွေလာ ဖွင့်ကြည့်လိုက်တော့ လားလား ဆူးလေဘုရားပုံကြီးတွေ့တော့မှ ရန်ကုန်မှာလာရိုက်သွားသောကားမှန်း သတိရလေ၏။ တေဇမ်းဘာ့။ သို့နှင့် ကိုင်းကိုင်း မယ်မင်းကြီးမ ခပ်မြန်မြန်အဝတ်လဲ၊ အချိန်သိပ်မရှိတော့ဘူးဟု လောဆော်ရလေ၏။ ရုပ်ရှင်က ည ၉း၄၀၊ အခု ၉ နာရီခွဲနေပြီ။ ရုပ်ရှင်ရုံနှင့်အိမ်မှာ ခပ်သုတ်သုတ်လျှောက်လျှင် ၈ မိနစ်မျှသာ လျှောက်ရလေရာ အချိန်မီသေး၏။

ကျွန်ုပ်ကျောင်းပြီးစ ၁ဝ၉/၁၁ဝ ဘဝဖြင့် ဗီဒီယိုလျှောက်ပြစဉ် ဟောင်ကောင်ကား တော်တော်များများ ကြည့်ဖူးပါသည်။ ကြိုက်လည်းကြိုက်၏။ ဟောင်ကောင်ဂျက်မဆိုလျှင် လူမကြည့်မှာ မပူရ။ ပိုက်ဆံမျိုးမျိုးမျက်မျက်ကလေး ရတတ်၏။

ယခုကားမှာလည်း ဇာတ်လမ်းစပျိုးလိုက်ကတည်းက စိတ်ဝင်စားဘွယ်ဖြစ်၏။ ဇာတ်လမ်းအစကို ဖိလစ်ပိုင်၌စ၏။ ဆုံးတော့ စပိန်မှာ။ မြန်မာကတော့ ဝမ်းအော့ဖ်သည် နိုင်ငံတစ်ခုပေါ့လဗျာ။

ကျွန်ုပ်ချီးကျူးမိသည်မှာ မြန်မာရဲများ ဖြစ်၏။ ရုပ်ရှင်ထဲ၌ အကြမ်းဖက်သမားများကို နှိမ်နှင်းပစ်ခတ်နေသည့် မြန်မာရဲများမှာ ဟောင်ကောင်မင်းသားများလားဟုပင် ထင်မှတ်ရလေ၏။ တကယ့်ကို တောင့်တောင့်တင်းတင်း။ သွက်သွက်လက်လက်။ ဒါမှ ငါတို့ မြန်မာရဲကွဟု ကျွန်ုပ်မှာ လက်သီးလက်မောင်းထကာ တန်းလိုက်တော့မိမလိုပင် ဖြစ်လိုက်သေး၏။ နောက်မှ ဘေးဘီမှလူများကို အားနာသောကြောင့် ကိုယ့်စိတ်ကို အနိုင်နိုင်ချုပ်တည်းကာ ပြန်ထိုင်လိုက်ရလေသော ဟူသတတ်။

နောက်ချီးကျူးမိသည့်တစ်ခုမှာ ဟောင်ကောင်ရဲများ အသက်ပြင်းပုံ ဖြစ်လေသည်။

နောက်ဆုံးအခန်း၌ ယောက်ျားမှန်းမသိ၊ မိန်းမမှန်းမသိသည့် လူဆိုးကောင်လေး (သို့) ကောင်မလေးက နှုတ်ခမ်းထောင့်စွန်း တစ်ဖက်ကိုမဲ့ကာ ပြုံးပြီး ပစ်ထည့်လိုက်သည့် တစ်တောင့်သော ကျည်ဆံသည် ဟောင်ကောင်ရဲနှစ်ဦး၏ ဦးခေါင်းကို ဖောက်ထွင်း သွားလေ၏။ အနှီကောင်/ကောင်မလေးမှာ ဇာတ်တော်ထဲမှ ရန်သူဆင်စီးစစ်သည် ၅၀၀ ကို မြားတစ်ချောင်းတည်းဖြင့် အသေပစ် သတ်ခဲ့သည့် ဗန္ဓုလစစ်သူကြီးဝင်စားတာဖြစ်မည်ဟု ကျွန်ုပ်လည်း အံ့သြတမောဖြစ်မိလေ၏။

ထို့ထက်အံ့သြစရာကောင်းသည်မှာ ခေါင်းကို ကျည်ဆံဖောက်ထွင်းသွားသည့်တိုင် အသက်မထွက်သော ငယ်သူငယ်ချင်းနှစ်ဦး ဖြစ်ခဲ့ဖူးသည့် ဟောင်ကောင်ရဲနှစ်ဦးဖြစ်၏။ ခေါင်းကို သေနတ်မှန်သည့်ဒဏ်ရာနှင့်ပင် အနားသို့ရောက်လာသည့် လူဆိုး ကောင်လေးကို နှစ်ဦးချုပ်ညှပ်ကာ စပိန်နွားသိုးကြီး၏ ဦးချိုဖျားတွင် အသက်ပါအောင် စွမ်းဆောင်သွားနိုင်လေ၏။ အံ့သြဘနန်း ရှိလှပေစွတကား။ မဖြစ်စဖူး ထူးကဲပေစွတကား။

အကယ်၍သာ သေနတ်ပစ်ခံရသူမှာ လူဆိုးဖြစ်ပါမူ နားရွက်ကိုရှပ်ထိရုံနှင့် သေမည်ဖြစ်လေ၏။ အာဂရဲများ ပေတကား။

ထိုလူဆိုးသေပြီဆိုတော့မှ ငယ်သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်မျက်နှာကို တစ်ယောက်ကြည့်ကာ . . .

ဇာတ်သိမ်းတရုတ်သီချင်းမှာလည်း အလွန်လွမ်းဆွတ်ဘွယ်ကောင်းလေရကား ဘာတွေဆိုနေမှန်းမသိသည့် ကျွန်ုပ်သည်ပင် မျက်ရည်နှစ်ပေါက်ကျလုဆဲဆဲဖြစ်နေ၍ မနည်းချုပ်တည်းကာ ရုံထဲမှထွက်ခဲ့ရလေသောဟူ၏။

ဇာတ်လမ်းမှာ ဒုစရိုက်နှိမ်နှင်းရေးကား ဖြစ်၏။ အကြမ်းဖက်အဖွဲ့ကြီးတစ်ခုက ကလေးများကို ဖမ်းကာ သူလျှိုလုပ်ခိုင်းပြီး နိုင်ငံတကာမှ ရဲတပ်ဖွဲ့များအတွင်း ထည့်သွင်းထား၏။ ဤသည်ကို ဟောင်ကောင်ရဲများက နှိမ်နှင်းပုံဖြစ်ပါသည်။ ဇာတ်လမ်းမှာ သိပ်ပင်မကောင်းလှသော်လည်း ဇာတ်အိမ်ဖွဲ့ထားပုံလေးမှာ လှသည်။ လူကောင်းရဲ နှင့် လူဆိုးရဲတို့ အားပြိုင်ပုံကိုလည်း တွေ့ကြရ မည်ဖြစ်၏။ Full action ကားဖြစ်ပြီး ကြည့်၍ မငြီး။ ကျွန်ုပ်ဝမ်းနည်းမိသည်မှာ ကားက NC16 ဖြစ်နေ၍ သားတော်မောင် ကြည့်လို့ မရခြင်းဖြစ်၏။ သားက ဒါမျိုးကားတွေကို ကြိုက်တတ်လေသည်။

ရုပ်ရှင်ရုံထဲရောက်လျှင် ဇာတ်လမ်းမစမီကပင် အိပ်ပျော်နေတတ်သော ကျွန်ုပ်၏မဟေသီပင်လျှင် တစ်ကားလုံး မအိပ်ဘဲ ကြည့်သွားတာကို ထောက်လျှင် မိတ်ဆွေတို့လည်း သေချာပေါက်ကြိုက်လိမ့်မည်ဟု ကျွန်ုပ်အာမခံပါသည်။ အနည်းဆုံးတော့ ငါတို့ရဲတွေလည်း (ဟုတ်ပေါင်) ငါတို့တိုင်းပြည်လည်း သူများတိုင်းပြည်က ရုပ်ရှင်ထဲမှာတော့ မဆိုးဘူးဟ ဟု ချီးကျူးနိုင်လေသည်။

မှတ်ချက်။           

၁။ Hacker လုပ်သည့် တရုတ်မင်းသမီးလေးမှာ အတော်ချောလှ၏။ အဘယ်မျှချောသနည်းဆိုသော် ကျွန်ုပ်တို့တိုင်းပြည်မှ နှစ်လုံးပြူးပိုင်ရှင် မမတင်ဇာကိုပင် မီလုနီးနီးဖြစ်လေသည်။

၂။ Line Walker 2 ကားထဲမှ မြန်မာပြည်မြင်ကွင်းများကို screen shot ရိုက်ပြထားပါသည်။

သဗ္ဗေသတ္တာ၊ ကမ္မသကာ

ကျေးဇူးတင်ပါသည်။

အေးငြိမ်း
၂၂ သြဂုတ်လ၊ ၂၀၁၉










No comments: