Friday, July 13, 2018

ကျွန်တော်နှင့် risk အကြောင်း

Safety စာများကို ဘာသာပြန်ရာတွင် ကျွန်တော့်ကို ဒုက္ခပေးသော စာလုံးကလေးများရှိပါသည်။ ထိုစာလုံးများထဲက ဒုက္ခအပေးဆုံးမှာ risk ဖြစ်၏။

စာများကို ဘာသာပြန်သည့်နေရာတွင် စကားလုံးတစ်လုံးကို အဓိပ္ပာယ်တစ်ခုတည်း မူသေထားပြီး ဘာသာပြန်ရန် မဖြစ်နိုင်ပါ။ သူသုံးထားသည့် နေရာ၊ ဘာသာရပ်ကိုလိုက်၍ ဘာသာပြန်ရသည်။ တစ်ခါတစ်ရံ တိုက်ရိုက်၊ လုံးချင်းဘာသာပြန်ရသလို တစ်ခါတစ်ရံ ဆီလျော်အောင် ဘာသာပြန်ရတာရှိသည်။ Safety ဘာသာရပ်တွင်ပါသည့် risk ကို ဘာသာပြန်ရာတွင် ရိုးရိုး အင်္ဂလိပ်စာထဲ၌ပါသည့်အတိုင်း ဘာသာပြန်လို့မရပါ။

ဘာသာပြန်ရာတွင် မူရင်းအင်္ဂလိပ်စာကြောင်းအတိုင်း အတိအကျဘာသာပြန်ရန် မလို။ မူရင်းအဓိပ္ပာယ် မပျက်ယွင်းစေဘဲ  စာဖတ်သူနားလည်နိုင်မည့် စကားလုံးများ ဖြင့် ဖလှယ်ပေးရတာဖြစ်သည်။ မူရင်းအင်္ဂလိပ်စာကြောင်းအတိုင်း အတိအကျ ဘာသာပြန်လျှင် ဖတ်ရတာ အဆင်မပြေပါ။ အင်္ဂလိပ်စာ ဝါကျတည်ဆောက်ပုံနှင့် မြန်မာစာ ဝါကျတည်ဆောက်ပုံ မတူ၍ ဖြစ်၏။

၅ တန်းသင်္ချာ (၂) စာအုပ်ကို ကျွန်တော်ဖတ်ကြည့်သောအခါ အဆင်မပြေတာ အတော်များများတွေ့ရသည်။ သူတို့ ဘယ်စာအုပ်ကို ယူပြီး ဘာသာပြန်ထားတာ မသိပါ။ ရည်ညွှန်းလည်း ထည့်ပေးမထားပါ။ သို့သော် ဤစာများမှာ သူတို့ကိုယ်တိုင် ရေးထားတာ မဟုတ်တာတော့ သေချာလှပါသည်။ အဘယ်ကြောင့်ဆိုသော် ဖတ်ကြည့်လိုက်ရုံနှင့် ဘာသာပြန်မှန်း အလွန် သိသာလှသော ကြောင့် ဖြစ်၏။

အသက် ၁၂ နှစ်ခန့်ရှိမည့် ၅ တန်းကလေးများသာ ထိုစာအုပ်ကို ကိုယ့်ဘာသာဖတ်၍ လေ့လာရမည်ဆိုလျှင် မရူးက အလွန် ကံကောင်း၍ ဖြစ်သည်။ ထိုစာအုပ်ပါစာများကို တော်တန်ရုံ ဆရာဆရာမများပင် ဖတ်၍နားမလည်နိုင်ပါ။ ဤမျှ တော်ပါပေသည်။

ဘာသာပြန်ရာတွင် ဘာသာပြန်သည့်သူသည် -

၁။ မိမိဘာသာပြန်သည့် ဘာသာရပ်ကို ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းနားလည်ရမည်။
၂။ မိမိ မိခင်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းနားလည်ရမည်။ (မြန်မာစာကို ပိုင်နိုင်ရမည်။)
၃။ မိမိဘာသာပြန်မည့် ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင် တတ်ကျွမ်းနားလည်ရမည်။ (အင်္ဂလိပ်စာကို ပိုင်နိုင်ရမည်။)

ဤအချက်သုံးချက်နှင့်မပြည့်စုံပါက ပရော်ဖက်ရှင်နယ် ဘာသာပြန်ဆရာတစ်ယောက် မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပါ။ (ပရော်ဖက်ရှင်နယ်ကိုလည်း မည်သည့် သင့်တော်သည့် မြန်မာစကားလုံးနှင့် ဖလှယ်ရမှန်း ကျွန်တော်မသိပါ။ စကားလုံး တော်တော်များများ ရွေးဖူးပါသည်။ သို့သော် စိတ်တိုင်းမကျပါ။)
ဥပမာ - တတ်ကျွမ်းသော ဘာသာပြန်ဆရာ၊ ကျွမ်းကျင်သော ဘာသာပြန်ဆရာ၊ ဘာသာပြန်ကောင်းတစ်ယောက်၊ ဘာသာပြန် အတတ်ပညာရှင်၊ ဘာသာပြန်ပညာရှင်၊ ဘာသာပြန်ဆရာ၊ ကျွမ်းကျင်ဘာသာပြန်၊ ဘာသာပြန်ကျွမ်းကျင်သူ - စသည့် မည်သည့်စကားလုံးကိုမှ မနှစ်သက်ပါ။

ဝတ္ထုတစ်ပုဒ်ကို ဘာသာပြန်ရာတွင် ထိုဝတ္ထုရေးထားသည့် နောက်ခံအကြောင်းအရာ၊ ထိုဝတ္ထုတည်ရာနိုင်ငံမှ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ရိုးရာအယူအဆနှင့် လူနေမှုစရိုက် စသည်တို့ကို သိနားလည်ထားပါမှ မှန်မှန်ကန်ကန် ဘာသာပြန်နိုင်မည်။ ထို့အတူ သမိုင်းကိုဘာသာပြန်ရာတွင်လည်း ထိုသမိုင်းစာအုပ်တစ်ခုတည်းသာမက ထိုသမိုင်းနှင့်ဆက်နွယ်နေသည့် နောက်ခံသမိုင်းကြောင်း ကိုပါ သိနားလည်ထားရန် လိုသည်။

စာကြောင်းပါစာများကိုဖတ်၍ သည်အတိုင်း ဘာသာပြန်ခြင်းထက် စာရေးဆရာက ဘာကိုဆိုလိုသည်ကို နားလည်ပြီး ဘာသာပြန်မှ ဘာသာပြန်ကောင်းဖြစ်မည်။

အချို့ဘာသာပြန်ဆရာကြီး၊ ဆရာမကြီးတွေပင် ချော်သွားတတ်တာတွေ ရှိပါသေးသည်။ ဥပမာပြရလျှင် ဆရာမကြီး မြနှင်းဆီ ဘာသာပြန်ထားသည့် ခြေရာပျောက်မြစ်ကို ကျွန်တော် အတော်သဘောမကျပါ။ သူ့စာအုပ်ကိုဖတ်ပြီး နားလည်အောင် ကိုယ့်ဘာသာကိုယ် မနည်းဘာသာပြန်နေရသေးသည်။ သည်ကတည်းက နေရာမကျတော့ပါ။ စာဆိုတာ ဖတ်လိုက်ကတည်းက ရှင်းကနဲ၊ လင်းကနဲ၊ ဒက်ကနဲ ဆိုလိုချက်ကိုနားလည်မှ စာကောင်းဖြစ်သည်။ ရှေးက ဘာသာပြန်ဆရာကြီးများကလည်း သည်အတိုင်း ပြောခဲ့ပါသည်။

အမေရိကန်စင်တာကထုတ်သည့် စာအုပ်များတွင် ဆရာမကြီး ဘာသာပြန်ထားသည့် စာအုပ်တော်တော်များများ ပါပါသည်။ အချို့ ဘာသာပြန်ချက်များမှာ မဆိုးပါ။ ဖတ်လို့ကောင်းပါသည်။ သို့ရာတွင် အချို့မှာ အဆင်မပြေပါ။ ဆရာမကြီးရွှေကူမေနှင်း ဘာသာပြန် တာတော့ အတော်ကောင်းပါသည်။ သူက မြန်မာစာကိုလည်းပိုင်တော့ စာအရေးအသား ပြေပြစ်သည်။ ဖတ်လို့ အလွယ်တကူ နားလည်သည်။

Safety စာပေများကို ဘာသာပြန်မည်ဆိုလျှင် ထိုသူသည် safety အကြောင်း ကောင်းကောင်းနားလည်သူ ဖြစ်ရမည်။ (ကောင်းကောင်းနားလည်သူဆိုသည်မှာ စာတွေ့ရောလက်တွေ့ပါ တတ်ကျွမ်းသူကို ဆိုလိုသည်။ စာတစ်အုပ်လောက်ဖတ်ပြီး သင်တန်းများတက်၊ လက်မှတ်များရရုံ၊ စာတစ်အုပ်လောက်ဖတ်ဖူးရုံကို မဆိုလို။) Safety နှင့် ပတ်သက်၍ စာအများကြီး ဖတ်ဖူးရမည်။ Safety နှင့်ပတ်သက်သော ဝေါဟာရများ၊ အခေါ်အဝေါ်၊ အသုံးအနှုန်းများကို သေသေချာချာ တိတိကျကျ နားလည်ရမည်။

ကျွန်တော်လည်း safety ဆောင်းပါး၊ စာအုပ် တော်တော်များများ ဘာသာပြန်ဖူးပါသည်။ သို့သော် ပြန်ဖတ်ကြည့်တော့ စိတ်တိုင်း မကျပါ။ တချို့ဟာများဆို ထောင့်နေသည်။ ကိုယ့်ဘာသာနားလည်နိုင်ပေမင့် အခြားသူများဖတ်လျှင် နားလည်ဘို့ရာ မသေချာ။

ဘာသာပြန်သည်ဆိုရာတွင် မူရင်းစာကြောင်းကိုကြည့်ပြီး ဘာသာပြန်ခြင်းထက် မူရင်းစာကိုဖတ်၊ ထို့နောက် ထိုစာအုပ်ကို ပိတ်ထားလိုက်ပြီး ကိုယ်နားလည်သလို ပြန်ရေးရတာဖြစ်သည်။ ဤသည်ကို ကျွန်တော်မသိမဟုတ်။ သိပါ၏။ သို့တိုင် ကိုယ့်စကားလုံးနှင့် ဘယ်လိုပြန်ရေးရမှန်းမသိသောကြောင့် မူရင်းစာကြောင်းကိုပင်မှီးကာ ဘာသာပြန်လိုက်ရတာ ဖြစ်၏။ မူရင်းဘာသာအတိုင်း ဘာသာပြန်လို့ကတော့ မည်သည့်စာမှ မချောပါ။ ထို့ကြောင့် ကျွန်တော်ဘာသာပြန်ခဲ့သော SHMS for SME_ASEAN Safety Management System စာအုပ်ပါ ဘာသာပြန်ချက်များကိုလည်း ကျွန်တော်မကြိုက်လှပါ။ မတတ်နိုင်တော့ သောကြောင့် လက်လွှတ်လိုက်ရတာ ဖြစ်ပါသည်။

ယခု ISO 45001 ကိုဘာသာပြန်တော့လည်း ဤပြဿနာနှင့် ရင်ဆိုင်ရသည်။ သို့သော် အတတ်နိုင်ဆုံး အများနားလည်နိုင်အောင် ကြိုစားရေးသားပါမည်။

Risk ကို ISO 45001 တွင် effect of uncertainty ဟု အဓိပ္ပာယ်ဖွင့်ထားသည်။ ဤသည်မှာ ယခင်ကာလများက အဓိပ္ပာယ် ဖွင့်ဆိုချက်ဖြစ်သော "A risk is the chance, high or low, that any hazard will actually cause somebody harm." နှင့် မတူပါ။ ထို risk ကို ထိထိမိမိဘာသာပြန်ဆိုနိုင်မည့် မြန်မာစကားလုံးကို ကျွန်တော်မသိပါ။ ယခင် စာအုပ်ရေးခဲ့စဉ်ကမူ အနီးစပ်ဆုံး ဖြစ်သည့် အန္တရာယ်ဟု ပြန်ဆိုရေးသားခဲ့ပါသည်။ မမှန်သည့်တိုင် အခြားစာလုံးများထက်စာလျှင် ပိုမိုနီးစပ်သည်ဟု ယူဆသော ကြောင့် ဖြစ်ပါသည်။ ဥပမာ - Risk level ဆိုသည်ကို အန္တရာယ်အဆင့်အတန်း ဟု ဘာသာပြန်ခဲ့ပါသည်။

Risk ၏ သာမန်အရပ်သုံး အဓိပ္ပာယ်မှာ စွန့်စားမှု ဖြစ်ပါသည်။ ဥပမာ - ရထားထွက်နေစဉ် ပြေးတက်ခြင်း၊ မီးပွိုင့်မီးနီခါနီး ကားကို အတင်းဖြတ်မောင်းခြင်း စသဖြင့်ဖြစ်၏။ သို့သော် safety ဘာသာရပ်တွင်မူ risk ကို ဤအဓိပ္ပာယ်နှင့် ဘာသာပြန်၍ မရပါ။

ကျွန်တော် ကျောင်းသားဘဝ ၁၉၈၅ လောက်က သမ္မတရုံတွင် High Risk ကား ပြရာ ကျွန်တော်သွားကြည့်၏။ ဂျိမ်းစ်ဘရောင်နင်နှင့် အန်ထော်နီကွင်းတို့ပါသည်။ အတော်ကောင်းသောကား ဖြစ်၏။ ကျွန်တော်အကြိုက်ဆုံးမှာ နောက်ဆုံး ဇာတ်သိမ်းခန်းဖြစ်သည်။

ကျွန်တော် high risk ကို ဘာသာပြန်ကြည့်သည်။ ဘယ်လိုမှ အမြီးအမောက်မတည့်။ သို့နှင့် အဆောင်ပြန်ရောက်သော် ကိုမြင့်ဇော်ကို မေးရသည်။ ကိုမြင့်ဇော်က သက်စွန့်ဆံဖျား ဟု ဘာသာပြန်ပေးသည်။ လှလိုက်သည့်စကားလုံး။ ကျွန်တော် သက်စွန့်ဆံဖျား ဆိုသော စကားလုံးကို သိသည်။ high risk ကိုလည်းသိသည်။ သို့တိုင် high risk ကို သက်စွန့်ဆံဖျားဟု ဘာသာပြန်ရကောင်းမှန်းမသိ။ ဤသည်မှာ ဘာသာပြန်အတတ်ပညာ ဖြစ်လေသည်။ ဘာသာပြန်ကောင်းတစ်ယောက်သည် အင်္ဂလိပ်စကားလုံးများကိုချည်း သိနေလို့ မပြီး။ ထိုစကားလုံးနှင့် အလိုက်ဖက်ဆုံးဖြစ်မည့် မြန်မာစကားလုံးကိုပါ ရှာတတ်ရသည်။ ဤသို့ရှာနိုင်ရန် မြန်မာစကားလုံးလည်း ကြွယ်ဝရမည်။

ယခု ဤ risk နှင့် တစ်နေသဖြင့် စိတ်ပြေလက်ပျောက် ကောက်ကက်ရေးလိုက်ခြင်း ဖြစ်ပါ၏။
အသင့်ဟာအသင် ပြည်သူကို ကိုယ်စားပြုပြု၊ မပြုပြု။ အနော့်ကိုတော့ ကိုယ်စားမပြုပါ ခညာ။ (အဲလေ ရောကုန်ပြီ။ ဆောရီး)

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၁၃ ဇူလိုင်၊ ၂၀၁၈

No comments: