Wednesday, February 1, 2017

လုပ်သားပြည်သူများ အန္တရာယ်ကင်းရေး ဟောပြောပွဲ

စင်ကာပူနိုင်ငံမှ Safety For Myanmar Nation အဖွဲ့နှင့် မြန်မာနိုင်ငံမှ Safety People in Myanmar တို့ပူးပေါင်း၍ အများပြည်သူ အန္တရာယ်ကင်းရေး ဟောပြောပွဲတစ်ခုကို ၂၀၁၇ ခုနှစ် ဇန္န၀ါရီလ ၂၈ ရက်နေ့တွင် ရန်ကုန်မြို့၊ ပန်းလှိုင်လမ်း၊ အမှတ် ၄၅ ရှိ Mahlzeit Restaurant, ပထမထပ်။ အမှတ် ၈၄၊ ပန်းလှိုင်လမ်း၊ စမ်းချောင်း (အာရှတော်ဝင်ဆေးရုံအနီး) တွင် ပြုလုပ်ခဲ့ပါသည်။
အနီးကပ်မှ MES က အခန်းအဆင်မပြေပါ၍ နေရာပြောင်းလိုက်ရပါသည်ဆိုတော့ အင်း၊ လာနားထောင်မဲ့ ပရိသတ် ရှိ၊ ရှိပါ့မလား ဟု စိတ်ထဲတွင် အတော်ထင့်နေမိ။ ထို့ကြောင့် မမတို့ကို ဟဲ့၊ ကြာဇံကြော်ကို ၂၅၀ မလုပ်နဲ့။ တော်ကြာပိုနေမှ အလကားဖြစ်ကုန်မယ်။ လူ ၂၀၀ စာပဲလုပ်။ ၂၀၀ တောင်လာပါ့မလား ဟု မှာရ၏။

သို့တိုင် အလွန်လျှင်မြန်လှသော ဖေ့စ်ဘုတ်တန်ခိုးကို ယုံကြည်ကိုးစားသည်ဖြစ်ရာ Account နှစ်ခု Page နှစ်ခုရှိသော ကျွန်တော့်အဖို့ သိပ်တော့လည်း အရမ်းမစိုးရိမ်မိပါ။ ရက်သိပ်နည်းနေ၍ စိတ်ထင့်နေတာသာ ဖြစ်ပါသည်။ ကျွန်တော်တို့ ပရိသတ်ကလည်း သစ္စာရှိပါသည်။ သတင်းအချိန်မီမရ၍ MES သို့ရောက်သွားသူများပင် နေရာသစ်သို့ ရောက်အောင် လာကြပါသည်။

သို့အတွက် တက်ရောက်လာသူ ၁၅၀ ကျော် ရှိပါသည်။ လာရောက်နားထောင်သူအားလုံးကို ကျေးဇူးတင်ပါကြောင်း ဤနေရာမှ မှတ်တမ်းတင်အပ်ပါ၏။ အထူးအားဖြင့် ဟောပြောပွဲဖြစ်မြောက်ရေးအတွက် အကူအညီပေးခဲ့သော Safety People in Myanmar မှ ဆရာဦးအောင်ကိုးနှင့် အဖွဲ့သားများ၊ Global Enchanting မှ ၀န်ထမ်းများ၊ ဗီဒီယိုရိုက်ကူးပေးသော ကိုခန့်လူနှင့်အဖွဲ့၊ ကျွန်တော့်နှမများ၊ (Safety for Myanmar Nation အဖွဲ့သားများလည်းပါပါသည်) အား အထူးကျေးဇူးတင်ပါသည်။
လာရောက်နားထောင်သည့် ပရိသတ်၏ စိတ်ဝင်စားမှု၊ အားတက်သရောဆွေးနွေးမှု၊ မေးမြန်းမှုများကို တွေ့ရသည့်အခါ တစ်ခါဖြင့် ငါတို့လုပ်ရတာ ပင်ပန်းရကျိုးနပ်ပေစွဟု အထူးပင် နှစ်ထောင်းအားရဖြစ်မိပါသည်။

ပထမတော့ ကျွန်တော်က နေ့လည်ပိုင်းမှာ အတော်များ ပြန်ကုန်ကြမလားဟု အနည်းငယ် ရင်ထိတ်မိသေး၏။ သို့သော် ကိစ္စရှိသူ တစ်ဦးတလေမှလွဲ၍ အားလုံး မိမိနေရာတွင်ပင် တွေ့ရပါသည်။ ထို့အတွက်လည်း ပိုမိုဝမ်းသာရပါ၏။ ကျွန်တော်က မနက်ပိုင်းပြောတာဖြစ်၍ နေ့လည်ပိုင်းပြောမည့်သူများအလှည့်တွင် လူတစ်ဝက်လောက်သာ ကျန်တော့မည်ဆိုပါက သူတို့ကို အားနာနေရဦးမည်။

မမတို့လည်း ညက နာရီပြန် ၂ ချက်ထိုးသည်ထိ ချက်ဘို့ပြုတ်ဘို့ ပြင်ကြဆင်ကြသည်။ မနက်လည်း ၄ နာရီကျော်လောက် ကတည်းကထပြီး ချက်ပြုတ် ကျော်လှော်ကြပြန်သည်။ သဟာတောင်မှ နေ့လည်စာအတွက် နာရီဝက်နီးပါးလောက် နောက်ကျမှ ရောက်လာသည်။

ကျွန်တော်တို့က အချိန်ကို ကွက်တိဖြစ်အောင် ပြောသည်။ ထို့ကြောင့် အချိန်ဇယားအတိုင်း ၁၁း၃၀ တွင် အပြောရပ်။ ၁၁း၃၀ မှ ၁၂း၀၀  အမေးအဖြေကဏ္ဍ ပေါ့။ သို့သော် အမေးအဖြေက ၁၁း၅၀ လောက်တွင် ပြီးသည်။ အမေးအဖြေပြီးလို့ ကိုင်း၊ ဆရာတို့ စားစရာတွေ ရောက်ပြီလားဆိုတော့ လာတော့နေပြီ။ မိနစ် ၂၀ လောက်ကြာမှရောက်မည် ဆို၏။ ဒီလိုဆို အလကားနေအလကား ကျွန်တော် ဆက်ပြောမယ်ဆိုပြီး (လူကလည်း ပြောဘို့ အခွင့်အရေးချောင်းနေတာဆိုတော့) ပြောဘို့ပြင်။ ကိုအောင်ကိုးက အစ်ကို ကျွန်တော်ပြောထားနှင့်လိုက်ရမလား။ ကျန်တာ နေ့ခင်းပိုင်းဆက်ပေါ့ ဆိုတော့ နေပါစေဗျာ။ ကျွန်တော်ဘဲ ဆက်ပြောလိုက်ပါမယ် ဟု အတင်းနေရာလုကာ (သူများနားထောင်ချင်မှန်းမသိ၊ မထောင်ချင်မှန်းမသိ) အတင်း ဆရာလုပ်လေ၏။
တခြားဟုတ်ပါရိုးလားခင်ဗျာ။ လူတိုင်းလူတိုင်း မိမိတာဝန်ကိုမိမိယူမည်ဆိုပါက နောက်ပြီး ရိုးသားခြင်း ဆိုတာကလေးကို ထပ်ဆောင်းလိုက်မည်ဆိုပါက ကျွန်ုပ်တို့ လူ့လောကကြီး အတော်ကိစ္စပြီးသွားမည် ဆိုသည့်အကြောင်း ဖြစ်ပါသည်။

ကျွန်တော်ကတော့ ဟောပြောပွဲ သို့မဟုတ် တရားပွဲ စသည်တို့သွားသည့်အခါတိုင်း မှတ်စုစာအုပ်ယူသွားကာ မှတ်စုစာအုပ် ထဲ၌ ရေးမှတ်ထားကြောင်း ကို တရုတ်စကားပုံ ကိုးကား၍ ပြောပါသည်။ တရုတ်စကားပုံက -

“အမှိန်ဆုံးသော မှင်သည် အကောင်းဆုံးသော မှတ်ဉာဏ်ထက် သာ၏” ဟူ၍ဖြစ်၏။ ယခု ကျွန်တော်တို့ ပြောခဲ့သည်များကို နောက်အပတ်ကျ မှတ်မိပါတော့မည်လား။ နောက်လဆိုလျှင် ခေါင်းစဉ်တောင် မနည်းပြန်စဉ်းစားရတော့မည်။ နောင်နှစ်ဆိုလျှင်တော့ ခပ်ရေးရေးမှတ်မိသည့်တိုင် အကုန်ပြန်မှတ်မိဘို့ဆိုတာ မည်သည့်နည်းနှင့်မျှ မလွယ်တော့ပါ။ (နမူနာ ပြရလျှင် ကျွန်တော် ဤစာကိုရေးနေရင်း ဒေါ်အောင်ဆန်းစုကြည် စင်ကာပူလာစဉ် မြန်မာများနှင့်တွေ့ကာ ပြောခဲ့သည်များကို ပြန်တွေးကြည့်မိရာ ဘာတွေပြောသွားမှန်း မမှတ်မိတော့ပါ။ ဒါထင်ပါရဲ့ဟု ခပ်ဝါးဝါးသာ မှတ်မိပါတော့သည်။)

ယခုတော့ မှတ်စုစာအုပ်မသုံးဖြစ်တော့ပါ။ ဖုံးထဲတွင် အသံသွင်းထားပါသည်။ နောက်ပြီး ထိုအသံဖိုင်ကို ကွန်ပြူတာ၊ external hard disk စသည်တို့၌ သိမ်းထား၏။ လိုသည့်အခါ ပြန်နားထောင်လို့ရသည်။ မှတ်စုစာအုပ်၏ အားသာချက်မှာ အရေးကြီးသည်များကိုသာ မှတ်ထားခြင်းဖြစ်၍ အချိန်ကုန်သက်သာသည်။ လိုချင်သည်ကို တန်းကနဲ သိနိုင်သည်။

နောက်ပြီး ကိုယ့်တာဝန်ကိုယ် ယူကြဘို့အကြောင်း ပြောပါသည်။ မည်သည့်အလုပ်ကိုလုပ်သည်ဖြစ်စေ ရိုးရိုးသားသားနှင့် မခို မကပ်၊ မလိမ်မညာဘဲ လုပ်ကြဘို့။ ဆရာဆရာမများကလည်း သင်ကာမတ္တမျှမဟုတ်ဘဲ မိမိတာဝန်ကို ကျေပွန်အောင် ရိုးရိုး သားသားနှင့် စေတနာထား သင်ကြဘို့ ကျောင်းသားကလေးများကလည်း စာကျက်ကာမတ္တမျှမဟုတ်ဘဲ ကြိုးစားပမ်းစား လေ့လာကြဘို့၊ သို့မှ တော်တည့်ထက်မြက်သော လူတော်လူကောင်းကလေးများ မွေးထုတ်နိုင်ကာ နိုင်ငံတကာနှင့် ရင်ဘောင် တန်းနိုင်မည့် မြန်မာနိုင်ငံကို ထူထောင်နိုင်မည်ဖြစ်ကြောင်း၊ ကိုယ့်အသိပညာ ဗဟုသုတများကို ဝေမျှနေခြင်း၊ မိမိပတ်ဝန်းကျင် ရှိ သားသမီး၊ တူတူမ စသည်တို့ကို ပြောဆိုပြသ ဆိုဆုံးမနေခြင်းသည်လည်း တိုင်းပြည်တိုးတက်အောင် ဆောင်ရွက်နေခြင်း ပင်ဖြစ်ကြောင်း၊ ဤကဲ့သို့ ပြောဆိုဆုံးမနိုင်အောင် မိမိကိုယ်၌ကလည်း မိမိပတ်ဝန်းကျင်၏ စံပြဖြစ်အောင် နေထိုင်ဘို့ လိုကြောင်း blah blah blah . . . .
နာရီဝက်လောက်ပြောအပြီး စားစရာတွေ ရောက်ပြီလား ဆိုတော့ ရောက်ပါပြီ။ အားလုံးကို ဝေဘို့ ပြင်ဆင်နေပါကြောင်း သိရသည်နှင့် ကိုင်း၊ ခင်ဗျားတို့လည်း ခုလောက်ဆို တော်တော်နားပူသွားရောပေါ့။ အခန်းရှေ့မှာ ကြာဇံကြော်ကို ဖော့ဘူးတွေနဲ့ ပြင်ထားပါတယ်။ တစ်ယောက်ချင်း တန်းစီပြီး ယူကြပါ ဟု တန်းဖြုတ်လိုက်၏။

စားသောက်အပြီး စကားစနေပြောကြ၊ သိလိုသည်များ မေးကြမြန်းကြနှင့်ပင် တစ်နာရီ တီးလေ၏။ ကိုအောင်ကိုးက မြန်မာနိုင်ငံ၌ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးလုပ်ရာတွင် တွေ့ကြုံနေရသော စိန်ခေါ်မှုများအကြောင်းကို လက်တွေ့ သာဓက ဓာတ်ပုံများဖြင့် အာပေါင်အာရင်းသန်သန်နှင့် အားရပါးရ ပြောသွား၏။

ကိုအောင်ကျော်ဝင်းကတော့ ယခုမှပြောခါစဆိုတော့ ဒူးတုန်နေလေ၏။ သူပြောပြီးတော့ ကျွန်တော်က ပါဝင်အားဖြည့်ပေးပါ သည်။ ပရိသတ်သိလိုသည်များကိုလည်း ပြန်လည်ဖြေကြားပေးပါသည်။

၃ နာရီခွဲလောက်တွင် အားလုံးပြီးသည်။

ထို့နောက်တော့ အမှတ်တရ ဓာတ်ပုံရိုက်ကြ၊ စာအုပ်ပေါ် လက်မှတ်ရေးထိုးကြ၊ မိတ်ဆက်ကြနှင့် တပျော်တပါးကြီး ဖြစ်ပါ၏။
ပန်ဂိုလင်းက ဓာတ်ငွေ့တိုင်းသည့်မီတာများ ယူလာကာ ပြသပေး၊ ရှင်းလင်းပေး၏။

Nanova ကုမ္ပဏီက ကျွန်တော်တို့ ယခုဟောပြောပွဲအတွက် ကျပ် ငါးသိန်း ပံ့ပိုးပါသည်။ ထို့အတွက် Nanova ကုမ္ပဏီ နှင့် ၀န်ထမ်းများအားလည်း အထူးကျေးဇူးတင်ပါကြောင်း၊ နောင်လည်း ဆက်လက်ပံ့ပိုးပေးလိမ့်မည်ဟု မျှော်လင့်ပါကြောင်း။ (ကျွန်တော်တို့အဖွဲ့က သိပ်ရံပုံငွေမတောင့်ဘူးခင်ဗျ။)။

တခါတရံ အဆင်မပြေမှုများသည် ပိုကောင်းလာဘို့အတွက်လည်း ဖြစ်တတ်၏။

MES တွင် နေရာအဆင်မပြေ၍ သည်နေရာသို့ရွှေ့လိုက်ရသည့်တိုင် ယခုအခန်းမှာ MES အခန်းနှင့်စာလျှင် အပုံကြီးသာသည်။ အိမ်သာများမှာလည်း အလွန်ကောင်းသည်။ နေရာလည်း ကျယ်သည်။ (Of course, ပိုက်ပိုက်ကလေးကလည်း ကောင်းသပေါ့ ခင်ဗျာ။) ထို့ကြောင့် ကျွန်တော်ကတော့ ပိုက်ဆံအနည်းငယ်ပိုကုန်သွားသည့်တိုင် MES မှာ အခန်းမရတာကိုပင် ကျေးဇူးတင်နေပါသေးသည်။ Sponsor သာရှိပါက နောင်လည်း သည်အခန်းမှာပင် လုပ်မည်ဟု စိတ်ကူးမိပါသည်။ အဲလေ အားလုံးသဘောတူတယ် ဆိုရင်ပေါ့။

ကျွန်တော်တို့ပြောခဲ့သော ဆလိုက်အားလုံးကို mediafire မှတဆင့် ရှယ်လိုက်ပါသည်။ ကြိုက်သလို အသုံးပြုကြပါကုန်။ မိမိဒေသ၊ ကုမ္ပဏီ၊ ရပ်ရွာများ၌ ဤဆလိုက်များသုံးပြီး ဟောပြောလိုပါလျှင် ရှေ့ဆုံးဆလိုက်မှကျွန်တော့်နာမည်ကိုဖြုတ်ကာ သုံးနိုင်ပါသည်။

ကျွန်တော့် နေအိမ်အန္တရာယ်ကင်းဝေးရေး ကို အပြည့်အစုံပြန်ရေးထားတာကိုပါ မျှဝေပါသည်။ မိတ္တူကူးကာ အများ ပြည်သူများထံ များနိုင်သမျှများများ ဖြန့်ဝေပေးကြပါ။ (မနေ့က ကျွန်တော့်ထံမှ Thumb Drive ဖြင့် ကူးသွားသူများ home safety ဖိုင်ကို အခန်းအနားမှုးစကားပြောရန်ပြင်ထားသည့်ဖိုင်နှင့် မှားပေးလိုက်မိပါသည်။ ယခု mediafire တွင်တင်ထားသည့် ဖိုင်ကို download လုပ်ယူကြပါ ဆိုသည့်အကြောင်း။

Home Safety (U Aye Nyein)


စာအပြည့်အစုံ


Work At Height (U Myo Htet)


Challanges of Safety in Myanmar (U Aung Koe)


Working Safely in Confined Space (U Aung Kyaw Win)


































ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၉ ဇန္န၀ါရီ၊ ၂၀၁၇။ နံနက် ၇း၁၀ နာရီ

No comments: