Sunday, April 24, 2016

မြန်မာပြည် ခရီးတထောက် (၁)

(၁) ထူးမခြားနားရန်ကုန်

ကျွန်တော်တစ်နှစ်ကို နှစ်ခေါက်လောက် မြန်မာပြည် အလည်ပြန်ပါသည်။ စင်ကာပူမှာက တစ်နှစ်လျှင် ခွင့် (၁၄) ရက်သာရ၏။ ကိုယ်ရေးကိုယ်တာကိစ္စတွေကလည်း ရှိသေးတော့ သည် ခွင့် (၁၄) ရက်ကို မြန်မာပြည်ပြန်ဘို့အတွက် အပြည့်အ၀ အသုံး မချနိုင်။ တော်ကြာ သား စာမေးပွဲဖြေဘို့။ တော်ကြာ ဘယ်သူဘို့ ဘာလျှောက်လွှာ သွားတင်ဘို့။ တော်ကြာ ဘာကိစ္စ ညာကိစ္စ စသဖြင့် ကိစ္စများမြောင် လူတို့ဘောင်ဆိုသည့်စကားအတိုင်း ကိစ္စတွေများလှသည်။

ဧပြီလ ၁၁ ရက်တွင် သားတို့ဖြေထားသော စာမေးပွဲအောင်စာရင်းထွက်မည်။ အောင်လျှင် ဧပြီ ၁၂ ရက်နေ့တွင် ကျောင်းအပ် ခြင်း၊ ကျောင်းစတက်ခြင်းတို့လုပ်ရမည်ဖြစ်၍ မအားလပ်တော့။ ထို့ကြောင့် အောင်စာရင်းမထွက်မီ မြန်မာပြည်အလည်သွားရန် ကြံသည်။ တွက်ချက်ပြီး ခွင့် ၈ ရက်ယူကာ မတ်လ ၁၉ ရက်နေ့သွား ၂၉ ရက်နေ့ ပြန်လာရန် စီစဉ်၏။

မြန်မာပြည်သွားမည်ဆိုတော့ ထုံးစံအတိုင်း မိတ်ဆွေများနှင့် ချိတ်ဆက်၍ သင်တန်း၊ ဟောပြောပွဲများကို စီစဉ်ရာ အောက်ပါ အတိုင်းဖြစ်၏။

20/3/16             - Fibreglass Piping: Engineering and Design @ MES
23-24/3/16        - Work At Height training @ AK Safety Training Centre
26-27/3/16        - Safety Seminar @ Myeik

ပထမတော့ မတ်လ ၂၁ ရက်နေ့တွင် ခရမ်းသို့အလည်သွားရင်း တောင်သူတွေကို Farm Safety အကြောင်းပြောမည်ဟု ကြံသေးသည်။ သို့သော် ခရမ်းမှကိုဇော်ဝင်းဖုံးက ဘယ်လိုမှ ဆက်လို့မရ။ အမြဲတမ်းဖုံးပိတ်ထားသည်နှင့်သာ ကြုံနေရ၏။ ဖုံးနံပါတ်ပြောင်းသွားတာလားမသိ။ သို့နှင့် ခရမ်းခရီးစဉ်ကို ဖျက်လိုက်ရသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်း၌ PE, RSE များအတွက် PDP hr (Professional Development Programme) ရဘို့ တက်ရသော သင်တန်းများတွင် Professional ခေါင်းစဉ်အောက်မှ (၂) နာရီစာတစ်ချိန် ပြောခွင့်ရ၏။ ပထမတော့ Formwork Safety အကြောင်းပြောဘို့ စီစဉ်ထားတာ။ သူတို့က ယခုတက်မည့်သူများမှာ စက်မှုအင်ဂျင်နီယာများဖြစ်သဖြင့် စက်မှုနှင့် ဆိုင်သော ဘာသာရပ်အကြောင်း ပြောပါဆိုလာသဖြင့် ကျွန်တော်လည်း Fibreglass Piping: Engineering and Design ဟု ခေါင်းစဉ်ပြောင်းလိုက်ရခြင်း ဖြစ်၏။ မြိတ်တွင် ၂၆၊ ၂၇ ဟောပြောပွဲရှိကြောင်း ကိုနိုင်ဝင်းက မကြာခဏလှမ်းသတိပေး၏။

မတ်လ ၁၉ ရက်နေ့မနက်တွင် ဒုတိယအစောဆုံးထွက်သောရထားနှင့် သားအမိသားအဖသုံးယောက် လေဆိပ်သို့လာခဲ့ကြ၏။ လေဆိပ်၊ Check-in counter နားသို့ ၇ နာရီ ကျော်ကျော်လောက်ရောက်သော် လူကြီးတစ်ယောက်က လာလာ ဟုဆိုကာ ကိုယ့်ဘာသာ Check-in လုပ်ရသည့်နေရာသို့ ခေါ်သွားသည်။ သည်နေရာ (Row 2) ကို ယခင်တစ်ခေါက်ကလည်း သတိပြုမိ၏။ သို့သော် Self Check-in မှန်းမသိခဲ့။ ယခုမှ သိခြင်းဖြစ်၏။

ဘာမှမခဲယဉ်းပါ။ လေယာဉ်လက်မှတ်ပေါ်မှ ဘားကုဒ်ကို စက်သို့ပြလိုက်သည်နှင့် လေယာဉ် boarding ticket သုံးစောင် ထုတ်ပေးလေသည်။ ထို့နောက် နောက်ဘက်တွင်ရှိသော ကတ္တားပေါ်တင်၊ စက်ကချိန်ပေးပြီး စတစ်ကာများ ထုတ်ပေး၏။ စတစ်ကာများကို ကိုယ့်သေတ္တာတွင်ကိုယ်ချည်။ ထို့နောက် ခါးပတ်ပေါ်တင်ပေးလိုက်။ ကိစ္စပြီး၏။ တန်းစီစရာမလိုသော ကြောင့် ခဏလေးနှင့် ပြီးသွား၏။ အဆင်ပြေလိုက်ပါဘိခြင်း။

လေယာဉ်ကလည်း Jetstar ဆိုပေမင့် အချိန်မှန်ပါသည်။ အဲလေ စားစရာတော့ ကိုယ့်ဘာသာသယ်သွားပေါ့။ ကျွန်တော်တို့ ကတော့ ကောက်ညှင်းပေါင်းယူသွားသည်။ ရေတော့ waiting room ထဲရောက်မှ ယူသွားသည့် ရေပုလင်းထဲ ဖြည့်သွားသည်။ ကိုင်း၊ ဘာလိုသေးတုံး။ မဟုတ်လို့ကတော့ လေယာဉ်ပေါ်မှာ ဗိုက်ဆာလို့ သူတို့ရောင်းတာ ၀ယ်စား/သောက်ရရင် တစ်ခါမော့ ရေတစ်ပုလင်းကို ၄ ကျပ်။ မဖြစ်ညစ်ကျယ် ကြက်ဆီထမင်းတပွဲ ၁၂ ကျပ်။ အာပါး။

ရန်ကုန်လေဆိပ်တွင် ယခင်အခါ ကာလများကကဲ့သို့ ဒုက္ခသိပ်မများတော့။ အတော်ကြီးကို အဆင်ပြေနေပြီ ဖြစ်ပါသည်။ ယခင်တုံးကဆို ခွင့်စာတင်ပါဦးဟဲ့။ အခွန်ပြေစာပြဦးဟဲ့။ အဆင်ပြေအောင် ချောဆီလေးကလည်းထိုးဦးမှ စသဖြင့် ကိစ္စများလှ၏။ မြန်မာပြည်ပြန်တော့မယ်ဆို သံရုံးသွား အခွန်ဆောင်ရတာကလည်း တဒုက္ခ။

နောင်ကျရင်တော့ စင်ကာပူမှာလို လ.၀.ကတောင် ဖြတ်စရာမလိုတော့ဘဲ Automated Clearance စနစ်ဖြင့် ၀င်/ထွက်နိုင်ဘို့ မျှော်လင့်ပါ၏။ စင်ကာပူအသွားအပြန်အတွက်လည်း ဗီဇာမလိုတော့သည့်ခေတ်ကို မနှေးအမြန်ရောက်တော့မည်ဟုလည်း အိပ်မက် မက်မိပါသည်။

ရန်ကုန်မြို့ကြီးကတော့ ထုံးစံအတိုင်း ကားကြပ်ခြင်းဖြင့် ဆီးကြိုနေ၏။ လေဆိပ်မှ ပုံမှန် ၁၅ မိနစ်လောက်မောင်းရသည့် ကျွန်တော်တို့အိမ်ကို ၄၅ မိနစ်လောက် မောင်းရသည်။ ပူလိုက်တာကလည်း နံပြားဖိုထဲဝင်ပြီး မီးလှုံနေရသလား အောက်မေ့၏။ နေ့လည်ပိုင်းတွင် ဖုံးစာအုပ်ဖွင့်ကာ အသိမိတ်ဆွေများဆီ ဖုံးခေါ်ပြီး နှုတ်ဆက်။ ကိုနေမျိုးမောင်ဆီ ဖုံးဆက်။ သူက ဒီနေ့ MES တွင် သင်တန်းပေးရသည်။ နက်ဖြန်ခါမနက် ၈ နာရီကျော်လောက် လာခေါ်မည်ဆို၏။ ဟေ့လူ၊ မစောလွန်းဘူးလားဗျ။ ကျွန်တော်က ဆယ်နာရီခွဲမှလေဗျာ ဆိုတော့ ဒီလိုဗျ။ ဒီသင်တန်းအတွက် ကျွန်တော် တာဝန်ယူထားရတယ်။ နောက်ပြီး သူတို့ပို့ချတာတွေ ခင်ဗျားကို နားထောင်စေချင်သေးတယ် ဆိုတော့မှ ဒီလိုဆိုလည်း ကောင်းပါလေ့ဗျာ။ ကျွန်တော် ၈ နာရီ လောက် အဆင်သင့်စောင့်နေမယ် ဟု ချိန်းလိုက်သည်။

(၂) Effective Communication ဆိုတာ

သူများအတင်းလည်း မတုပ်ချင်ပါ။ သို့သော် မတုပ်ဘဲလဲ မနေနိုင်သည့်အတွက် နည်းနည်းလောက်တော့ ကလိပါရစေဦး။
ကိုနေမျိုးမောင်နှင့်အတူ MES (မြန်မာနိုင်ငံအင်ဂျင်နီယာများအသင်း) ရောက်တော့ မနက်၈ နာရီခွဲလောက်။ သင်ကြားပို့ချမည့် သူရော၊ သင်တန်းသားများပါ အတော်စုံနေကြပြီ။ ထို့နောက်တော့ အစီအစဉ်အတိုင်း တစ်ယောက်ပြီးတစ်ယောက် ပို့ချကြ၏။ ကျွန်တော့် ကျောင်းနေဘက်သူငယ်ချင်းများလည်း ပါသည်။ ကျွန်တော့်အရင်နှစ်ယောက် ပို့ချသွားသည်။




အင့်ဟင်။ တစ်ခုခုတော့ လွဲနေပေါ့။

သူတို့က စင်ပေါ်တက်ပြီး ဆလိုက်တွင်ပါသည့်စာများကို ဖတ်ပြသွားသည်။ သင်တန်းသားများဘက် လုံးဝလှည့်မကြည့်။ စာဟောစင်နောက်မှာ သည်အတိုင်း အတောင့်လိုက်ရပ်လျက်။ ဘယ်မှမရွေ့။ အဲလေ တစ်ခုတော့ကောင်းသပေါ့။ ကွန်ပြူတာ နား ကပ်နေတော့ အသံဖမ်းသည့်အခါ ပီပီသသ ပြတ်ပြတ်သားသားကြားရသည်ပေါ့။

သည်အကြောင်း ကျွန်တော့်သူငယ်ချင်း သင်တန်းဆရာတစ်ယောက်ကို ပြောခဲ့ဖူးပါသည်။ မင်းတို့ဟာက training နဲ့ teaching ကို မကွဲဘူးဖြစ်နေသကွ ဟု။

အကြောင်းအပေါင်းသင့်လာသောကြောင့် နည်းနည်းလေရှည်ပြစေ။

ယခု ကလေးတွေကို မင်းတို့ ဘွဲ့သာရလာတယ်၊ ဘာမှလည်းတတ်တာမဟုတ်ဘူး ဟု အပြစ်သာတင်နေသည်။ ထိုကလေးများကို မည်ကဲ့သို့ သင်ပေးနေကြသနည်းဆိုတာ ဘယ်သူများ ဆန်းစစ်သတုံး။ ပေးသူကတကယ်ပေးတတ်မှသာ အပေးခံရသူများမှာ ပေးသလောက်ရကြမည်။ ပေးကားပေး၏ မရဆိုလျှင်တော့ ဘယ့်နှာလုပ် ကလေးတွေ စာတတ်မှာတဲ့တုံး ခင်ဗျာ။ ၎င်းကို effective comminication ဟု ခေါ်သည်။ တကယ်ထိရောက်သော စာသင်နည်းဖြစ်၏။ ကလေးတွေ တကယ် စာတတ်ဘို့ရာ ထိရောက်သောစာသင်နည်းတွေကို ဆရာ၊ ဆရာမများ တတ်မြောက်ထားရန် လိုသည်။ ဒါကကျောင်းမှာ။


ဒါဆို လူကြီးတွေကို သင်ပေးနေတဲ့ training centre တွေမှာရော။ အတူတူပါပဲ။ သူမသာကိုယ်အသုဘ ဖြစ်၏။ 

ကျွန်တော် BCSS (Building Construction Supervisor Safety Course) သင်တော့ ကျွန်တော့် သင်တန်းသားတွေကို အမြဲ ရှင်းပြလေ့ရှိပါသည်။

  • What is the difference between student and trainee?
  • What is the difference between school and training centre?
  • What is the difference between teacher and trainer?
  • What is the difference between teaching and training?
  • What is the difference between examination and assessment?


ကျောင်းသားဆိုတာ ဘာအပူအပင်မှမရှိ။ မိဘဆီက ပိုက်ဆံကို လက်ဖြန့်တောင်းမည်။ သူ့တာဝန်ဝတ္တရားအရကိုက ကျောင်းတက်ရမည်။ ကျောင်းတက်တာသည် သူ့အဓိကအလုပ်။ အိမ်ပြန်ရောက်လျှင် ထမင်းက အဆင်သင့်။ ညဆို ဘာမှလုပ်စရာမလို တီဗီကြည့်မည်။ စာကျက်မည်။

သို့သော် သင်တန်းသားဆိုသည်မှာ အလုပ်ထဲက လာကြသူတွေဖြစ်သည်။ သူတို့မှာ အတိုင်းအတာတစ်ခုထိ ပညာရေး ရှိထားသလို လုပ်ငန်းအတွေ့အကြုံတွေလည်း ရှိထားသည်။ ထို့ပြင် သူတို့က ပိုက်ဆံရှာနေသူတွေဖြစ်၏။ မိသားစုနှင့် ဖြစ်၏။ အလုပ်ထဲမှာ ပြဿနာပေါင်း သောင်းခြောက်ထောင်နှင့် ကြုံချင်ကြုံနေရမည်။ ငွေရေးကြေးရေး ပြဿနာတွေ ရှိချင် ရှိနေမည်။ မိန်းမလုပ်သူနှင့် အမေလုပ်သူနှင့် မတည့်သည့် ပြဿနာများ ရှိနေနိုင်သည်။ ကလေးက ကျန်းမာရေးမကောင်းသဖြင့် အမြဲ ဆေးခန်းပြနေရသောကြောင့် ပူပန်သောကရောက်နေရသူတွေ ရှိမည်။ နောက်ပြီး သူတို့က လူကြီးတွေ ဖြစ်နေပြီ။ စာကျက်ဘို့ သိပ် အဆင်မပြေတော့။ ဘယ်လောက်ပဲ စာကျက်နေသည့်တိုင် ကလေးတွေလောက်တော့ မမှတ်မိနိုင်။

ထို့ကြောင့် သင်တန်းသားတွေကို ကလေးတွေလို စာသင်လို့မရ။ သည့်အတွက် ထိုသင်တန်းသားများကို သင်ကြားပို့ချမည့် သင်တန်းဆရာများကို သေချာကျနစွာ လေ့ကျင့်ပေးရန် လိုသည်။ သို့မဟုတ်ပါက ထိုသင်တန်းမှထွက်လာသူများမှာ သင်တန်း မတက်မီကနှင့် သင်တန်းတက်ပြီးသွားသည့်နောက်ပိုင်း ဘာမှ တိုးထူးလာမှာမဟုတ်။ လက်မှတ်တစ်စောင်တော့ ရမည်။ သို့သော် ထိုလက်မှတ်နှင့်ထိုက်တန်သော အသိပညာ၊ ဗဟုသုတ ထိုက်ထိုက်တန်တန် မရနိုင်။

သည်အကြောင်းက စာလေးငါးကြောင်းလောက်မျှနှင့် ရှင်းပြလို့ ရနိုင်စကောင်းသော အရာမဟုတ်။ အကြောင်းအပေါင်းသင့်က ကျွန်တော် ရန်ကုန်တွင် Train The Trainer သင်တန်း၊ ၄ - ၅ ရက်လောက် ပေးချင်ပါသည်။ စင်ကာပူတွင် ကျွန်တော် လေ့လာခဲ့သည်တို့ကို ပြန်လည် ဝေမျှပေးပါရစေ။

ပြန်ကောက်ရလျှင် အထက်ပါ ကျွန်တော့်မိတ်ဆွေများ ပို့ချသွားသည်များကို အောက်ကသင်တန်းသားများ သေသေချာချာ ရသွားပါသလား။ သူတို့ရမည်မှာ PDP hour သာ ဖြစ်ပါလိမ့်မည်။ သို့ဆိုလျှင် သည်မှာ လာထိုင်နေရသည့် နာရီများကို နှမြောဘို့ ကောင်းလေစွ။ သင်တန်းကြေးပေးလိုက်ရသော ပိုက်ဆံများကို နှမြောစရာ ကောင်းလေစွ။ PE, RE, RSE များ အတွက် သတ်မှတ်ထားသော နာရီသာပြည့်သွားမည်။ မောင်ပုံကတော့ စောင်းတတ်မှာ မဟုတ်ပါချေ။ ကျွန်ုပ်တို့သည် သည်ကဲ့သို့သောနာရီပေါင်းမည်မျှ လွှင့်ပစ်ခဲ့ပြီးပါပြီနည်း။

သင်တန်း သို့မဟုတ် ဟောပြောပို့ချခြင်း ဆိုသည်မှာ သင်တန်းဆရာ သို့မဟုတ် ဟောပြောပို့ချသူက သူပေးချင်သော အကြောင်းအရာကို သင်တန်းသားများသို့ ပေးနိုင်မှသာ သင်တန်းဖွင့်ရကျိုးနပ်မည်။ ဟောပြောရကျိုးနပ်မည်။ သို့အတွက် မြန်မာ့ပညာရေးလောကကို အဆင့်မြှင့်ချင်ပါသည်ဆိုလျှင် ကျောင်းဆရာဆရာမများ၊ သင်တန်းဆရာများကို တကယ်သင်ကြား ပို့ချတတ်သူများဖြစ်လာအောင် အထူးလေ့ကျင့်ပေးဘို့ လိုပါကြောင်း ဤနေရာမှနေ၍ စေတနာအပေါင်းနှင့် ကြေငြာမောင်း ခတ်လိုက်ရပါကြောင်း။

သူများအကြောင်းသာပြောနေတာ။ ကျွန်တော့်အလှည့်ကျတော့ လေပန်းတာ များသွားသည်နှင့် ပေးထားသော ၂ နာရီ အချိန်စေ့သည့်တိုင် ပြောစရာရှိသည်များ အကုန်မပြောလိုက်ရ။ အရေးကြီးသော ဒီဇိုင်းပိုင်းကို တက်သုတ်ရိုက် ပြီးလိုက်ရ၏။ စိတ်ဝင်တစား ဆွေးနွေးမေးမြန်းကြသူအားလုံးကို ကျေးဇူးတင်ပါသည်။

(၃) Work At Height သင်တန်း

ကျွန်တော်လောဆော်သောကြောင့် ကျွန်တော့် Safety Handbook စာအုပ် အချိန်မီထွက်လာခဲ့သည်။ သည့်အတွက် Myanmar Heritage ကို ကျေးဇူးအထူးတင်ပါ၏။

နောက်နေ့တွင် Work At Height သင်တန်းအတွက် ပြင်ဆင်ထားသည်များကို ကြည့်လိုပါသည်ဟု ကျွန်တော်ဖုံးဆက်သော ကြောင့်  ကိုအောင်ကိုးက လာခေါ်သည်။ သူတို့သင်တန်းရှေ့တွင်က နေရာကျဉ်းသောကြောင့် ဖော့ကန်ရှိ သူတို့ခြံထဲတွင် ငြမ်းစင် ဆင်ထား၏။ ပစ္စည်းကိရိယာမစုံသောကြောင့် အကောင်းကြီးမဟုတ်တောင် သူတို့ အတတ်နိုင်ဆုံး ကောင်းအောင် ဆင်ပေးထားပါသည်။ ကျေးဇူးတင်ပါသည် ဆရာဦးအောင်ကိုးနှင့် အဖွဲ့ ခင်ဗျား။








Work At Height သင်တန်းကို AK Safety ၌ မတ်လ ၂၃ နှင့် ၂၄ ရက်နေ့များတွင် ပို့ချ၏။ တက်ရောက်လာသူအားလုံး စိတ်ဝင်တစား ရှိကြပါသည်။ စုစုပေါင်း ၂၉ ယောက်။ ပူတော့ပူသဗျို့။ အားနာလို့ ဘာမှမပြောသာသော်လည်း ကျွန်တော်တို့မှာ ဘွိုင်လာအိုးထဲ ထည့်ပြုတ်ထားသကဲ့သို့ ရှိလေ၏။ Safety ပစ္စည်းများရောင်းသည့် ပန်ဂိုလင်းကလည်း လာတက်သည်။ သင်တန်းအတွက် ကျွန်တော် စင်ကာပူက Safety harness, lifeline sample, fall arrester, Karabina စသည်တို့ ယူသွား၏။ သို့သော် တကယ်ဆို သင်တန်းအတွက် သည်ပစ္စည်းမျှလောက်နှင့် မလောက်ပါ။


ပန်ဂိုလင်းက Work positioning system, full body harness, SRL (Self Retracting Lifeline), Anchor point စသည်တို့ ယူလာပေး၏။ ကိုမိုးကြည်ဖြူကလည်း သူတို့ site ထဲမှ SRL နှင့် အခြား PPE များ ယူလာပေးပါသည်။ ကျေးဇူးအထူးတင်ပါ သည် ပန်ဂိုလင်း နှင့် ကိုမိုးကြည်ဖြူခင်ဗျား။ သူတို့ယူလာပေးတော့ ကျွန်တော်ပြောပြရသက်သာသွားတာပေါ့။ အနို့ Seeing is believing. ဆို မဟုတ်လား။

လက်တွေ့ပြမှ သေသေချာချာ နားလည်သဘောပေါက်မှာမို့ ကျွန်တော်က သူတို့အားလုံးကို Full body harness လက်တွေ့ ၀တ်ကြည့်စေခိုင်းသည်။ ကိုအောင်ကိုးကတော်က မုန့်ဟင်းခါး၊ ရွှေတောင်ခေါက်ဆွဲ စသည်တို့ ချက်ပြုတ်ကျွေးမွေးပါသည်။ ကျေးဇူးအထူးတင်ပါသည်ခင်ဗျား။ ကျွန်တော်အတွက် မုန့်များကတော့ စားတောင်မစားလိုက်ရ။ ဟိုလူလာမေး၊ ဒီလူလာမေး နှင့် မုန့်စားခန်းကို မရောက်လိုက်။ မုန့်က ဘယ်အချိန်စားစား စားလို့ရသည်။ သူတို့က ဒီတစ်ချိန်ပဲ ကျွန်တော်နှင့်တွေ့ရတာ ဆိုတော့ မုန့်ထက် သူတို့ကို ပိုဦးစားပေးရပေမပေါ့။

ပထမနေ့တွင် စာတွေ့သဘောတရားများသင်ပြီး နောက်နေ့တွင် လက်တွေ့လုပ်ကြ၏။ လက်တွေ့လုပ်တော့လည်း နေပူလှ သည်။ အားလုံးနေပူထဲတွင် ကြံ့ကြံ့ခံပြီး ငြမ်းစင်ပေါ် တက်လိုက်ဆင်းလိုက် လုပ်ကြ၏။ ကျွန်တော်က Suspension station ပါလုပ်ကာ ပြုတ်ကျရင်ဘယ်လိုလုပ်ရမလဲ ဟုပါ ပြလိုက်သေး၏။ လက်တွေ့လုပ်ကြည့်တော့ လက်တွေ့သိသပေါ့။ မနက်ပိုင်း လက်တွေ့လုပ်ပြီး နေ့ခင်းပိုင်း အကဲဖြတ်စာမေးပွဲဖြေသည်။ သူတို့ဘယ်လောက်ရသွားသလဲဆိုတာသိအောင် လုပ်တာပါ။ ၂၉ ယောက်ဖြေတာ ၅ ယောက်ရှုံးသည်။ ရှုံးသူများကို မွမ်းမံသင်တန်းတက်ပြီးမှ လက်မှတ်ထုတ်ပေးမည် ဖြစ်၏။ သူတို့ရှုံးတာ ညံ့လို့မဟုတ်ပါ။ အင်္ဂလိပ်စာ အားနည်းလို့ကတကြောင်း၊ safety စကားလုံးတွေက အသစ်အဆန်းတွေ ဖြစ်နေ၍ ဘာဆိုလိုမှန်း မသိတာတကြောင်းကြောင့် ဖြစ်၏။

သင်တန်းအားလုံးထဲတွင်မှ ထူးခြားသူမှာ ကိုတေဇာလင်းဖြစ်၏။ သည်သင်တန်းတက်ဘို့ ညာတာပါတေးနှင့် ဆေးခွင့်ယူလာရ သည် ဆို၏။ တောင်ငူကတောင် လာရတာ ဖြစ်သည်။ အောင်မယ်လေးကိုယ့်လူရယ်၊ ဟောဒီကသင်လိုက်တာတွေဟာ ကိုရင့်အိမ်မှာ အသုံးမတည့်ပါဘူးကွယ်။ ဘယ့်နှာကြောင့် နေမကောင်းတာလည်း မဟုတ်ပါဘဲ ဆေးခွင့်တင်ရသတုံး။ အလုပ်ထဲမှာသုံးဘို့အတွက်လို့ ကိုရင့် ဘောစိကို ပွင့်ပွင့်လင်းလင်း ပြောလာရောပေါ့ ဟု ကျွန်ုပ်လည်း သူရို့ကုမ္ပဏီအကြောင်း အဆိုးအကောင်း အကျိုးအကြောင်း မသိပါဘဲလျက် ဆရာကြီးလုပ်လေ၏။ သူကတော့ မချိသွားဖြဲလုပ်နေသည်။ ဆေးခွင့်ယူရတာ အကြောင်းရှိမှာပေါ့။ ဘယ်သူကတော့ ယူချင်ပါလိမ့်မတုံး . . . နော။

ကျွန်တော်တစ်ယောက်ထဲ ဘယ့်နှာလုပ် မြန်မာပြည်တလွှားလျှောက်သွားပြီး သင်တန်းတွေပေးနေနိုင်မှာတုံး။ ယခု လာတက်သူများကို သူတို့အလုပ် သို့မဟုတ် ဒေသတွင် ပြန်လည်သင်ကြားပို့ချပေးကြဘို့ မှာလိုက်ပါသည်။ ကျွန်တော့် training material မူရင်းများလည်း ပေးလိုက်၏။ သည်ဆလိုက်တွေက ကျွန်တော် ကိုယ့်ဘာသာပြင်ထားတာမို့ ဘယ် ကော်ပီရိုက်မှ ကြောက်စရာမလို။ အကြောင်းကိစ္စရှိက၊ မေးစရာမြန်းစရာရှိက လှမ်းမေးကြရန်။ စာအုပ်များ အလိုရှိကလည်း တောင်းကြရန်ပါ မှာလိုက်ပါသည်။ တော်တော်များများကမူ သည်မှာတင် memory stick များနှင့် တခါတည်း ကူးသွားကြ သည်။ ကျွန်တော်လည်း ကွန်ပြူတာထဲပါလာသမျှ အကုန်ပေးလိုက်၏။

ဒုတိယနေ့ လက်တွေ့သင်တန်းအပြီး ဖော့ကန်မှ ပြန်လာတော့ အားပါး။ လမ်းပိတ်သဖြင့် ကားတွေတန်းစီနေတာကို မျက်စိတဆုံး မြင်ရသည်။ ရှေ့ဘက်တွင်လည်း အစမမြင်၊ နောက်ဘက်တွင်လည်း အဆုံးမထင်။ နေ့ခင်းကတည်းက ပိတ်နေသော ထိုကားတန်းကြီးမှာ ညနေ သင်တန်းအပြီး ကျွန်တော် ပြန်သည်အထိ မကုန်သေး။ ကိုအောင်ကိုးက ဟိုးဘက် အင်းစိန်လမ်းမဘက်က လှည့်ပို့သည်။ သို့တိုင် အင်းစိန်လမ်းရောက်အောင် မနည်းသွားနေရ၍ တစ်နာရီလောက်ကြာသေး သည်။

ကားပိတ်တာ သည်တစ်နေရာထဲမဟုတ်ပါ။ ရန်ကုန်ရှိလမ်းအားလုံး ကားမပိတ်သောလမ်း ဘယ်လမ်းရှိသနည်း။ လမ်းပိတ် နေသောကြောင့် လူတစ်ယောက်ကို တစ်နာရီပဲ လမ်းမှာ အချိန်ကုန်သည်ထား။ ကားလမ်းပိတ်သောကြောင့် ကားပေါ်တွင် သောင်တင်နေသူမှာ တစ်သောင်းမကနိုင်ပါ။ ထားပါ လူတစ်သောင်း။ တစ်ယောက်တစ်နာရီနှင့် လူတစ်သောင်းဆို နာရီ တစ်သောင်း ဆုံးရှုံးသွားပြီ။

ကားပိတ်သဖြင့် ဆုံးရှုံးရတာ လုပ်အားနာရီ (man-hour) များသာမကပါ။ ကိုအောင်ကိုးအမျိုးသမီး အိမ်ပြန်တာ အချိန်မီ ပြန်မရောက်လို့ နေ့လည်စာကို သူ့သားတွေ ခေါက်ဆွဲပြုတ်နှင့် ဖြစ်သလိုစခန်းသွားလိုက်ရသည်။ ကားပိတ်လို့ အချိန်မီ မရောက်နိုင်တော့ လူတွေ စိတ်ညစ်ညူးရသည်။ စိတ်မရှည်နိုင်သည့်ကားသမားများကတော့ အတင်းရောအဓမ္မပါ ကျော်တက် သည်။ လမ်းပြောင်းပြန်မောင်းသည်။ လမ်းပြောင်းပြန်မောင်းတော့ ဟိုဘက်ကလာသည့် ကားများနှင့် မျက်နှာချင်းဆိုင် တိုးကာ ထပ်ပိတ်သည်။ လမ်းပိတ်သဖြင့် စိတ်တိုနေတော့ ဆဲသည်၊ ဆိုသည်၊ အော်သည်၊ ငေါက်သည်။ ဟိုဘက်က စိတ်တိုနေသည့် လူနှင့်တွေ့တော့ ရန်ဖြစ်သည်။ တုတ်တပြက်၊ ဓားတပြက်တွေဖြစ်မည်။ ရုံးရောက်၊ ဂါတ်ရောက်တွေဖြစ်မည်။ ဒါတွေက လမ်းပိတ်ခြင်း၏ နောက်ဆက်တွဲ ပြဿနာများဖြစ်၏။ ဒါ တစ်နေ့လည်းမဟုတ်။ တစ်လလည်းမဟုတ်။

မြန်မာပြည်၏ ဖွံ့ဖြိုးမှုကို အဓိက အတားအဆီးပြုနေသော အရာများတွင် သည် လမ်းပမ်းဆက်သွယ်ရေးသည်လည်း တစ်ခု အပါအ၀င် ဖြစ်ပါသည်။ အရေးကြီးသည်မှာ ထိရောက်သော စီမံခန့်ခွဲမှုဖြစ်၏။ တတ်သိကျွမ်းကျင်သူများက ကိုင်တွယ်ဖြေရှင်းမှ ရပါမည်။ ယခု ခေတ်ပြောင်းပြီဆိုတော့ သည်ရန်ကုန်သယ်ယူပို့ဆောင်ရေးစနစ်ကို မနှေးအမြန် ကိုင်တွယ်ဖြေရှင်းကြလိမ့်မည် ဟု ယူဆပါသည်။

ဆက်ပါဦးမည်။

အေးငြိမ်း
၂၄ ဧပြီ၊ ၂၀၁၆။ ည ၁၀း၁၇ နာရီ

No comments: