Monday, May 19, 2014

ရေချမ်းချမ်းတစ်ခွက်

သမီးဖြင့်လေ အဲဒီလူကြီး အဲဒီလိုပြောတာကြားရတော့ အရမ်းရီချင်တာပဲ ဟု တစ်နေ့သ၌ ကျွန်ုပ်၏ သမီးချစ်ကလေး က ပြောလှာ၏။ မိတ်ဆွေများအား ငါးသလောက်ပြုံး ပြုံးစေလိုသဖြင့် သည်အကြောင်း ပြန်ပြောင်း ဖောက်သည်ချလိုက်ပါသည်။

မူရတ် ဒုက္ခပေးသဖြင့် slide ပေါင်း ၂၀၀၀ ကျော်မျှရှိသော training material များကို အသည်းအသန် ပြင်နေရသောကြောင့် လောလောဆယ် ကျွန်ုပ်မှာ ယားလို့မှ မကုတ်အားအောင် အသည်းအသန် အလုပ်ရှုပ်လျက်ရှိသည် ဟူသတတ်။ (မရှုပ်လို့မဖြစ်ဘူးကိုယ့်လူ၊ အခန်းငှားခက နေ့တိုင်းတက်နေတာဆိုတော့ MOM ကို လိုင်စင်တင်ဘို့ ဒါတွေပြီးမှ ဖြစ်မှာ။) 

ထို့ကြောင့် တခြားဟာတွေမပြောနှင့်၊ သတင်းစာတောင် မဖတ်အားသောကြောင့် အိမ်ရှေ့စားပွဲပေါ်တွင် သတင်းစာပုံကြီးမှာ တဖြည်းဖြည်း များသထက်များလာနေလေ၏။ သို့သော် သည်ကိစ္စမပြောလိုက်ရလျှင် အိပ်ပျော်မှာမဟုတ်သည့်အတွက် ကသုတ်ကရက် ရေးလိုက်ရပါကြောင်း။ (လိုရင်းတိုရှင်း ခပ်တိုတိုပေါ့နော။)

××××××××××××××

တခြားဟုတ်ပါရိုးလား။ မြန်မာအမေကမွေးလိုက်၍သာ မြန်မာဖြစ်လာရသော်လည်း မြန်မာဖြစ်ရမှာ သို့မဟုတ် အခြားသူများက မြန်မာဟုထင်သွားမှာ အလွန်စိုးရွံ့နေသူများအကြောင်း ဖြစ်ပါသည်။ (နာမည်တွေတော့ ၀ှက်ထားမှဗျ။ တစ်ယောက်ယောက် နာမည်ပြောလိုက်တာနဲ့ သူ ဘယ်သူလဲဆိုတာ တန်းကနဲ သိသွားနိုင်တာမို့။ အဲလေ၊ သက်ဆိုင်သူများကတော့ သိနိုင်ပါသဗျာ။)

နေပါအုံး ကိုဟ၀ှာရဲ့ (ထို ကိုဟ၀ှာမှာ အလွန်စကားများသော ဗုဒ္ဓဟူးသား ဖြစ်၏။)။ အဲဒီ ဦး - - - - စင်ကာပူရောက်တာ ဘယ်လောက်ကြာသွားလို့ မြန်မာစကားတွေ မေ့ကုန်ရတာလဲ။

ဆိုပါအုံး ဆရာရဲ့။ ဘယ်လိုတွေ ပြောလိုက်လို့လဲ။

ဒီလိုလေဗျာ၊ ဟိုတစ်နေ့က ကျွန်တော်သူနဲ့တွေ့ဘို့ ချိန်းတော့ သူက “အင်း၊ အဲဒီအချိန် အကျွန်ုပ်နဲ့တွေ့မယ်ဆိုရင် ခင်ဗျား အနေနဲ့ အဆင်ပြေမယ်လို့ ယူဆပါသလား” လို့ မေးသဗျ။ ဗမာစကားသင်နေတဲ့ အင်္ဂလိပ်တစ်ယောက်ပြောမယ်ဆိုရင်တောင် အဲဒီလိုပြောမှာ မဟုတ်ဘူး။ သူ့ဟာက တမင်လုပ်ပြောနေတာ အလွန်အင်မတန် သိသာလှသဗျာ။

ဟားဟား၊ ဖြစ်ရလေဆရာရယ်၊ ကိုဟိုဒင်း (သီချင်းဆိုတတ်သော သောကြာသား) ဆို သူ့ကို ပယ်ပယ်နယ်နယ် ပြောတာပေါ့ဗျာ။

ထားပါဗျာ။ သူက ဗမာစကားကို လုံးဝမပြောတော့တာလား။ မပြောတာကြာလို့ မေ့ကုန်တာလား။

ဘယ်ကဟုတ်ရမလဲဗျာ။ အိမ်မှာလဲ သူ့ကလေးတွေနဲ့ ဗမာလိုပဲ ပြောနေတာပဲ။

ကိုင်း၊ မှတ်ကရော့။

×××××××××××××××××××××××

ကျွန်တော်တို့ ဆယ်တန်းတုံးက မြန်မာဖတ်စာတွင် ဘိလပ်သို့ ပညာသင်ရန်သွားသော မောင်သောင်းဘေအကြောင်း သင်ခဲ့ရဖူးပါ၏။ ၎င်းဘိလပ်မှပြန်လာသည့်အခါ မြန်မာစကားများကိုမေ့ကုန်လေဟန်၊ မပြောတတ်တော့ဟန် ဟန်ဆောင်လေသတည်း။ သူ့ညီမအား ရေခပ်ခိုင်းသည်ကိုပင် “အို၊ ချစ်လှစွာသော နှမကလေး၊ ကျွန်ုပ်ကို ရေချမ်းချမ်းတစ်ခွက်လောက် ခပ်ပေးပါ” ဟု ပြောသည် ဟူ၏။

မိတ်ဆွေတို့ပတ်ဝန်းကျင်တွင် မောင်သောင်းဘေများတွေ့ခဲ့ပါက ကျွန်ုပ်ကို လက်တို့လိုက်ပါ။ ၎င်းတို့အကြောင်း သေချာ ဂဏစွာ စူးစမ်း၍ “မြန်မာမဖြစ်ချင်သူ တစ်ယောက်အကြောင်း” ဟု ဂန္ဓ၀င်ဝတ္ထုတစ်ပုဒ် ရေးထုတ်လိုပါသည်ခင်ဗျား။

(မြန်မာမဖြစ်ချင်တဲ့ ဦးဟိုဒင်းရေ ဒါဖတ်ပြီး ကျွန်တော့်ကို ခဲနဲ့ လာမထုပါနဲ့ခင်ဗျာ။ ခင်ဗျား ကျေးဇူးတွေ ကျွန်တော့်အပေါ်ရှိတာ သိပါတယ်။ အဲလေ ခုလောက်ဆို မြန်မာစာတွေလဲ မေ့ထားလောက်ပါပြီ။ စိုးရိမ်စရာတော့ မရှိပါဘူး။)

ကျေးဇူးတင်ပါသည်ခင်ဗျား။

အေးငြိမ်း


၁၆-၅-၂၀၁၄။ နေ့လည် ၁၂း၄၀ နာရီ

No comments: