Tuesday, November 26, 2013

စိတ်မရှည်ခြင်း

မနေ့က (၂၅-၁၁-၂၀၁၃) သင်တန်းသွားတော့ မိုးရွာနေသည်။ သည်းသည်းမည်းမည်း မဟုတ်တောင် အတော် ရွာနေတာဖြစ်၏။ လက်ပ်တော့ထည့်ထားသည့် ၅ ကီလိုလောက်လေးသည့် အိတ်ကတစ်ဖက်၊ သင်တန်းစာရွက်စာတမ်းများ ထည့်ထားသည့် ၃ ကီလိုလောက်လေးသည့် အထုပ်ကတစ်ဖက်၊ ထီးကတစ်ဖက်နှင့်ဆိုတော့ ကသီလင်တ နိုင်လှ၏။
            ၁၅ မိနစ်လောက် စောနေသေးတာတစ်ကြောင်း၊ မိုးရွာနေတာတစ်ကြောင်းကြောင့် ၃ - ၄ ယောက်မျှသာ ရောက် သေး၏။ သင်တန်းစရန် စောနေသေးသောကြောင့် ထွေရာလေးပါးများ ပြောကြသည်။
            သင်တန်းဆရာမဖြစ်သူ ကာလာက လူများစိတ်မရှည်နိုင်ပုံအကြောင်း ပြော၏။ သူပြောပြတာ ပြန်ပြောင်း ဖောက်သည်ချပါမည်။ (သည်အကြောင်း မိတ်ဆွေများသိပြီးဖြစ်ပါ၏။ သို့သော် ပြောချင်တာ မပြောလိုက်ရလျှင် ထမင်းစားပျက်တတ်သည့် ကျွန်ုပ်ဝါသနာကြောင့် ပြန်ပြောင်းပြောပြရခြင်းဖြစ်ပါ၏။)

            ခုလိုမိုးများရွာနေရင်ကွာ၊ လမ်းတွေပိတ်ပြီး အင်မတန် စိတ်ပျက်စရာကောင်းတာပဲ။ ပိုပြီးစိတ်ပျက်စရာ ကောင်းတာက လူတွေရဲ့ စိတ်မရှည်နိုင်မှုပဲ။
ဟိုတလောက ငါ အိမ်ပြန်တော့ မီးပွိုင့်တစ်ခုမှာ မီးနီမိတယ်။ ငါက ကွေ့မှာဆိုတော့ အတွင်းလမ်း ကစောင့်တာပေါ့။ မီးစိမ်းသွားတော့ ကွေ့ဘို့ကို ဟိုဘက်ကားတွေရှင်းအောင် စောင့်ရတယ်။ အဲဒီမှာ မျက်နှာချင်းဆိုင်ဘက်က လာနေတဲ့ ကားတစ်စီးက  ဖြည်းဖြည်းမောင်းလာတယ်။ အတင်းကွေ့မယ်ဆိုရင် ကွေ့လို့ရတဲ့အခြေအနေပဲ။ ဒါပေမဲ့ ငါက အဲဒီကား လွန်သွားတဲ့ထိ စောင့်တယ်။ အဲဒါကို စိတ်မရှည်နိုင်တဲ့ ငါ့နောက်က ကားက ဟွန်းတအားတီးတယ်။ နေပါဦးကွာ အဲဒီကား လွန်သွားတဲ့ထိ ဘယ်နှမိနစ်စောင့်ရမှာမို့လဲ။ အဲဒါလေးတောင် မစောင့်နိုင်ဘူးလား။
ငါ သူတို့ကို နောက်ကြည့်မှန်က နေ သေသေချာချာ ကြည့်မိတယ်။ ဘယ်လိုလူတွေလဲပေါ့ လို့။ ငါကြည့်နေတုံးပဲ ဟိုကားက ကျော်သွားတယ်။ အဲဒီတော့ သူတို့က ပို စိတ်မရှည်ဖြစ်လာပြီး ဟွန်းကို တအားတီးတော့တာပဲ။ ငါလဲနည်းနည်း ဘီးလှိမ့်လိုက်လို့ ထွက်စရာနေရာရသွားရော အဲဒီကားက ငါ့ကိုကျော်တက်ပြီး အတင်းရောကာရော မောင်းတာပဲ။ ဒါပေမဲ့ ရှေ့မီးပွိုင့်ကျတော့ သူနဲ့ငါ ဘေးချင်းယှဉ်ရက် ဖြစ်သွားပြန်တယ်။ အဲဒီမှာတင် သူတို့က မှန်ကိုချပြီး ငါ့ကို မနိုင့်ရင်ကာ ပြောတာပဲ။ နေပါဦး၊ အခုကော ဘာပိုထူးသွားသလဲ လို့ ငါလည်း ပြန်မေးလိုက်တယ်။ အောင်မယ်၊ သူတင်အားမရလို့ သူ့မိန်းမ ကပါ ခေါင်းထွက်လာပြီး အတင်းပြောပါရောလား။
ဟိုကားကို မစောင့်ဘဲ ငါအတင်းမောင်းထွက်ပါပြီတဲ့ကွာ၊ ဘယ်နှမိနစ် ပိုစောသွားမလဲတဲ့။ ထားပါတော့ကွာ။ အများဆုံးကြာ စက္ကန့် ၂၀ ပေါ့။ တကယ်ဆို စက္ကန့် ၂၀ တောင် မကြာဘူး။ ဒီစက္ကန့် ၂၀ စောသွားလို့ ဘာအကျိုးတွေ ပိုရလာ မလဲ။ ဒါပေမဲ့ ငါ အဲဒီလို အတင်းလုထွက်လို့ ဟိုဘက်က ကားနဲ့သာ ခေါင်းချင်းဝင်တိုက်ရင် ကားပျက်လို့ ကုန်လိုက်မဲ့ပိုက်ဆံ။ အဲဒီနေရာမှာတင် ရဲခေါ်ရမယ်၊ တစ်ယောက်နဲ့တစ်ယောက် အချေအတင်စကားများရမယ်၊ ကားကိုလည်း ကားပြင်ဆိုင် ပို့ရမယ်၊ အလုပ်တွေလည်းများ၊ ပိုက်ဆံနဲ့ အချိန်တွေလည်း အများကြီးကုန်မသွားပေဘူးလား။ သေချင်တောင် သေသွားနိုင် တယ်။ အဲဒီပိုက်ဆံတွေ၊ အချိန်တွေ၊ ရုံးရောက်ဂါတ်ရောက်ကိစ္စတွေ၊ စိတ်ညစ်ရမှုတွေကို ဒီ စက္ကန့် ၂၀ နဲ့ လဲမလား။ ငါ အဲဒီလူတွေကို နားကို မလည်နိုင်ဘူး။ ဒါပေမဲ့ ကားမောင်းတဲ့သူအများစုကတော့ အဲဒီအတိုင်းပဲ။ မီးနီခါနီးပြီဆို ကားကို အရှိန်မြှင့်ပြီ။ ဒီမီးနီသွားတာစောင့်လိုက်လို့ မင်း ဘယ်လောက် ပိုကြာသွားမလဲ။
            လမ်းလျှောက်တဲ့သူတွေကို သတိပေးလိုက်ပါကွာ။ ကားလေးဘီးလုံးမရပ်သရွေ့ လမ်းဖြတ်မကူးပါနဲ့လို့၊ အင်မတန် အန္တရာယ်များတယ်။

သည်တော့ ဓာတ်ဆီဆိုင်မန်နေဂျာဆိုသူ တရုတ်မကလေးက ဖြည့်စွက်ပြောပါသည်။   
            တခြားနေရာတွေမှာ စိတ်မရှည်ချင်နေပါ။ ဓာတ်ဆီဆိုင်လာရင်တော့ စိတ်ရှည်လက်ရှည် ကားကိုရပ်မှရမယ် ဟု ဆို၏။ ဘယ့်နှာကြောင့်များလဲကွယ် ဟု ၀ိုင်းဝန်းစပ်စုကြလေသော် သူက ဓာတ်ဆီဆိုင်ဟူသည် မီးပွားအနည်းငယ်မှ ထွက်လို့မရသည့်နေရာဖြစ်သည့်အတွက် ဘာပစ္စည်းနှင့်မှ မတိုက်မိစေရန် ဒဏ်ငွေကြီးကြီး ဆောင်ခိုင်းကြောင်း ပြောပြ ပါသည်။
             တစ်ခါက ကားတစ်စီး ချိတ်ကလေးတစ်ခုကို ၀င်ပွတ်သဖြင့် ချိတ်လိမ်သွားရာ ဒဏ်ငွေ ၃၀၀ ဆောင်လိုက်ရကြောင်း ပြောပြ၏။ ထိုအခါ ကာလာက ဟဲ့၊ ဆိုင်အပြင်မှာ ဒါတွေ ဒီလိုဖြစ်နေတာ မင်းတို့ ဘယ့်နှယ်သိသလဲဆိုလေသော် ငါတို့ဆိုင် ပတ်ပတ်လည်မှာ high resolution CCTV တွေ အပြည့်တပ်ထားတယ် ဆိုလေ၏။ မှတ်ကရော့။
            တစ်ခါကလည်း ဘေးနားမှ ကန်တင်းတွင် ထမင်းလာစားသော ကားတစ်စီး ဓာတ်ဆီဆိုင်အတွင်း ၀င်ရပ်ရာ လောကြီး ပြီးနောက်ဆုတ်ရာတွင် နောက်မှ သတိပေးဆိုင်းဘုတ်ကို ၀င်တိုက်မိ၍ ဆိုင်းဘုတ်ယိုင်သွားသဖြင့် ဒဏ်ငွေ ၆၀၀ ဆောင်ခဲ့ရဖူး ကြောင်း၊ ဆီထည့်သည့် နေရာမှ ဆိုင်းဘုတ်များဆိုလျှင် အလွန်အန္တရာယ်များကြောင်း၊ ဆိုင်းဘုတ်ကို ခြစ်မိလျှင် သူတို့က ဆိုင်းဘုတ်ကိုလဲတာမဟုတ်ဘဲ စတေရှင်ကြီးတစ်ခုလုံးလဲတာဖြစ်သဖြင့် ၃ သောင်းမှ ၈ သောင်းထိ ကျကြောင်း ပြောပြလေရာ ကျွန်ုပ်မှာ မဆီနှင့်မဆိုင် အဲဒါတွေကြောင့် ငါ ကားမ၀ယ်တာဘဲ ဟု (စိတ်ထဲတွင်) အသားလွတ် ကြိမ်းဝါးမိသောဟူ၏။

            ကျွန်တော်နည်းနည်းထပ်ဖြည့်ပါမည်။ လမ်းဖြတ်ကူးရန် ကျွန်တော်တို့မီးနီစောင့်နေစဉ် ကားများရပ်တာ သတိထားမိ ပါလိမ့်မည်။ အချို့ကားများမှာ မီးနီခါနီး အတင်းဖြတ်မောင်းလာသဖြင့် လူကူးသည့်မျဉ်းများပေါ်ကျော်လာကာ လူသွားလမ်းကို ကန့်လန့်ဖြတ် ဖြစ်သွားသည်။ လမ်းကူးသူများမှာ ထိုကားများကို ကွေ့သွားရသဖြင့် ကားလမ်းမပေါ် ရောက်သွားသည်။ ထိုသူများမှာ မီးစိမ်းသွားသည့်ဘက်မှ လမ်းနှင့်အပြိုင်ကူးရသဖြင့် မီးစိမ်းသွားသဖြင့် ဒရကြမ်းမောင်းလာသည့် ကားများ၏ အန္တရာယ်ကို ပွတ်ကာသီကာ ရှောင်တိမ်းသွားကြရသည်။
            ၎င်းတို့ လူသွားလမ်းပေါ် ကျော်ရပ်လိုက်ခြင်းဖြင့် မည်မျှ အကျိုးထူးပါသနည်း။ အများဆုံးရှိလှ ၄ မီတာပေါ့။ ထားပါ ၅ မီတာ။ ဘီးလေးငါးလိမ့်စာလောက်။ သည် ဘီးလေးငါးစီးစာလောက် ကျော်ရပ်လိုက်ခြင်းဖြင့် ၎င်းတို့၏အချိန်များ မည်မျှ သက်သာသွားပါသနည်း။
            သို့သော် ထိုကားများကို ရှောင်ကွင်းသွားရသဖြင့် လမ်းသွားလမ်းလာတစ်ဦးဦးကို တစ်ဖက်လမ်းမှကားက ၀င်ပွတ် သွားသည်ဆိုပါစို့။ ကိစ္စမများပါလား။ ကားတိုက်မှုဖြစ်ပြီဆိုကတည်းက အဘယ်မှာ ၄ - ၅ မိနစ်မျှနှင့် ပြီးပါမည်နည်း။ ဘာဒဏ်ရာမှ မရတောင် အနည်းဆုံးတော့ ရဲကိုခေါ်ရမည်။ အမှုဖွင့်ရမည်။ တိုက်သည့်ကားကို အခြားဘယ်နေရာသို့မျှ ရွှေ့လို့ မရသည့်အတွက် ကျန် ကားများအတွက်ပါ လမ်းပိတ်သွားလိမ့်မည်။
            ၂၀၁၂ ခုနှစ် မေလက စင်ကာပူတွင် ကားတိုက်မှုတစ်ခုဖြစ်သည်။ ဗစ်တိုးရီးယား လမ်းဆုံ (ဘူဂစ်စ် ဘူတာအနီး) တွင်ဖြစ်၏။ မွေးနေ့ လက်ဆောင်အဖြစ်ရထားသည့် အလွန်အင်မတန် ဈေးကြီးလှသော ဖာရာရီကိုမောင်းလာသော အသက် ၃၁ နှစ်ရှိ တရုတ်လူငယ်က မီးနီကို အတင်းဖြတ်အကူး တက္ကစီကို ၀င်တိုက်တာ ဖြစ်သည်။ ဘာမှအပြစ်မရှိသော တက္ကစီပေါ် ထိုင်လိုက်လာသူ အသက် ၄၁ နှစ်ရှိ ဂျပန်အမျိုးသမီးသေသွားသည်။ အရှိန်မည်မျှပြင်းသနည်းဆိုသော် တက္ကစီ၏အင်ဂျင်မှာ မီတာ ၃၀ လောက် အကွာသို့ပင် လွင့်စဉ်သွားခဲ့၏။
ကားနှစ်စီးလုံးမှ ကားမောင်းသူများကို စင်ကာပူမီးသတ်တပ်ဖွဲ့မှ အတင်း ဖြဲခွဲထုတ်ယူရသည် ဆို၏။ အသက် ၅၂ ရှိပြီဖြစ်သော တက္ကစီမောင်းသူမှာ ရုတ်တရက်သူ့ကိုယ်ပေါ် နတ်အ၀တ်အစားတွေ ရောက်လာတာကို ကျိုးကြည့်ကြောင်ကြည့် ဖြစ်ကာ ဟ- ဘာတွေဖြစ်ကုန်ပြီလဲဟ ဟု ရေရွတ်မိနေမည် ဖြစ်လေသည်။ ဘယ်က ကောင်မလေးမှန်းမသိကို ကားပေါ်တင် လာသူ တရုတ်မှာမူ အောင်မယ်လေး၊ ပူလှချည်ရဲ့ဗျ၊ ဒယ်အိုးထဲက အမြန်ထုတ်ပေးမယ်ဆိုရင် အမေရိကန်ဒေါ်လာ ၁၄ သိန်း တန်တဲ့ ကျွန်တော့်ဖာရာရီကားရောင်းလို့ရသမျှ အကုန်ပေးပါ့မယ်ခင်ဗျ ဟု အာခေါင်ခြစ်ကာ အော်နေသဖြင့် အပေါ်မှ စောင့်နေသူ ငရဲသားက ဟဲ့အကောင်၊ ဘာခုမှကြောက်ပါပြီလဲ၊ တိတ်တိတ်နေစမ်း ဟု ခေါင်းကို တင်းပုတ်နှင့် ထုချလိုက်မှ ပုသွားလေတော့၏။
            သည်မီးနီမဖြတ်ဘဲ စောင့်လိုက်လျှင် မည်မျှနောက်ကျသွားမှာမို့ အတင်းရောကာရော ဖြတ်ရတာပါနည်း။ အမှန်က စောင့်၍ နောက်ကျမည့်အချိန်ကြောင့် ဟုတ်ချင်မှဟုတ်မည်ပေါ့။ ကားတိုက်ချိန်က မနက် ၄ နာရီဆိုတော့ ဒစ္စကိုတွင် အသားကုန်ကဲခဲ့တာ ဖြစ်ချင်ဖြစ်မည်။ ဘေးမှာကောင်မလေးကလည်း ပါလာတော့ ကြွားချင်တာလဲပါမည်။ ဟော်တယ်ကို ရောက်ချင်အလျင်လိုနေတာလည်း ဖြစ်ကောင်းဖြစ်မည်။ မည်သူသိနိုင်ပါမည်နည်း။

            မိတ်ဆွေများခင်ဗျား၊ ကားမောင်းသည့်အခါ စိတ်ရှည်ရှည်ဖြင့်မောင်းပါ။ ဘာကိုမှ အလျင်မလိုပါနှင့်။ အလျင်လို အနှေးဖြစ်တတ်ကြောင်း သတိထားကြစေလိုပါသည်။ မီးပွိုင့်တွင်လည်း လူကူးမီး မစိမ်းဘဲ မကူးပါနှင့်။ နှစ်မိနစ်၊ သုံးမိနစ် လောက်ကို မစောင့်နိုင်ပါက အထက်တွင်ပြောခဲ့သည့် တက္ကစီဒရိုင်ဘာကြီးလို ချက်ချင်းလက်ငင်း နတ်ဝတ်နတ်စားများ ကိုယ်ပေါ်ရောက်လာပါလိမ့်မည်။

ကျေးဇူးတင်ပါသည်။

အေးငြိမ်း

၂၆ - ၁၁ - ၂၀၁၃။ ည ၉း၀၉ နာရီ

No comments: