Tuesday, November 12, 2013

လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး (ဆောက်လုပ်ရေး) (၃၅)

အခန်း (၈)

လုပ်ငန်းခွင် ကျန်းမာရေး (Occupational Health)

၈၊ ၁။ လူတိုင်းကျန်းမာစွာ အလုပ်လုပ်ပိုင်ခွင့်

            လုပ်ငန်းခွင်ဟူသည် အန္တရာယ်များသည့်နေရာဖြစ်၏။ လူဦးရေ၏ ထက်ဝက်ကျော် (၅၈%) မျှသော လူတို့သည် နေ့စဉ် အလုပ်လုပ်ကြရကုန်၏။ အရွယ်ရောက်ပြီးသော လူတစ်ဦး၏ ဘ၀သက်တမ်း သုံးပုံတစ်ပုံကျော်ကို လုပ်ငန်းခွင်ထဲ၌သာ ကုန်ဆုံးစေရသည်။ ထိုမျှများပြားလှသော လုပ်သားထုကြီး၏ ကျန်းမာရေးသည် အလွန်အရေးကြီးပေသည်။ ကျန်းမာမှ အလုပ်လုပ်နိုင်မည်။ ထို့ပြင် လူတို့၏ တစ်နေ့တာ အချိန်အားလုံးကို လုပ်ငန်းခွင်အတွင်း၌ ကုန်ဆုံးစေရရာ လူတို့၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် နေရာမှာ လုပ်ငန်းခွင်သာ ဖြစ်ဘို့များပါသည်။ ထို့ကြောင့် လုပ်ငန်းခွင်သည် လုပ်သားအားလုံးအတွက် ကျန်းမာရေးနှင့် ညီညွတ်သော လုပ်ငန်းခွင်တစ်ခု ဖြစ်နေရန် အရေးကြီးသည်။
            ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အစီရင်ခံစာများအရ လုပ်သားအားလုံး၏ ၃၀ မှ ၅၀% မှာ အန္တရာယ်များလှသော၊ ရုပ၊ ဓာတု၊ ဇီဝ ဗေဒလုပ်ငန်းများကို လုပ်ကိုင်နေကြရသည်။ ထို့ပြင် ဖွံ့ဖြိုးပြီးနိုင်ငံများမှ လုပ်သားထု၏ ၁၀ မှ ၃၀%၊ ဖွံ့ဖြိုးဆဲနိုင်ငံများမှ လုပ်သားထု၏ ၅၀ မှ ၇၀% သည် လူ၏အင်အားနှင့် မမျှသော ကြီးမားလေးလံသည့် ၀န်ကို မ,ချီနေရကြောင်း ဖော်ပြထား၏။ လုပ်သားများ၏ ကျန်းမာရေးကို ဂရုစိုက်စောင့်ရှောက်ခြင်းသည် ၎င်းတို့အတွက်သာမက လုပ်ငန်း၏ ကုန်ထုတ်လုပ်မှုကိုပါ တိုးတက်စေသည်။ ကျန်းမာရေးကောင်းနေသည့် လုပ်သားသည် ပျော်ရွှင်စွာ အလုပ်လုပ်နိုင်မည်ကို ယုံမှားသံသယရှိစရာ မလိုပါ။ လုပ်သားတစ်ဦး မကျန်းမာလျှင် သူကိုယ်တိုင်ကိုယ်သာမက သူ့မိသားစုကိုပါ ထိခိုက်စေသည်။
            လုပ်ငန်းရှင်များအနေနှင့် အန္တရာယ်ကင်းပြီး ကျန်းမာသော လုပ်ငန်းခွင်တစ်ခု ဖန်တီးပေးရေးနှင့် မိမိဝန်ထမ်းများ၏ ကျန်းမာရေးကို စီမံချက်များချမှတ် လုပ်ဆောင်ရန်လိုပါသည်။ လုပ်ငန်းခွင်ကျန်းမာရေးနှင့်အန္တရာယ်ကင်းရေး အဆင့်အတန်းမြင့်သော တိုင်းပြည်များတွင် စုစုပေါင်းအမျိုးသားထုတ်ကုန် (Gross National Product) မြင့်မားကြောင်းတွေ့ရပြီး လုပ်ငန်းခွင်ကျန်းမာရေးနှင့်အန္တရာယ်ကင်းရေး အဆင့်နိမ့်သော တိုင်းပြည်များတွင် စုစုပေါင်းအမျိုးသားထုတ်ကုန် နိမ့်ကျကြောင်းတွေ့ရသည်။ ဤသည်က လုပ်ငန်းခွင်ကျန်းမာရေး နှင့် အန္တရာယ်ကင်းရေးသည် ကုန်ထုတ်လုပ်မှု တိုးတက်ရေးနှင့် တိုက်ရိုက်ဆက်နွယ်နေကြောင်း ပြသသည်။
            ခေတ်သည်အမြဲတိုးတက်ပြောင်းလဲနေသည်နှင့်အမျှ လုပ်ငန်းခွင်အတွင်း အသုံးပြုနေသော စက်ကိရိယာများနှင့် ဓာတုဆေးဝါး များမှာလည်း အမြဲတမ်းပြောင်းလဲလျှက်ရှိ၏။ ထို့ကြောင့် ယခင်ကရှိပြီးသား လုပ်ငန်းခွင် ကျန်းမာရေးနှင့် အန္တရာယ်ကင်းရေး အစီအမံများကို ခေတ်နှင့်လျော်ညီအောင် အမြဲပြန်လည်သုံးသပ်၊ ပြောင်းလဲရေးဆွဲနေရန် လိုပေသည်။
            လုပ်ငန်းခွင်ကြောင့်ရသော ရောဂါဘယများကို ကာကွယ်ရန်နှင့် ကုသရန် အဆင့်မြင့်နည်းပညာများ လိုကောင်းလိုမည်၊ ငွေကုန်ကြေးကျ များကောင်းများမည်၊ အလုပ်ရှုပ်ကောင်း ရှုပ်ပါမည်။ သို့သော် ဤကိစ္စမှာ အလုပ်သမားတစ်ဦးတစ်ယောက်တည်းနှင့် ဆိုင်သောကိစ္စသာမဟုတ်ဘဲ အလုပ်သမားအားလုံးအပါအ၀င် ၎င်းတို့ကို မှီခိုနေသည့် ၎င်းတို့၏ မိသားစုအရေး၊ တစ်နည်းအားဖြင့်လည်း တိုင်းပြည်ထုတ်ကုန် မြင့်မားရေးအတွက်လည်း ဖြစ်သဖြင့် အရေးတကြီးထား ဆောင်ရွက်ရန် လိုပါသည်။

၈၊ ၂။ လုပ်ငန်းဆိုင်ရာရောဂါများ နှင့် ပြဿနာများ


လုပ်ငန်းနှင့်ပတ်သက်သည့် ရောဂါများမှာ ရုပ်ဝတ္ထုပစ္စည်းများကြောင့်ဖြစ်စေ၊ ဓာတုဗေဒပစ္စည်းများနှင့် ထိတွေ့သောကြောင့် ဖြစ်စေ၊ ဇီဝဗေဒပစ္စည်းများမှ ဖြစ်စ၊ အလုပ်လုပ်ပုံအနေအထားကြောင့်ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကြောင့်ဖြစ်စေ ရနိုင်ပါသည်။ ထိုရောဂါများမှာ တစ်ခုချင်းအလိုက်ဖြစ်စေ နှစ်ခုသုံးခု ပေါင်းဆုံ၍ဖြစ်စေ ဖြစ်နိုင်၏။ လုပ်ငန်းခွင်ရောဂါအမျိုးအစားများကို အောက်ပါအတိုင်း ခွဲခြားနိုင်သည်။ 


ဤရောဂါများအနက် အချို့မှာ ရေတိုရောဂါများဖြစ်ပြီး အချို့မှာ နာတာရှည်ရောဂါများဖြစ်သည်။ အချို့ကို ပျောက်ကင်းအောင် ကုသ နိုင်သော်လည်း အချို့မှာ အသက်အန္တရာယ်ရှိပါသည်။ အချို့မှာ လူတစ်ယောက်တည်းကို ဒုက္ခပေးပြီး အချို့မှာ လူအများအား ဒုက္ခဖြစ်စေပါ သည်။ နမူနာအားဖြင့် လက်ကို ဒါးရှမိလျှင် ခဏနှင့် ပျောက်နိုင်သော်လည်း လည်ပတ်နေသော ခါးပတ်ကြိုးအတွင်း လက်ညပ်ပါက လက်ပြတ်ကာ တစ်သက်လုံး ဒုက္ခိတဖြစ်သွားပါလိမ့်မည်။ လက်ကို တူထုမိလျှင် အလုပ်သမားတစ်ဦးတည်းကိုသာ ထိခိုက်မည်ဖြစ်သော် လည်း လွန်စွာဆူညံသောစက်ရုံအတွင်း အလုပ်လုပ်ရပါက ထိုစက်ရုံမှ အလုပ်သမားအားလုံး နားလေးမည့် အန္တရာယ်ရှိပါသည်။ လက်ကို တူထုမိခြင်းသည် ကုသ၍ ပျောက်ကင်းနိုင်သော်လည်း နားလေးခြင်းကို မည်သည့်ဆေးနှင့်မှ ကုသ၍ မပျောက်ကင်းနိုင်ပါ။
လုပ်ငန်းခွင်ဆိုင်ရာ ရောဂါများသည် လုပ်သားများထိတွေ့ လုပ်ကိုင်နေရသော ပစ္စည်း၊ ပတ်ဝန်းကျင်အခြေအနေ၊ ခန္ဓာကိုယ် အနေအထား၊ ပေါင်းသင်း ဆက်ဆံရသော ပတ်ဝန်းကျင်စသည်တို့ကြောင့် ဖြစ်ရပေရာ ၎င်းတို့ ရောဂါမရမီကပင် ကြိုတင်ကာကွယ်နိုင်သည့် အခြေအနေရှိပါက ကြိုတင်ကာကွယ်ရပါမည်။ ဥပမာ - ဆူညံနေသည့်ပတ်ဝန်းကျင်တွင် အလုပ်လုပ်နေရသူ အလုပ်သမားအဖို့ ကြာလာ သည့်အခါ သေချာပေါက် နားလေးမည်ဖြစ်ပါသည်။ ထို့ကြောင့် ထိုသူအား နားမလေးမီကပင် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးရန် လိုပါသည်။
အချို့အလုပ်သမားများမှာ အလုပ်တစ်ခုတည်းကို ခန္ဓာကိုယ်အနေအထား တစ်မျိုးတည်းဖြင့် နာရီပေါင်းများစွာ၊ ရက်ပေါင်းများစွာ၊ လပေါင်းများစွာ လုပ်ကိုင်ရတတ်သည်။ ဥပမာ - ကွန်ပြူတာစာစီရသူ။ ထိုအခါ သူ့တွင် ညောင်းညာကိုက်ခဲခြင်း၊ ဇက်ကြောတက်ခြင်း၊ လက် မောင်းကြွက်သားနှင့် လက်ဆစ်များ မခံမရပ်နိုင်အောင် နာကျင်ခြင်း၊ မျက်စိအမြင် မှုန်ဝါးလာခြင်း စသည့်ရောဂါများ ရလာပါလိမ့်မည်။ ထိုအခါ ၎င်း၏ ကိုယ်အနေအထား၊ စားပွဲ၊ ကုလားထိုင်၊ ကွန်ပြူတာ၊ ကီးဘုတ်၊ မောက်စ်၊ အလင်းရောင်ရရှိမှု အစရှိသည်တို့ကို သေသေချာချာ လေ့လာကာ သက်တောင့်သက်သာရှိမည့် အနေအထားရောက်အောင် ပြင်ဆင်ပေးရန် လိုပါသည်။ သူ့ကိုလည်း တောက် လျှောက်ထိုင် လုပ်မည့်အစား နာရီဝက်တစ်ခါ ကိုယ်လက်လေ့ကျင့်ခန်းများလုပ်ခြင်း၊ အဝေးသို့ကြည့်ခြင်း စသည်တို့လုပ်ရန် အကြံပေးရ ပါမည်။
            အချို့အလုပ်သမားများမှာ အလွန်ရန်လိုတတ်သည်။ လူတကာနှင့်ရန်ဖြစ်တတ်သည်။ ထိုသူမျိုးများ မိမိလုပ်ငန်းခွင်အတွင်း ပါလာ ပါက အထူးဂရုစိုက် ကိုင်တွယ်ရပါမည်။ မခံချင်သူနှင့်တွေ့သည့်အခါ မကြာမီပင် ရန်ဖြစ်လိမ့်မည်။ ထိုအခါ ၎င်းတို့နှင့်ပတ်သက်သည့် အခြားသူများပါ ပါလာကာ ရန်ပွဲကို ထိန်းမရဖြစ်တတ်သည်။ တုတ်၊ ဒါးများပါလာပါက သွေးထွက်သံယို ဖြစ်မည်။ ဆေးရုံပို့ရမည်။ ရဲတိုင်ရမည်။ တရားရုံးများသွားရမည် စသည့် မလိုလားအပ်သော ပြဿနာများ ရှင်းနေရသည်နှင့် အချိန်လည်းကုန်သည်။ ငွေလည်း ကုန်သည်။ စိတ်လည်း ညစ်ရသည်။ ကုန်ထုတ်လုပ်ငန်းကိုလည်း ထိခိုက်သည်။
             ဤသည့်ကိစ္စများကို ဖြေရှင်းရန် စနစ်တကျ စီမံချက်ရေးဆွဲဆောင်ရွက်ရပါမည်။

၈၊ ၃။ နောက်ခံသမိုင်းကြောင်းကို စူးစမ်းခြင်း

            အလုပ်သမားတစ်ဦးရောဂါရလာပြီဆိုလျှင် အဘယ်ကြောင့် ဤရောဂါရခဲ့ကြောင်း၊ ဤရောဂါဖြစ်နေသည်မှာ မည်မျှ ကြာနေပြီဖြစ်ကြောင်း၊ မည်သည့်အလုပ်ကြောင့် ဤရောဂါ ရရခြင်းဖြစ်ကြောင်း သေချာစွာသိစေရန် ၎င်းအလုပ်လုပ်ခဲ့သည့် နောက်ခံ သမိုင်းကြောင်းကို စူးစမ်းရန်လိုပါသည်။ ထိုရောဂါဖြစ်နေသည့်အတွက် ထိုအလုပ်သမားသည် ဤအလုပ်ကို ဆက်လုပ်ရန် သင့်တော်ချင်မှ သင့်တော်လိမ့်မည်။ ၎င်းအားဆက်လုပ်စေပါက မလိုလားအပ်သော ပြဿနာများဖြစ်ကာ ၎င်းနှင့်အတူလုပ်နေသည့် အခြားလုပ်ဖော် ကိုင်ဘက်များနှင့် အများပြည်သူအား အန္တရာယ်ဖြစ်ချင် ဖြစ်စေနိုင်သည်။
            ဤသို့ ရောဂါရာဇ၀င်ကို စစ်ဆေးခြင်းအားဖြင့် မည်သည့်အကြောင်းအချက်က အလုပ်သမားအား ရောဂါရစေကြောင်း၊ ဤရောဂါ ကြောင့် နောက်ဆက်တွဲ မည်သည့်ပြဿနာများ ပေါ်လာစေနိုင်ကြောင်း၊ အလုပ်သမား ဆက်လက်လုပ်ကိုင်ရမည့် အလုပ်၏ လုပ်ငန်း သဘာဝ၊ ဤအလုပ်သမားသည် ထိုအလုပ်ကို ဆက်လုပ်ရန် သင့်မသင့်၊ ထိုအလုပ်မျိုးဆက်လုပ်ပါက ဤရောဂါမျိုးထပ်မံဖြစ်နိုင်၊ မဖြစ်နိုင်။ ဤအလုပ်ကို ဆက်လုပ်စေခြင်းဖြင့် အခြားသူများအား အန္တရာယ်ဖြစ်စေနိုင်သည့် အခြေအနေရှိမရှိ စသည်တို့ကို သိလာနိုင်သည်။
            အလုပ်သမားအား စစ်ဆေးမေးမြန်းရာတွင် ၎င်း၏ကျန်းမာရေးအတွက်စစ်ဆေးခြင်းဖြစ်သဖြင့် အလုပ်တစ်ခုထက်ပိုလုပ်နေရပါက လုပ်နေရသော အလုပ်အားလုံးကို ပြောပြရန်၊ ကိုင်တွယ်ထိတွေ့နေရသော စက်ကိရိယာ၊ ဓာတုပစ္စည်း၊ ရုပ်ဝတ္ထုပစ္စည်း၊ ဇီဝဆိုင်ရာပစ္စည်း၊ လုပ်ကိုင်နေရသော ပတ်ဝန်းကျင်အခြေအနေ၊ အလုပ်ခွင်အနေအထား စသည်တို့ကို ပြည့်ပြည့်စုံစုံ မှန်မှန်ကန်ကန် ပြောပြရန် တိုက်တွန်းရ ပါမည်။ ထို့ပြင် ၎င်း၏ လူနေမှုဘ၀ ဥပမာ- ဆေးလိပ်သောက်တတ်သလား၊ ဘယ်လောက်သောက်သလဲ၊ ကွမ်းစားတတ်သလား၊ အရက် သောက်တတ်သလား၊ မူးယစ်ဆေးဝါးသုံးစွဲတတ်သလား၊ ညဥ့်နက်သန်းခေါင် ဖဲရိုက်တတ်သလား စသည်တို့ကိုလည်း ထည့်သွင်း မေးမြန်း ရန်လို၏။


၈၊ ၄။ လုပ်သားထုအတွင်း ဖြစ်ပေါ်သည့် ရောဂါများအား စီမံခန့်ခွဲခြင်း

            အလုပ်သမားတစ်ဦး သို့မဟုတ် အလုပ်သမားများ လုပ်ငန်းခွင်၌ ရောဂါရလာပြီဆိုလျှင် လုပ်ငန်းခွင် စီမံခန့်ခွဲရေးအဖွဲ့အနေနှင့် ထိုအလုပ်သမားအား ဆေးပေးကုသရုံထက် ဤရောဂါကို မည်ကဲ့သို့ကိုင်တွယ် ဖြေရှင်းရမည်ကို နည်းလမ်းရှာရန်လိုပါသည်။ ထိုရောဂါမျိုး များ ထပ်မံမဖြစ်ပွားစေရန် လုပ်ငန်းခွင်ကို ခေတ္တရပ်ရန်၊ လုပ်ငန်းခွင်အခြေအနေကို ပြုပြင်ပြောင်းလဲရန်၊ အာဏာပိုင်အဖွဲ့ကို အကြောင်းကြားရန်၊ အလုပ်သမားများအား ပညာပေးရန်၊ အလုပ်သမားများအတွက် အာမခံပေးရန် စသည်တို့ လိုချင်လိုပါလိမ့်မည်။ ထိုရောဂါမျိုး မဖြစ်ပွားအောင် မည်ကဲ့သို့ကာကွယ်မည်နည်း ဟူသော ရှုထောင့်မှ ချဉ်းကပ်ဖြေရှင်းသွားရန် လိုပါသည်။ ထိုအချက်များတွင် အောက်ပါတို့ ပါဝင်နိုင်ပါသည်။
Ø ရောဂါ/အန္တရာယ်ဖြစ်စေနိုင်သည့် အကြောင်းအချက်ကို ဖယ်ရှားပစ်ခြင်း
Ø အင်ဂျင်နီယာအတတ်ပညာဖြင့် ရောဂါ/အန္တရာယ်ဖြစ်စေနိုင်သည့် အကြောင်းများကို လျှော့ချခြင်း
Ø အုပ်ချုပ်ရေးပိုင်းဆိုင်ရာ၏ စီမံခန့်ခွဲမှု၊ ဥပမာ - ဆူညံသည့်နေရာမှ အလုပ်သမားများကို အဆိုင်းလိုက် အလှည့်ကျ လုပ်စေခြင်း
Ø သဘာဝပတ်ဝန်းကျင်အား စောင့်ကြည့်ခြင်း၊ ဥပမာ - အင်ဂျင်များမှ မီးခိုးမဲများထုတ်လွှတ်မှု၊ လုပ်ငန်းခွင်အတွင်း ရေ၀ပ်မှု
Ø ဇီဝပစ္စည်းများအား စောင့်ကြည့်ခြင်း၊ ဥပမာ - သွေး၊ ဆီး စသည်
Ø အလုပ်သမားများအား အန္တရာယ်များမှကာကွယ်ရန် တစ်ကိုယ်ရည်ကာကွယ်ရေး ပစ္စည်းများ အလုံအလောက် ထုတ်ပေးခြင်း

၈၊ ၅။ တာဝန်ဝတ္တရားများ

အလုပ်ရှင်၊ လုပ်ငန်းပိုင်ရှင်

Ø မိမိအလုပ်ခွင်အတွင်း ရောဂါဖြစ်နိုင်ချေရှိသော အရာအားလုံးကို စုံစမ်းစစ်ဆေးခြင်း
Ø ထိုရောဂါများအား မည်ကဲ့သို့ ကာကွယ်နိုင်သည်၊ လျှော့ချနိုင်သည်ကို စူးစမ်းကာ ဖြစ်နိုင်သည့် ကာကွယ်ရေးအစီအမံများ ရေးဆွဲခြင်း
Ø ထိုအစီအမံများကို သက်ဆိုင်ရာ အင်ဂျင်နီယာ၊ လုပ်ငန်းခွင်ကင်းရှင်းရေးအရာရှိ၊ ကြီးကြပ်ရေးမှူးများ၏ အကူအညီဖြင့် လက်တွေ့ အကောင်အထည်ဖော်ခြင်း
Ø ဓာတုပစ္စည်းများနှင့် လုပ်ကိုင်နေသူ အလုပ်သမားများသည် သတ်မှတ်ထားသော PEL ထက်ပိုပြီးမခံစားရစေရန် သေချာစေခြင်း
Ø လုပ်ငန်းခွင်အတွင်း ရှေးဦးသူနာပြုသေတ္တာများ လုံလောက်စွာ ထားရှိပေးခြင်း
Ø လက်မှတ်ရှိသည့် ကျွမ်းကျင်သော ရှေးဦးသူနာပြုများ လုပ်ငန်းခွင်အတွင်း ခန့်ထားပေးခြင်း
Ø အရေးပေါ် မျက်လုံးဆေးရန် နှင့် ရေချိုးရန်နေရာများ ထားရှိပေးခြင်း

အလုပ်သမားများ

Ø အလုပ်ရှင်က ပံ့ပိုးပေးသော တစ်ကိုယ်ရည်ကာကွယ်ရေး ပစ္စည်းများအား မှန်ကန်စွာ ၀တ်ဆင်ခြင်း
Ø မိမိကိုယ်ကို အန္တရာယ်ရှိသော အခြေအနေတွင် မကျရောက်စေခြင်း
Ø ထုတ်ပြန်ထားသော လုပ်ငန်းခွင်အန္တရာယ်ကင်းရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း
Ø အန္တရာယ်ကင်းစွာ အလုပ်လုပ်ရေးအစီအစဉ်များအတိုင်း လိုက်နာလုပ်ဆောင်ခြင်း

၈၊ ၆။ လုပ်ငန်းခွင် ကျန်းမာရေးစီမံချက်များ ရေးဆွဲပြဌာန်းခြင်း

            အလုပ်သမားများ ကျန်းကျန်းမာမာအလုပ်လုပ်နိုင်ရန် လုပ်ငန်းခွင် ကျန်းမာရေးစီမံချက်များ ရေးဆွဲပြဌာန်းပေးရန်လိုသည်။ စင်ကာပူတွင် ထိုစီမံချက်ကို ဧရိယာလေးခုအတွက် လုပ်ဆောင်ရန် သတ်မှတ်ထားသည်။

၁။ အက်စ်ဘက်စ်တိုစ် ထိန်းချုပ်ရေး စီမံချက် (Asbestos Control Programme)
၂။ ကွန်ဖိုင်းစပေ့စ် စီမံခန့်ခွဲရေး စီမံချက် (Confined Space Management Programme)
၃။ အန္တရာယ်ရှိသော ဓာတုပစ္စည်းများ စီမံခန့်ခွဲရေး စီမံချက် (Hazardous Chemical Management Programme)
၎။ ဆူညံသံကြောင့်ဖြစ်သော နားလေးမှု ကာကွယ်ရေး စီမံချက် (Noise-induced Deafeness Prevention Programme)


 ၈၊ ၇။ အက်စ်ဘက်စ်တိုစ် ထိန်းချုပ်ရေး စီမံချက် (Asbestos Control Programme)

            ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် အမိုးများ၊ မီးခံတံခါးများ၊ နံရံများ၊ အပူကာများ (insulation)၊ ဂက်စ်ကက်များ၊ မီးခံစောင်များ(fire blanket)၊ မော်တော်ကား ဘရိတ်များ၊ အမှိုက်ပြွန်များတွင် အက်စ်ဘက်စ်တိုးစ် ပါတတ်သည်။ အက်စ်ဘက်စ်တိုးစ် (ကျောက်ဂွမ်း) သည် လူ၏ ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေနိုင်သည်။ ထို့ပြင်ထိုရောဂါသည် နာတာရှည်ရောဂါဖြစ်၏။ ထို့ကြောင့် ဆောက်လုပ်ရေးလုပ်သားများကို အက်စ်ဘက်စ်တိုးစ်၏ အန္တရာယ်မှ အကာအကွယ်ပေးထားရန် လိုသည်။
            ထိုစီမံချက်တွင် အောက်ပါတို့ပါဝင်ပါသည်။
Ø အက်စ်ဘက်စ်တိုကို ဖယ်ရှားခြင်းအတွက် ပြဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေနှင့်စည်းမျဉ်းစည်းကမ်းများကို အတိအကျ လိုက်နာရေး
Ø အက်စ်ဘက်စ်တိုကို ဖယ်ရှားမည့်ကုမ္ပဏီများအနေနှင့် လုပ်ခွင့်လိုင်စင်ရယူရေး
Ø အလုပ်သမားများအား အက်စ်ဘက်စ်တို၏ အန္တရာယ်များကို ရှင်းလင်းပြောပြထားကာ လိုအပ်သည့်အကာအကွယ်များ ထောက်ပံ့ပေးရေး

အက်စ်ဘက်စ်တိုသည် စတင်ထိတွေ့ချိန်မှ ၁၅ နှစ်ခန့် သို့မဟုတ် ထို့ထက်ပိုကြာသည့်အချိန်တွင်မှ ရောဂါခံစားရခြင်းဖြစ်သည်။ အက်စ်ဘက်စ်တိုကြောင့် အဆုပ်နှင့် အခြားကင်ဆာရောဂါများဖြစ်နိုင်သည်။
v  အက်စ်ဘက်စ်တိုးစ်နှင့် ထိတွေ့လုပ်ကိုင်ရမည့် လုပ်သားများမှာ ဆောက်လုပ်ရေးလုပ်သားများ၊ အဆောက်အဦဖြိုဖျက်သူများ၊ ပိုက်ဖစ်တာများ၊ လျှပ်စစ်လုပ်သားများ၊ စက်ပြင်ဆရာများ၊ ဂဟေဆော်သူများနှင့် လက်သမားများ ဖြစ်နိုင်သည်။
v  အက်စ်ဘက်စ်တိုးစ်နှင့် စတင်ထိတွေ့ပြီးသည်မှ သုံးလအကြာတွင် ဆေးစစ်မှုခံယူရမည်။ ဆေးစစ်ရာတွင် အသက်ရှူလမ်းကြောင်း ကို အဓိကထား စစ်ရမည်။
v  ရင်ဘတ်ကို ဓာတ်မှန်အပြည့် (X-Ray) ရိုက်ကြည့်ရမည်။
v  အသက်ရှူအထောက်အကူပြုကိရိယာ (respirator) မ၀တ်ဆင်နိုင်သူများ အက်စ်ဘက်စ်တိုးစ်နှင့်ပတ်သက်သည့် အလုပ်ကို မလုပ်စေရ။
v  နောက် ၃၆ လကြာတိုင်း တစ်ကြိမ် ဆေးစစ်ဆေးမှုခံယူရမည်။
v  ဆေးစစ်ချက်မှတ်တမ်းများအရ ဆက်လက်ဆောင်ရွက်သင့်သည်တို့ကို မပျက်မကွက် ဆောင်ရွက်ပေးရမည်။

မည်သည်တို့ဆောင်ရွက်ရမည်ဆိုသည်မှာ အနည်းငယ်ရှုပ်ထွေးပါသည်။ စင်ကာပူတွင်တော့ အဆင့်ဆင့် အတိအကျ ပြဌာန်းထား ပါသည်။ သို့သော် ဤကိစ္စမှာ ဥပဒေပြဌာန်းပြီး တိတိကျကျလုပ်ရမည့်ကိစ္စဖြစ်သလို မြန်မာနိုင်ငံတွင် အသုံးချရန်လည်း မဖြစ်နိုင်သေးသဖြင့် ဤနေရာတွင် ချန်ခဲ့ပါမည်။

၈၊ ၈။ ကွန်ဖိုင်းစပေ့စ် စီမံခန့်ခွဲရေး စီမံချက် (Confined Space Management Programme)

            ကွန်ဖိုင်းစပေ့စ်အကြောင်းရှေ့တွင် အပြည့်အစုံပြောခဲ့ပါပြီ။ ကွန်ဖိုင်းစပေ့စ်ဟူသည် ၀င်ရောက်ရန် သို့မဟုတ် အလုပ်လုပ်ရန် အန္တရာယ်များသောနေရာ တစ်ခုဖြစ်၏။ ထို့ကြောင့် ကွန်ဖိုင်းစပေ့စ်အတွင်း ၀င်ရောက်/အလုပ်လုပ်ရန် ထိရောက်ကောင်းမွန်သည့် အစီအမံ များပြုလုပ်ထားရန်လိုသည်။
            ဤအစီအစဉ်၌ အောက်ပါတို့ပါဝင်သည်။
၁။ ကွန်ဖိုင်းစပေ့စ်ရှိ ဖြစ်နိုင်သော အန္တရာယ်အားလုံးကို ရှာဖွေဖော်ထုတ်ခြင်း
၂။ အလုပ်သမားများအား ကွန်ဖိုင်းစပေ့စ်၏ အန္တရာယ်များကို ရှင်းလင်းပြောပြထားကာ လိုအပ်သည့်အကာအကွယ်များ ပံ့ပိုးပေးရေး
၃။ ရေးဆွဲထားသော အစီအစဉ်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရေး

၈၊ ၉။ အန္တရာယ်ရှိသော ဓာတုပစ္စည်းများ စီမံခန့်ခွဲရေး စီမံချက် (Hazardous Chemical Management Programme)

            ဓာတုပစ္စည်းများသည် လူ၊ တိရိစ္ဆာန်များအတွက်ရော သဘာဝပတ်ဝန်းကျင်အတွက်ပါ အန္တရာယ်ရှိကြောင်းနှင့် မည်ကဲ့သို့ ကိုင်တွယ် ထိန်းသိမ်းရမည်ကို အထက်တွင် ပြောခဲ့ပါပြီ။ ဓာတုပစ္စည်းများအား ကိုင်တွယ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သုံးစွဲခြင်း၊ စွန့်ပစ်ခြင်းအတွက်လည်း စနစ်တကျ အစီအမံများ ရေးဆွဲထားရမည်။
            ဤအစီအစဉ်၌ အောက်ပါတို့ပါဝင်သည်။
၁။ ထိုဓာတုပစ္စည်းနှင့်ပတ်သက်သည့် MSDS၊ တံဆိပ် အပါအ၀င် သတင်းအချက်အလက် အပြည့်အစုံကို ရယူရေး၊
၂။ ထိုပစ္စည်း ကိုင်တွယ်၊ သိုလှောင်၊ သုံးစွဲ၊ စွန့်ပစ်နည်းနှင့်ပတ်သက်၍ သင်တန်းပေးခြင်း၊ အလုပ်သမားများအား ရှင်းလင်းပြောပြခြင်း
၃။ မတော်တဆဖိတ်စဉ်ယိုကျခြင်းနှင့် အရေးပေါ်အခြေအနေများအတွက် ကြိုတင်စီမံချက်များရေးဆွဲခြင်း။ ကြိုတင်ဇာတ်တိုက်ထားခြင်း
၎။ ထိုပစ္စည်းသုံးစွဲခြင်းအတွက် ၀တ်ဆင်ရန်လိုအပ်သော တစ်ကိုယ်ရည်ကာကွယ်ရေး အသုံးအဆောင်များ။
၅။ ထိုပစ္စည်းကြောင့်ဖြစ်နိုင်သည့် ရောဂါဘယများအတွက် ဆေးစစ်ဆေးမှုခံယူရန် အစီအစဉ်ရေးဆွဲခြင်း။

            အန္တရာယ်ရှိသော ဓာတုဗေဒပစ္စည်းများတွင် ဘင်ဇင်း(benzene)၊ တိုလူဝင်း(toluene)၊ ဇိုင်လင်း(xylene)၊ ကက်ဒ်မီယမ် (cadmium) နှင့်၎င်း၏ကွန်ပေါင်း(compound) များ စသည်တို့လည်း အပါအ၀င်ဖြစ်သည်။ ဘင်ဇင်း၊ တိုလူဝင်း နှင့် ဇိုင်လင်းတို့ကို BTX hydrocarbon ဟူ၍ လူသိများသည်။ ထိုပစ္စည်းများမှာ ရေနံဓာတုလုပ်ငန်းတွင် အကြီးအကျယ်သုံးသော ပစ္စည်းများဖြစ်၏။ ထိုသုံးမျိုးအနက် ဘင်ဇင်းမှာ ကင်ဆာဖြစ်စေနိုင်သဖြင့် အထူးဂရုစိုက် ကိုင်တွယ်ရန်လိုသည်။ ထို့ပြင် ဂဟေချောင်း၊ သုတ်ဆေး၊ ဘက်ထရီများတွင်ပါသည့် ကက်ဒ်မီယမ်ကွန်ပေါင်းများသည်လည်း ကင်ဆာဖြစ်စေနိုင်သည်။ ကင်ဆာဟူသည် ဖြစ်မိလျှင် ကုသရန်ဆေးမရှိ။ သေမည့်ရက်ကို လက်ချိုးရေကာ စောင့်နေရသော ရောဂါမျိုးဖြစ်သဖြင့် အထူးတလည် ဂရုစိုက်ရန် လိုပါသည်။
            ထိုဓာတုပစ္စည်းများ၏ လူအတွက်အန္တရာယ်ရှိသော ပမာဏ၊ လူ့ခန္ဓာကိုယ်အတွင်း ၀င်နိုင်သည့်လမ်းများ၊ ရေတို၊ ရေရှည် အဆိပ်သင့်မှု၊ အဆိပ်သင့်သည့်လက္ခဏာ၊ ထိုပစ္စည်းပါဝင်သည့် ပစ္စည်းများနှင့် အလုပ်လုပ်နေရသူများအား ဆေးစစ်ဆေးမည့် အစီအမံ၊ မည်ကဲ့သို့စစ်ရမည်၊ မည်သည့်အရာတို့ကို စစ်ရမည်၊ မည်မျှကြာလျှင် တစ်ကြိမ်စစ်ရမည်၊ အကယ်၍ သွေးထဲတွင် သတ်မှတ်ထားသည့် ပမာဏထက် ပိုမိုပါဝင်နေပါက မည်သည်တို့လုပ်ရမည် စသည်တို့ကို ဥပဒေများဖြင့် ပြဌာန်း သတ်မှတ်ပေးရသည်။
            ဤစာအုပ်မှာ ဆောက်လုပ်ရေးလုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးဖြစ်သဖြင့် အသေးစိတ်အချက်အလက်များကို ချန်ခဲ့ပါမည်။  ရေနံဓာတုလုပ်ငန်း အန္တရာယ်ကင်းရှင်းရေးအကြောင်းရေးသည့်အခါမှ အသေးစိတ်ဖော်ပြပါမည်။

ဆက်ပါဦးမည်။                                            

အေးငြိမ်း
၁၂ နိုဝင်ဘာ၊ ၂၀၁၃၊ ည ၁၁း၁၅ နာရီ

No comments: