Tuesday, June 29, 2010

ကာမေသု မိစ္ဆာစာရာ (၂)

နိဒါန်း

ယမန်နှစ်က သံလွင်အိပ်မက်တွင် “စင်ကာပူနိုင်ငံသား ခံသင့်၊ မခံသင့်” ခေါင်းစဉ်ချပေးပြီး ဆွေးနွေးခိုင်းရာ ပါဝင်ဆွေးနွေးကြသူများ၏ ဘက်ပေါင်းစုံမှ အမြင်များသည် စိတ်ဝင်စားစရာကောင်းသဖြင့် ကျွန်တော် တစိုက်မတ်မတ် ဖတ်ရှုဖြစ်ခဲ့ပါ၏။

ဒုတိယ ဖတ်ဖြစ်လိုက်သော (နောက်တော့လည်း ခေါင်းနောက်လာတာနှင့် ဆက်မဖတ်ဖြစ်တော့) ဆွေးနွေးချက်တစ်ခုမှာ မကြာသေးမီက အင်တာနက်သုံးသူတို့အကြား အလွန်ရေပန်းစားသွားသော မဟုတ်တာသွားမေးသည့် သတင်းထောက်ကောင်မလေးကို ထက်ထက်မိုးဦးက ပါးရိုက်လိုက်သော ဆွေးနွေးချက်များ ဖြစ်ပါ၏။ နောက်တော့လည်း ဆွေးနွေးတာတင်မဟုတ်တော့ သတင်းထောက်ဂိုဏ်းနှင့် ထက်ထက်မိုးဦးဂိုဏ်း နှစ်ဂိုဏ်းကွဲသွားကာ အပြန်အလှန် ပုတ်ခတ်ရေးသားကြသဖြင့် ကျွန်တော် ဆက်မဖတ်ဖြစ်တော့ပါ။ အချိန်ကုန်တာသာ အဖတ်တင်ပါသည်။

တတိယ ယခု “ကာမေသု မိစ္ဆာစာရာ” ခေါင်းစဉ်ဖြင့် post တင်လိုက်ရာ ကိုတိတိမှ အစပြု၍ ၀င်ရောက်ဆွေးနွေး လာသူများ၏ မှတ်ချက်များကို ပုံမှန်ဖတ်ဖြစ်ပါသည်။ မိမိအမြင်ဖြင့် ဆွေးနွေးချက်များမှာ စိတ်ဝင်စားစရာ ကောင်းပါ၏။ ပုဂ္ဂိုလ်ရေးပုတ်ခတ်မှုမပါဘဲ လွတ်လွတ်လပ်လပ် မိမိအမြင်ကိုတင်ပြခွင့် လူတိုင်းမှာ ရှိပါသည်။

ယခုတလော အရေးတကြီးလုပ်စရာအလုပ်များ ပေါ်လာသဖြင့် ကျွန်တော့်မှာ မအားလပ်နိုင်အောင် ရှိပါသည်။ သည်ကြားထဲ သင်တန်းတစ်ခုလည်း သွားတက်နေသည်ဖြစ်ရာ အချို့ရက်များမှာ ည ၁၀ နာရီခွဲကျော်လောက်မှ ပြန်ရောက်ပါသည်။ ယခုမူ ဆွေးနွေးချက်များကိုဖတ်ရင်း ရင်ထဲ၌ ကျလိကျလိ ဖြစ်လာ၍ အိပ်ချိန်ကိုလျှော့ချကာ ဤပို့စ်ကို ရေးပါသတည်း။

သည်းခံခွင့်လွှတ် နားဆင်ကြပါခင်ဗျား။

(၁)

စက္ခုရူပေန သံဝါသာ၊ ရာဂပုတ္တံ ၀ိဇာယတိ။ စက္ခုတည်းဟူသော မျက်စိအကြည်ဓါတ်သည်၊ ရူပါရုံတည်း ဟူသော အဆင်းနှင့် သံဝါသ - ပေါင်းဖော်လိုက်သောအခါ၊ ရာဂမည်သော ပုတ္တံ - သားကို၊ ၀ိဇာယတိ - မွေးစေသတည်း။ ဤသည်မှာ မြတ်စွာဘုရားဟောကြားသော တရားတော်ဖြစ်ပါ၏။

အရှင်ဘုရား၊ တပည့်တော်တို့ မာတုဂါမ (မိန်းမ) များနှင့် ဆက်ဆံလျှင် မည်သို့ဆက်ဆံရပါမည်လဲ ဟု အခါတစ်ပါးတွင် ညီတော်အာနန္ဒာက မြတ်စွာဘုရားကို လျှောက်၏။
မြတ်စွာဘုရား - အာနန္ဒာ၊ သူတို့နှင့် မဆက်ဆံနဲ့။
အာနန္ဒာ - အရှင်ဘုရား၊ မဆက်ဆံလို့ မဖြစ်၊ ဆက်ဆံရတော့မည် ဆိုလျှင်ကော။
မြတ်စွာဘုရား - အာနန္ဒာ၊ သူတို့ကို မကြည့်နဲ့။
အာနန္ဒာ - အရှင်ဘုရား၊ မကြည့်မဖြစ်၊ ကြည့်ရတော့မည် ဆိုလျှင်ကော။
မြတ်စွာဘုရား - အာနန္ဒာ၊ သူတို့နဲ့ စကားမပြောနဲ့။
အာနန္ဒာ - အရှင်ဘုရား၊ စကားမပြောလို့မဖြစ်၊ ပြောရတော့မည် ဆိုလျှင်ကော။
မြတ်စွာဘုရား - အာနန္ဒာ၊ မာတုဂါမများနှင့် မဆက်ဆံလို့မဖြစ် ဆက်ဆံရတော့မည်ဆိုလျှင် သူတို့ကို ကိုယ့် အမေအရင်း၊ နှမအရင်းကလေးများကဲ့သို့ သဘောထားပြီး ဆက်ဆံပါလေ။

ဤသည်မှာ မြတ်စွာဘုရားက ရဟန်းတော်များအား အမျိုးသမီးများနှင့်ဆက်ဆံရာတွင် ထားရှိရမည့် သဘောထားကို ညွှန်ပြထားခဲ့ခြင်း ဖြစ်ပါသည်။ ရဟန်းတော်များသာမက ကျွန်တော်တို့ ယောက်ျားဘသား များပါ ထားရှိရမည့် သဘောထားလည်း ဖြစ်ပါသည်။ မိမိ၏ အမေ၊ နှစ်မများကိုသာမက၊ အခြား မိမိ၏ ဇနီးမဟုတ်သော အမျိုးသမီးများကို ဆက်ဆံလျှင် ဤကဲ့သို့ ဆက်ဆံရန် ဖြစ်ပါ၏။

ကျွန်တော်၏ ပထမပို့စ်တွင် “ကျွန်တော်ကတော့ ထိုမုဒိန်းမှုများဖြစ်ရခြင်းမှာ ယခုခေတ် မိန်းကလေးများ၏ မလုံမလဲ ၀တ်စားဆင်ယင်မှုများသည် အဓိကတရားခံဖြစ်သည် ဟု မြင်ပါသည်။” ဟု ကျွန်တော့်အမြင်ကို တင်ပြခဲ့ပါသည်။ ကျွန်တော်တစ်ဦးတစ်ယောက်ထဲ၏ အမြင်ဖြစ်သဖြင့် မှန်/မမှန် မပြောလိုပါ။ မိမိဘာသာ လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်။ သို့သော် ဆွေးနွေးကြသော အချက်တွင် ဤအချက်သည် အဓိက ဖြစ်သွား၏။ “အ၀တ်အစားကို မလုံမခြုံဝတ်ခြင်းသည် မုဒိန်းမှုကို အားပေးရာရောက်သည်” ဟူသော ခေါင်းစဉ်အောက်တွင် စကားစစ်ထိုးနေကြခြင်း ဖြစ်ပါ၏။ ဆက်လက်၍ ဆွေးနွေးကြပါကုန်။

သို့သော် ဖြစ်စဉ်တစ်ခု၏နောက်တွင် အကြောင်းအပေါင်းများစွာတို့ ရှိနေသည်ဖြစ်ရာ အနှီ မုဒိန်းကျင့်ခံရ သော ကိစ္စများတွင်လည်း အကြောင်းများစွာရှိပါသည်။ ဆွေးနွေးချက်များတွင် ထိုအကြောင်းများ ပါသွားပြီး ဖြစ်ပါသည်။ ကျွန်တော်က အားလုံးကို ခြုံငုံသုံးသပ်လိုက်ခြင်း ဖြစ်ပါ၏။

၁၉၁၄ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် သြစတီးယားအိမ်ရှေ့မင်းသား ဖရန်စစ်ဖာဒီနန် လုပ်ကြံခံလိုက်ရသဖြင့် ပထမကမ္ဘာစစ်ကြီး ဖြစ်သွားခဲ့ရသည်။ သို့သော် ထိုမင်းသားအသတ်ခံရသည့် ကိစ္စသည် ပထမကမ္ဘာစစ် ဖြစ်ရခြင်း အကြောင်းရင်းမဟုတ်။ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော် အသတ်ခံလိုက်ရသဖြင့် ၈လေးလုံး အရေးတော်ပုံကြီး ပေါ်ပေါက်ကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပြုတ်ကျလျှက် မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ဖြစ်ခဲ့ရသည်။ သို့သော် ဤကဲ့သို့ အာဏာရှင် ဦးနေ၀င်းကို ဖြုတ်ချလိုက်နိုင်ခြင်းမှာ မောင်ဖုန်းမော်ကြောင့်မဟုတ်။ ထိုအကြောင်းများမှာ ပေါက်ကွဲလုနီးနီးဖြစ်နေသော ဗုံးတစ်လုံးကို ရှို့လိုက်သော စံနက်တံကလေး တစ်ချောင်းမျှသာ ဖြစ်ချေသည်။

(၂)

ပါပသ္မိံ ရမတိ မနော ဟူ၏။ စိတ်သည် မကောင်းမှု၌သာ မွေ့လျော်လေ့ရှိသည်။ ထို့အတူ ဆိတ်ငြိမ်မှုသည် မကောင်းမှုပြုလုပ်ရန် အားပေးသည်။ မြန်မာစကားပုံတွင် စိတ်ဆင်ရိုင်းကို ချွန်းကဲ့သို့အုပ် ဟုလည်း ရှိပါသည်။

မိတ်ဆွေတို့ မုဒုလက္ခဏ ဇာတ်တော်ကို ဖတ်ဖူးကြပါလိမ့်မည်။ ဇာတ်တော်ပါ ရသေ့ကြီးသည် ဟိမ၀န္တာ တောအတွင်း သီတင်းသုံးပြီး တရားကျင့်လျှက် ဈာန်ရနေသော ရသေ့ကြီးတစ်ပါး ဖြစ်ပါသည်။ နေ့စဉ် ဘုရင့်နန်းတော်သို့ ကောင်းကင်ခရီးဖြင့် ဆွမ်းခံဝင်လေ့ရှိသည်။ တစ်နေ့သောအခါ ဆွမ်းအလို့ငှာ နန်းတော်သို့ ကောင်းကင်ခရီးဖြင့် ကြွလာစဉ် လေသာပြတင်းပေါက်အနီး သလွန်ပေါ်တွင် လျောင်းနေသော မိဖုရားကြီးက ရသေ့ကြီး၏ သင်္ကန်းသံကိုကြားလိုက်သဖြင့် ရုတ်တရက်ထလိုက်ရာ ရင်လွှာလျှောကျသွားသည် ဆို၏။ ဤသည်ကို အမှတ်တမဲ့မြင်လိုက်သည့် ရသေ့ကြီးသည် ရထားသော ဈာန်တို့ပျောက်ကွယ်ကာ မိဖုရားကြီးကို မရလျှင် မနေနိုင်၊ အစွဲလမ်းကြီးစွဲလမ်းသွားခဲ့ပါသည်။

ဒေ၀ကိမိလရသေ့သည် အမ္ဗုသိကာနတ်သမီး၏ ရင်ခွင်တွင် နတ်စည်းစိမ်အတွေ့နှင့် ခြောက်လတာ မေ့မျော နေခဲ့သည် ဆို၏။ ဥမ္မာဒန္တီ၏ အလှတွင် အရူးအမူးဖြစ်သွားသော သိဝိဘုရင်ကြီးကို ကြည့်ပါ။

ရိုးရိုးသားသားမပြောဘဲ အဘယ်ကြောင့် ဇာတ်တော်များကို ရည်ညွှန်းရပါနည်း ဆိုလျှင် ကျွန်တော်တို့လို သာမန် ဘာကမှမဟုတ်သည့် ပုထုဇဉ်လူသားများကို မဆိုထားဘိ။ ပါရမီဆယ်ပါးကို ဖြည့်ကျင့်နေသော ဘုရားအလောင်းတော်များတောင်မှ ကာမဂုဏ်နှင့်ပတ်သက်လာလျှင် အလွန်ထိလွယ်ခိုက်လွယ်၊ မှားလွယ် တတ်သည်ကို ဆိုလိုခြင်းဖြစ်ပါသည်။

သမိုင်းတွင် အလွန်ထင်ရှားလှသော ဆရာတော်ကြီး (ကျွန်တော်၏ အလွန်နုံချာလှသော မှတ်ဉာဏ်ကြောင့် ဘွဲ့တော်ကို မမှတ်မိခြင်းအား ခွင့်လွှတ်ကြပါကုန်) အကြောင်း ကြားဖူးကြပါလိမ့်မည်။ သူ၏ သီလဂုဏ်ကြောင့် ဓါးမကူးဆရာတော်ဟု လူသိများပါသည်။ ကျွန်တော့်အထင် တောင်ဖီလာ ဆရာတော်ဖြစ်မည် ထင်ပါသည်။ ကောင်းကောင်းမမှတ်မိတော့ပါ။

တစ်နေ့သ၌ အင်းဝဘုရင်က ဆရာတော်ကြီး၏ သီလကို စမ်းသပ်လိုသဖြင့် နန်းတွင်းသူတစ်ယောက်ကို ဆရာတော်ကြီး၏ ကျောင်းသို့ ညအချိန်သွားရန် စေလွှတ်လိုက်ပါသည်။ ဆရာတော်ကြီးမှာ တောင်ဖီလာ အရပ်တွင် တစ်ပါးတည်းသီတင်းသုံးလျှက် ရှိ၏။ ဘုရင်လွှတ်လိုက်သော အမျိုးသမီးက ကပိုကယို ၀တ်စား လျှက် ကိုယ်ကို ရေများစိုစေကာ ဆရာတော်ကြီးကျောင်းသို့ ညအချိန်မတော် ရောက်လာပါသည်။ ရောက်လျှင် ဆရာတော်ကြီးအား ဒုက္ခရောက်လာသဖြင့် သည်ည ကျောင်းတွင်တည်းပါရစေ ဟု လျှောက်ထားပါသည်။ ဆရာတော်ကြီးက ရဟန်းတော်များနှင့် မာတုဂါမများ တစ်မိုးအောက်တွင် အတူမအိပ် ကောင်းကြောင်း ပြောသော်လည်း အမျိုးသမီးမှာ ကုတ်နှင့်ကော်ထုတ်တောင် ရမှာမဟုတ်သည့်အတွက် ကျောင်းတွင် အိပ်ခွင့်ပြုလိုက်ရသည်။

ဆရာတော်ကြီးက ကပိုကယိုဝတ်စားကာ ရေများစိုလာသည့် မိန်းမပျိုကြောင့် မိမိစိတ်များဖောက်ပြန်မည်ကို စိုးရိမ်တော်မူသဖြင့် သင်တုန်းဒါးဖြင့် ခြေသလုံးကိုလှီးကာ တစ်ညလုံး ဝေဒနာနုပဿနာ ရှုနေပါသည်။

မိုးလင်းသောအခါ မဟုတ်တာကိုမှ ရွေးကြံတတ်သည် ဘုရင်သည် ကျောင်းသို့နောက်လိုက်နောက်ပါများနှင့် ရောက်လာသည်။ ဆရာတော်ကြီးက သူ့သီလမြဲကြောင်းကို သည်ဒါးသက်သေရှိသည်ဟု ဒါးကို ကန်ထဲတွင် ပစ်ချပြလိုက်ရာ ဒါးသည် အသက်ရှိသော ငါးများကဲ့သို့ ရေတွင်ကူးပြပြီး ဆရာတော်ကြီး၏ သီလကို ထောက်ခံခဲ့ရာ ဒါးမကူးကန်ဟု ယခုတိုင်ရှိသေးသည်။

အင်းဝခေတ်စာဆိုအကျော် ရှင်မဟာသီလ၀ံသ ကလည်း မိခင်နှင့်သား၊ ဖခင်နှင့်သမီး၊ မောင်နှင့်နှမ တို့ အတူမအိပ်သင့်ကြောင်း ဆုံးမစာ ထားရစ်ခဲ့ပါသည်။

(၃)

မည်သည့်အရာမဆို အကြောင်းတရားများပေါင်းဆုံမှ ဖြစ်နိုင်သည်ဖြစ်ရာ အထက်ပါ မုဒိန်းမှုများကို သုံးသပ် ကြည့်လျှင် အောက်ပါတို့ ပါဝင်နိုင်ပါသည်။
၁။ ပတ်ဝန်းကျင်တွင် မည်သူမျှမရှိချိန်၊ ဆိတ်ငြိမ်ရာအခန်းတွင်း သမီးနှင့်အဖေ၊ နှမနှင့်မောင် စသည်တို့ အတူနေကြခြင်းသည်လည်း တစ်ကြောင်း။
၂။ မိုးလင်းက မိုးချုပ် အလုပ်၊ အလုပ် ဖြစ်နေသဖြင့် မိဘနှင့် သားသမီးတို့အကြား နွေးထွေးကြင်နာသော ဆက်ဆံမှု လျော့နည်းနေခြင်းလည်း တစ်ကြောင်း။ (ကျွန်တော်နှင့် အလွန်ရင်းနှီးသော သူငယ်ချင်းတစ်ဦး ၏ အမျိုးသမီး အလုပ်လုပ်ခဲ့သော အိမ်တွင် ကလေးနှစ်ယောက်ရှိရာ ထိုကလေးများသည် ကြပ်တည်းစွာ အုပ်ချုပ်သော သူ့တို့အမေကို မချစ်၊ သူငယ်ချင်း၏ အမျိုးသမီးကိုသာ ချစ်လျှက် အမေနှင့်အိပ်ရမည်ကို ကျားမြီးဆွဲရမည်ကဲ့သို့ ကြောက်ရွံ့ကာ အနှီမိန်းကလေးကိုသာ တန်းတန်းစွဲဖြစ်ခဲ့သည်ကို ကိုယ်တွေ့။)
၃။ ဆိတ်ငြိမ်မှုသည် မကောင်းမှုကို အားပေးသည်က တစ်ကြောင်း။
၎။ မတော်တလျော် ၀တ်ဆင်ထားသော မိန်းကလေးသည် ယောက်ျား (ဖခင်ဖြစ်စေ၊ မောင်ဖြစ်စေ၊ ပထွေးဖြစ်စေ၊ ဦးလေးဖြစ်စေ၊ တစိမ်းဖြစ်စေ) တို့ကို မြှူဆွယ်နေဘိသကဲ့သို့ ဖြစ်နေသည်က တကြောင်း။
၅။ နဂိုကတည်းက ပညာအခြေခံနည်းသဖြင့်၊ ပညာပင်တတ်သော်လည်း ဆင်ခြင်တုံတရား နည်းသဖြင့်၊ ဆင်ခြင်တုံတရားပင် ရှိသော်လည်း စိတ်မထိန်းနိုင်သဖြင့် တကြောင်း။

ကျွန်တော်တို့ယောက်ျားများ ရာဂစိတ်များသည် မပြောပါနှင့်။ ဘုရား၊ ရဟန္တာ မဖြစ်သေးသရွေ့ ကာလပတ်လုံး၊ တစ်နည်းဆိုရသော် အာသဝေါတရား လေးပါးတို့ မကုန်ခမ်းသရွေ့ကာလပတ်လုံး။ အနာဂမ် ပင်လျှင်သော်မှ အနုသယ ကိလေသာတို့ ရှိသေးသည်။ ကျောင်းအမကြီး ၀ိသာခါကား သောတာပန် ဖြစ်၏။ သို့သော် မြေးတစ်ရာဆိုလား၊ များတော့ အတော်များသည်။ ပျော်လို့ပါးလို့ကောင်းတုံး ရှိသေးသည်။

ယောက်ျားလည်းဖြစ်၏။ ရဟန္တာလည်းမဟုတ်။ အခြောက်လည်း မဟုတ်။ (အဲလေ သေသေချာချာတော့ မပြောတတ်ဘူး။ အခြောက်တွေလည်း ပါချင်ပါမှာပေါ့။) - မဟုတ်ပါက ဖော်လှစ်ထားသော မိန်းကလေး ကိုမြင်လျှက် ဘာစိတ်မှမဖြစ်ပါဟုဆိုသူသည် တစ်ခုခုမှားယွင်းနေသူ ဖြစ်ရမည်။ ကျွန်တော်တို့လို ဗလချီးနမ်းလူသားများကို မပြောပါနှင့်။ တရားကျင့်ကာ ဈာန်ရနေသော ရသေ့ကြီးပင် မိဖုရားကြီး ကိုယ်ရုံလျှောကျသည်ကို လှစ်ကနဲမြင်ခါမျှနှင့် ဈာန်လျှောကျပေသေးသည်။ (အဲလေ - ဆရာတော် သမားတော်ကြီးများ၊ သူတော်ကောင်းကြီးများ။ အင်း၊ အပုပ်ကောင်ကြီးကို အ၀တ်လွှမ်းပေးထားတာ ပါကလား၊ သြော် - အရိုးစု ကြီးကို အလှဆင်ထားလိုက်ကြတာ ဟု အရာရာကို တရားသဘောနှင့်သာ အမြဲ ရှုမြင်သူများ မပါပါ။ - ဒါလေးလည်း ထည့်ရေးမှ၊ တော်ကြာ အသားလွတ်ဆော်ခံထိနေမယ်။)






အထက်ပါ ပုံသုံးပုံကို ယှဉ်ကြည့်ပါ။ မိတ်ဆွေ အမျိုးသားတို့စိတ်ထဲ ဘယ်ပုံက ဘာကိုဖြစ်စေလဲဆိုတာ (မညာပါနှင့်) အမှန်အတိုင်းပြောကြည့်စမ်းပါ။ အားလုံးမြန်မာအမျိုးသမီးကလေးများ ဖြစ်ပါသည်။ (လက်ထဲတွင်ရှိသည့် ကျွန်တော့်တူမများ၏ ဓါတ်ပုံကို သူတို့မသိပဲ သုံးတာ မတရားပါ။ သို့သော် အခြားပုံလည်းမရှိသည်နှင့် အလွယ်တင်လိုက်ခြင်း ဖြစ်ပါသည်။)

သည့်အတွက် သည်လိုအမှုမျိုးများ လျော့နည်း ပပျောက်စေရန် အမျိုးသားများရော၊ အမျိုးသမီးများမှာပါ တာဝန်ရှိပါသည်။ နည်းလမ်းများအနက် အချို့မှာ အထက်တွင် ကျွန်တော်တင်ပြခဲ့သော မုဒိန်းမှု ဖြစ်နိုင်ခြေ အချက်များကို ပြောင်းပြန်လှန်လိုက်လျှင် ကိစ္စပြီးပါ၏။

၁။ ပတ်ဝန်းကျင်တွင် မည်သူမျှမရှိချိန်၊ ဆိတ်ငြိမ်ရာအခန်းတွင်း သမီးနှင့်အဖေ၊ နှမနှင့်မောင် စသည်တို့ အတူမနေကြပါနှင့်။
၂။ မိဘနှင့် သားသမီး၊ ညီအစ်ကို၊ မောင်နှမတို့အကြား နွေးထွေးကြင်နာသောဆက်ဆံမှု ရှိပါစေ။
၃။ ဆိတ်ငြိမ်မှုနှင့်ကြုံရလျှင် (တရားစာ သို့မဟုတ် ကောင်းသော) စာများဖတ်နေပါ။ တရားနာပါ။
၎။ မိန်းကလေးများ အထူးပြောစရာမလို။ မြန်မာလိုဝတ်လျှင် ပြီးပါ၏။ (အို၊ ကိုယ့်ဘာသာကိုယ် ကြိုက်သလို ၀တ်မှာပေါ့ ဆိုလျှင် ၀တ်ပါ။ ဖြစ်လာတော့မှ အမယ်လေး၊ ဘလေး မတပါနှင့်။ သဟာမျိုးဆိုတာ ပိုက်ဆံပေးပြီး ပြင်လို့ရစကောင်းသော အရာမဟုတ်။ မိုးပေါ်က ဘိုးသိကြားတောင် မတတ်နိုင်။)
၅။ ယောက်ျားဘသား (မိန်းမဘသမီးများလည်း အပါအ၀င်) စိတ်ဆင်ရိုင်းကို ချွန်းဖြင့် အုပ်ပါ။

အခြားအချက်များ ရှိနိုင်ပါသေးသည်။ ထပ်ဖြည့်ကြပါ ခင်ဗျား။

အေးငြိမ်း
၅-၆-၂၀၁၀

2 comments:

Kierra said...

အရိယာလေးပါးအထဲ၌ အနာဂါမ်ပုဂ္ဂိုလ်နဲ့ ရဟန္တာပုဂ္ဂိုလ် နှစ်ဦးစလုံးဝယ် ကာမရာဂစိတ် မရှိတော့ကြောင်းကို ယမိုက်ကျမ်း၏ အနုသယယမိုက်၊ သဂြိုင်္ဟ်ကျမ်း၏ ကမ္မဋ္ဌာန်းပိုင်း၊ ဋီကာကျော်ကျမ်း စသည်တို့ ကို လေ့လာခြင်းဖြင့် သိနိုင်ပါကြောင်း စေတနာထား အသိပေးအပ်ပါသည်။

Anonymous said...

တော်တော်လေးကိုကောင်းပါသည် စဉ်းစားသင့်သောအချက်များဟုခံစာမိပါသည် အခုလို လူလိုကျင့်သင့်သောစာစုများကို များများဖတ်လိုပါသည်