(၁) အင်ဂျင်နီယာကျောင်းသားတစ်ဦး၏ ခရီးအစ
ကျွန်တော်က ရခိုင်ရိုးမတောင်ခြေရှိ ရွာလေးက ဖြစ်လေတော့ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် အင်ဂျင်နီယာဆိုတာ မရှိ။ ကြားတောင် မကြားစဖူး။ သို့အတွက် ကျွန်တော်ငယ်စဉ်က အင်ဂျင်နီယာကြီးဖြစ်ရမည် ဟူသည့် ရည်မှန်းချက်သည် မရှိခဲ့။ အဲလေ အင်ဂျင်နီယာမှ မဟုတ်ပါ။ ကျွန်တော်ငယ်စဉ်က ငါ ကြီးလာရင် ဘာကောင်ကြီးဖြစ်ရမယ်ဟူသော ရည်ရွယ်ချက်ဟူ၍ နှမ်းစေ့မျှ မရှိခဲ့။ ရှိရစကောင်းမှန်းလည်း မသိခဲ့။
‘လူရည်ချွန်ဖြစ်ဘို့ ကျွန်တော်ကြိုးစားမည်၊ ဆရာဝန်ဖြစ်ဘို့ ကျွန်တော်ကြိုးစားမည် . . .” ဆိုသည့်သီချင်းကို အတော် ကြီးလာမှ ကြားဖူးတာဖြစ်၏။ ကြားသာကြားဖူးသည်၊ ဘာကိုဆိုလိုတာမှန်းတောင် သိတာမဟုတ်။ ကျွန်တော်က ဤသို့ ဆိုသည်ကို လွန်သည်ဟု အသင်တို့မထင်ပါနှင့်။ အဲသဟာ ကျွန်တော့် တကယ့်လက်ရှိဘဝ ဖြစ်၏။
သို့သော် ၉ တန်း၊ ၁၀ တန်းကို လေးမျက်နှာတွင် တက်ရသည့်အခါ အင်ဂျင်နီယာအကြောင်း သိုးသိုးသဲ့သဲ့ ကြားလာရ၏။ GTI, RIT ဆိုသည့်စကားလုံးများနှင့် ရင်းနှီးခဲ့ရ၏။ သို့တိုင် GTI ကအပေါ်ကလား။ RIT က အပေါ်ကလား။ GTI အောင်လျင် ဘာဖြစ် မည်။ RIT အောင်လျင် ဘာအလုပ်ရမည်။ GTI က ကောင်းသလား။ RIT က ကောင်းသလား။ ဘာတွေမှန်း သေသေချာချာ ရေရေရာရာ မသိခဲ့။
ကျွန်တော်တို့ ၉ တန်းစတက်တော့ စနစ်သစ်ပညာရေးနှင့် တိုး၏။ သို့တိုင် ကမ္ဘာ့နိုင်ငံများအနက် စနစ်အသစ်နိုင်ဆုံးတိုင်းပြည် ဟူသော ဆုကို ပထမချိတ်ထားသည့် မြန်မာပြည်ကား ၄ - ၅ နှစ်ကြာတိုင်းတစ်ခါ ပညာရေးကို အမြဲ စနစ်သစ်နေလေရာ မည်သည်က စနစ်သစ်၊ မည်သည်က စနစ်ဟောင်းဟု ပြတ်ပြတ်သားသား ပြောဘို့ရာ ခဲယဉ်းပါသည်။ သူတို့က သတ်မှတ် လိုက်သည့် စနစ်သစ်ဆိုသည်မှာ ၄ - ၅ နှစ်လောက်ကြာလျှင် စနစ်ဟောင်း ဖြစ်သွားပြီး နောက် စနစ်သစ်တစ်ခု ထပ်ပေါ် လာ၏။ အနှီ နောက်ပေါ်စနစ်သစ်မှာလည်း နောက်ထပ် ၄ - ၅ နှစ်လောက်ကြာလျှင် စနစ်ဟောင်း ဖြစ်သွားပြန်လေ၏။ သင်္ခါရ၏ အမြဲမရှိသော သဘောတရားကို မြန်မာပြည်၏ ပညာရေးစနစ်တွင် ပြတ်ပြတ်သားသား တွေ့မြင်နိုင်၏။
ကျွန်တော်တို့မတိုင်မီက ၉ တန်း၊ ၁၀ တန်းတွင် ဝိဇ္ဇာနှင့် သိပ္ပံဟု ဘာသာတွဲနှစ်ခု ခွဲထား၏။ ကျွန်တော်တို့နှစ်တွင် ဝိဇ္ဇာ၊ သိပ္ပံဘာသာအားလုံးပေါင်းလိုက်ပြီး ပထဝီနှင့်ဘောဂဗေဒက ဘာသာရပ်တစ်ခု၊ ဓာတုနှင့် ရူပက ဘာသာရပ်တစ်ခု ဖြစ်သွား၏။ ထို့ကြောင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ/ဘောဂ၊ ဓာတု/ရူပ၊ သမိုင်းဟု ၆ ဘာသာဖြေရ၏။ ကျွန်တော်က ဆယ်တန်းတွင် ဓာတု/ရူပ ဂုဏ်ထူးထွက်၏။
ထို့ပြင် ပညာရေးနှစ်မှာ မြန်မာနှစ်လည်းမဟုတ်၊ အင်္ဂလိပ်နှစ်လည်းမဟုတ်။ ပထမနှစ်၏ ဇွန်လတွင် ကျောင်းဖွင့်ပြီး ဒုတိယနှစ်၏ ဖေဖော်ဝါရီ/မတ်လတွင် စာမေးပွဲစစ်၏။ ဆိုတော့ နှစ် နှစ်ခုကို ခွထားတာဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့ ၉ တန်းတက်သောနှစ်မှာ ၁၉၇၇/၇၈ ခုနှစ် ဖြစ်ပြီး ဆယ်တန်းတက်သည့်နှစ်မှာ ၁၉၇၈/၇၉ ဖြစ်၏။ ကျွန်တော်တို့ ၉ တန်း စတက်သည့်နှစ်တွင်ပင် ဒေသကောလိပ်စနစ် စတင်ခဲ့ရာ ကျွန်တော်တို့မှာ ဆယ်တန်းအောင်ပြီး တက္ကသိုလ် တန်းမတက်ရဘဲ ဒေသကောလိပ်သို့ သွားခဲ့ရ၏။ ၁၉၇၇ ခုနှစ်တွင် စတင်ခဲ့သော ဒေသကောလိပ်စနစ်ကို ၁၉၈၁ ခုနှစ်၌ ဖျက်သိမ်းခဲ့ပြန်၏။ ခုနှစ်များကို ရေလို့ လက်တစ်ဖက်ပင် မပြည့်လိုက်။
ဒေသကောလိပ်တွင် ဘာသာတွဲလေးခု ခွဲထား၏။ ဝိဇ္ဇာ (ရိုးရိုး)၊ ဝိဇ္ဇာ (သင်္ချာ)၊ သိပ္ပံ (ဇီဝ)၊ သိပ္ပံ (သင်္ချာ) ဖြစ်၏။ ဆယ်တန်းစာမေးပွဲဖြေပြီးတော့ ဒေသကောလိပ်လျှောက်ရန် ရွေးချယ်ကြရ၏။ ဒေသကောလိပ် တက်မည့်သူများထံ ဒေသကောလိပ်ဝင်ခွင့်လမ်းညွှန် စာအုပ်များ ပို့ပေး၏။ ကျွန်တော့်မှာ ထိုလမ်းညွှန်စာအုပ်ကြီးဖတ်ပြီး ဘယ်ဘာသာတွဲကို ရွေးလို့ ရွေးရမှန်းမသိ။
ဝိဇ္ဇာတွဲမဟုတ်တာတော့ သေချာပါသည်။ သို့ဆိုလျှင် သိပ္ပံတွဲနှစ်ခုအနက် ဘယ်ဟာကို ရွေးမည်နည်း။ ကိုယ့်ကိုယ်ကိုယ် ဘယ်ဟာကို အားသန်မှန်းမသိ။ ကိုယ်ဘာဖြစ်ချင်တယ် ဆိုတာလည်း မသိ။ ဘာသာတွဲအရွေးမှားလျှင် ဒုက္ခများမည် ဆိုတာလောက်တော့ ရိပ်မိ၏။
အကယ်၍ သိပ္ပံ (ဇီဝ) တွဲကို ရွေးလျင် ဆေးတက္ကသိုလ်၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဆေးတက္ကသိုလ်၊ စိုက်ပျိုးရေးတက္ကသိုလ်တို့ကို တက်နိုင်၏။ သိပ္ပံ (သင်္ချာ) တွဲကို ရွေးလျင် စက်မှုတက္ကသိုလ်၊ စီးပွားရေး တက္ကသိုလ် စသည်တို့ကို ရွေးနိုင်၏။
ကျွန်တော်တို့အိမ်ခေါင်းရင်းမှ ကိုအောင်ကျော်ဦးက ကျွန်တော့်ကို ဘယ်ဘာတွဲရွေးလျင် ကောင်းမည် ဆိုသည်ကို ရှင်းပြ၏။ သူ့ညီ ကိုဇော်နိုင်က ကျွန်တော့်ထက် တစ်နှစ်ကြီး၏။ ယခုအချိန်တွင် ဒေသကောလိပ် ဒုတိယနှစ် တက်နေတာ ထင်ပါသည်။
“မင်း တကယ်လို့ သင်္ချာယူတယ်ဆိုပါစို့။ RIT မရရင် စီးပွားရေးရောက်သွားရော။ မင်းဘာလုပ်စားမလဲ။ တကယ်လို့ Bio တွဲယူလိုက်ရင် ဆေးမရရင်တောင်မှ အနည်းဆုံး သွားဆေးတက္ကသိုလ် တက်နိုင်သေးတယ်။”
ကျွန်တော်က သင်္ချာကိုစိတ်ဝင်စားသူဖြစ်သဖြင့် သင်္ချာကို လျှောက်ပြီးမှ ကိုအောင်ကျော်ဦးစကား နားယောင်ကာ ဇီဝကို ပြန်ပြောင်းလိုက်၏။ သို့နှင့် သိပ္ပံ (ဇီဝ) ဘာသာတွဲရကာ ဟင်္သာတဒေသကောလိပ်တွင် ကျောင်းသွားတက်၏။
(၂) ဒေသကောလိပ် ကျောင်းသားဘဝ
ဧရာဝတီတိုင်းတွင် ဒေသကောလိပ်နှစ်ခုရှိရာ ပုသိမ်တွင် အမှတ် (၁) နှင့် ဟင်္သာတတွင် အမှတ် (၂) ဖြစ်၏။ ဟင်္သာတ ဒေသကောလိပ်က ယခင် ကရင်ကျောင်းကြီးကို ဒေသကောလိပ်လုပ်ထားတာ ဖြစ်ပြီး နယ်မှ ကျောင်းသားများအတွက် အဆောင် စီစဉ်ပေးမထား။ နယ်မှကျောင်းသားများမှာ ကိုယ့်အစီအစဉ်နှင့်ကိုယ် နေကြရ၏။ ကျွန်တော်က တောမှဖြစ်၍ ဟင်္သာတ၌ အသိအကျွမ်း ဆွေမျိုးမိတ်သင်္ဂဟမရှိ။ ထို့ကြောင့် နေစရာရှာရ၏။
ကံအားလျော်စွာ ဟင်္သာတမြို့၊ မိုးကောင်းကျောင်းတိုက်တွင် ကျွန်တော်တို့ရွာမှ ဦးပဉ္ဇင်း ဦးကုဏ္ဍလ ပဌမငယ်တန်း တက်နေ၏။ ကျွန်တော် မိုးကောင်းကျောင်းတိုက်တွင်နေရရေး ဦးဇင်း ဦးကုဏ္ဍလကို အပူကပ်ရ၏။ ဦးဇင်းက ကျွန်တော် ကျောင်းနေရေး အခက်အခဲများကို တင်ပြလျက် မိုးကောင်းကျောင်းတွင် လက်ခံပါမည့်အကြောင်း ဆရာတော်ကို လျှောက်၏။ ဆရာတော်က ‘ဘုန်းကြီးတို့ကျောင်းက ကျောင်းသားလက်မခံဘူးကွဲ့၊ ဒါပေမယ့် ဒုက္ခရောက်နေတဲ့ မောင်အေးငြိမ်းကိုတော့ လက်ခံလိုက်ပါမယ်၊ တခြားသူတွေတော့ လက်မခံနိုင်ဘူး’။ ကျွန်တော့်မှာလည်း ထိုအခါကျမှ နေရေးပြဿနာကြီးအတွက် သက်မ,ချနိုင်တော့၏။
ကျွန်တော်က မေဃဝတီကျောင်းတိုက်တွင် ဦးဇင်းများနှင့် အတူနေရ၏။ ဦးဇင်းစုစုပေါင်း ၁၀ ပါးခန့်ရှိပြီး တိုက်အုပ် ဆရာတော်မှာ ဦးပညိန္ဒ ဖြစ်၏။ ဦးဇင်းများနှင့်နေရတာ အဆင်ပြေပါသည်။ သူတို့က စာလိုက်သံဃာတော်များ ဖြစ်သဖြင့် စာတက်၊ စာကျက်လုပ်ကြသလို ကျွန်တော်ကလည်း ကျောင်းသားဖြစ်သဖြင့် ကျောင်းသွား၊ စာကျက်။ သဘာဝချင်း တူသဖြင့် အဆင်ပြေလှ၏။
နေ့လယ်စာကို ဦးဇင်းများက သူတို့ခံရသော ဆွမ်းဟင်းများမှ ကျွန်တော့်အတွက် ချန်ထားပေး၏။ ညနေစာကိုမူ ဦးဇင်း တစ်ပါးပါးက ချန်ထားပေးလျှင် စား၏။ ဆွမ်းကျန်ကွမ်းကျန်မရှိလျှင် မစား။ သူတို့လိုပင် နေလိုက်သည်သာ ဖြစ်၏။ ကျွန်တော့်အတွက် ပြဿနာမရှိပါ။ ဆွမ်းခံစားနေရသည့် ဦးဇင်းများကို ကျွန်တော့်အတွက် ဆွမ်းဟင်းချန်ထားပေးရန် ပြောဘို့ကို ကျွန်တော် အလွန်ဝန်လေးလှပါသည်။ ဆွမ်းစားကျောင်းဘုန်းကြီးကတော့ ‘မောင်အေးငြိမ်းက အလွန် နှုတ်နည်းတဲ့သူပဲကွ၊ မင်းပြောရင် ညစာကို ငါ သပ်သပ်ချန်ထားပေးမှာပေါ့’ ဟု ဆို၏။ မိုးကောင်းကျောင်းတွင် ကျောင်းရှိ သံဃာအားလုံး ဆွမ်းစားကျောင်းတွင် စုပြီး ဆွမ်းစားကြရ၏။ ကိုယ့်တိုက်တွင်ကိုယ် စားခွင့်မရှိ။
ဆွမ်းခံပြီး ပြန်လာသည့်အခါ သပိတ်များကို ဆွမ်းစားကျောင်းဆောင်တွင် သွားထားကြရ၏။ ဆွမ်းစားရန် တုံးမောင်း ခေါက်သည့်အခါကျမှ သံဃာအားလုံး ဆွမ်းစားဆောင်သွားကာ ဆွမ်းဘုဉ်းပေးကြရ၏။ ဆွမ်းကျန်ဟင်းကျန်များကို ထမင်းခြောက်လှမ်းခြင်း စသဖြင့် ဆွမ်းစားကျောင်းဘုန်းကြီးက စီမံ၏။ ဟင်းကျန်များကို အိုးကြီးတစ်ခု၌ စုထည့်ကာ မီးဖိုပေါ်တင် နွှေးထား၏။ ညနေစာကို ကျွန်တော် ဆွမ်းစားကျောင်း၌ သွားစားနိုင်၏။ သို့သော် ကျွန်တော် တစ်ခါမှ မသွားခဲ့စဖူးပါ။ ဤသည်ကိုရည်၍ ဆွမ်းစားကျောင်းဘုန်းကြီးက ကျွန်ုပ်ကို ပြောတာဖြစ်ပါသည်။ ကျွန်တော့်အတွက် နေ့လယ်စာချန်ထားပေးသည့် ဦးဇင်းများကို မှတ်မိသမျှ ပြောရလျှင် ဦးပဏ္ဍိ၊ ဦးတေဇော၊ ဦးစန္ဒိမာ၊ ဦးသုန္ဒရတို့ ဖြစ်၏။ အခြားဦးဇင်းများ ကျန်ပါသေးသည်။ အနှစ် ၄၀ ကျော်ပြီဆိုတော့ အားလုံးကို မမှတ်မိတော့ပါ။
၁၉၇၉/၈၀ ပညာသင်နှစ်တွင် ကျွန်တော်ဒေသကောလိပ်ကို သိပ္ပံ (ဇီဝ) ဖြင့်ဝင်လာခဲ့၏။ သို့သော် ဇီဝဗေဒနှင့်ကျွန်တော် ဘယ်လိုမှ သဟဇာတ မဖြစ်သဖြင့် တစ်လလောက်တက်ပြီး သင်္ချာသို့ ပြန်ပြောင်းလာခဲ့၏။
ဒေသကောလိပ်တွင် ဧရာဝတီတိုင်း အနယ်နယ်အရပ်ရပ်က လာရောက်၍ ပညာရင်နို့ သောက်စို့ကြသော ကျောင်းသား ကျောင်းသူများမှာ အမျိုးစုံလှ၏။ ကျွန်တော့်သူငယ်ချင်းများတွင် ညောင်တုန်း၊ မဲဇလီကုန်း၊ ညောင်ကျိုးဒေသ စသည့် နယ်များအပြင် ဟင်္သာတ၌နေသူ သူငယ်ချင်းများလည်း ပါ၏။ သူငယ်ချင်းများကို မှတ်မိသလောက် ပြောပြရလျှင် မဲဇလီကုန်းမှ မယ်ဒလင်တီးသူ မင်းဆွေ၊ ညောင်ကျိုးက အေးကို၊ ဟင်္သာတက မျိုးဇော်၊ သန့်ထူး၊ သိန်းထွဋ်၊ ကိုမြင့်ဇော်၊ စိန်တိုး၊ ဥက္ကာကြီး၊ စန်းစန်းဌေး၊ မြန်အောင်က အောင်သူမော်၊ ညောင်တုန်းက ကိုနွယ်ဝင်း၊ နောက်ပြီး လေးမျက်နှာမှ ခင်မောင်ဆွေ၊ အိုင်သပြုမှ လှလှဌေးတို့ ဖြစ်၏။ လှလှဌေးက သိပ္ပံ (ဇီဝ) ဖြစ်၏။ တခြားသူများလည်း ရှိနိုင်ပါသေးသည်။ ကျွန်တော်တို့သူငယ်ချင်းများမှာ တစ်ဦးနှင့်တစ်ဦး အလွန်ခင်ကြ၏။
ပထမနှစ်တွင် သင်္ချာ၊ အင်္ဂလိပ်၊ ရူပဗေဒ၊ ဓာတုဗေဒ၊ နိုင်ငံရေးသိပ္ပံဟု ငါးဘာသာ သင်ရ၏။ သင်္ချာဆရာများမှာ ဆရာ ဦးသန်းလွင် (ဌာနမှူး) နှင့် ဦးသောင်းထွဋ်တို့ ဖြစ်၏။ ဆရာဦးသန်းလွင်က အလွန်လက်ရေးလှ၏။ ထိုခေတ်က ကျောင်းသား များအတွက် လေ့ကျင့်ခန်းစာရွက်များကို ဖယောင်းစက္ကူပေါ်တွင် ကညစ်နှင့်ရေးပြီး စာကူးစက် (gestetner) နှင့် လှိမ့်ထုတ် ရတာဖြစ်၍ ဆရာ့လက်ရေး လှလှကလေးများကို လေ့ကျင့်ခန်းစာရွက်များပေါ်တွင် အမြဲတွေ့ရ၏။ ဆရာနှစ်ယောက်လုံး အသင်အပြကောင်း၏။
အင်္ဂလိပ်စာဆရာ/ဆရာမများမှာ ဆရာမဒေါ်တင်မြတ်ရီ (ဌာနမှူး)၊ ဆရာဦးမြင့်ကျော်၊ ဒေါ်သန်းသန်းညွန့်တို့ ဖြစ်၏။ ဆရာမဒေါ်တင်မြတ်ရီမှာ အတော်ချော၏။ ဆရာဦးမြင့်ကျော်က ပြုံးပြုံး ပြုံးပြုံးနှင့် စာသင်၏။ ရူပဗေဒသင်သည့် ဆရာများမှာ အီလက်ထရောနစ်စာအုပ်များ ရေးသားထုတ်ဝေသည့် ဆရာဦးမောင်မောင်မြတ် (ဌာနမှူး) နှင့် ဆရာဦးရဲဆင့်၊ နည်းပြ ဆရာများမှာ ဆရာဦးမြင့်သူနှင့် ကိုရင်ကြီးတို့ ဖြစ်၏။ ကိုရင်ကြီးမှာ ကျွန်တော်တို့ပေးထားသည့် နာမည်ပြောင်ဖြစ်ပြီး တောသားပုံပေါက်၏။ အလွန်ရိုးသား၏။ သူ့နာမည်ရင်းကိုမူ မေ့နေပါပြီ။
ဓာတုဗေဒဌာနမှူးမှာ ဆရာဦးတိုးရှိန်ဖြစ်ပြီး ဆရာမများမှာ ဒေါ်ခင်လေးချို၊ ဒေါ်သန်းသန်းဌေး၊ ဒေါ်သိင်္ဂီဝင်း တို့ဖြစ်၏။ ဆရာမဒေါ်ခင်လေးချိုက စာသင်သည့်အခါ ‘ဟုတ်လား၊ ဟုတ်တယ်နော်’ နှင့် အမြဲပြောလေ့ရှိ၏။
နိုင်ငံရေးသိပ္ပံ သင်သည့်ဆရာများမှာ ဦးသန်းထွန်းနှင့် ဦးမောင်မောင်ညွန့်တို့ ဖြစ်၏။ နှစ်ဦးစလုံး အပြောကောင်း၏။ ဆရာဦးသန်းထွန်းက Universal truth ကို ရှင်းပြရာတွင် “တောကထင်းခုတ်တဲ့လူလည်း အီးပါချင်ရင် ဖင်လှန်ရတာပဲ၊ အင်္ဂလန်ကဘုရင်မကြီးလည်း အီးပါချင်ရင် ဖင်လှန်ရတာပဲ။ အဲဒါ universal truth.” ဟု ဥပမာပေးခဲ့ရာ နှစ်ပေါင်း ၅၀ ကျော်သည်ထိ ကျွန်တော့်ရင်ထဲ စွဲကျန်ရစ်ခဲ့ပါသည်။
ဦးမောင်မောင်ညွန့်က
မျက်နှာပြဲပြဲ၊ ခပ်ဝဝ ဖြစ်၏။ စာသင်သည့်အခါ အားရပါးရ အသံကျယ်ကျယ်နှင့် သင်၏။ သူက
မဇ္ဈိမပဋိပဒါအကြောင်း ရှင်းပြရာ၌ “အမြင့်မှာနေလျင် လေတိုက်၍ ကြွေတတ်သည်၊
အနိမ့်မှာနေလျင် မြွေကိုက်၍ သေတတ်သည်၊ စကားနှစ်တည်ကို ကြံစည်ယူလျှင် လူတို့ခွင်မှာ၊
နိမ့်လျှင်လည်း မတော်လွန်း၊ မြင့်လျှင်လည်း မလျော်လွန်း။
ကြီးလွန်းလျှင် အလွန်ဝ၊ ငယ်လွန်းလျှင် အလွန်လျ။ ဝလွန်းလျှင်
မတင့်တယ်၊ လှလွန်းလျှင် မသပ္ပာယ်။
မငယ်မကြီး၊ မနီးမဝေး၊ မနှေးမလျင်၊ တံငါလုလင် မြားကြိုးငင်သို့၊ ဆင်ခြင်စည်းစောင့်
ဝမ်းထဲဖြောင့်လော့။” ဟူသည့် လင်္ကာကို နှုတ်တိုက်ရွတ်ပြလေရာ ကျွန်တော့်မှာ
ကြိုက်လွန်းသဖြင့် ထိုလင်္ကာကို အသည်းအသန်လိုက်ရှာလေသော ဟူ၏။ ထိုစာမှာ
မုံရွေးဆရာတော်ဘုရားကြီး၏ မေတ္တာစာ ဖြစ်၏။
ပထမနှစ်မှာလား၊ ဒုတိယနှစ်မှာလား ကောင်းကောင်းမမှတ်မိ။ ပထမနှစ် ထင်ပါသည်။ သင်္ချာဌာနက တစ်ကျောင်းလုံးရှိ ကျောင်းသားများအတွက် သင်္ချာရည်ချွန်ပြိုင်ပွဲ လုပ်၏။ ကျွန်တော် ဒုတိယ ရ၏။ ပထမက ကျော်ကျော်စိုး ထင်ပါသည်။ ကောင်းကောင်းမမှတ်မိ။ သင်္ချာရည်ချွန်ဆုမှာ သိပ် ကြီးကြီးမားမား မဟုတ်လှပါ။ မှတ်စုစာအုပ် သေးသေးလေးတစ်အုပ် ဖြစ်ပါသည်။ ဆရာဦးသန်းလွင်၏ လက်ရေးလှလှလေးနှင့် သင်္ချာရည်ချွန် ဒုတိယဆုဟု ရေးထား၏။ ဆုမှာ တန်ဘိုးပင် မကြီးလှသော်လည်း ကျွန်တော် အမြတ်တနိုး သိမ်းထားပါသည်။ သူငယ်ချင်းတွေကလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်လျက် ထိုစာအုပ်ကလေးထဲတွင် အော်တိုများ ရေးပေးကြ၏။ ကျောင်းသားအများကြီးရှေ့မှာ ဆုတက်ယူရတာဆိုတော့ ကျွန်တော် အတော်ပျော်ပါသည်။ မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ ဆုပေးတာလား မမှတ်မိ။ ကျောင်းသားကျောင်းသူ တော်တော် များပါသည်။
ဤတွင် သတိရ၍ ကြားဖြတ်ကာ ကြွားလုံးထုတ်လိုက်ရပါဦးမည်။ ယခုရသော သင်္ချာရည်ချွန်ဆုမှာ ကျွန်တော်ရခဲ့သော ဆုများ အနက် စတုတ္ထမြောက်ဆု ဖြစ်၏။
ပထမဆုကို ကွင်းကောက်တွင် ၇ တန်းတက်တုံးက ရခဲ့၏။ ပြိုင်ပွဲလုပ်ပေးသူမှာ ဆရာအစစ်တောင် မဟုတ်ပါ။ ကျောင်းပြီး လို့လားမသိ၊ လုပ်အားလာပေးသည့် လုပ်အားပေးဆရာ ကိုချိုဝင်းမောင် ဖြစ်၏။ သူက မြန်မာစာအတွက် စာစီစာကုံးပြိုင်ပွဲ လုပ်ပေး၏။ ကျွန်တော် ပထမရပါသည်။ သူက ဘာကြောင့် ပထမပေးရသည်ဆိုသည်ကိုလည်း ရှင်းပြ၏။ ဆောင်းရာသီ၏ သဘာဝ အလှအပများကို စီကုံးရေးသားထားသည်များမှာ အလွန်လှပကြောင်း၊ ရေးထားတာ ရှေ့နောက် ဆက်စပ်မှုရှိကြောင်း စသဖြင့် ဖြစ်၏။ နောက်ပြီး ကျွန်တော့် စာစီစာကုံးကိုလည်း ဖတ်ပြလိုက်သေး၏။
ဒုတိယဆုမှာလည်း ကွင်းကောက်မှာပင် ဖြစ်၏။ ကျွန်တော် ၈ တန်းမှာ သင်္ချာဘာသာ ဂုဏ်ထူးရသဖြင့် ဆုပေးတာဖြစ်၏။ ဆုမှာ အင်္ဂလိပ်အဘိဓာန်စာအုပ်ကလေး ဖြစ်၏။ ဆုပေးသူမှာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်ရွှေ ဖြစ်ပါသည်။ ထိုစာအုပ်ကလေး ခုတိုင် ကျွန်တော့်မှာ ရှိနေပါသေးသည်။ (ရန်ကုန်မှာ ရှိသေးသည်ထင်ပါသည်။)
တတိယဆုရတုံးက လေးမျက်နှာမှာ ကိုးတန်းလား ဆယ်တန်းလားမမှတ်မိ။ ဆယ်တန်းထင်ပါသည် တက်နေတုံးကဖြစ်၏။ ထိုစဉ်က မြို့နယ်လုံးဆိုင်ရာ စာစီစာကုံးပြိုင်ပွဲလုပ်ရာ ကျွန်တော် ပထမရ၏။ ကျွန်တော်ဆုရကြောင်း သတင်းပေးသူမှာ ကျွန်တော်တို့ အတန်းထဲက အသားဖြူဖြူ၊ လူရည်သန့်သန့် ကျောင်းသားတစ်ဦး ဖြစ်၏။ သူ့နာမည် ကျော်စိုးဦး ထင်၏။ ကျွန်တော်နှင့် သိပ်မရင်းနှီးပါ။ သူ့အဖေက အရာရှိတစ်ဦး ထင်ပါသည်။ ဆုမှာ ထုံးကျောက်ပေါ်တွင် ထုထားသော ဗိုလ်ချုပ်အောင်ဆန်းပုံ ဖြစ်၏။ ထိုဆုကလေးကို ကျွန်တော် စိုက်ပျိုးတက္ကသိုလ်မှာ ဆရာလုပ်နေစဉ် စိုင်းကျော်ကျော်မျိုး ဆိုသည့် ဒဘဲ့တစ်ယောက်က ခဏဆိုကာ ငှားသွားလျက် ခုထိ ပြန်မပေးတော့ပါ။ ဝမ်းနည်းစရာ ဖြစ်ပါ၏။
ယခု ဒေသကောလိပ်၌ ရသော သင်္ချာရည်ချွန်ဆုမှာ စတုတ္ထမြောက်ဆု ဖြစ်၏။ အဲလေ ဤဆုသည်ပင်လျင် နောက်ဆုံးရသည့် ဆု ဖြစ်သည်ဟုလည်း ထင်ပါသည်။ ထိုဆုရပြီး နောက်ထပ်ဆုများ ရသည်ဟု မမှတ်မိတော့ပါ။ (ငယ်ငယ်တုံးက တော်ပြီး အသက်ကြီးလေ ချာတူးလန်လေ ဆိုတဲ့ သဘောပေါ့ ခညာ။ )
ဒုတိယနှစ်တွင် ပထမနှစ်၌ သင်ခဲ့ရသော ငါးဘာသာအပြင် မြန်မာစာပါ တိုးလာလျက် ၆ ဘာသာ ဖြစ်လာ၏။ ဆရာ/ ဆရာမများမှာ ပထမနှစ်ကအတိုင်းပင် ဖြစ်၏။ မြန်မာစာဆရာများမှာ ဂီတဉ္ဇလီကိုဘာသာပြန်ဆိုထုတ်ဝေခဲ့သော ဆရာဦးမြင့်စိုး (မြင့်စိုးလှိုင်)၊ ဦးအောင်သိန်း၊ ဦးမြင့်၊ ဆရာမ ဒေါ်ညိုညိုဝင်း၊ ဒေါ်ညွန့်ညွန့်တို့ ဖြစ်၏။
ဆရာဦးအောင်သိန်းက ဘကြီးအောင်ညာတယ်ကို သင်ပြနေရာ ကျွန်တော်တို့ တစ်တန်းလုံးမှာ သူပြောသည့်နောက် စီးမြောလိုက်ပါလျက် ပြီးလို့ပြီးမှန်းတောင် မသိလိုက်ကြ။ တစ်တန်းလုံး အပ်ကျသံတောင် ကြားရမတတ် တိတ်ဆိတ် ဈာန်ဝင်စားနေကြ၏။ အားလုံးပြီးမှ ဆရာက အတန်းကို မနည်း ပြန်နှိုးယူရလေ၏။ အဲသလောက်ကောင်း၏။
ဆရာဦးမြင့်စိုးမှာ သူ့ကဗျာလေးတွေ လှသလောက် လူက အတော်လေးမာ၏။ ပြဌာန်းစာအုပ်ထဲတွင် ကဗျာတစ်ပုဒ် ပါလေရာ ထိုကဗျာကို ဆရာဦးမြင့်စိုး ပယ်ပယ်နယ်နယ် ဝေဖန်သွားတာ ခုထိမှတ်မိနေပါသေးသည်။ ကဗျာဆရာနာမည်မှာ မောင် နှင့်စလျက် ပင်လယ်ဘူးမှ ဖြစ်၏။ ဆရာဦးမြင့်ကမူ ရုပ်ရှင်မင်းသားစတိုင်နှင့် စကားကို ဖြည်းညင်း ညင်သာစွာ ပြော၏။
ဒေသကောလိပ်ခေတ်က တက္ကသိုလ်ဝင်ခွင့်ကို ဆယ်တန်း+ပထမနှစ်+ဒုတိယနှစ် သုံးခုပေါင်းပြီး ဆုံးဖြတ်တာဖြစ်၏။ ကျွန်တော်က ဆယ်တန်းမှာ ၃၇၉ မှတ် + ပထမနှစ်မှာ ၃၈၂ မှတ် + ဒုတိယနှစ်မှာ ၄၁၈ မှတ် ရ၏။ ပျမ်းမျှအမှတ်မှာ တစ်ဘာသာ ၆၉.၃၅ မှတ်ဖြစ်၏။ ဆိုတော့ စက်မှုတက္ကသိုလ် ဝင်ခွင့်ရ၏။
တောသားတစ်ယောက်အနေနှင့် ကောလိပ်ကို ခုမှ စ,တက်ဖူးတာဆိုတော့ ဒေသကောလိပ် ၂ နှစ်တက်ရတာ အတော် ပျော်စရာကောင်းပါသည်။ ကျွန်တော်တို့က ထိုဒေသကောလိပ်ကို HZARC ဟု ကင်မွန်းတပ်၏။ သူငယ်ချင်းတစ်ယောက်က ဘာလဲကွမင်းတို့ဟာ, HZARC ဆိုတော့ ဟက်ဇရပ်လား ဟု နောက်၏။ သူပြောတာလဲ ဟုတ်တုတ်တုတ်။
(၃) စက်မှုတက္ကသိုလ် ကျောင်းသားဘဝ
ဒေသကောလိပ်တွင် ၂ နှစ်တက်ပြီး၍ စက်မှုတက္ကသိုလ်ကို တတိယနှစ်မှ စတက်ရ၏။ ကျွန်တော် စက်မှုတက္ကသိုလ်ကို ခုံအမှတ် M-137 ဖြင့် ၁၉၈၁/၈၂ ပညာသင်နှစ်တွင် ရောက်လာ၏။ ယခင်က ကျွန်တော် ရန်ကုန်ကို တစ်ခေါက်သာ ရောက်ဖူး တာဖြစ်၏။ ဒေသကောလိပ် ဒုတိယနှစ်တွင် စီမံကိန်းဝင် လူငယ်လုပ်အားပေး အစီအစဉ်၌ ကျွန်တော်ပါဝင် လုပ်အားပေးခဲ့ ဖူး၏။ ထို လုပ်အားပေး၌ လုပ်အားပေးလူငယ်များကို ရန်ကုန်သင်္ကြန်သို့ လိုက်ပို့ပေး၏။ ဤတစ်ကြိမ်သာ ကျွန်တော် ရန်ကုန်ကို ရောက်ဖူးပါသည်။ တစ်ခေါက်တည်းသာ ဖြစ်သောကြောင့် တစ်ကြောင်း၊ လူငယ်များကို ဘတ်စ်ကားများဖြင့် တင်ကာ ရန်ကုန်ကို လှည့်ပတ်ပြတာ ဖြစ်ခြင်းကြောင့်တစ်ကြောင်း တို့ကြောင့် ကျွန်တော် ရန်ကုန်ကို ရောက်ဖူးသည်ဆိုရုံမျှ ရောက်ဖူးကာ ဘယ်အနား ဘာတွေရှိသည်၊ ဘယ်နေရာကို ဘယ်လိုသွားရမည်ဆိုတာ မသိ။
စက်မှုတက္ကသိုလ် ဝင်ခွင့်ရပြီဆိုတော့ ကျွန်းသေတ္တာကလေးတစ်လုံးနှင့် ရန်ကုန်ကို လာခဲ့၏။ ကျွန်တော့်ကို အစ်ကိုဝမ်းကွဲ ကိုသန်းနိုင်က လိုက်ပို့၏။ ကျွန်တော်တို့က ဟင်္သာတမှ သာရဝေါလော်ကယ်ကိုစီးပြီး လက်ပံတန်းကိုလာ။ ထိုကမှတဆင့် လက်ပံတန်း - ရန်ကုန် ဟိုင်းလတ် အမြန်ကားလေးစီးကာ လာခဲ့ကြတာ ဖြစ်၏။ ရန်ကုန်ဝင်တော့ အခြားခရီးသည်များ အသီးသီး အသက အသက ဆင်းသွားကြ၏။ ကျွန်တော်တို့က ဘယ်မှာဆင်းရမည်မှန်းမသိ။ နောက်ဆုံး၌ ကားပေါ်တွင် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်သာ ကျန်တော့၏။
ကားစပယ်ယာက ‘ဂိတ်ဆုံးတော့မယ်၊ ခင်ဗျားတို့ ဘယ်မှာဆင်းမှာလဲ’ မေးတော့ ကျွန်တော်တို့ မဖြေတတ်။ သို့နှင့် ရှေ့မှာ ချပေးဗျာဟု ချခိုင်းလိုက်၏။ ဘယ်နေရာမှန်းသိလို့မဟုတ်။ ဘယ်မှာဆင်းရမှန်းမသိ၍ ဖြစ်ချင်ရာဖြစ်ဆိုပြီး ချပေးခိုင်း လိုက်တာ ဖြစ်၏။ ကားထွက်သွားတော့ ကျွန်တော်တို့မှာ ကျီးကြည့် ကြောင်ကြည့်နှင့် ဘယ်သွားလို့ ဘယ်လာရမှန်းမသိ။ ဆင်းခဲ့သည့် နေရာနားမှာလည်း ဘာအဆောက်အဦမှ မရှိ။ မြက်ခင်းပြင်ကြီးသာ တွေ့၏။ မေးစရာမြန်းစရာလည်း ဘယ်သူမှ မရှိ။ (ကျွန်တော်တို့ ဆင်းခဲ့သည့်နေရာမှာ နောင် ပြည်သူ့ရင်ပြင် ဖြစ်လာမည့် လွှတ်တော်ရှေ့၌ ဖြစ်၏။) နောက်တော့ တက္ကစီ တစ်စီးလာသဖြင့် လက်ပြတားကာ ကျွန်တော်နေရမည့် စဉ့်ကူဆောင်သို့ လာခဲ့ကြ၏။ စဉ့်ကူဆောင်တွင် ကျွန်တော်နှင့် တစ်ခန်းတည်း အတူနေရသူမှာ မိတ္ထီလာမှ ကိုသံချောင်းဖြစ်၏။ အခန်းနံပါတ် ၁၃၃ တွင်ဖြစ်၏။
ကျွန်တော်တို့ခေတ်တုံးက အတန်းငယ်များ (တတိယနှစ်၊ စတုတ္ထနှစ်) များကို သမိုင်းကျောင်းဆောင်များ၌ထားပြီး အတန်းကြီးများ (ပဉ္စမနှစ်၊ နောက်ဆုံးနှစ်) ကို စက်မှုတက္ကသိုလ်ဝင်းထဲမှ အဆောင်များတွင် ထား၏။ သမိုင်းကျောင်းဆောင် များတွင် အဆောင် အတော်များများရှိသည့်အနက် စက်မှုတက္ကသိုလ် ကျောင်းသားများအား စဉ့်ကူဆောင်၊ ပုပ္ပားဆောင်၊ ဒူးယားဆောင်၊ အင်လေးဆောင်နှင့် ကျောင်းသူများကို သဇင်ဆောင်၌ ထား၏။ တိ/မွေး/ကု ကျောင်းသားများကို ဇီဝက ဆောင်၊ စီးပွားရေးတက္ကသိုလ် ကျောင်းသားများကို မေခနှင့် ဇွဲကပင်ဆောင်၌ ထားသည်ဟု မှတ်မိပါသည်။
အဆောင်မှာ ကျောင်းသားများ စုနေကြရတာဖြစ်၍ ပျော်စရာကောင်း၏။ ထို့ပြင် အတန်းတူ၊ ကျောင်းတူ သူငယ်ချင်းများ ဖြစ်သဖြင့်လည်း သူ့အခန်းကိုယ်သွားလည်၊ ကိုယ့်အခန်းသူလာလည်၊ စုပြီး စကားစနေပြောကြ၊ သီချင်းဆိုကြနှင့် ပူပင်သောကဟူ၍ ဘာတစ်ခုမှမရှိဘဲ နေရထိုင်ရာ အလွန်ပေါ့ပါးလွတ်လပ်ကြ၏။ ကျောင်းသွားတော့လည်း အတူတူ၊ ကျောင်းပြန်တော့လည်း အတူတူ။ ဒေသကောလိပ်တုံးက အတူတူတက်ခဲ့ကြပြီး တက္ကသိုလ်ရောက်မှ ကွဲသွားသည့် သူငယ်ချင်းများ အဆောင်ကိုလည်း သွားလည်ကြ၏။
ဒူးယားဆောင်အနီး၌ အားကစားရုံဟောင်းကြီးလည်း ရှိ၏။ အားကစားရုံဟောင်းကြီးမှာ မသုံးတော့။ အဆောက်အဦ ခိုင်ခံ့မှုအားနည်း၍လည်း မည်သူမှ မဝင်ကြ။ ထိုအားကစားရုံ၏ ဟိုမှာဘက်တွင် သင်္ချိုင်းကုန်းဟောင်းလည်း ရှိ၏။ ဒူးယားဆောင်၏ လမ်းတစ်ဖက်ခြမ်းတွင် ဇွဲကပင်၊ မေခ စသည့်အဆောင်များရှိ၏။ ညနေဘက်များတွင် ကျွန်တော်တို့ သမိုင်းဝင်းထဲ၌ လမ်းလျှောက်ကြ၏။
သမိုင်းဝင်းမှာ လူနေရပ်ကွက်မဟုတ်။ လူနေအိမ်ခြေများနှင့် ဝေးရာ၊ ကျောင်းသားများချည်း သီးသန့်ထားသည့်နေရာ ဖြစ်သဖြင့် အလွန်သန့်ပါသည်။ တိတ်ဆိတ်ငြိမ်သက်၏။ ဘာရှုပ်ရှုပ်ရှက်ရှက်မှ မရှိ။ ရပ်ကွက်များ၌ ကြားရတတ်သော လော်စပီကာသံ၊ ဈေးသည်များ၏ အသံ၊ ကြော်ငြာသံ၊ ရန်ဖြစ်ပြီး အော်ဟစ်ဆဲဆိုသံ၊ ဘာနှိုးဆော်သံ၊ ညာနှိုးဆော်သံ စသည်တို့ ဘာမှမကြားရ။ အလွန်အေးချမ်းလှပေ၏။ ကျောင်းဝင်းဖြစ်သဖြင့်လည်း ဘယ်သူမှ မလာ။ တကယ့်ကို ကျောင်းသားများချည်း သီးသန့်ဖြစ်၏။
နောက်ပြီးတော့ ကျွန်တော်တို့ ကျောင်းသားဘဝက မီးပြတ်တာ၊ ရေပြတ်တာ သိပ်မရှိလှပါ။ တခါတရံမှသာ ဖြစ်တတ်ပါ သည်။ ရေချိုးချိန်တွင် ရေကန်ထဲ၌ ရေအပြည့် အမြဲအဆင်သင့် ဖြစ်နေ၏။ ကျောင်းကပြန်ရောက်ပြီဆိုလျှင် ဆပ်ပြာခွက်၊ ရေခွက်လေးကိုင်ကာ ဆင်းချိုးလိုက်ရုံ ဖြစ်၏။ ရေချိုးပြီးတော့ ဇွန်းခက်ရင်းလေးကိုင်ကာ ထမင်းစားဆောင် ဆင်းပြီး ထမင်းစား၏။ ထိုစဉ်က ကျောင်းလခ တစ်လ ၃၀၊ အဆောင်လခ တစ်လ ၁၂၀ ထင်ပါသည်။ ၁၂၀ တန် အဆောင်ထမင်း ဆိုတော့ ၁၂၀ နှင့် တန်အောင်ပဲ စားရပါမည်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ တခြား ဘာဟင်းမှမပါဘဲ အဆောင် ထမင်းနှင့်ပင် ၄ နှစ်တာ ကုန်ဆုံးခဲ့ပါသည်။ ဒါတောင် နှစ်ကုန်လျှင် refund ပြန်အမ်းပေးသေး၏။
ကျောင်းဆောင်များ၌ အဆောင်မှူး၊ အဆောင်နည်းပြများ ခန့်ထားကာ ကျောင်းသားများအရေးကို စီမံခန့်ခွဲ၏။ ကျွန်တော် စဉ့်ကူဆောင်မှာ နေစဉ်က အဆောင်မှူးမှာ ဆရာဦးသာဒင် ဖြစ်၏။ ဆရာက ဘုရားကို ဆွမ်းတော်ကပ်သည့် အခါ ဘုန်းကြီးများကို ဆွမ်းကပ်သကဲ့သို့ပင် လူတစ်ဦးစာ ဆွမ်း၊ ဟင်း၊ အချိုပွဲ၊ ရေတို့ပြင်ဆင်လျက် ကျကျနနကပ်၏။ ‘ဘုရားကို ဆွမ်းကပ်တဲ့အခါ သက်ရှိထင်ရှားဘုရားကို ရည်မှန်းပြီး ကပ်ရတယ်’ ဟု ပြောပါသည်။
အဆောင်များ၌ အဆောင်သာယာရေးကော်မတီများ ဖွဲ့ကာ နံရံကပ်စာစောင်၊ နှစ်လည်ညစာစားပွဲ စသဖြင့် အဆောင်နေ ကျောင်းသားများ၏ အရေးကိစ္စများကို ဆောင်ရွက်ပေး၏။ စာသင်နှစ်တစ်နှစ်၏ နောက်ဆုံးပိုင်းတွင် ကျောင်းသားများကို Special Dinner ကျွေး၏။ ဆန်ကောင်းကောင်း၊ ကြက်သားဟင်း ကောင်းကောင်းလေးများနှင့် ကျွေး၏။ Special Dinner ကျွေးမည့် နေ့ရက်များတွင် အဆောင်သာယာရေး ကော်မတီဝင် ကျောင်းသားများသည် ဟင်းချက်ရန် ဝယ်မည့် ဈေးဝယ် အဖွဲ့များနှင့် လိုက်ပါသွားလျက် ဟင်းချက်ပစ္စည်းများ ဝယ်ယူခြင်းကို ကြီးကြပ်စေ၏။
သမိုင်းဆောင်များ၌နေရသော ကျောင်းသားများမှာ ကျောင်းတက်သည့်အခါ ကြို့ကုန်းရှိ စက်မှုတက္ကသိုလ်သို့ ဘတ်စ်ကား စီးပြီး သွားကြရ၏။ ထိုစဉ်က သမိုင်းဝင်းထဲသို့ ပြေးဆွဲပေးသည့် ဘတ်စ်ကားမှာ နံပါတ် ၁၆ ဖြစ်ပြီး ကားခ ပြား ၆၀ ဖြစ်၏။ သစ်သားကိုယ်ထည်နှင့် ချက်ဘလက်ကား လုံးလုံးကြီး ဖြစ်၏။ အဖိုးကြီးများပြေးသလို အိပဲ့အိပဲ့နှင့် ပြေး၏။
No comments:
Post a Comment